Thursday, December 15, 2011

စတုတ္ထမဏ္ဏိုင်ပေါ် ခဏ တက်ကြည့်ခြင်း


ဒီစာရဲ့ အစကိုတော့ ကျွန်တော့နာမည် မင်းလုလင် ပါ ဆိုတာကနေ စရမှာပဲ ။
ကျွန်တော့နာမည် မင်းလုလင် ပါ ။ မလေးရှားမှာ အလုပ်လုပ်ပြီးနေထိုင်နေပါတယ် ။
မြန်မာနိုင်ငံအတွက် ဦးနှောက်ယိုစီးမှုတွေ ဘာတွေအထိ လိုက်ပြောနေရမဲ့အထိ ဦးနှောက်စွမ်းရည် ကောင်းလွန်းနေသူလဲ
မဟုတ်ပါဘူး ။ ဘာလို့ မလေးရှားရောက်နေလဲ ။ အလုပ်လုပ် ပိုက်ဆံရှာဖို့ ရောက်နေပါတယ် ။
ဒါဆို မြန်မာနိုင်ငံမှာ ဘာလို့မလုပ်တာလဲ ။ အမေးရှိလာနိုင်ပါတယ် ။ ဆက်ပြီးမေးမဲ့ မေးခွန်းတွေလဲ
ရှိကောင်းရှိလာနိုင်ပါတယ် ။ အလုပ်အကိုင်အခွင့်အလမ်းရှားပါးလို့လား ... ဘာညာ စသည်ဖြင့်ပေါ့ ။
ကျွန်တော်ဖြေပါမယ် ။ မလေးရှားမှာ အလုပ်လာလုပ်တယ်ဆိုတာ မြန်မာနိုင်ငံမှာ လုပ်စရာအလုပ်မရှိလို့
မဟုတ်ပါဘူး ။ နိုင်ငံခြား ( တိုင်းတပါးသားတွေရဲ့ကြားထဲမှာ ) နေဖူးတယ်ရှိအောင် ကိုယ်လက်လှမ်းမှီတဲ့
မလေးရှားကိုရောက်လာတယ် ။ အလုပ်လုပ်တယ်ပေါ့ဗျာ ။ မြန်မာနိုင်ငံမှာလဲ လုပ်စရာအလုပ်တွေ အများကြီးရှိပါတယ် ။
ကျွန်တော်ကိုယ်တိုင်က ငပျင်း ။ ရှက်ကလဲ ရှက်တတ်သေးတယ် ။ ဒီတော့ ကိုယ်လုပ်နေတဲ့အလုပ်ကို ကိုယ့်သူငယ်ချင်းဆိုသူတွေ
ရောက်လာခဲ့ရင် ကျွန်တော် အလုပ်ဆက်မလုပ်ချင်တော့ဘူး ။ ရှက်လို့ ။း)
ဒါတွေဘာလို့ပြောနေရလဲဆိုတော့ ဆက်ပြောမဲ့အကြောင်းအရာတွေ ဖတ်ပြီးတဲ့အခါ
ဒီချာတိတ်က အိမ်အပြင်ကနေ အိမ်ထဲကို သေးပန်းနေတာပါလား လို့ တွေးမှာဆိုးလို့ပါ ။ ကျွန်တော် အခု အိမ်အပြင်
( မြန်မာနိုင်ငံရဲ့ ပြင်ပ တနေရာ ) ကို ထွက်နေပါတယ် ။ ပြည်တွင်းက အကြောင်းတွေကို ကျွန်တော်ပြောပါမယ် ။
ဒါဟာ အိမ်အပြင်ကနေ သေးလှမ်းပန်းတာ မဟုတ်ရကြောင်း ကြိုပြီး စကားခံထားပါတယ် ။

-
တိုင်းပြည်တစ်ပြည်မှာ သမ္မတဆိုတာ ပြည်သူက ရွေးချယ်တင်မြှောက်ခြင်းခံရသူကို ခေါ်တာပါ ။
ဘုရင်နဲ့ မတူဘူး ။ ဘုရင်ဆိုတာက မျိုးရိုးစဉ်ဆက် ( ဒါမှမဟုတ် ) တိုက်ခိုက်အနိုင်ယူပြီး ဖြစ်လာတာမျိုး ။
ပြည်သူမရှိလဲ ဘုရင်ရှိနိုင်ပါတယ် ။ သမ္မတဆိုတာကတော့ ပြည်သူမရှိရင် သမ္မတ မရှိပါဘူး ။
ခပ်ရိုးရိုးပြောရရင် သမ္မတဆိုတာ ပြည်သူ့ ခိုင်းဖတ် ပါပဲ ။ နာမည်ကြီး အစေခံပေါ့ ။
ခင်ဗျားတို့ ကျွန်တော်တို့ လူတစ်ယောက်ကို ခိုင်းမယ် အလုပ်အပ်မယ်ဆိုရင် စိတ်ချယုံကြည်ရတဲ့သူကို
ရွေးချယ်စေခိုင်းလေ့ရှိပါတယ် ။ ( ဖိနပ်ချုပ်တာက အစ အာကာသသွားလွန်းပြန်ယာဉ်တည်ဆောက်တာအဆုံး )
စိတ်ချရသူတွေကိုပဲ ခိုင်းလေ့ရှိပါတယ် ။ ဒါမှလဲ ကိုယ်လိုချင်တဲ့ ရည်ရွယ်ချက်ကို ဖြစ်လာစေနိုင်မှာပေါ့ ။
တိုင်းပြည်တပြည်မှာဆိုရင်တော့ ပြည်သူတွေက သူတို့ ခိုင်းဖို့ စိတ်ချယုံကြည်ရသူတစ်ယောက်ကို ရွေးချယ်ကြပါတယ် ။
သူတို့စိတ်ချယုံကြည်တယ်ဆိုရင် အဲ့ဒီလူကို ထောက်ခံကြတယ် ။ ဒီတော့ အဲ့ဒီလူက နာမည်ကြီး အစေခံဖြစ်လာတယ်ပေါ့ ။

အခု ကျွန်တော်တို့ တိုင်းပြည်မှာ နာမည်ကြီးအစေခံကြီးတစ်ယောက်ရှိနေပါပြီ ။ ဒီမိုကရေစီဆိုတဲ့ စာလုံးပေါင်းကို
သူပေါင်းပြနေပါတယ် ။ မှန်တယ် မှားတယ်ကတော့ သူရေးမပြီးသေးတဲ့အတွက် မပြောနိုင်သေးဘူးပေါ့ ။
ဘယ်သူတွေက ဘယ်လိုပဲ ပြောပြော ။။။ မည်သည့်နည်းနဲ့ပဲ ဖြစ်ဖြစ် လောလောဆယ်မှာ သူဟာ သမ္မတ ဖြစ်နေပါတယ် ။

လူတစ်ယောက်ဟာ တစ်ခါလောက် ရေမြောင်းထဲ ပြုတ်ကျဖူးတာနဲ့တော့ သူ့တသက်လုံး ရွှံ့ပေနေမယ်ဆိုတာ မဖြစ်နိုင်ပါဘူး
ရေမိုးချိုး သန့်စင်ပိုင်ခွင့် သူ့မှာ ရှိတယ် ။
အခုလဲ ဦးသိန်းစိန် ( ဘဘသိန်းစိန် လို့ ခေါ်ရမဲ့အရွယ်ပါ .. သို့ပေမဲ့ ဘဘ ဆိုတဲ့ အသုံးအနှုန်းကို ရှောင်ချင်တာရယ် ၊
နာမည်တစ်ခုဟာ လူတစ်ယောက်ကို ကိုယ်စားပြုနေတယ်ဆိုတာ ရည်ရွယ်ရုံရယ်ကြောင့် ဦးသိန်းစိန်လို့ပဲ သုံးပါရစေ )
သူက သမ္မတ ဖြစ်လာပါတယ် ။ သူ သမ္မတမဖြစ်ခင်က စစ်ဆိုတဲ့ စာလုံးပေါင်းအောက်မှာ သူနေခဲ့ပါတယ် ။ သူမှားခဲ့တာတွေ
( မှားတယ်လို့ ကျွန်တော်တို့ ထင်နေတာတွေ ) ရှိကောင်းရှိပါလိမ့်မယ် ။ အခု သမ္မတဖြစ်လာတဲ့အချိန်မှာ
တိုးတက်မှု အား အရမ်းနည်းလွန်းတယ်ဆိုပေမဲ့ တိုးတက်လာတယ်ဆိုတာကတော့ ၀န်ခံရမှာပါပဲ ။
တိုးတက်မှုအားနည်းလွန်းတာကလဲ  .... အိမ်ခပ်ကြီးကြီးတစ်လုံး ရွှေ့ပြောင်းမယ်ဆိုရင်တောင် တနေ့ထဲတော့ မရလောက်ဘူး ။
အချိန်ယူရမယ် ။ အခုက တိုင်းပြည်ကြီးတစ်ခုလုံးကို ရွှေ့ပြောင်းတာဆိုတော့ ။။။ သူ အချိန်ယူရပါလိမ့်မယ် ။
ထိုးကျနေတဲ့ အရိပ်တွေ ... မြင်နေကြတဲ့ အမြင်တွေ ... ဒါတွေအားလုံးကို သူပြောင်းလဲပစ်ဖို့
( ကျွန်တော်တို့ သူ့ဘက်က စဉ်းစားကြည့်ရအောင် )
အရမ်းလွယ်ကူလိမ့်မယ်လို့ ခင်ဗျား ထင်သလား ။ သမ္မတ တစ်ယောက်ရဲ့ တနေ့တာကို ကျွန်တော်မကြုံဘူးတဲ့အတွက်
တိတိကျကျတော့မပြောနိုင်ဘူးဗျ ။ ဒါပေမဲ့ မလွယ်လောက်ဘူးဆိုတာတော့ တွေးကြည့်လို့ရတယ် ။
လူတစ်ယောက်ရဲ့ အပြစ်ကို ထောက်ပြတာဟာ အဲ့ဒီလူကို တိုးတက်စေဖို့ လမ်းကြောင်းပေးတာပဲ ။ ဒါပေမဲ့ လိုတာထက်ပိုရင် ။
ဒါကြောင့် အပြစ်အရမ်းတင်တတ်တဲ့ မြန်မာလူမျိုးတွေ မဖြစ်စေချင်ပါဘူး ။
ဒီလူလုပ်ရမှာ ။ ဒီလူ ခုထိမလုပ်သေးဘူးလား ။ စသည်ဖြင့် အမြင်တွေအစား
သူတစ်ယောက်ထဲ လုပ်ရင်ကြာမှာ .... ။ ငါတို့လဲ တက်ညီလက်ညီ လုပ်ကြမယ် ။ ဆိုတဲ့အမြင်မျိုး ပြောင်းလဲသင့်ပါတယ် ။
နိုင်ငံတော်ကြီး မပြောင်းလဲသေးဘူးလား လို့ ထိုင်အော်နေတာထက်စာရင် လမ်းထိပ်က တံတားလေးကျိုးနေတာကို
ပြင်လိုက်တာက ပိုပြီး အကျိုးရှိနိုင်ပါတယ် ။  အဲ့ဒါလဲ နိုင်ငံရေးပါပဲ ။

လူတွေက နိုင်ငံရေးဆိုရင် ကြောက်တတ်ကြတယ် ။ ကြောက်သင့်ပါတယ် ။ အခြောက်ခံခဲ့ကြရတာကိုးး ။
ထောင်ဒဏ် ညှင်းပန်းနှိပ်စက်မှုဒဏ် စသည်စသည်ဖြင့် အခြောက်ခံခဲ့ရတော့ ကြောက်သင့်ပါတယ် ။
ဒါပေမဲ့ အဲ့ဒီကြောက်စိတ်ဆိုတာ ငယ်ဘ၀မှာ ထားခဲ့လိုက်ပါ ။ ကိုယ်တိုင် ခုခံနိုင်တဲ့အရွယ်ရောက်ရင်တော့ဖြင့်
ကြောက်စိတ်မရှိသင့်တော့ဘူး ။ အမှန်တော့ နိုင်ငံရေးဆိုတာ နိုင်ငံရဲ့အရေး ။
ဘယ်နိုင်ငံလဲ ... ကိုယ်မွေးဖွားကြီးပြင်းနေထိုင်ခဲ့တဲ့  .. နေတဲ့ ...နေဦးမဲ့ နိုင်ငံ ။
ဒီတော့ ကိုယ့်နိုင်ငံရဲ့အရေးကို အဲ့ဒီနိုင်ငံရဲ့ နိုင်ငံသားတွေနဲ့ဆိုင်ပါတယ် ။ ဒိပြင်နိုင်ငံတွေနဲ့မဆိုင်ပါဘူး ။
နိုင်ငံသားတိုင်းနဲ့ကို ဆိုင်ပါတယ် ။ ဒါကြောက်စရာမဟုတ်သလို အမှားလဲမဟုတ်ပါဘူး ။

- လက်ရှိသမ္မတကြီးအကြောင်းကို ပြောပြီးတဲ့အခါမှာ နာမည်အရှိဆုံး နောက်ထပ် ပါတီတစ်ခုရဲ့ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် ( အမေစု လို့ခေါ်ရမှာ ..ခေါ်သင့်တာဖြစ်ပေမဲ့  ဘက်မျှမှုရှိစေရန်နှင့် အထက်ကပြောခဲ့သလို
မည်သူ့ကိုဆိုလိုကြောင်း သိစေရုံသက်သက်မို့ ဒေါ်အောင်ဆန်းစုကြည်ဟု သုံးနှုန်းပါရစေ )
မြန်မာနိုင်ငံကို တိုင်းတပါးကျွန်ဘ၀ကနေ ကယ်တင်ပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးအရင်း ။
ဒါကြောင့် ဒီတိုင်းပြည်ကို ကယ်တင်ခဲ့တဲ့ သူရဲ့ သမီးကို ခေါင်းဆောင်အဖြစ် ငါတို့ ရွေးသင့်တယ်လို့ တရားသေဆုံးဖြတ်တာထက်
လက်ရှိ ရဲ့ အခြေအနေကို ကြည့်ရပါမယ် ။ အဲ့ဒီလို တိုင်းပြည်ခေါင်းဆောင်ဖြစ်ခဲ့ဖူးတဲ့လူရဲ့ မျိုးဆက်ကို ရွေးရမယ်ဆိုရင်
ဘုရင့်နောင် ။ အလောင်းမင်းတရားတို့ရဲ့ မျိုးစဉ်မျိုးဆက်တွေ ပေါ်လာနိုင်ပါတယ် ။ ဒါကြောင့် အခြေအနေကိုကြည့်ပါမယ် ။

တိုင်းပြည်တပြည်မှာ နေထိုင်တဲ့ တိုင်းသူပြည်သားတွေဟာ ကိုယ့်တိုင်းပြည်ကိုအုပ်ချုပ်တဲ့ဘုရင်ကို ပညာတတ်ဖြစ်စေချင်ပါတယ် ။
အဲ့ဒါ ကျွန်တော့အတွေးဆိုပေမဲ့ ကိုးဆယ်ရာခိုင်နှုန်းလောက် မှန်ကောင်းမှန်နိုင်ပါတယ် ။
အခု လက်ရှိ ဒေါ်အောင်ဆန်းစုကြည်ဟာ ပညာတတ်တစ်ယောက်ဖြစ်တယ်ဆိုတာ အားလုံးလက်ခံရမှာပါ ။
နောက်ပြီး စိတ်ဓါတ် ။ တိုင်းပြည်အုပ်ချုပ်သူဆိုတာ စိတ်ရှည်ရပါတယ် ။ စိတ်သန်ရပါတယ် ။
ဒေါ်အောင်ဆန်းစုကြည် စိတ်ရှည်ခဲ့သလား စိတ်သန်ခဲ့သလားဆိုတာ အားလုံး သိပြီးဖြစ်မယ်ထင်ပါတယ် ။
သူ အခန်းကျဉ်းလေးထဲမှာ အချိန်တော်တော်ကြာ စိတ်ရှည်ရှည် စိတ်ငြိမ်ငြိမ်နဲ့ သူနေခဲ့ပါတယ် ။
သူကြောက်ခဲ့သလားဆိုတဲ့ မေးခွန်းမေးရင် ရိုင်းသွားသလိုတောင် ဖြစ်ဦးမယ်ထင်တယ် ။
နောက်ပြီး ကမ္ဘာပေါ်မှာ နိုဘယ်ဆုကိုမှားယွင်းပြီး ပေးအပ်ခဲ့တယ်လို့ ခုချိန်ထိ မကြားမိသေးပါဘူး ။
နိုဘယ်ဆုရှင်တိုင်းကို ကြည့်လိုက်ရင် ကောင်းကျိုးပြုမှုတွေ ပိုများတယ်ဆိုတာ မြင်နိုင်ပါတယ် ။
ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဘယ်ဆုရှင် တစ်ယောက်ပါ ။ နိုင်ငံတကာ ဆက်သွယ်ရေး ၊ အတွေးအခေါ်  နဲ့
ရှိထားတဲ့ ဂုဏ် ( စည်းစိမ်ကိုမဆိုလိုပါ ) တွေက တိုင်းပြည်ခေါင်းဆောင်တစ်ယောက် ဖြစ်ဖို့ လုံလောက်တယ်လို့ မပြောနိုင်ရင်တောင်
ဖြစ်နိုင်ပါတယ် ။ ပြည်သူတွေရဲ့  စိတ်ချယုံကြည်မှုရှိရင်တော့ဖြင့် သူမဟာ နာမည်ကြီး အစေခံတစ်ယောက် ဖြစ်လာနိုင်ပါတယ် ။

- လမ်းဘေးမှာ ဆိုင်းဘုတ်ခပ်ကြီးကြီးတစ်ခုကို ထောင်ကြမယ်ဆိုပါတော့ ။ လူတစ်ယောက်ထဲ ထောင်နေလို့ မရနိုင်ပါဘူး ။
နှစ်ယောက်တန်သည် သုံးယောက်တန်သည် ထောင်ရမှာပါ ။ အဲ့ဒီမှာမှ အဲ့ဒီ နှစ်ယောက်သုံးယောက်က
အားကောင်းမောင်းသန်တွေဆိုရင် အဲ့ဒီဆိုင်းဘုတ်ဟာ သေသေသပ်သပ် ထောင်ထောင်မတ်မတ်ဖြစ်နေမှာပါ ။
အခု ကျွန်တော်တို့ မြန်မာနိုင်ငံဆိုတဲ့ ဆိုင်းဘုတ်ကြီးကို ထောင်နေပါတယ် ။ ဦးသိန်းစိန် ထောင်နေပါတယ် ။
တစ်ယောက်ထဲဆိုတော့ ဆိုင်းဘုတ်က သိပ်ပြီး မတည့်မတ်ဘူး ။ ဒေါ်အောင်ဆန်းစုကြည် ၀ိုင်းထောင်ပါမယ် ။
ဆိုင်းဘုတ်နည်းနည်း ပိုပြီး သေသပ်လာပါမယ် ။ တိုင်းရင်းသားခေါင်းဆောင်တွေ ၀ိုင်းထောင်မယ် ။
အားကောင်းမောင်းသန်တွေ များလာတဲ့အခါဆိုရင်တော့ ကျွန်တော်တို့ ဆိုင်းဘုတ်ကြီး သပ်သပ်ရပ်ရပ်ဖြစ်လာပါတော့မယ် ။
အဲ့ဒီလို ဆိုင်းဘုတ်ဝိုင်းထောင်နေတာကို ပူးပေါင်းနေတာကို အပြစ်မြင် အပြစ်တင်နေရင်တော့ ဆိုင်းဘုတ်ကြီး ထောင်မတ်လာမှာကို
မနာလို မရှုစိမ့်တဲ့သူ ဖြစ်နေပါလိမ့်မယ် ။

အနီရောင်ကို ကြိုက်တဲ့သူက အနီရောင်အကျီ င်္ ၀တ်ထားမယ် ။ အဖြူရောင်ကို ကြိုက်တဲ့သူက အဖြူရောင်အကျီ င်္ဝတ်ထားမယ် ။
အဲ့ဒါကို အနီရောင်ဝတ်တဲ့သူက အဖြူရောင်ကို အရောင်မဲ့ပါကွာ ဘာညာနဲ့ ပြောနေမယ် ။ အဖြူရောင်ကလဲ အနီရောင်ကို
သွေးထွက်သံယိုအရောင်ကြိး ကျက်သရေမဲ့ပါတယ်ကွာ လို့ပြောနေမယ် ဆိုရင်ဖြင့်
ကျွန်တော်တို့ဟာ အရောင်တွေပေါင်းစည်းထားတဲ့ သက်တံ့ကို မြင်ရမှာ မဟုတ်တော့ပါဘူး ။
ဒါကြောင့် တရောင်နဲ့ တရောင် အပြစ်ပြောနေတာထက် တရောင်ပေါ်တရောင်ဆင့်ပြီး သက်တံ့ကို ဖန်ဆင်းကြရအောင်ဗျာ ။ ။ ။

ခင်ဗျားကို မေးခွန်းတစ်ခုမေးမယ် ။ ခင်ဗျား မြန်မာနိုင်ငံသားဟုတ်ပါသလား .... ။ မြန်မာလူမျိုးလို့ ကျွန်တော်မဆိုလိုပါဘူး ။
မြန်မာနိုင်ငံသားဟုတ်ပါသလား ။
ခင်ဗျားရဲ့  အဖြေက ဟုတ်တယ် ဆိုရင်တော့ ခင်ဗျား ဆိုင်းဘုတ် ၀ိုင်းထောင်ပေးလိုက်ပါ ။
အကယ်၍ ခင်ဗျားရဲ့ အဖြေက မဟုတ်ဘူးဆိုရင်တော့ဖြင့်  နိုင်ငံကူးလက်မှတ်လုပ် ... တိုင်းတပါးကိုသွား ။
တသက်လုံး ပြန်မလာပါနဲ့တော့ဗျာ ...... ။

** မြန်မာပြည် ငြိမ်းချမ်းပါစေ ။ ကြံ့ခိုင်ပါစေ ။ ဖွံ့ဖြိုးပါစေ ။ ဒီမိုကရေစီ စစ်ပါစေ ။ ပြည်သူတွေ ဒီမိုကရေစီရဲ့ အဓိပ္ပါယ်ကို
     နားလည်နိုင်ပါစေ ။ **

 - လေးစားစွာဖြင့် -
   * မင်းလုလင် *


** ဒီစာလေးကို နိုင်ငံရေးကို စိတ်ဝင်စားတဲ့ လူတိုင်း ဖတ်မိစေချင်ပါတယ် ။ ကျွန်တော် ဘာမှမတတ်ပါဘူး ။
     စိတ်ထဲရှိတဲ့ အရင်းအမှန်အတိုင်း ထုတ်ပြထားတာပါ ။ ထိတွေ့ခံစားကြည့်ပါ **
မင်းလုလင် facebook ထံမှ ကူးယူပါသည် 

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More