Wednesday, January 25, 2012

`ချာလီရဲ့ ချောကလက်စက်ရုံ´

`ချာလီရဲ့ ချောကလက်စက်ရုံ´

by Soe Min (facebook)
          ဘယ်လိုမှ ဖြစ်လာနိုင်စရာမရှိဘူးလို့ ထင်ခဲ့တာတွေ မမျှော်လင့်ပဲ ဖြစ်လာရတဲ့အထဲမှာ စင်္ကာပူနိုင်ငံကို သွားလည်ဖို့ဆိုတာလည်း ပါပါတယ်။ ကျောင်းပြီးကတည်းက သူငယ်ချင်းတွေ အလည်ခေါ်ကြပေမယ့် ကိုယ်နဲ့ မတန်မရာ ကိစ္စပဲလေ လို့ပဲ သဘောထားခဲ့တာပါ။ အိပ်မက်ထဲထည့်မက်ဖို့တောင် ယုတ္တိမှ မရှိပဲနဲ့။ သို့သော်လည်း ဘ၀ဆိုတာ အဲလိုကြီး ယတိပြတ်ပြောလို့ ရရိုးလား။ ခုတော့ အရှင်လတ်လတ်ကြီးကို ရောက်လာပါပြီကော။ မျက်စိသူငယ် အာမေဋိတ်တွေ ပါးစပ်ကြီးအဟောင်းသားနဲ့ ပြောမကုန်တာတွေကတော့ ဒီကလူတွေ ရိုးနေပြီမို့ ၀ါးနုက ၀ါးရင့်ကိုပတ်ပြီး ရှင်းမပြတော့ပါဘူး။ မိတ်ဆွေသူငယ်ချင်းများကို ကျေးဇူအထူးတင်ကြောင်းတွေကိုလည်း စားကောင်းသောက်ကောင်း ဖောရှောလုပ်ပြီး မရေးချင်ပါဘူး။ ဒါပေမယ့်လို့ အရင်က တခါမှ မတွေ့ဖူးသေးပဲ ခင်နေရတဲ့သူတွေကို အပြင်မှာ နဖူးတွေ့ဒူးတွေ့ တွေ့ရတာရယ် အဲဒီတော့မှ သူတို့ဘယ်သူဘယ်ဝါမှန်း သေသေချာချာ သိရတာရယ်ကတော့ အရမ်းဝမ်းသာမိပါတယ်။ သူတို့နဲ့ သေသေချာချာ စကားစမြည်ပြောရတာ၊ သူ့အကြောင်းကိုယ့်အကြောင်း၊ သူ့အမြင် ကိုယ့်အမြင်ချင်းဖလှယ်ရတာလည်း အကျိုးရှိတာပေါ့။ ပို့သသောမေတ္တာ၊ ထားရှိသော စေတနာကြောင့် ကလျာဏမိတ္တများနဲ့သာ တွေ့ဆုံရတာ ကံထူးပါပေတယ်။ အစကတည်းက စိတ်သဘောချင်းတူရာလူတွေ စုမိတဲ့သဘောရှိလို့ထင်ပါရဲ့။ ဘယ်သူနဲ့တွေ့တွေ့ ပြောလို့ဆိုလို့ကောင်း
ပေါင်းလို့သင်းလို့ကောင်း၊ (စားလို့သောက်လို့ကောင်းလည်း ပါတာပေါ့လေ) `ဒီလိုအဖြစ်အပျက်မျိုးရှိတယ်။ ဟုတ်လား´ လို့ မေးရမလောက်ပါပဲ။ ဒါပေမယ့် တကယ်ပါ။ အားလုံးနဲ့ ရင်းရင်းနှီးနှီး စကားပြောဆိုနှုတ်ဆက်ပြီးတဲ့အခါမှာတော့ သူတို့နှုတ်က ဖွင့်ပြောသည်ဖြစ်စေ၊ မပြောသည်ဖြစ်စေ၊ အားလုံးရဲ့ ရင်ထဲကစကားတစ်ခွန်းကို နှလုံးသားနဲ့ ခံစားမိခဲ့တာကတော့ ´ အိမ်ပြန်ချင်တယ် ...၀ူး...´ ဆိုတဲ့ အသံပါ။ အားလုံး အဆင်ပြေ အခြေကျသလောက် ရှိနေသူတွေချည့်ပေမယ့်၊  အစစအရာရာ ပြည့်စုံ၊ အဆင့်အတန်းချင်း မယှဉ်သာအောင် တိုးတက်နေတဲ့အရပ်မှာ ရောက်နေကြပေမယ့် အိုးမေ့အိမ်မေ့ ပျော်နေတဲ့သူ တစ်ယောက်မှ မတွေ့ခဲ့ပါဘူး။ အိပ်မက်ကလေးတွေ လွှတ်ချမရသေးလို့၊ နိုးလာတဲ့အခါ ပျောက်သွားမှာစိုးလို့ အတင်းဆက်မက်နေရတဲ့ ပုံပါ။ `ချာလီရဲ့ချောကလက်စက်ရုံ´ဆိုတဲ့ ရုပ်ရှင်ကလေးကို သတိရမိပါတယ်။ ကလေးတွေရဲ့ အသည်းစွဲဟာ ချောကလက်ပဲ မဟုတ်လား။ ကစားဖို့၊ ဆော့ဖို့ပဲ မဟုတ်လား။ ကလေးတိုင်းရဲ့ အိမ်မက်ကမ္ဘာကို ချာလီက ဖန်ဆင်းပေးထားပါတယ်။ အင်မတန်မှလည်း ပျော်စရာကောင်းပါတယ်။ ပြဿနာက အိမ်မပြန်ပဲ ဘယ်နှစ်ရက်ပျော်နိုင်မလဲ။ တစ်သက်လုံး အဲဒီစက်ရုံကြီးထဲမှာ ပျော်နိုင်ပါ့မလားဆိုတာပါ။ တကယ်တော့ ချာလီဟာ ကလေးတွေကို ချော့ကလက်နဲ့သွေးဆောင်ပြီး သူ့အကျိုးစီးပွားကိုသာ နည်းမျိုးစုံနဲ့ ဖော်ဆောင်မှာ မဟုတ်ဘူးလား။
       တကယ်တော့ စင်္ကာပူမှာ ကျွန်တော်နဲ့တွေ့ခဲ့တဲ့သူတွေဆိုတာ အလုပ်နဲ့အကိုင်နဲ့၊ နေထိုင်ခွင့်ပါမစ်နဲ့၊ အသေအလဲ ရုန်းကန်ခဲ့ရတယ်ဆိုရင်တောင် အဲဒီအချိန်တော့ ကျော်ဖြတ်ခဲ့ပြီးတဲ့သူတွေပါ။ စလုံးရဲ့ တစ်ထောင့်တစ်ည မာယာပုံပြင်တွေကြောင့် မအိပ်နိုင် မစားနိုင်စိတ်ဖိစီးပြီး ငွေကုန်စိတ်ပန်း မိသားစုပါနွမ်းရတဲ့အဖြစ်တွေ ကိုယ်တိုင်ခံစားဖူးပါတယ်။ ဒီလိုဘ၀မျိုးရောက်ဖို့ဆိုတာ
ပြည်တွင်းမှာကျန်ခဲ့တဲ့သူတွေရော၊ ရောက်ကာစ ရုန်းကန်နေဆဲသူတွေရော မက်နေဆဲ အိပ်မက်တစ်ခု မဟုတ်ဘူးလား။ ဒီလူတွေဟာ ချာလီရဲ့ ချောကလက်စက်ရုံထဲက ဘာလို့များ အိမ်ပြန်ချင်နေရပါလိမ့်နော်။ ပျော်ရာမှ မနေရ တော်ရာမှာနေရမှာမို့ ပဋိရူပ ဒေသ၀ါသောစ မင်္ဂလာတရားတော်ကို လက်ကိုင်ထားကြသူများ အတွက်စဉ်းစားပြန်တော့လည်း ငယ်ဘ၀၊ ငယ်စရိုက်၊ ဇာတိ ဆွေမျိုး၊ မိတ်ဆွေသူငယ်ချင်းတွေကို မြွေအရခွံလဲသလို စွန့်ပစ်ပြီး လဲယူရတော့မှာမို့ `တခါတလေတော့လည်း လွမ်းတော့အလွမ်းမိသား။´ ဆိုတဲ့ ပြည်တော်မပြန်နိုင်တဲ့ မင်းခယောင်္ကျားများဘ၀ပါ။ နှစ်တွေကြာလာတော့မှ အဲဒီချောကလက်မြို့တော်ကြီးဟာ `တကယ်ဆို မချိုပါဘူး အချစ်ဟာ´ လို့ သိလာရတာပေါ့။ `ဘ၀ဆိုတာ ဒီလိုပါပဲလေ´ လို့ ကိုယ့်ကိုယ်ကိုယ် တရားချရင်း `မနက်ဖြန်မနက် အလုပ်တက်မယ်´ လို့ သံပတ်ပြန်တင်းရဦးမှာကိုး။
         ကိုယ့်နိုင်ငံရဲ့ တော်ပေ့၊ ကြိုးစားပေ့ ဆိုတဲ့ ပညာတတ်အလွှာတွေ သူတို့ဆီရောက်ကုန်တာမို့ သူတို့ကို ဦးဏှောက်ယိုစီးမှုလို့ ရုပ်ဝတ္ထုဆန်ဆန် ခေင်းစဉ်တပ်ထားပေမယ့် တကယ့်တကယ်မှာ အဲဒီထက်ပိုတဲ့ ဘ၀တွေ ယိုစီးသွားတာပါ။ အိမ်မှာကျန်ခဲ့တဲ့ မိသားစုအဟောင်းတွေကလည်း ကြာလေလေဝေးဖြစ်ရသလို၊ ဟိုမှာတည်ထောင်တဲ့ ဘ၀သစ်လေးတွေကလည်း မပိုင်ဝက်မွေးဖြစ်ရတော့မှာပါ။ `ချဉ်ပေါင်ကို ကာပြန်လို့ ၀က်သားထံ ခြေကန်ရုန်းတယ် သွားရော့ ကတုံး´ လို့ လွှတ်ပေးလိုက်ရအောင်ကလည်း သူတို့က သာရာကိုကူးတဲ့ အခွင့်အရေးသမားများ မဟုတ်ပဲ စင်ရှိရာနွယ်ရတဲ့ဗူးများလို ကိုယ့်မြေမှာ ရပ်တည်ရှင်သန်စရာ အခွင့်အလမ်းမရှိလို့  ကိုယ့်ဒူးကိုယ်ချွန်ကြရတဲ့သူချည့်ပါ။ `ပြည်တွင်းမှာလည်း အခွင့်အလမ်းတွေ ပုံလို့ပါမောင်ရာ´ လို့ ပြောလာရင် `အဲဒါ ဘယ်သူတွေအတွက် အခွင့်အရေးလဲ။ ဘယ်လိုလူတွေပဲ ရကြသလဲ´ ဆိုတာ ပြန်မေးပါရစေ။ လူချင်းတူတူ အခွင့်အရေးမရလို့ လူလူသူသူဖြစ်အောင် သေချင်ကာမှသေရော၊ တောမပြောင်းလို့တော့မဖြစ်ချေဘူးဆိုပြီး ခံပန်းခိုင်ယာယီရွေ့ကြရတာပါ။ ဒီရေစီးကြောင်းဟာ ကိုယ့်တိုင်းပြည်တစ်ခုတည်းကို တိုက်စားနေတာမဟုတ်ပါဘူး။ ပတ်ဝန်းကျင်တိုင်းပြည်အားလုံးမှာလည်း ဒီအတိုင်းရှိပါတယ်။ မုတ်သန်လေလို မြောက်ပြန်လေလိုမဟုတ်ပေမယ့် ဦးတည်ရာတစ်ရပ်နဲ့ လူတွေစီးမျောသွားတာကတော့ အသိသာကြီးပါ။
        တကယ်လို့များ တနေ့သောအခါမှာ စီးပွားရေး၊ နိုင်ငံရေးတွေ တည်ငြိမ်လို့၊ ပြည်ပမှာ ဆည်းပူးထားသော အတတ်ပညာများနဲ့ ကိုယ့်တိုင်းပြည်မှာကိုယ် အလုပ်လုပ်လို့ ရမယ်ဆိုရင် ပြန်မလာမယ့်သူတစ်ယောက်မှ မရှိပါဘူး။ (ပြန်သာလာခဲ့ပါသားရယ်။ တို့ဆီမှာ ထောင်ထွက်တွေတောင် လခကောင်းမှကောင်း´ လို့ မြှူဆွယ်ရမလားမသိဘူးနော်။) အဲဒီအလုပ်လောက် မသေချာတာ မရှိကြောင်းကို ကိုယ်တွေ့မျက်မြင် သက်သေတစ်ခုပြောပြပါ့မယ်။ တစ်ခါက ကမ္ဘာလှည့်ခွဲစိတ်အဖွဲ့ကြီးတစ်ခုနဲ့အတူ
မြန်မာဆရာဝန်ကလေးတစ်ယောက်ဟာ မြန်မာပြည်ကို ပြန်ရောက်လာပြီး သူတတ်ကျွမ်းတဲ့ အဆင့်မြင့်နည်းပညာများနဲ့ မြန်မာလူနာများကို ခွဲစိတ်ကုသပေးပါတယ်။ ဘိုးတော်ကြီးတစ်ပါးက ` မြန်မာဆရာဝန်တစ်ယောက်မို့ ကိုယ့်တိုင်းပြည်မှာ ကိုယ်ပြန် အလုပ်မလုပ်ချင်ဘူးလား´ လို့ ခေါ်ပါတယ်။ ဘယ်လိုများ မေးလိုက်ပါလိမ့်ဗျာ။ မန်းလေးသား စစ်စစ်ကြီးပါ။ တကယ်ပြောတာလားဆို က တောင် ပြန်လာလိုက်သေး။ သူအလုပ်လုပ်တဲ့အဖွဲ့အစည်းကြီးက `မင်းပညာက စက်ကိရိယာပါမှ ခွဲလို့စိတ်လို့ရတာ အဲဒါမရှိပဲ ဘာနဲ့သွား အလုပ်လုပ်မှာတုန်း´ လို့ မဆွဲသာ ဆွဲသာ ဆွဲထားသော်ငြား ဟိုခမျာကလည်း အစကပြောခဲ့တဲ့ `အိမ်ပြန်ချင်တယ် .. ၀ူး´ ရောဂါကြောင့် ´ သွားမှာပဲ.. သွားမှာပဲ.. ငါ့ကိုလာ မတားနဲ့´ ဖြစ်နေပါတယ်။ နောက်ဆုံးတော့ အတူတူအလုပ်လုပ်ခဲ့တဲ့ သံယောဇဉ်ကြောင့်လား။ အသစ်ဝယ်ချင်တာနဲ့ မကောင်းကျောင်းပို့ လုပ်လေသလားတော့ မသိပါ။ သူသုံးနေတဲ့ စက်ကိရိယာကြီးတစ်ခုလုံး ဟိုအဖွဲ့ကြီးက လှူဒါန်းလိုက်ပါသတဲ့။ သားရွှေအိုးထမ်းပြီး ပြန်လာတဲ့ကိန်းပေါ့ခင်ဗျာ။ အဲဒီမှာတင် မြနဲ့မောင်နဲ့ ခုမှတွေ့တာပါပဲ ခင်ဗျ။ `လာပါတွတ်ပါ လပွတ္တာ´ဆိုတဲ့ ဘိုးတော်ကြီးက ဂိန်းသွားတယ်။ မြန်မာနိုင်ငံဆိုတာက တရားဥပဒေစိုးမိုးတဲ့နိုင်ငံလေ။ ဥပဒေကို လက်တစ်လုံးခြား လုပ်ခွင့်မှ မရှိတာ။ ဒီလို ဒေါ်လာသိန်းချီတန်တဲ့ စက်ပစ္စည်းကိရိယာကြီးတစ်ခုကို ပုဂ္ဂလိကပိုင်အနေနဲ့ တင်သွင်းခွင့် မရှိဘူးတဲ့။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက်ကတည်းက တားမြစ်ထားတာထင်ပါရဲ့။ အလှူရှင်ဘက်ကလည်း အစိုးရကိုတော့ လှူခွင့်မရှိပြန်ပါဘူးကွယ်။ စီးပွားရေးပိတ်ဆို့ထားတာမို့ သူတို့ဘက်ကလည်း ပေါ်လစီနဲ့ ငြိပါသတဲ့။ ရှဥ့်လည်းလျှောက်မရ ပျားလည်းစွဲမရ။ အဲဒီနောက်တော့ အဲဒီစက်ကြီး ဘယ်ကိုရောက်သွားပြီး ဘယ်သူတွေခွဲနေသလဲတော့ မပြောတတ်တော့ပါဘူးကွယ်။ ကြာပြီဆိုတော့ သားသားလည်း မေ့သွားပြီ။ အသက်ကြီးတော့ မှတ်ဥာဏ်က သိပ်မကောင်းဘူးလေ။ ပြန်လာပြီးသား ဆရာလေးခမျာမတော့ သစ်ကိုင်းလွတ်ရပြန်ပါတယ်။ ဒီမှာ နဂိုထိုင်နေတဲ့သူနဲ့ သုကျိတ် နဲ့ ဘာလီဇာတ်ခင်းလို့ ဘယ်ရမလဲ။ ပေါ်တော်မူက ထီးအရင်တင်ရိုး ထုံးစံမှ မရှိတာ။ သူလား။ ဘာဖြစ်သွားလဲ သိပ်မမှတ်မိတော့ပါဘူးကွယ်။ အသက်ကြီးတော့ မှတ်ဥာဏ်တွေကလည်း သိပ်မကောင်းတော့ဘူးလေ။ ခွင့်လွှတ်နော်။
         `ဤဥပမာ.. လူဆိုသည်မှာ...´ ဆို ဒေါ်မာမာအေးအသံနဲ့ ဆက်ဆိုရမှာဖြင့် ပြန်တော်ဝင် စနေမောင်မောင်တို့ဟာ သူများရပ်ရွာမှာ အလုပ်အကိုင် အခွင့်အလမ်း စန်းပွင့်သလောက် ကိုယ့်ဆီမှာတော့ ကျောက်စရစ်တော မာခေါင်ခေါင်မှာ အတောင်ကျွတ်သောကြိုးကြာ ရေရှာ၍မရသကဲ့သို့ ဆိုတာမျိုးဖြစ်ကြရပါတယ်။ ဟိုတုန်းက အဖြစ်တွေ လာမပြောနဲ့မောင်ရာ။ အခု ပြောင်းလဲခဲ့ကြပေါ့ မဟုတ်လား။ ဘယ်သူတွေ ပြောင်းလဲသလဲ။ ဘယ်နှစ်ယောက်ပြောင်းလဲသလဲ။ လူတစ်ဦးချင်း တစ်ဦးချင်း ပြောင်းလဲရုံနဲ့ ရပါ့မလား။ စံနစ်စည်းကမ်းဆိုတာကြီးက အရင်အတိုင်းပဲ ရှိနေရင် လှံမင်းသားလေးဝင်သွားတဲ့ ဂူထဲက လှံဘီလူးကြီးထွက်လာဦးမှာပဲ။ လေးမင်းသားလေးဝင်သွားတဲ့အခါ လေးဘီလူးကြီးထွက်လာဦးမှာပဲ။ ကိုယ်ကိုယ်တိုင်ကောင်းအောင် မကျိုးစားပဲနဲ့ အစိုးရပြောင်းရင် ကောင်းသွားလိမ့်မယ် လို့မျှော်လင့်နေတာဟာ ထီမထိုးပဲ ထီပေါက်စဉ်တိုက်နေတဲ့သူလိုပါပဲ။ လိုရင်းကို ပြန်ကောက်ရရင်ဖြင့် ပြန်လာတဲ့သူတွေအတွက် သူတို့အတတ်ပညာနဲ့ လျှော်ညီတဲ့ နိုင်ငံ့တာဝန်ကလေးများ ထမ်းခွင့်ရရင်၊ ဒီမှာရှိတဲ့သူတွေဘက်ကလည်း ငါ့ထမင်းခွက် ၀င်လုမယ့်သူတွေလို့ သဘောမထားရင် မိမိ၊ သူတပါး၊ တိုင်းပြည် သုံးဦးသုံးဖလှယ် အကျိုးရှိတာပ။
          တကယ်တော့ အဲဒီသူတွေဟာ ချောကလက်စက်ရုံကြီးက မိုးပျံမျှော်စင်ကြီးတွေ ဆောက်တဲ့အထဲမှာလည်း ပါခဲ့ကြတယ်။ မြေအောက်ရထားလမ်းတွေ ၊ ဘူတာရုံတွေ ဆောက်တဲ့နေရာမှာလည်း ပါခဲ့ကြတယ်။ စက်ရုံတစ်ခုလုံး သူတို့ခြေရာလက်ရာတွေချည့်ပဲ။ အိမ်ကိုပြန်လာရင် အဲဒီအတတ်ပညာတွေနဲ့ ကိုယ့်အိမ်ကိုယ် အလှဆင်လို့ရတယ်။ ဦးချာလီမှာဖြင့် ဒီလို လူ့မလိုင် အဆီအနှစ်တွေ သူ့ဆီမှာ အဖတ်တင်ကျန်စေချင်လို့ အိမ်ကလေးဝယ်မလား၊ ကားကလေးဝယ်မလား။ သားသမီးတွေ ကျောင်းထားမလား၊ ချောကလက်ကလေးတွေ တန်းစီကျွေးလို့ မပျော်ပျော်အောင်ထားပြီး ဦးဏှောက်တွေ လုပ်အားတွေကို ကြံကြိတ်စက်နဲ့ ညှစ်သလို ညှစ်ထုတ်နေပြီ။ ကိုယ့်ဆီမှာတော့ ဒလံပွဲစားများနဲ့ ထုခွဲရင်းနှီး လို့ ခေါင်းရောကိုယ်ပါ လိုရာသုံးစေ လည်စင်းပေးရတယ်။ မကြိတ်ရင် ငိုလိုက်မှာနော် ဆိုတာမျိုး။ ဘယ်သူ့ကြောင့်၊ ဘာ့ကြောင့်တွေ နောက်ကြောင်းလှန်နေရင်
ရှေ့ခရီးမတွင်မှာစိုးလို့ ရာဇ၀င်ထဲမှာ ဒင်းတို့ကိုထားရစ်ခဲ့ရအောင်လေ။ အခု ရွာကို မောင်ကြီးပြန်လာပြီ။ လက်ချည့်ပဲ မဟုတ်ဘူး။ စုဆောင်းထားတဲ့ဥစ္စာတွေလည်းပါတယ်။ ဆည်းပူးခဲ့တဲ့ ပညာတွေလည်း ပါတယ်။ အမေတို့အဘတို့ကို တိုက်နဲ့ထားမယ်။ ကားနဲ့သွားမယ်။ သို့သော် ကံထရိုက်တိုက်ရဲ့ ဘိလပ်မြေအချိုးကိုတော့ ဒီအတိုင်းဆက်ထားဦးမှာလား။ မော်တော်ပီကယ်တွေ့ရင် လက်ကလေးလှမ်းထုတ်ပြီး တစုံတရာနဲ့ `အိုကေဆရာ။ သိုင်းကျူးဆရာ´ လုပ်ဦးမှာလား။ ဒုံရင်းအရောက်ကို တို့ခရီးပေါက်ရမည် လို့ ဦးတည်ကြမလား။ ဘယ်သူ့ကိုမှလည်း မပုတ်ခတ်လိုပါဘူး။ ဘယ်သူ့ဆီမှလည်း မတိုင်တည်ချင်ပါဘူး။ ဒါပေမယ့် လူတိုင်းလူတိုင်းတော့ စဉ်းစဉ်းစားစား တွေ့စေ့ချင်ပါတယ်။ အနည်းဆုံးတော့ ဒီစာကို ဖတ်မိတဲ့သူတွေအတွက်ပေါ့။ သူများတွေ လှတာမြင်ရလေ။ ငါ့ရုပ်ကြီးငါ သောက်မြင်ကပ်လေ ဆိုတာလိုပဲ တိုးတက်တဲ့ ခေတ်မီတဲ့ သူများရပ်ရွာတွေ ရောက်တိုင်း ကိုယ့်ဆီမှာလည်း ဒီလိုဖြစ်ချင်လိုက်တာဆိုတဲ့ စိတ်ကပေါ်လာတာပဲ။ ဒါပေမယ့် ပေါင်ကသေးကြောင်းကြီး ရေမဆေးပဲ သနပ်ခါးလေးလိမ်းမှ ဘေးကလူတွေ ကြည်ဖြူနိုင်မယ် လုပ်လို့ မရနိုင်ပါဘူး။ အဖေလာဆေးပေးနိုး အမေလာဆေးပေးနိုး စောင့်နေလည်း အလကားပဲ။ သူတို့လည်း သူ့အလုပ်နဲ့သူ။ စည်းကမ်းတစ်စက်မှ မရှိပဲနဲ့များ ရန်ကုန်မြို့ကြီးကို ဝေဇယန္တာ နန်းဘုံတည်ရင် တီဗီရိုက်ပြီးတာနဲ့ ပြိုကျလိမ့်မယ်မှတ်။ (ကိစ္စမရှိပါဘူး။ သတင်းထဲထည့်ပြီးရင် သူ့ဘာသူ ပက်လက်ပဲ လန်လန်။ ကိုယ်နေတာမှ မဟုတ်ပဲ)
         ကိုယ့်ရဲ့ ဖြုတ်ချေးလောက် ဦးဏှောက်ကလေးနဲ့ ဘေးကနေ အာချောင်ရုံပဲ တတ်နီုင်ပါတယ်။ တကယ့်တကယ် တိုင်းပြည်ကို ဦးဆောင်ထုဆစ်သူကြီးများလက်ထဲမှာမှ တိုင်းပြည်ကြီးရဲ့ အဆင်းအသွင် ဂုဏ်အင်လက္ခဏာတွေ ပီပြင်လာမှာပေါ့။ စင်္ကာပူနိုင်ငံကြီးဟာ လီကွမ်ယုကြီးရဲ့ လက်ရာလို့ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ မြန်မာနိုင်ငံဟာရော ဘယ်သူ့လက်ရာကြောင့်လို့ ပြောစရာမလိုတာကို အချင်းချင်း လက်ညှိုးတွေ လှည့်ထိုးနေမယ့်အစား ပြုပြင်ဖို့ ကြိုးစားကြည့်ကြပါစို့လားဗျာ။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More