Tuesday, December 20, 2011

အလုပ်သမား ၀န်ကြီးဌာန အလုပ်တကယ်လုပ်စေချင်ပါပြီ (သို့) Labour များ ဥပဒေ၏ စောင့်လျှောက်မှု လိုအပ်နေပါပြီ....

အခုလို ဒီမိုကရေစီ ခောတ်ကို ကူးပြောင်းတဲ့အချိန် ဥပဒေရဲ့ စောင့်လျှောက်မှု အောက်ကနေ လွတ်လပ်နေတဲ့၊ မျက်ကွယ်ပြုခြင်း ခံထားရတဲ့ အလုပ်သမား လူတန်းစားကို ဘယ်သူမှ ဂရုတစိုက် ဖေးမပေးတာ မရှိပါဘူး။ တကယ် စေ့စေ့တွေးကြည့်ပါ မြန်မာပြည်မှာ အလုပ်သမား လူတန်းစားဟာ အများစုပါ။ လယ်သမား အခုခောတ်လိုဆိုရင် လယ်သမား လူတန်းစားနဲ့တောင် သိတ်မကွာတော့ပါဘူး။ ဘာလို့လည်းဆိုတော့ ရှိသမျှ အိမ်ရှိ လူကုန် အလုပ်ထွက်လုပ်မှ ထမင်းစားရတာဖြစ်သလို၊ လယ်ထဲမှာ ရွှံဖင်ထဲဝင်အောင် နွားနဲ့ ဖက်ရုန်းနေပီး သူဌေးမဖြစ်တော့လို့ မလေးရှားမှာ အလုပ်သွားလုပ်ပြီး (နှိမ်ခြင်တဲ့ လူတွေအပြောဆို ကျွန်သွားခံပြီး) အိမ်ကို ဓနိမိုးကနေ သွပ်မိုး၊ ထရံကာကနေ၊ အင်္ဂတေဖောင်ဒေးရှင်းလေးနဲ့ သစ်သားကာ လုပ်ချင်တဲ့ လူတန်းစားတွေ များနေလို့ပါပဲ။

အခုဆိုရင် မြစ်ဝကျွန်းပေါ်ဒေသမှာ မလေးရှားမှာ အလုပ်သွားလုပ်တဲ့လူတွေ အများကြီးပါပဲ။ အဲ့ဒိလိုပဲ မြန်မာပြည်တွင်းက ပညာတတ်တွေ နိုင်ငံခြားမှာ သွားလုပ်နေကြတာ အများစုဟာလည်း အလုပ်သမား လူတန်းစားပါပဲ။ အဲ့ဒိလိုပဲ ရန်ကုန်မြို့၊ မန္တလေးမြို့တွေမှာ လခစား ၀န်ထမ်းတွေဟာလည်း အလုပ်သမား လူတန်းစားပါပဲ။ အစိုးရ၀န်ကိုထမ်းမှ အလုပ်သမား လူတန်းစားဆိုတဲ့ ခေါင်းစဉ်သတ်မှတ်မှုအောက်က အခွင့်အရေးတွေကို ရမယ်ဆိုရင်တော့ တရားမျှတမှု မရှိပါဘူး။ မြန်မာနိုင်ငံမှာ တကယ့်ကို ထုနဲ့ ထယ်နဲ့ များပြားနေတဲ့ အလုပ်သမား လူတန်းစားဟာ အလုပ်သမား အခွင့်အရေး၊ လူ့အခွင့်အရေး ပစ်ပယ်ခြင်း ခံထားရပါတယ်။ အခြေခံ အာမခံချက် ဘာမှမရှိပဲ အလုပ်လုပ်နေကြရတာပါ။

တိုင်းတပါးမှာ သွားအလုပ်လုပ်နေကြတဲ့ အလုပ်သမားများဟာလည်း အချိန်တန်ရင် အမိနိုင်ငံကိုတော့ အခွန်ငွေ မှန်မှန် ဆောင်နေကြရတာပါပဲ။ သူတို့အတွက် ပြန်လည်ရရှိတဲ့ အခွင့်အရေးတွေကတော့ အများခဏခဏပြောနေကြတဲ့ သံရုံးက ၀န်ထမ်းများ အပေါက် ဆိုးခြင်းပါပဲ။ အခုတော့ အခွင့်အရေး နည်းနည်းပေးတယ် ပြောရမယ် ကားသွင်းခွင့်တို့ ဘာတို့။ သူတို့ရတဲ့ လခတွေနဲ့လည်း ကားတွေ ဘာတွေသွင်းဖို့ အချိန်ကုန်၊ အလုပ်ရှုပ် သိတ်မခံနိုင်ကြပါဘူး။ တကယ်တန်း တိုင်းတပါးမှာ အလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမား လူတန်းစားများရဲ့ အဓိက လိုအပ်ချက်ဟာ မိမိနိုင်ငံရဲ့ မိမိတို့အပေါ် တရားဝန် စောင့်ရှောက်မှုနဲ့ တာဝန်သိမှုပဲ ဖြစ်ပါတယ်။ ဘယ်နိုင်ငံသွားသွား မြန်မာ (Burma) ဆိုရင် နှာခေါင်းရှုံ့ကြတာကို အကုန်ခံပြင်းကြပါတယ်။ တိုင်းတပါးမှာ တစ်ခုခုဖြစ်လို့ အနှိမ်ခံရရင်တောင် မိမိနိုင်ငံကိုယ်စားပြု သံရုံးက ဘာမှ လုပ်ဆောင်ပေးခြင်း မရှိတာတွေပါ။

ဒီနေရာမှာ ဘန်ကောက်မှာ ရေကြီးတုန်းက မြန်မာရွှေ့ပြောင်း လုပ်သားများကို ကူညီပေးတဲ့ မြန်မာသံရုံးက သက်ဆိုင်ရာ ၀န်ထမ်းများကို ကျေးဇူးတင်မိပါတယ်။ ကူညီလုပ်ဆောင်ပေးရုံမက လိုအပ်တဲ့ အခကျေးငွေပါ ထောက်ပံ့ပေးတာ တကယ့်ကို အသိအမှတ်ပြုရမှာပါ။ ဒီလို ကိစ္စမျိုးတွေကိုတော့ ပြည်တွင်း ပြည်ပ ဘယ်သတင်းဌာနကမှ ထုတ်ဖော်ရေးသားတာ မရှိတာကိုလည်း တွေ့ရပါတယ်။ အစိုးရ ကောင်းတာလုပ်တာ ငါတို့နဲ့မဆိုင်၊ သူတို့ အစိုးရပဲ ဒါသူတို့ လုပ်ပေးရမှာပေါ့ဆိုတဲ့ စိတ်ထားတယ်ဆိုရင်တော့ မပြောတတ်ဘူးပေါ့။ ထားလိုက်ပါ အလုပ်သမား ကိစ္စကို ပြန်ကြည့်မယ်ဆိုရင် တိုင်းတပါးမှာ သွားအလုပ်လုပ်နေကြတဲ့ အလုပ်သမား လူတန်းစား အများစုဟာ အမိနိုင်ငံတော်ရဲ့ ဥပဒေစောင့်လျှောက်ခြင်းမှ ကင်းလွတ်နေတာ ပိုများနေပါတယ်။

ဒါဆို ပြည်တွင်းက အလုပ်သမားတွေရော ဥပဒေစောင့်လျှောက်ခြင်း အပြည့်အ၀ရလို့လားဆိုရင် အလျှင်းကို မရှိပါဘူး။ အဲ့ဒါကြောင့် ဟိုနား ဒီနားမှာ အလုပ်သမားတွေ ခဏခဏ ဆန္ဒပြကြတာပါပဲ။ အလုပ်သမား လူတန်းစားဆိုတာ မိမိစားဝတ်နေရေးအတွက် ငွေရှင်ကြေးရှင်တွေစီမှာ အလုပ်လုပ်နေကြပေမဲ့ သူတို့လည်း သွေးနဲ့သားနဲ့ကိုယ်ပါပဲ။ ထိုက်သင့်တဲ့ လစာ၊ ထိုက်သင့်တဲ့ အကျိုးခံစားခွင့်၊ ထိုက်သင့်တဲ့ အလုပ်သမားတစ်ယောက်ရဲ့ အာမခံမှုကို လိုချင်ကြတာပါပဲ။ ဒါပေမဲ့ မြင်နေသမျှ တွေ့နေသမျှကတော့ အလုပ်ရှင် လူတန်းစား၊ အလုပ်ရှင်ရဲ့ လူယုံ လက်ပါးစေတွေရဲ့ သခင်အားရ ကျွန်ပါးဝတဲ့ ပညာပြမှုတွေကြောင့် အလုပ်သမား အများစုဟာ မတရားခံရတဲ့အခါမယ် အားကိုးရာ အလွန်မဲ့ပါတယ်။

မြန်မာနိုင်ငံတွင်းမှာ အလုပ်သမားများအတွက် တိကျခိုင်မာတဲ့ အလုပ်သမား ဥပဒေဆိုတာ မတွေ့မိပါဘူး။ ရှေးယခင် ရေနံမြေဥပဒေကို ကိုးကားထားတဲ့ အလုပ်သမား ဥပဒေဆိုတာပဲ ရှိပါတယ်။ ကျွန်တော် လေ့လာမှု အားနည်းတာကို ၀န်ခံလိုသလို၊ အလုပ်သမားရေးရာနဲ့ ပါတ်သက်တဲ့ ဥပဒေပိုင်းဆိုင်ရာ စာအုပ်ကို လိုချင်လျင် ပန်းဆိုးတန်းလို စာအုပ်ကမ္ဘာလို နေရာမျိုးမှာတောင် ရှာရခက်တာကိုလည်း သတိပြုမိစေချင်ပါတယ်။ လိုက်လံရှာဖွေ၍ တွေ့ရှိလျင်လည်း မဖြစ်ညစ်ကျယ် သေးငယ်သော စာအုပ်များသာဖြစ်ပြီး ပုဂ္ဂလိက ၀န်ထမ်းများအတွက် ရေးဆွဲထားသော ဥပဒေများ မဟုတ်ပဲ ယခင် အစိုးရ၀န်ထမ်း၊ ရေနံမြေ ၀န်ထမ်းများနှင့် ဆိုင်သော ဥပဒေများသာ ဖြစ်ပြီး ယနေ့အချိန်နှင့် ကိုက်ညီမှု များစွာ မရှိသော ဥပဒေများ ဖြစ်နေပါသည်။

၂၀၀၀ ပြည့်နှစ် နောက်ပိုင်း မြန်မာနိုင်ငံတွင် တည်ထောင်လာသည့် ကုမ္ပဏီအများစုမှာ ယခင်အစိုးရနှင့် တစ်နည်းမဟုတ် တစ်နည်း တရားမ၀င်နည်းလမ်းဖြင့် ပါတ်သက်သူများမှ တည်ထောင်ထားခြင်း၊ ယခင်အစိုးရ၏ မိသားစုဝင်များနှင့် ပါတ်သက်သူများမှ တည်ထောင်ထားခြင်း စသည်ဖြင့် တရားမ၀င်သည့် အခွင့်အရေးနှင့် လုပ်ပိုင်ခွင့်များအား မျှော်ကိုးတည်ထောင်ထားသည့် ကုမ္ပဏီများ များပြားပေသည်။ သို့ဖြစ်သောကြောင့် အဆိုပါ ကုမ္ပဏီများတွင် လုပ်ကိုင်နေသည့် ၀န်ထမ်းများမှာ မည်သည့်အာမခံချက်မျှမရှိ၊ တစ်ဖက်သတ်ဆန်သည့် ဥပဒေများ၏ ထိမ်းချုပ်မှုဖြင့်သာ လုပ်ကိုင်နေရသည်ကို တွေ့နိုင်မည် ဖြစ်ပါသည်။ သည်းခံနေရသည့် ၀န်ထမ်းအများစုမှာလည်း စားဝတ်နေရေး ပြေလည်စေရန်နှင့် ထိုကဲ့သို့သော အလုပ်မျိုး ပြန်လည်ရှာဖွေရန်မှာ ခက်ခဲခြင်းကြောင့် ဖြစ်ပြီး ၀န်ထမ်းများ၏ အဆိုပါ အားနည်းချက်ကို သိရှိနေသည့် ထိုကဲ့သို့သော ကုမ္ပဏီမှ သူဌေးလူယုံ များမှလည်း ၀န်ထမ်းအခြင်းခြင်း ဇာတ်တူသား စားသည့်နှယ် တရားမျှတမှု မရှိသည့် ရုံးတွင်း ဥပဒေများနှင့် ၀န်ထမ်းအခြင်းခြင်း ဖိနှိပ်ထားသည်ကို တွေ့ရပါသည်။ ထိုကဲ့သို့သော အခြေအနေတွင် ၀န်ထမ်းအနေဖြင့် ကိုးကားစရာ၊ ထောက်ပြစရာ လောက်လောက်လားလား အလုပ်သမား ဥပဒေ မရှိသဖြင့်လည်း မတရားမှုမှန်သမျှ လည်စင်းခံနေရခြင်းလည်း ဖြစ်ပါသည်။

ဤနေရာတွင် မြန်မာပြည်ရှိ ကုမ္ပဏီများ၏ လုပ်ငန်းလည်ပါတ်ပုံနှင့် အခွန်ရှောင်ရန် လူလည်ကျပုံတို့ကို သိရှိနိုင်ရန် ရှင်းပြလိုပါသည်။ မြန်မာအစိုးရနှင့် Joint Venture လုပ်သည့် ကုမ္ပဏီများအနေဖြင့် အသားတင် အကျိုးအမြတ်ကို အစိုးရနှင့် ခွဲဝေယူရပါသည်။ သို့ဖြစ်သောကြောင့် အဆိုပါ ကုမ္ပဏီသည် ၎င်း၏ လုပ်ငန်းလည်ပါတ်မှု စားရိတ်အား ကြီးမြင့်သထင် ကြီးမြင့်အောင် လုပ်ဆောင်ကြပေသည်။ လုပ်ဆောင်ပုံမှာ ၎င်း Joint Venture ပြုလုပ်သည့် ငွေရှင်ကြေးရှင် သို့မဟုတ် ၎င်းနှင့် ပါတ်သက်သူမှ အဆိုပါ Joint Venture ကုမ္ပဏီသို့ Service ပြန်ပေးသည့် ကုမ္ပဏီအနေဖြင့် ဖွင့်လှစ်ထားခြင်း ဖြစ်ပါသည်။ ဥပမာ အားဖြင့် Joint Venture လုပ်သည့် ကုမ္ပဏီတွင် ၀န်ထမ်း အနည်းငယ်သာ ခန့်အပ်ထားခြင်း ရှိပြီး၊ ကျန်သည့် ၀န်ထမ်းများအား Service ပေးသည့် ကုမ္ပဏီအား ပုတ်ပြတ် ခွဲဝေပေးထားခြင်း ပုံသဏ္ဍန် ဖြစ်ပါသည်။

သို့ဖြစ်သောကြောင့် Joint Venture ကုမ္ပဏီအနေဖြင့် ၎င်း၏ လုပ်ငန်းလည်ပါတ်မှုတွင် ၀န်ထမ်းခန့်ထားခြင်း ဆိုင်ရာနှင့် ပါတ်သက်သည့် ကုန်ကျငွေအား ၎င်းစိတ်ကြိုက် ဖော်ပြနိုင်မည် ဖြစ်ပါသည်။ ဥပမာအားဖြင့် သာမန် ၀န်ထမ်း လစာ $200 နှင့် ခန့်ထားပါက ရနိုင်သော်လည်း အဆိုပါ Service ကုမ္ပဏီမှ ပြန်လည် ခန့်အပ်ပါက စာရင်းတွင် နှစ်ဆ $400 ခန့်ပြသထားပြီး ကုမ္ပဏီ Expense အားမြှင့်တင်ထားခြင်း ဖြစ်ပါသည်။ Service ပေးသည့် ကုမ္ပဏီဘက်တွင်မူ အဆိုပါ ၀န်ထမ်းအား $100 စွန်းစွန်းနှင့်သာ ခန့်အပ်ထားသည်မျိုး ဖြစ်နေသည်ကို တွေ့ရှိနိုင်ပါသည်။ ထိုကဲ့သို့ Service ကုမ္ပဏီသို့ မတန်တဆ ဈေးနှင့် ပေးအပ်ထားသည်ကို အံအားသင့်ဖွယ် မရှိသည်မှာ Service ကုမ္ပဏီသည်လည်း အဆိုပါ ငွေရှင်ကြေးရှင် ပိုင်ဆိုင်သည့်အတွက် ဖြစ်ခြင်းကြောင့် ဘယ်ဘက် အိပ်ထဲက ထွက်တဲ့ ပိုက်ဆံ ညာဘက်အိပ်ကပ်ထဲ ထည့်သကဲ့သို့ပင် ဖြစ်ပါသည်။

ထိုကဲ့သို့ နိုင်ငံတော်၏ ဥပဒေအား လက်တစ်လုံးခြား လှည့်ပါတ်၍ ရှောင်ရှားသည့် ကုမ္ပဏီများအနေဖြင့် ၎င်းကုမ္ပဏီတွင် တာဝန်ထမ်းဆောင်နေသည့် ၀န်ထမ်းအား ၎င်းတို့လိုသကဲ့သို့ ပြုမူမည်မှာ အထင်အရှားပင် ဖြစ်ပါသည်။ ယခုအခါတွင် နိုင်ငံတော် အစိုးရအနေဖြင့် ဒီမိုကရေစီကို ဖော်ဆောင်နေချိန်တွင် အစိုးရတစ်ရပ်အနေဖြင့်လည်း နိုင်ငံကိုတည်ထောင်ရန် ရသင့်ရထိုက်သည့် အခွန်ငွေများအား ပြည်သူများထံမှ တောင်းခံသကဲ့သို့ ထိုကဲ့သို့ ဥပဒေအား လက်တစ်လုံးခြားလုပ်သည့် ငွေရှင်ကြေးရှင်များထဲမှလည်း ကောက်ခံရန် လိုပါသည်။ ၎င်းနေရာတွင် အချို့သော ငွေရှင်ကြေးရှင်များသည် မိမိတို့၏ ၀င်ငွေခွန်အား စည်းကြပ်ရန်လာရောက်သည့် အရာရှိအား မက်မောလောက်သည့် ငွေကြေးပမာဏ ပေးလိုက်ခြင်းအားဖြင့် အခွန်ရှောင်ခြင်းများလည်း ယခုထက်တိုင် ရှိနေဆဲ ဖြစ်ပါသည်။

သို့ဖြစ်သည့်အတွက် ထိုကဲ့သို့ အခွန်ရှောင်ခြင်းမျိုးအား တားဆီးရန်၊ ငွေရှင်ကြေးရှင်များ၏ ၀င်ငွေပမာဏနှင့် လုပ်ငန်းလည်ပါတ်မှု ပမာဏကို သိရှိနိုင်ရန်အတွက် စနစ်တကျ အောက်ခြေမှ လုပ်ဆောင်ရန်လိုအပ်ပါသည်။ ထိုသို့လုပ်ဆောင်ရန်မှာ အလုပ်သမားများ၏ လုပ်ငန်း အာမခံချက် ပေးနိုင်ရန်၊ မတရားမှုမှ ကာကွယ်နိုင်ဖို့ ဆောင်ရွက်ပေးရန် လိုအပ်ပါသည်။ သက်ဆိုင်ရာ ပုဂ္ဂလိက ၀န်ထမ်းများ၏ ၀င်ငွေခွန်အား စနစ်တကျ စည်းကြပ်ခြင်းအားဖြင့် ၎င်းဝန်ထမ်းများ အလုပ်လုပ်ကိုင်နေသည့် ကုမ္ပဏီများအား စာရင်းအတိအကျ သိရှိနိုင်မည် ဖြစ်ပါသည်။ ထို့အတူပင် အသင့်အတင့် လစာဖြင့် လူအရည်အတွက် များစွာ ကုမ္ပဏီတစ်ခုတည်းတွင် အလုပ်လုပ်နေသည် ဆိုပါက ၎င်းကုမ္ပဏီ၏ ရပ်တည်မှု အခြေအနေအား သိရှိနိုင်မည် ဖြစ်ပါသည်။ ဤနေရာတွင် မြန်မာနိုင်ငံတွင်း၌ပင် ကုမ္ပဏီ သက်တန်းတိုးချိန်တွင် အခွန်ဆောင်ရာတွင် ကုမ္ပဏီ၏ အမြတ်ငွေမှာ မြန်မာကျပ်ငွေ ၄၀၀ နှင့် ၅၀၀ ကြားသာ မြတ်စွန်းသည်ဟု စာရင်းပြပြီး သက်တန်းတိုးသည့် ကုမ္ပဏီ များစွာ ရှိသည်ကိုလည်း မမေ့သင့်ပေ။

သို့ရာတွင် ၀န်ထမ်းများ၏ ၀င်ငွေခွန် စည်းကြပ်ခြင်းမှာလည်း ၎င်းဝန်ထမ်းများ၏ လူမှုဖူလုံရေးနှင့် ပါတ်သက်သည်များကို ပြန်လည်စောင့်ရှောက်ရန်၊ အာမခံချက်ရှိအောင် ပြုလုပ်ရန်လည်း လိုအပ်မည် ဖြစ်ပါသည်။ ၀န်ထမ်းများထံမှ အခွန်ငွေ ကောက်ခံခြင်းသာ ပြုလုပ်ပြီး ၀န်ထမ်းများ၏ ဘ၀အာမခံချက် မရှိပါက မည်သည့်ဝန်ထမ်းမျှ အခွန်ငွေ ဆောင်မည် မဟုတ်ပေ။ ထို့အတူ ကုမ္ပဏီများအနေဖြင့်လည်း ၎င်းတို့ ပေးဆောင်သည့် အခွန်ငွေများသည် သဲထဲရေသွန်သကဲ့သို့ ဖြစ်သွားပါကလည်း မည်သည့်ကုမ္ပဏီမှ အခွန်ဆောင်ခြင်စိတ်ရှိမည် မဟုတ်သည်ကိုလည်း သတိချပ်သင့်ပေသည်။

မြန်မာနိုင်ငံရှိ တရားဥပဒေတွင် ဥပဒေမသိ၍ ပြစ်မှုကျူးလွန်ခြင်းအား လက်ခံနိုင်ဖွယ်မရှိဟု သတ်မှတ်ထားပါသည်။ သို့ဖြစ်သောကြောင့် ဥပဒေမရှိသဖြင့် နိုင်လိုမင်းထက် မတရားပြုကျင့်မည်ကို လက်သင့်ခံရမည်လောဟု မေးမြန်းစရာရှိလာပါသည်။ ပြည်တွင်းတွင် ခိုင်မာသည့် ဥပဒေမရှိသဖြင့်၊ ပြည်ပမှ International Labor Law များကို ယူသုံးလျင် မိမိတို့နိုင်ငံနှင့် ကိုက်ညီမှုမရှိ၍ အဆင်ပြေနိုင်မည် မဟုတ်ပေ။ ဤနေရာတွင် ပြန်ပြောင်း အမှတ်ရမိသည်မှာ မိမိတို့နိုင်ငံတွင် တိကျ ခိုင်မာသည့် Environmental နှင့် ပါတ်သက်သည့် Law မရှိသဖြင့် မြစ်ဆုံ အပါအသ၀င် Cascade ပုံသဏ္ဍန် ဆည်များအား စံချိန်စံညွှန်းမရှိ ပရမ်းပတာ ဆောက်လုပ်ခဲ့သဖြင့် အဆိုပါဒေသတစ်ဝိုက် သဘာဝပါတ်ဝန်းကျင် ပျက်စီးယိုယွင်းနေသည်မှာ မြင်မကောင်းအောင် ဖြစ်နေပါသည်။

သို့ဖြစ်သောကြောင့် ယခုမှ Environmental Law ကိုရေးဆွဲရန် လွှတ်တော်တွင် တင်သွင်းနေချိန်တွင် (အချို့က မလိုသေးဟု ကန့်ကွက်နေကြပါသည်)။ မိမိတို့နိုင်ငံ သဘာဝပါတ်ဝန်းကျင်မှာ အတော်ပင် ထိခိုက်ပျက်ဆီးနေပြီး ဖြစ်ပါသည်။ သို့ဖြစ်သောကြောင့် နိုင်ငံတွင်းရှိ ကြီးမားသည့် အင်အားစုများတွင် တစ်ခု အပါအ၀င်ဖြစ်သည့် အလုပ်သမားထု၏ အာမခံချက်အား မြှင့်တင်ပေးနိုင်မှု မရှိလျင် ဦးနှောက်ယိုစီးခြင်း၊ Mental ပိုင်းအားနည်းခြင်း၊ အကျင့်စာရိတ္တ ခြစားခြင်းများစွာ ထပ်မံ ကြုံတွေ့လာနိုင်ရန်သာ (ယခုလည်း ကြုံတွေ့နေဆဲလည်း ဖြစ်ပါသည်) ရှိပါသည်။ Labor များ အာမခံချက်မရှိမှုနှင့် ပါတ်သက်၍ ဖြစ်ပေါ်လာမည့် အကျိုးဆက်သည် မိမိတို့ မြန်မာနိုင်ငံအတွင်းရှိ မိသားစုပေါင်း များစွာသို့ပါ အကျိုးသက်ရောက်လာနိုင်မည် ဖြစ်ပါသည်။

ယခုအခါတွင် မြန်မာနိုင်ငံ၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်နေပြီ ဖြစ်သော်လည်း ပြည်တွင်းတွင် ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများတွင် ၀င်ရောက်လုပ်ကိုင်မည့် ၀န်ထမ်းများအတွက် အကာအကွယ် အာမခံချက်ရှိမည့် အလုပ်သမား အသင်းအဖွဲ့၊ ဥပဒေ မရှိသည်ကိုလည်း ၀မ်းနည်းဖွယ်ရာ တွေ့မြင်နေရပါသည်။ ယခုကဲ့သို့ နိုင်ငံတော်အား အခြားသော တိုင်းပြည်များနှင့် အမှီလိုက်နိုင်ရန် ကြိုးပန်းနေချိန်တွင် အလုပ်သမား ၀န်ကြီးဌာနအနေဖြင့် နိုင်ငံတွင်းရှိ ၀န်ထမ်းများ၏ အာမခံချက်၊ လူမှုဖူလုံရန် ထိထိရောက်ရောက် ဆောင်ရွက်ပေးသင့်သည်ဟု မြင်လာပါသည်။ ကုမ္ပဏီထောင်ထားသည်မှာ ငွေရှင်ကြေးရှင်များ ဖြစ်ခြင်းကြောင့် အလုပ်သမား ၀န်ကြီးဌာနမှ  အလုပ်သမားထုဘက်မှ ရပ်တည်ပေးပါက ခက်ခဲမည်၊ ငွေအား လူအားအား ရင်ဆိုင်ရမည် ဖြစ်သော်လည်း နိုင်ငံတော် သမ္မတကြီးကိုယ်တိုင် တိုင်းပြည်အား လာဘ်စားမှု ကင်းစင်စေရန်၊ အလုပ်လက်မဲ့နှုန်း လျော့နည်းစေရန်၊ တိုင်းပြည် ကောင်းစားစေရန် ပြုလုပ်နေခြင်း ဖြစ်သည့်အတွက် မိမိတိုင်းပြည်တွင်းရှိ ကြီးမားသည့် အင်အားစုထဲမှ တစ်ခုဖြစ်သော အလုပ်သမားထုကြီးဘက်မှ မားမား မတ်မတ် ရပ်တည်ပေးခြင်းဖြင့် တိုင်းပြည်အား တစ်တပ်တစ်နေရာမှ ထောက်ပံ့ပေးနေသာ အလုပ်သမားထုကြီး၏ ယုံကြည်မှုအား ရယူရန် လိုအပ်နေပြီ ဖြစ်ပါသည်။
James Mmt   (facebook) ထဲမှ ကူးယူပါသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More