Thursday, December 8, 2011

ဥပဒေနှင့်အညီ ငြိမ်းချမ်းစွာ စုဝေး၊ စီတန်းခွင့် ရတော့မည်

စိုးသန်းလင်း
မြန်မာတိုင်းမ် အတွဲ ၂၈ ၊ အမှတ် ၅၄၅ ( ၂၅ ၊၁၁ - ၁ ၊၁၂ ၊ ၂၀၁၁)
ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး လွှတ်တော်နှစ်ရပ် သဘောထား ကွဲလွဲခဲ့သည်ကို နိုဝင်ဘာ ၂၂ ရက်၌ ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ပဉ္စမနေ့တွင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များအကြား ဆန္ဒမဲခွဲ ဆုံးဖြတ်ခဲ့ကြရာ ပြည်သူ့လွှတ်တော်ဘက်မှမူလက ဆုံးဖြတ် အတည်ပြုထားသော နိုင်ငံတော်အလံ ကိုင်ဆောင်ခွင့် အဆိုမှာ အနိုင်ရရှိခဲ့သည်။
"မူလဥပဒေကြမ်း အပိုဒ် ၂-အပိုဒ်ခွဲ (ဇ)၌ 'အလံကိုင်ရာတွင် နိုင်ငံတော်အလံ၊ တရားဝင် ပါတီနှင့် တရားဝင်အသင်းအဖွဲ့ အလံတို့ ပါသည် ဆိုတဲ့ မူလဥပဒေကြမ်းပါ ဖော်ပြချက်ကို ပြည်သူ့ လွှတ်တော်က အတည်ပြုထားတဲ့အတွက် အမျိုးသားလွှတ်တော်ရဲ့ ပြင်ဆင်ချက်ကို လွှတ်တော်ရဲ့ အဆုံးအဖြတ်ရယူမှာဖြစ်ပါတယ်။ "...နိုင်ငံတော်အလံမပါဘူးဆိုတဲ့ အမျိုးသားလွှတ်တော်ရဲ့အဆိုကို မဲခွဲ ဆုံးဖြတ်မှာဖြစ်တယ်။ ဒီလိုအဆုံးအဖြတ်ရယူရာမှာ စက်ခလုတ် သုံးပြီး ဆန္ဒမဲပေးတဲ့ နည်းလမ်းနဲ့ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ သဘောတူရင် အစိမ်းရောင် ခလုတ်၊ မတူရင် အနီရောင်၊ ကြားနေရင် အ၀ါ ရောင်ခလုတ်ကို နှိပ်ရမှာ ဖြစ်ပါတယ်'။ 'အမျိုးသား လွှတ်တော်ရဲ့ ပြင်ဆင်ချက်တွင် ဤဥပဒေ ကြမ်း၏ အစိတ်အပိုင်းဖြစ်သည်' အဆိုကိုဆန္ဒ မဲပေးနိုင်ကြပါပြီ"ဟူ၍ ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က လွှတ်တော်သို့ ရှင်းပြအပြီးတွင် အဆိုကို ထောက်ခံမဲ ၁၃၉ မဲ၊ ကန့်ကွက်မဲ ၄၁၆ မဲ၊ ကြား နေမဲ ၂၂ မဲတို့ ရရှိသောကြောင့် အမျိုးသားလွှတ်တော်အဆို ရှုံးခဲ့ပြီး ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သော နိုင်ငံတော်အလံ ကိုင်ဆောင်ခွင့်အဆို အနိုင်ရရှိခဲ့သည်။
ပြည်ထောင်စုလွှတ်တော်သို့ တက်ရောက်ခွင့် ရ လွှတ်တော်ကိုယ်စားလှယ် ၆၁၃ ဦး ရှိသည့် အနက် ယခင်ကြိုတင်ခွင့်ယူထားသူ ၁၅ ဦး၊ အစည်းအဝေး ပဉ္စမနေ့တွင် ခွင့်တင်သူ ၁၂ ဦး ရှိသဖြင့် ၎င်းနေ့ အစည်းအဝေး တက်ရောက် သူ လွှတ်တော်ကိုယ်စားလှယ် ၅၈၅ ဦးရှိရာ ၎င်းတို့အနက် ၄၁၆ ဦးတို့မှာ အမျိုးသား လွှတ်တော်၏ အဆိုကို ကန့်ကွက်ခဲ့ကြခြင်း၊ တစ်နည်းအားဖြင့် ပြည်သူ့လွှတ်တော်၏ နိုင်ငံတော်အလံ ကိုင်ဆောင်ခွင့် အဆိုကို ထောက်ခံခဲ့ကြခြင်းဖြစ်သည်။
ထိုသို့ ဆန္ဒမဲ မပေးမီ၌ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့် အချက်များအပေါ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြသော သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ ဦးသိန်း ညွန့်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ဒေါက်တာ အေးမောင်၊ ဘိုကလေး မဲဆန္ဒနယ်မှ ဦးမြသိန်းနှင့် ကျိုင်းတုံ မဲဆန္ဒနယ်မှ ဦးစတီဖန် တို့က နိုင်ငံတော်အလံ ကိုင်ဆောင်ခွင့်ဘက်မှ ပြည့်စုံသော ဥပဒေ၊ သမိုင်းအထောက်အထားများဖြင့် ထောက်ခံခဲ့သည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More