Wednesday, January 25, 2012

“လိမ္မော်ရောင် စာမျက်နှာများ”

by Soe Min on Friday, January 20, 2012 at 10:13am
          အလုပ်ဝင်ကာစတုန်းက ခွဲစိတ်ဆောင်မှာ ပထမလက်ထောက်ဆရာဝန်လုပ်တဲ့ ဆရာကြည်က မှာထားတဲ့ စကားတစ်ခွန်းရှိပါတယ်။ သားသုံးသားကို သတိထားဆက်ဆံပါတဲ့။ ကျောင်းသား၊ စစ်သား နဲ့ ဘုရားသားကိုပြောတာပါ။ ဟုတ်တာပေါ့။ အဲဒီသားသုံးသားဆိုတာ တစ်ဦးချင်း၊ တစ်ယောက်ချင်း၊ တစ်ပါးချင်း ဖြစ်ဦးတော့ နောက်မှာ သူတို့ကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းကြီးတွေနဲ့ အထောက်အပံ့အင်အားတွေက နည်းတာမှ မဟုတ်ပဲနဲ့။ တစ်နွယ်ငင်လိုက်လို့ တစ်စင်ပါလာခဲ့ရင် မိုးမီးလောင်တာ ငရွှေကြူ့ ခေါက်ဆွဲဖိုက ဆိုတာမျိုး ပြောစမှတ်ဖြစ်မယ်။ အရမ်းကာရော သတိလက်လွတ် သိမ်းကျုံးပြောမိလို့ကတော့ ရှင်းလို့ ရလိမ့်မယ် မဟုတ်ဘူးဗျ။ ပြောမှား ဆိုများ ပြစ်မှားရှိပြန်တော့ ကိုယ်ကပဲ ငရဲကြီးရ အကုသိုလ်တက်ရဦးမှာ။ ဒါကြောင့် တော်ရုံတန်ရုံ ကိစ္စများဆို ၀င်မညှော်ပဲ လွတ်အောင်နေဖို့ ကြိုးစားပါတယ်။ ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်ကြီးထဲမှာ သားသုံးသားစလုံး မလွှဲမရှောင်သာ စီးမျောပါဝင်လာရတဲ့အခါ ရှေးရှေးယခင်က အတွေးအခေါ်မျိုးတွေကို စွန့်မပစ်သော်ငြား အတွေးသစ် အမြင်သစ် အမျှော်အမြင်သစ်တွေနဲ့မှ ခေတ်နဲ့အညီ မလိုက်နိုင်ရင် မျိုးတုန်းပျောက်ကွယ်သွားမယ့် အန္တရာယ်ကလည်း ရှိလာတာကိုး။ အခုဆို ကျားကျား မမ၊ မမတမ မကျားတကျားတွေပါမကျန် ဖေ့စ်ဘုတ်ပေါ်ရောက်ကုန်ကြတဲ့အခါ ကိုယ်တော်၊ ဦးဇင်း၊ အရှင်ဘုရား၊ ဆရာတော်တို့လည်း friend list ထဲကို ရောက်ကုန်ပါလေရော။ အဲဒီလို add တုန်းက add ထားပြီးမှ စိတ်ကူးပေါက်ရာတွေ လျှောက်ရေးတဲ့အခါ ဘုန်းကြီးစာချ မိကျောင်းမင်းရေခင်းပြက ခဏခဏဖြစ်ရတာပေါ့။ အမယ် ကနေ့နက်ဖြန်ပဲ
ဘုန်းကြီးဝတ်တော့မလိုလေသံနဲ့ ကြာနီကန် တရားသိမ်းကလည်း လုပ်ချင်သေးတော့ ဘုန်းဘုန်းတို့ခမျာ မပြောလို့သာ နေရတယ်။ “လူစော်နံတယ် ပြန်လိုက်ဦး” လို့တော့ တွေးမိမှာပဲ။ ဘုန်းကြီးဝတ်တယ်ဆိုတာ လွယ်တယ်မှတ်လို့။ ဒုလ္လဘတောင် ဒင်းက ဘယ်နှစ်ရက်ကြာအောင် နေဖူးတာကျလို့ မသိရင်ခက်မယ်နော်။ ဟုတ်ကဲ့။ မလွယ်ပါဘူးခမျာ။ ဘယ်လောက်မလွယ်သလဲဆိုတာ အခုပြောပြမလို့ပါ။
        ဘုန်းကြီးဝတ်နဲ့နေဖို့ ခက်တဲ့အထဲမှာ ဒီကနေ့အခါကတော့ ပိုလို့ခက်တာပေါ့။ လူငယ်လူရွယ်မှန်သမျှ အတတ်ပညာရအောင်ရှာလို့ ရေခြားမြေခြားထွက် ၀မ်းကျောင်းပြီး တက်လမ်းရှာရတဲ့ခေတ်မှာ ကိုယ်တော်များလည်း အရင်ကလို ကျောင်းထိုင်စာကျက်ပြီး ၀ိသာခါ အနာတပိဏ် ဆွမ်းအုပ်လာအပို့ စောင့်လို့ မရတော့ဘူး။ သမုဒ္ဒရာ ၀မ်းတစ်ထွာလိုပဲ သပိတ်စောက်ကလည်း နက်နက်လိုက်လာတယ်။ အထူးသဖြင့်တော့ မြို့ကြီးပြကြီးတွေမှာပေါ့။ ရမ်းတုတ်တိမိတ်တံ ခပ်ဝါးဝါးလိုက်ရွတ်ဖို့ ပင့်ဆွမ်းများဟာလည်း အရင်ကလို မမှန်တော့ပြန်ဘူး။ တကာရင်း တကာမရင်းများ ဆင်ခြေဖုံးရွေ့သွားရတဲ့အခါ ပိုဆိုးတယ်လေ။ ဒီအခါ ကိုယ်ရင်လေးတွေလည်း အရင်ကလို မင်္ဂလသုတ်၊ မေတ္တာသုတ်လောက်နဲ့ တင်းတိမ်လို့မရတော့ပဲ ပထမကျော်ဖြစ်ဖို့ ကိုယ်တော်ကျိုးစားမည်တို့၊ ဓမ္မကထိကဖြစ်ဖို့ ကိုရင်ကျိုးစားမည်တို့၊ ရည်ရွယ်ချက်ကြီးကြီးထားပြီး ရုန်းကန်ကြရပါတယ်။ လွယ်လွယ်နဲ့ရတယ် အနေအစားချောင်တယ်လို့ ထင်မှာစိုးလို့ ရှင်းပြတာနော်။ တို့ဘုန်းကြီးများ ဆွမ်းကွမ်းရှားသွားပြီလို့ မဆိုလိုဘူး။ ဒီလိုနဲ့ပဲ သံဃာ့လောကမှာလည်း လူရိုသေရှင်ရိုသေဖြစ်အောင် အတန်းကလေးအောင်ထားမှ၊ ဟောရေးပြောရေးလေး ပေါက်မှဆိုတာတွေကနေစလိုက်တာ အခုဆို နိုင်ငံခြားက ဒေါက်တာဘွဲ့တွေအထိ ပါလာလေသတည်း။ ကမ္ဘာအေးက သံဃာ့တက္ကသိုလ်လောက်နဲ့တောင် သိပ်မလုံလောက်ချင်တော့ဘူး။ ပကာသနတော့ ပကာသနပေါ့။ ဒါပေမယ့် ပကာသနပါပဲ။ ရာဇဂြိုလ်ပြည်က နာလန္ဒာတက္ကသိုလ်တို့၊ ဗုဒ္ဓဂယာက မာဂဓတက္ကသိုလ်၊ ဗာရာဏသီက သင်္သကရိုက်တက္ကသိုလ်၊ ဒေလီ၊ မွန်ဘိုင်း၊ ပူနား၊ ပန်ဂျပ်၊ ချနိုင်းတို့မှာ သံဃာ့တက္ကသိုလ်ကျောင်းသားတွေ ဖြစ်ကုန်ကြတယ်။ အိန္ဒိယမှာ မြန်မာသံဃာသုံးရာလောက်ရှိပြီး သီရိလင်္ကာမှာလည်း သုံးရာလောက် ရှိပါသတဲ့။
          သိတဲ့အတိုင်းပေါ့ကွယ်။ မြန်မာနဲ့ကမ္ဘာ တွေ့လို့ ရိုက်ခတ်မှုတွေရှိသလို မြန်မာသံဃာတွေ ကမ္ဘာပတ်ရတော့လည်း ဘုန်းဘုန်းတို့ခမျာ ကမ္ဘာနာ ဖိစီးရတာပေါ့။ “ကိုယ်တော် ဖေ့စ်ဘုတ်ပေါ်ကိုချည့်တက်မနေနဲ့။ စာလည်းကျက်ဦး”တို့၊ “ကမ္ဘာကြီးကို ပြောင်းလဲစေသော ပန်းသီးသုံးလုံး” တို့ ဘာတို့နဲ့ လိမ္မော်ရောင် စတေးတပ်စ်ကလေးတွေ မကြာခဏတွေ့ရပြန်ရော။ အားလုံးသိကြတဲ့အတိုင်း ဖေ့စ်ဘုတ်ဆိုတာ လေရူးလိုတောင်မဟုတ် လေပွေလိုပဲ။ တော်နေကြာ ဟိုထောင့်က ဟိုဆရာတော်ကိစ္စ ဘယ့်နှယ်ဘယ်ချမ်းသာ၊ ဒီထောင့်က ရွှေဝါရောင်တော်လှန်ရေး၊ ဟိုလူတွေက ချတ်တင်ခန်းထဲက ကျူကိုယ်တော်ဆို ဖွလိုဖွ၊ ၀င်ပြောရအခက် မပြောရပြန်လည်းအခက်။ ဆရာဝန်တွေလို စွာစိစိန်လုပ်ပေး ရှေ့နေလိုက်ပေးမယ့်သူကလည်း မရှိ။ ခက်လိုက်တာနော်။ မပြောချင်လို့ ကြည့်နေတာ ဆရာဝင်ဝင်လုပ်တဲ့ လိမ္မော်ရောင်တီရှပ်နဲ့ အကောင်ကလည်းတစ်မျိုး။ ဒီလိုနဲ့ပဲ မြန်မာ့လူမှုအတိုင်းအ၀ိုင်းကွန်ယက်ကြီးရဲ့ သုံးပုံတစ်ပုံဟာလည်း သံဃာ့ကိစ္စများ၊ သာသနာအရေးများနဲ့ နှီးနွယ်ပတ်သက်မလာဘူးလားဗျာ။ ဒါကြောင့်ဒီတခါမှာတော့ ဘုန်းဘုန်းတို့ကိုယ်စား “ဒကာလေး …. ကျုပ်ကိုငါးဆယ်ပေးပါ ကလေးရယ်” ဆိုပြီး သီချင်းဝင်ဆိုပေးလိုက်တယ်ဗျား။ (သူတို့ကမှ ဆိုလို့မရပဲနဲ့)
        မြို့ပြလူမှုဘ၀မှာတောင် ပစ္စည်းလေးပါး အရင်ပုံစံနဲ့ မမျှနိုင်တော့တဲ့ဘ၀မှာ သာသနာပအရပ်သွားလို့ သီတင်းသုံးရတဲ့ ကိုယ်တော်တွေဆို စဉ်းစားသာကြည့်ပါတော့။ အာသောကမင်းကြီးလက်ထက်က အသျှင်သောနတို့ အသျှင်ဥတ္တရတို့ကို သာသနာပြုလွှတ်သလို ရောက်ရာအရပ်မှာ သလုံးမြင်းခေါင်းကို အခြေပြုလို့ရပ်တည်ဖို့ကလည်း ကာလ တကာ၊ တကာမရဲ့ သဒ္ဒါတရားက အရင်လို မဟုတ်တော့ပါဘူး ဆိုနေမှ။ ရှေးက အရည၀ါသီ တောမှီရဟန်းကြီးများဆိုတာ တောစာ တောအာဟာရဖူလုံတယ်။ ချဉ်ဆားကို အလိုရှိမှ မြို့တက်ဖို့လိုတာ၊ အခုတော့ တောစကားမပြောပဲ တောတွေပျောက်ကုန်လို့ မက်ထရိုပိုလီတန် မြို့ကြီးစံရဟန်းများဟာ ရေတောင် ၀ယ်သောက်မှရတဲ့အရပ်မှာ ၀တ္ထုငွေကြေး မရှိပဲ အသက်ရှင်ရပ်တည်ဖို့ရာ တွေးကြည့်ပါလေ။ မရှိဘူးလို့တော့ မထင်နဲ့နော်။ တခါတုန်းက ပြင်သစ်မှာ သီတင်းသုံးမယ့် တောင်ကြီး က ဆရာတော်ကလေးတစ်ပါးကို ပြင်သစ်စာ ပြင်သစ်စကားသင်ပေးဖူးတယ်။ အဲဒီကိုယ်တော်လေးဟာ ပိုက်ဆံလုံးဝ ကိုင်မသုံးဘူး။ ပြင်သစ်ကို ၀တ္ထုငွေ တစ်ပြားမှ မပါပဲသွားတာ။ (အတော်ပါပဲ။ ဟိုကလူတွေကလည်း အဲဒါမျိုး လိုချင်တာ) အဲဒီမှာ သီတင်းသုံးတဲ့ ဗီယက်နမ်ကိုယ်တော်ကလေးတွေဆို တိုဖူးကျို၊ ခေါက်ဆွဲပြင်ပြီး အိမ်တွေလိုက်ပို့ကြရတာပါတဲ့။ ခေတ်ကိုက ဘုန်းကြီးက အိမ်ကို ဆွမ်းပို့နေရတာ။ ဒီလိုနေရာမျိုးမှာ ငါးပါးသီလကမှ တပါတ်ငါးရက်လုံအောင် မစောင့်နိုင်တဲ့သူတွေက ၀ိနည်းပေတံကြီးတကားကား ထုတ်ထုတ်တိုင်း၊ (တကယ်တော့ ညီအောင်ထိန်းကြတာချည့်ပါ။ သံဃာရဲ့ အသက်ဟာ ၀ိနည်းလို့ဆိုမှပဲ) ဂေါပကအဖွဲ့ဆိုပြီး ဘုန်းကြီးအထက်ကနေ စီမံခန့်ခွဲ သြဇာပေးရတာ ကြောက်စရာ မကောင်းပါလားကွယ်ရို့။
         အိန္ဒိယမှာတော့ မြန်မာဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေ ဟိုဟိုဒီဒီ အနည်းအပါးရှိတယ်။ ကာလကတ္တားမှာ နှစ်ကျောင်း။ ဗုဒ္ဓဂယာပတ်ဝန်းကျင်တွေမှာ ရှစ်ကျောင်းလောက်ရှိသတဲ့။ ဒါကြောင့် အိန္ဒိယ၀ါဆို ကိုယ်တော်များဟာ ဆွမ်းကိစ္စ ကွမ်းကိစ္စ အခက်ခဲလှကြီး မဟုတ်ပါဘူး။ အရပ်ထဲလည် ဆွမ်းခံစရာမလိုဘူး။ သို့သော်ငြားလည်း မြန်မာပြည်မှာလို တကာ၊ တကာမ စီမံချက်ပြုတ် ဆက်ကပ်သမျှ “ဣိမံ ပိဏ္ဏပါတံ” နဲ့ သာဓုလေးခေါ် ဘုဉ်းပေးလို့မရဘူး။ ဘုရားဖူးလာတဲ့ ရန်ကုန်သူတွေ စားရေးသောက်ရေး အလျင်မီအောင် ကပ္ပိယ၊ ကျောင်းသားများ ကွပ်ကဲလို့ သူကပြန်မကပ်ရုံတမယ် စီစဉ်ရတယ်။ ၀ယ်ရေးခြမ်းရေး ချက်ရေးပြုတ်ရေးအတွက် ဂယာရွှေကြေးစည်တွေက ဘုရားဖူးတစ်ယောက် ဘယ်လောက်နှုန်းထား ဆိုတာတွေနဲ့ လှူကြတန်းကြတယ်။ တကယ်တော့ ဘုန်းကြီးက ထမင်းဆိုင် တည်းကျောင်းဖွင့်စားတဲ့သဘော မပါပါဘူး။ တရပ်တကျေးက ဘုရားဖူးဧည့်သည်တွေ စားရေးသောက်ရေး နေရေးထိုင်ရေး အဆင်ပြေအောင် ဧည့်ခံပေးရင်းကနေ စီးပွားရေးသမားတွေကြောင့် ဈေးကွက်ဆန်သွားတာ။ မြန်မာဘုန်းကြီးကျောင်းပဲ။ လာလာသမျှ ရှိတာချကျွေးတာ ထုံးစံ။ ဧည့်သည်က တစ်ရာနှစ်ရာကျလာတော့ ကြိုကြိုတင်တင် စီစဉ်မထားနိုင်ရင် ဒုက္ခရောက်ကုန်မှာကိုး။ ဒီလိုနဲ့ပဲ ဘုန်းဘုန်းခမျာ အာစိန္နကံတွေ မမှန်နိုင်တော့ဘူး။ ဘုရားရှိခိုးရင်း လေယာဉ်ဆိုက်တော့မလား တွေးမိမယ်။ တရားမထိုင်နိုင်ပဲ လောက်ငှအောင် စီမံရတယ်။ ဟုတ်သေးရဲ့လား တရားနာပရိသတ်ရယ်။ အဲလေ ဘုရားဖူးပရိသတ်ရယ်။ သတ်သတ်စီဖြစ်အောင် စီစဉ်ပေးနိုင်ရင် ပိုကောင်းမလားလို့ တွေးကြည့်မိတာပါ။ ဘုရားဖူးလာပါတယ်ဆိုမှတော့ ဦးချဝတ်ပြုစရာ ဆရာတော်ဘုရားရှိမှ ဒါနမျိုးစေ့တွေကလည်း အညှောင့်အပင်ထွက်မှာပေါ့။ အနုတ္တရံ ပုညခတ္တံ လောကသာ ကောင်းမှုကုသိုလ်တို့ စိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ်ဖြစ်သော ဆိုတဲ့ သံဃာ့ဂုဏ်တော်လေ။ (ဘုန်းဘုန်းတို့ ယောင်ပြီး သာဓုမခေါ်နဲ့နော်) အဲဒါနဲ့ ဟိုရွှေကြေးစည်စီမံခန့်ခွဲရေးတွေ ခွဲလိုက်ကြပါကွယ်။
           နောက်တစ်ခုဖုတာကတော့ ကျုပ်တို့ဗုဒ္ဓဘာသာ မြန်မာလူမျိုးများရဲ့ အလှူရေစက် လက်နဲ့မကွာ ထက်သန်လှတဲ့ သဒ္ဒါတရားများပါပဲ။ အမြဲသာဓုခေါ်လျှက်ပါ။ ကိုယ်မလှူနိုင်လည်း လှူနိုင်တဲ့သူ လှူသလောက်ကို ဒိုင်ဗင်ပစ်ပြီးကို ၀င်သာဓုခေါ်တယ်။ သို့သော်ငြားလည်း စဉ်းစားမျှော်မြင်ဥာဏ်နဲ့ယှဉ်တဲ့ အလှူဒါနလေးများဆို ပိုပြီး အကျိုးပေးသန်မလားလို့။ အဟောသိကံ မဖြစ်တော့ဘူး မဟုတ်လား။ “လာလာ သားသား။ ဘုန်းဘုန်းဦးတော်လုပ်၊ ဒါလေးကပ်လိုက်” ဆိုပြီး လှူသခိုက်ကလေးမှာ ပြီးမသွားပဲ အလှူရဲ့ အကျိုးဆက်တွေ ပွင့်ဝေသန်ထွားလာဖို့ တွေးတွေးဆဆလေးလှူရင် ပိုမကောင်းဘူးလား။ ဘိုးတော်မင်းကြီး၊ မင်းတုန်းမင်းကြီးတို့ကတည်းက နိဗ္ဗာန်ရွှေပြည် ဆုပန်သည်ဆိုပြီး သံဝေဇနိယလေးဌာနမှာ အကြီးအကြပ် ၀န်များစေလွှတ်လို့ ၀တ္တကမြေများ အလုပ်အကျွေးများလှူခဲ့တန်းခဲ့တာ အခု အဲဒါတွေအားလုံး ဘယ်သူ့ဆီရောက်ကုန်သလဲ လို့ မဖွပါရစေနဲ့။ ကုသိုလ်မရ ငရဲရ။ ပုဂံခေတ်က ကျောက်စာတွေထဲမှာလို “အရိမေတ္တးယ ဘုရားရှင်အား အဖူးရစေ” လို့ ကျိန်စာတိုက်ရအောင်လည်း “စိတ်ချ စိတ်ချ ဘယ်သူမှ ဖူးပါဘူး” ဆိုတဲ့သူတွေ။ သူများရပ်ရွာမှာ ကာလ ပဝေသဏီကြာလာတဲ့အခါ ဧည့်သည်ပြစားလို့ရတဲ့ဟာတွေသာ မပျောက်မပျက် ထိန်းသိမ်းထားကြမှာ။ ရွှေဥအုမပေးတဲ့ ငန်းမှန်သမျှ ဟင်းအိုးထဲချည့် ရောက်တော့တယ်။
            ရဟန်းသံဃာဆိုတာမျိုးက အိမ်ယာထူထောင် လူတို့ဘောင်လို ငါမရှိငြား ငါ့အားဆက်ခံဆိုပြီး စီမံလို့ မရဘူး။ နိုင်ငံရပ်ခြား စကားမပေါက်တဲ့ အရပ်ဆိုရင် လက်ရှိတစ်ပါးပါးတောင် ပြန်မပြေးအောင် မနည်းထိန်းထားရတာ။ ဆရာတော်ကြီးတွေ လွန်ရင် ရဟန်းဆက်က ပြတ်ပြတ်သွားတယ်။ ဒီလိုအခါဆိုရင် ကျောင်းဝေယျာဝစ္စလုပ်ရင်း အနီးနေ အတူနေ ရွာခံလူများက ဘုန်းကြီးရဲ့ အမွေစားအမွေခံပါဆိုပြိး နောက်လာမယ့်ကိုယ်တော်နဲ့ တရားတဘောင်များခင်းလို့ ကျောင်းကို အိမ်ဇာတ်ပြန်သွင်းကြတယ်။ ဘယ်သူနိုင်မလဲ စဉ်းစားကြည့်ပေါ့။ ဒီလိုနဲ့ လုမ္ဗိနီလမ်းက နောင်ခါးမှာတစ်ကျောင်း၊ ဘာလန်ပူမှာတစ်ကျောင်း ဆုံးရသတဲ့။ သာဝတ္တိက ဒေါ်ဒွေးဇရပ်ဆိုတဲ့ သီလရှင်ကျောင်းဟာလည်း မြန်မာနံမည်ကြီးတပ်လျက်နဲ့ကို သီရိလင်္ကာကျောင်းဖြစ်သွားရှာသလေ။ သဗ္ဗေ သင်္ခါရာ အနိစ္စာ ဆိုပါတော့။ ရော် .. ငါ့နှယ်။ လှူတဲ့သူတွေက နတ်ပြည်မှာ ကုသိုလ်တွေနဲ့ နေတုန်း အလကားနေရင်း အကုသိုလ်စိတ်တွေပွားမိတယ်။ မြန်မာတွေ တွေးတွေးဆဆ လှူကြစမ်းစေချင်တယ်။ နတ်အိုးရွှေချ ပြန်မရ မဖြစ်စေချင်ဘူး။ ဘာသာ သာသနာအတွက် လိုအပ်တာတွေက အများကြီး မဟုတ်လား။ (လှူတာပါဆိုမှ ပြန်ရစရာလား နော့)
         တကယ်တော့ ဘုန်းဘုန်းတို့မှာလည်း တစ်သက်တာအချိန်တွေ အကုန်လုံး မလောက်နိုင်အောင်ကိုပဲ ရဟန်းကိစ္စ၊ ရဟန်းတာဝန်၊ ဝေယျာဝစ္စတွေရှိပါတယ်။ လူတွေလို အသက်မွေးဝမ်းကျောင်း မပြုတာပဲ ရှိတယ်။ ရပ်တည်ရှင်သန်ရေးအတွက် ဘာမှမလုပ်ပဲ ငုတ်တုတ်ထိုင် ဖြတ်သန်းနေတာတော့ မဟုတ်ဘူး။ ပစ်တိုင်းထောင်ရုပ် ကြိုးမရှုပ်ချင်လို့ ခြေရောလက်ရော မထည့်ထားပါဘူးဆိုမှ ကြုံပလေ ဘုံပွေနဲ့ တကာ၊ တကာမ ဧည့်ခံကျွေးမွေးရ၊ ရပ်ကျိုးရွာကျိုးသည်ပိုးရကနေ တိုင်းကျိုးပြည်ကျိုးအထိ စိတ်ရောကိုယ်ပါ ၀င်ပါနေရတာ သိပ်ကို အားနာဖို့ကောင်းနေပြီ ထင်ပါတယ်။ ဘုန်းကြီးနိုင်ငံရေးလုပ်တယ်ဆိုတာ ရွေးကောက်ပွဲဝင်ဖို့မှ မဟုတ်တာ။ “အရှေ့အရပ်၌ရှိသော..” ကလည်း မင်းတရားကြီး နန်းချဖို့ မရည်ရွယ်ပါဘူး။ ဒါပေမယ့် ဆရာတော်ဦးဝိစာရ အသက်စွန့်သွားတာ လွတ်လပ်ရေးကို တောင်းဆိုတာလား၊ ဘာသာ သာသနာကို မလေးမစားလုပ်တဲ့ အင်္ဂလိပ်ကို ဆန့်ကျင်တာလား ပြန်စဉ်းစားကြည့်ပါဦးလေ။ စည်းတစ်ခုက နဂိုကတည်းက ရှိပြီးသားပါ။ ဇဝေဇ၀ါ နဲ့ ဗူးလုံးနားမထွင်းဖြစ်နေလို့ သတိမထားမိကြတာ။ တောင်ငူကလည်းတောင်ငူ မောင်းထောင်ကလည်းမောင်းထောင်ဆိုတဲ့ အဖြစ်အပျက်ကလေးကို ပြန်သတိရမိရင် နှစ်ဘက်စလုံးက ဆင်ခြင်နိုင်ပါလိမ့်မယ်။ ကိုယ်တိုင်လည်း ငရဲမကြီးချင်ဘူး။ ဘယ်သူ့ကိုမှလည်း ငရဲမရစေချင်ဘူး။ မြွေရင်လည်းသေမှ ၊ တုတ်ရင်လည်းကျိုးမှဆိုတဲ့ အခြေအနေမျိုးမှ မဟုတ်တာ။ ကိုယ်ချင်းကိုယ်ချင်းတွေပဲ နည်းနည်းလောက်စီလျှော့လိုက်ကြရင် မကောင်းဘူးလား။ သံသရာကို လည်စေတတ်သော ပပဉ္စတရားဆိုတာတွေကိုတော့ တပည့်တော်ထက် အရှင်ဘုရားတို့က ပိုသိပါလိမ့်မယ် ဘုရား။ အေးစေလိုလို့ တရားနာ ပူဇာမပါကြေးဘုရာ့။ နောက်နှစ်ခါ တန်ဆောင်မုန်းကျ ဆွမ်းဆံစိမ်းလောင်းတော့ သပိတ်ပိုက်လိုက်ရမလား၊ တောင်းရွက်လိုက်ရမလား ပြော။ အို တကာတော် ရေမြေ့ရှင်တို့ .. သည်းခံတော်မူကြပါဦး။ ဆရာတကာဆိုတာ စေတနာနဲ့ ဆုံးမသွန်သင်တဲ့အခါလည်း ရှိမှာပေါ့။ အရင်ကဆို ရိုက်နှက်တောင် ဆုံးမတတ်သေး။ မယုံ မင်းတုန်းမင်းကြီး မေးကြည့်ပါလား။ အိမ်တော်ရာဘုရားဈေး သီချင်းထဲမှာတောင် ပါတယ်လေ။ “ဘုန်းဘုန်းကို လျှောက်လိုက်ရင် အခြောက်တိုက်ပင် အရိုက်ခံမှာမြင်သည်..” တဲ့။
(ဤစာကို ရွာသာကြီးရောက်သွားသော ဆရာဝန်တစ်ဦးမှ ရေးသည်ဆိုပါက လွန်စွာမှပင် ယုတ္တိတန်ပေစွ)
ကို စိုးမင်းSoe Min (facebook)ထံမှ ကူးယူဖော်ပြပါသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More