Wednesday, January 25, 2012

“အံ့ဖွယ်သုတ အိန္ဒိယ”

  မြန်မာစာကို မြန်မာလို အဓိပ္ပါယ်ပေါက်အောင်ရေးရတာ တခါတခါ တော်တော် လက်ပေါက်အကပ်သားပါလေ။ ကိုယ်ပြောချင်တာက တခြား သူများတွေ နားလည်ကုန်တာကတခြား၊ “လွဲကုန်ပဟ လွဲကုန်ပဟ” နဲ့ ကျွန်တော်မျိုးကြီး သေသင့်ပါတယ် ဖြစ်ရတာ အခါခါ။ ရေးရင်းရေးရင်း တချို့ဟာတွေက ဒဲ့ပြောလို့မရတော့ ပေါက်လောက်ရုံကလေး တို့ကာပင့်ကာ ဆိတ်ရတာလည်းပဲ “အဲဒါ ဘာပြောတာကုန်း ဟင်” ဆို သေပြန်ရော။ တချို့ထောင့်ကလေးတွေကျတော့ ကိုယ့်ဘာသာ ဆက်တွေးချေတော့လို့ လွှတ်ထားပေးတဲ့အခါ ဆက်မသွားပဲ ရပ်နေကြပြန်တော့ ဆယ်တန်းတုန်းက ဆရာဦးထွန်းနွယ် စာမေးသလို “ဘာဂလိပ်တို့က ဘာမာပြည်ကို ဘယ်နှစ်ထောင်ရှစ်ရာရှစ်ဆယ့်ငါးခုက ဘာတိယအင်္ဂလိပ်မြန်မာစစ်ပွဲနဲ့ သိမ်းခဲ့ပါသလဲကွယ်” လို့သာ မေးလိုက်ချင်တော့တယ်။ “ဟိုပေါ့နော် ဘယ်လိုပြောရမလဲပေါ့နော်။ အင်း ဟုတ်တယ်။ အဲဒီအတိုင်းပဲ“ လို့ ရှင်းပြရတော့မလို။ တချို့စကားလုံးတွေကျတော့ ကိုယ်ကိုယ်က လျှာရှည်ပြီး အချင်းအချင်း သိနေကျဒိုင်ကလေးတွေနဲ့ လွှတ်ပေးလိုက်လို့ အပြင်လူတွေ မဓါတ်တာကတော့ သူတို့ထူတာမဟုတ်ပါဘူး။ ကိုယ်က ပိန်းသွားတာ။ “မှုတ်လိုက်ကြစို့ သူငယ်ချင်း”တုန်းက “ဆရာကြီးဝန်ကြီးရယ်.. သားသားလည်း အဲလိုညိုး ကျောတတ်ချင်လိုက်တာ။ တစ်နှစ်တန်သည် နှစ်နှစ်တန်သည်လောက် အင်္ဂလန်ကို ပို့ပေးပါလား ဟင်..” လို့ရေးပြီးမှ တော်တော်ကြာ အက်ထားမိတဲ့ မာမီဘော်ဘော်တို့က “သားရေ လာခဲ့ မာမီ အင်္ဂလန်ပို့ပေးမယ်” ဆိုတဲ့အသံကြီး ကြားယောင်ပြီး ကြက်သီးတွေထလာတာနဲ့ “မာမီတို့ ပို့မယ့် အင်္ဂလန်တော့ ဒီတစ်သက်မသွားဘူး။ စိတ်သာချ” လို့ ကိုယ်ချင်းကိုယ်ချင်း သိတဲ့အလုံးနဲ့ ပြန်ကာရတယ်။ သိတဲ့သူတွေက ခိခိ ခိခိနဲ့ ရယ်ကြပေမယ့် မသိတဲ့သူတွေက ကွက်ရှင်မတ်အကြီးကြီးထွက်လာပြီး တွေးမိသလို ကွန်မန့်တွေပေးကြတော့ ကိုယ့်ဘာသာ ရယ်လိုက်ရတာ အူကိုနာရော။ ဘာတုန်း ဟင် လို့ မမေးနဲ့ မပြောပြဘူး။ သတ်ရင်သတ်။ ကိုယ့်ဘာသာ မေးကြည့်ကြ။ ဖေ့စ်ဘုတ်ပေးစာရေးရတာ အဲဒါအရသာရှိတယ်။ စာအုပ်ထုပ်သလို တစ်လမ်းသွားမဟုတ်ဘူး။ အကြာကြီးလည်း မစောင့်ရဘူး။ အခုကောက်တင်လိုက် အခုမှတ်ချက်ပြန်လာတယ်။ တစ်ခုပဲ နှစ်ရက်လောက်နေရင် ဘယ်သူမှ မဖတ်ကြတော့ဘူး။ နေ့တိုင်း ကိုယ့်ကိုယ်ကိုယ် အသစ်ကလေးလုပ်နေနိုင်မှ တော်ကာကျတယ်။ နို့မို့ ရိုးသွားမှာပေါ့ ဟုတ်ဘူးလား။
           အဲသလောက်များ အားယားနေလို့ကတော့လေ ကာတီးယားစိန်တိုက်က စိန်တွေခိုးပြီး လက်တော့ပ်ကြီးကို စိန်စီပလိုက်မယ်။ “သူ့အရွယ်ကြီးနဲ့ ပေါရဲလိုက်တာအေ” လို့ မမှတ်နဲ့ ငယ်ငယ်ကတည်းက ပြာလောင်နဲ့ ပေါသွပ်ဖတ်ပြီး ကြီးလာခဲ့တာ ဂလောက်တော့ချိမပေါ့။ အခုဟာက ရေးရင်း ရေးရင်း တချို့စာဖတ်သူတွေ အမြင်မှာ ဘင်လာဒင်ကြီးလို အစွန်းရောက်မျိုးချစ်ကြီး ကိုယ့်အမျိုးမဟုတ်ရင် သူများတကာကို နှစ်ပြားမတန်အောင် ချိုးချိုးဖဲ့ဖဲ့ ရေးတတ်သူကြီးဖြစ်လာလို့ “အို ဘုရားသခင်၊ ထိုသဘောမျိုး မရှိရိုးအမှန်ပါ။ အာမင်” လို့ အာပတ်ဖြေရမလား။ “ပိဿနိုးနတ်မင်းကြီး ကယ်ပါ” တိုင်တည်ရမလား မသိ။ တော်တော်ကြာ မျက်စောင်းတစ်သိန်းစာမိပြီး အလ္လာအရှင်မြတ် အမိန့်တော်ခံယူသွားမှဖြင့် အခက်။ ဘယ်သူ့ကိုမှ အမုန်းမပွားပါဘူးဗျာ။ အားလုံးကို နှစ်သက်သဘောကျပါတယ်။ မီးစတစ်ဘက် ရေမှုတ်တစ်ဘက် လုပ်ကြရအောင်လေ။ ဒီတစ်ခါတော့ အိန္ဒိယကို အလည်သွားကြည့်ကြရအောင်လား။
          အီန္ဒိယအကြောင်းကို ရေးမယ်လို့ စဉ်းစားလိုက်တဲ့အခါ နံမည်က ထူးထူးထွေထွေကို စဉ်းစားစရာမလိုဘူး။ အဲဒါ လေယာဉ်ပျံပေါ်တက်ကတည်းက လူဝင်မှုကြီးကြပ်ရေးပုံစံက နိုင်ငံတော် တံဆိပ်အောက်မှာ ရေးထားတာ။ “The Incredible India” တဲ့။ အံဖွယ်သုတ အိန္ဒိယလို့ မပြန်ရင် သောက်ကျိုးနည်း အိန္ဒိယ၊ ဟိုက်ရှားဘား အိန္ဒိယ လို့ ဘာသာပြန်ရမလား ပြော။ တကယ်လည်း အိန္ဒိယမှာ ထူးထွေသည့်အံ့ရာသော်တွေ အများကြီး ရှိပါတယ်။ ကမ္ဘာအရပ်ရပ်ကကို တအံတသြ လာကြည့်ရတဲ့ လျှို့ဝှက်နက်နဲမှုတွေလည်းရှိတယ်။ ဒါကြောင့် အရင်တုန်းက ပေးထားတဲ့ “Colourful India”  ဆေးရောင်စုံ အိန္ဒိယ ဆိုတာထက်စာရင် အခုနံမည်ကလေးကို ပို သဘောကျပါတယ်။ တော်ပါသေးရဲ့ “Smelly India” ဂန္ဓာရုံ အိန္ဒိယတို့၊ “Crowdy India” ကြက်ပျံမကျ အိန္ဒိယတို့တော့ ဘယ်သူမှ ပေးမသွားလို့။ မျက်စိထဲကွင်းကနဲမြင်အောင် ရေးပြတာပါ။ တကယ်တော့ အိန္ဒိယရဲ့ ချစ်စရာကောင်းပုံလေးတွေထဲမှာ အဲဒီ အရောင်၊ အဆင်း၊ အနံ့၊ အရသာ အားလုံးပါတယ်။ ဘယ်မှာမှ ထပ်တူမရှိတဲ့၊ ပဝေသဏီကတည်းက မပြောင်းမလဲရှိတဲ့ “Unique and eternal property” ဂုဏ်ရည်ထူးခြား မှတ်သားလောက်စရာတွေပေါ့။ ဒီတစ်ခေါက် အားကြီး ဘိုလို မှုတ်နေပါလားလို့ မအောင့်မေ့နဲ့ ။ လျှာတစ်ချောင်းတည်းနဲ့ စကားပြောရင် ချော်တောငေါ့သွားမှာစိုးလို့ လျှာနှစ်ချောင်းနဲ့ မွှေနေတာ။ ဒီတစ်ခါထပ်လွဲရင် ရှင်းလို့ရမှာ မဟုတ်တော့ဘူး။
          ရာဇ၀င်သမိုင်းကြောင်းနဲ့ချီလိုက်ရင် အာရှတိုက်မှာရော၊ တစ်ကမ္ဘာလုံးမှာပါ သူတို့လောက် ရှေးကျတဲ့ ယဉ်ကျေးမှု မရှိခဲ့ဖူးဘူး။ ဂရိတို့၊ ရောမတို့ဆိုတာ အုတ်ပုံပဲ ကျန်တာ၊ လူတွေဆီမှာ ယဉ်ကျေးမှု အမွေအနှစ်မကျန်ဘူး။ အိန္ဒိယသားတွေဆိုတာ ဘုရားရှင် မပွင့်မီတုန်းက မဇ္ဖိမတိုင်းသားတွေ ဆင်မြန်းခဲ့တဲ့ ဒိုတီ၊ ဆာရီ၊ ဘောင်း နားဋောင်းမျိုးတွေကို ဒီကနေ့အထိ ဆက်ဝတ်နေကြတုန်း။ ပန်ချာပီမှန်ရင် ထိပ်ကခေါင်းပေါင်းကြီး ဘယ်တော့မှ မကျွတ်သလိုပေါ့။ စူဇကာ ပုဏ္ဏားကြီးကို အာသောကမင်းကြီး ကျောက်သားပေါ်ထွင်းခဲ့တဲ့ အရုပ်ပေါ်မှာ ကြည့်ကြည့်၊ ဒီကနေ့ လမ်းမပေါ်မှာ ဗေဒင်ဟောနေတဲ့ ပုဏ္ဏားလေးတွေမှာပဲ ကြည့်ကြည့် အတူတူပဲ။ မူကြိုမှာ ကလေးတွေကတဲ့ “ပုဏ္ဏားတို့ဘာသာ ဟာ ဟာ ဟာ။ မြေညီညီ ဖက်ကိုခင်း ကုလားပဲဟင်းနဲ့ ပွဲတော်တည်၊ ကျာနားပါးနာ ကျနားပါးနာ ဂျေ ဂျေ ဂျေ” ဆိုတာ အခုထက်ထိလည်း ဒီအတိုင်းပဲ။ ဗေဒင် ဝေဒ နက္ခတ္တအတတ်တွေဆိုတာလည်း အီန္ဒိယကလာတာ ဟုတ်ဘူးလား။ ဘုရားရှင်မပွင့်ခင်ကတည်းက ဆာဒူးကြီးတွေ၊ ယောဂီကြီးတွေဆိုတာလည်း ခုထက်ထိလည်း ရှိတုန်းပဲ။ မပြိုမပျက်လို့ ကျန်တာလေးတွေ ဧည့်သည်ပြစားလို့ရအောင် ထိန်းသိမ်းထားတာမဟုတ်ဘူး။ သူတို့ကိုယ်တိုင်ကကို လေးလေးစားစား ထိန်းသိမ်းခဲ့ကြတာ။ ခေတ်နောက်မှာလည်း ဘယ်တုန်းကမှ မကျန်ခဲ့ဘူး။ ရိုးရာတွေလည်း ဘယ်ဟာမှ ပျောက်ပျက်မသွားဘူး။ လေးစားပါတယ် ဘာဘူကြီးတွေရယ်။ အံပါရဲ့ အံပါရဲ့။
          ပထ၀ီအနေအထားနဲ့ ကြည့်မယ်ဆိုရင် ဘယ်လိုပဲ အယူဝါဒတွေကွဲလို့ နိုင်ငံလေးတွေ ပဲ့ထွက်သွားပေမယ့် အာရှတိုက်ကြီးကို ၀ါဖျော့ဖျော့ လူတွေနဲ့အတူတူ တစ်ခြမ်းစီပိုင်ခဲ့ကြတာ။ မြောက်ဘက်အရပ်က လူဖြူကြီးတွေကတော့ တသီးတသန့်ဆန်လွန်းလို့ သူတို့အကြောင်းသိပ်မသိပါဘူး။ အဲ့ဒီမှာ ပညာသင်နေတဲ့လူတွေ အများကြီးရှိတာပဲဟာ။ ရေးကြမျှကြပါဦး။ သိရကြားရတာပေါ့။ တိုင်းရင်းသားတွေကို ညီအကိုလို သဘောထားတယ်ဆိုရင် သူတို့ကိုလည်း အာရှသားအချင်းချင်းလို့ မြင်လို့ရမှာပေါ့။ အတူတကွ နေထိုင်လာခဲ့ကြတာ ကာလမှ မနည်းတာ။ (တယ်လည်း တတ်နိုင်တဲ့ငါ။ ကိုယ့်ဘာသာတောင် အညင်ကပ်တယ်) တကယ်တော့ နယ်နိမိတ်မြေပုံဆိုတာ စာရွက်ပေါ်မှာသာ မြင်ရတာ မဟုတ်လား။ ရေကိုခြားခြား လေကိုခြားခြား အကြားမထင်တဲ့ကိစ္စ မြေကိုခြားထားတာလေးတွေ တခါတခါတော့ မေ့ပစ်လိုက်ကြည့်ရအောင်။ အမြဲသာမမေ့လိုက်နဲ့ ဖွတ်ဖွတ်ညက်ညက်ကျေသွားမယ်။ ဘာမှတ်လဲ။
          ကြီးကြီးကျယ်ကျယ် ဆီးသီးတစ်စလယ်စကားတွေနဲ့ အိန္ဒိယအကြောင်း မြေပုံကြီးနဲ့ ရာဇ၀င်ချီနေရအောင် သူက ဘယ်ထိရောက်ဖူးလို့တုန်းဆို ခက်ပြီ။ ဘယ်မှ ရောက်ဖူးပါဘူးဗျာ။ မျကိစိထဲမြင်သမျှလေး ပြောမှာပါ။ ကာလကတ္တားက လူနေအသိပ်သည်းဆုံးထဲမှာ ပါတယ်ဆိုတော့ ကိုယ့်ဆီက ဘုရားပွဲတော်နဲ့မခြား လမ်းမပေါ်လူတွေ ကားတွေ ရုတ်ရုတ်သည်းသည်း မြင်ရတာပေမယ့် တောရွာကလေးတွေဘက်မှာတော့ မြန်မာပြည်ကနဲ့ သိပ်မခြားလှပါဘူး။ လည်ပင်းရှည် ဒန်ရေတကောင်းကြီးတွေ ကိုယ်စီရွက်လို့ ကုလားမလေးတွေ ရေခပ်ကြတာ စစ်တွေဘက်နားက ကုလားရွာလေးတွေနဲ့ တစ်ဖြတ်တည်းပဲ။ ကလေးတွေပေါတာခြင်းလည်း တူတယ်။ ဘူတန်မှာတုန်းက ကာလကတ္တားက ပြန်ရင် အာသံပြည်နယ်ရဲ့ မြို့တော် ဂွာတီအထိ လေယာဉ်စီးပြီး အဲဒီကမှ ကားနဲ့ နယ်စပ်ကို ကူးတယ်လေ။ ခရီးစားရိတ် ထက်ဝက်လောက် သက်သာတဲ့အပြင် လမ်းမှာကြာချိန်ကလည်း ထက်ဝက်သက်သာတယ်။ လုံခြုံရေးတော့ သိပ်စိတ်မချရဘူး။ နယ်စပ်တောရွာဆိုတော့ အင်္ဂလိပ်လို ပြောတတ်တဲ့သူလည်း မရှိသလောက်၊ သူပုန်သူကန်၊ ပြန်ပေး ဓါးပြများလည်း ရှိသတဲ့။ သူတို့ဘူတန်ကားတွေတောင်မှ လုံခြုံရေးယာဉ်တန်းနဲ့ အတူတူပဲ သွားကြလာကြတယ်။ သူငယ်ချင်း  မြန်မာဆရာဝန်မိသားစု နယ်စပ်လမ်းက ကားနဲ့အပြန် ညကြီးအချိန်မတော် ကားပျက်လို့ ရွာကလူတွေ ၀ိုင်းဆွဲကြတာ ဆေးရုံကားကြီး ဖုန်းဆက်ခေါ်ပြီး မနည်းရှင်းယူရတယ်။ တခါတခါ ( တခါတခါတောင် မဟုတ်ဘူး မကြာခဏ) အာသံနယ်မှာ ဆန္ဒပြပွဲတွေရှိရင် ဘူတန်နယ်စပ်က ဂွာတီကို သွားတဲ့လမ်းတွေ ပိတ်ကုန်ရော။ အငှားကားတောင် မလိုက်ရဲဘူး။ ခဲနဲ့အပေါက်ခံရတတ်လို့။ ကောင်းတဲ့သူတွေ ကူညီမယ့်သူတွေ မရှိဘူးလားဆိုရင် ရှိတာပေါ့။ ကိုယ်သွားတုန်းက သပိတ်မှောက်လို့ လမ်းကပိတ်နေ။ လေယာဉ်လက်မှတ်က ၀ယ်ထားပြီးသား။ ဟိုကိုလည်း အချိန်မီ ရောက်မှ ဖြစ်မှာ။ မတတ်သာတဲ့အဆုံး ရွာထဲလမ်းလျှောက်ပြီး ဆိုင်ကယ်မြင်တဲ့အိမ်ရှေ့ လိုက်ပို့ပေးမလား မေးမေးကြည့်တယ်။ အင်္ဂလိပ်လို နည်းနည်းပါးပါး ပြောတတ်တဲ့ ရဲသားကြီးတစ်ယောက်က လမ်းပိတ်တဲ့ ရွာကို လွန်အောင် လိုက်ပို့ပေးတယ်။ ဟိုဘက်အရောက် တက္ကစီပေါ်တောင် တင်ပေးလိုက်သေး။ ဓါတ်ဆီပဲ ထည့်ပေးခိုင်းတယ်။ ပိုက်ဆံမယူဘူး။ အဲဒါကြောင့် ပြောတာပေါ့ လူဆိုတာ အဆိုးချည့်ပဲလည်း မရှိဘူး။ အကောင်းချည့်လည်းပဲ မရှိပါဘူး လို့။ လူကောင်းသူကောင်းနဲ့ တွေ့ရတဲ့အခါ စိတ်မချမ်းသာရပါလား။ အဲသလိုပဲ ကိုယ်နဲ့တွေ့တဲ့သူတွေကိုလည်း အဆင်ပြေ စိတ်ချမ်းသာအောင် ကူညီတာ မကောင်းဘူးလား။ “အဆင်မပြေအောင်လုပ်ထားမှ လူတွေက ငါ့ကို ပသမှာပေါ့” ဆိုတဲ့စိတ်တွေ မမနှဲမှာတောင် မရှိဘူး။ ချစ်လို့ ဖင်ဆိတ်ချင်သာ ဆိတ်မယ်တဲ့။
          နဂိုကမှ စပ်စပ်စုစုနိုင်တဲ့သူဆိုတော့ ဆိုင်ကယ်ကလေးနောက်ကထိုင်ပြီး ရွာစဉ်လည်ရတာ စိတ်ဝင်စားစရာတော့ အကောင်းသား။ အဲဒီခရီးကို နှစ်ခေါက်သုံးခေါက် သွားဖြစ် ပြန်ဖြစ်တော့ အစကလောက် မစိမ်းတော့ဘူး။ ကိုယ့်မြန်မာပြည်က ရွာငယ်ကလေးတွေနဲ့ ဘာမှ မထူးဘူး။ ကုလားတွေ နေနေကြတာပဲ ကွာတယ်။ (သူမို့ပြောတတ်ပလေတယ်) ပြောချင်တာက သူတို့နဲ့ကိုယ်နဲ့ အတူတူပဲလို့ ဆိုချင်တာလေ။ “ဟရေး အာကို။ ကုလားမှာလည်း အသည်းနဲ့ပါ” လို့ အပြောခံရတော့မယ်။ အဘိုးတို့အဘွားတို့ခေတ်ကုန်းက အင်္ဂလိပ်အစိုးရက မြန်မာပြည်ကို ကျဘန်းလုပ်ကိုင်စားသောက်ရအောင် ခေါ်လာတဲ့ အိန္ဒိယတိုင်းရင်းသားတွေဟာ အဲဒီ ကာလကတ္တားကပါတဲ့။ ဂျာဒူးဝါလား၊ လန်ခြားဝါလားကစလို့ ပါနီဝါလား ပိုက်ဆပ်ဝါလားများအထိ ကိုလိုနီခေတ် ရန်ကုန်မြို့ကြီးမှာ သူတို့ချွေးတွေ အများကြီး ပါခဲ့တယ်။ “ရန်နမာပူ ကပ်ကူယံခြောက် ဘေလေဆပ် ဘေလေဆပ်” ဆိုတာလည်း သူတို့စကားပဲ။ ဘယာကျော်၊ ဂျာနဂျို၊ ဖာလူဒါ၊ ပါပလာ ဆိုတာလည်း သူတို့အစားအစာပဲ။ အရင်က ကျန်းမာရေးဝန်ကြီးဌာန ရုံးကြီးနားမှာတောင် ဘင်္ဂါလီစု လို့ခေါ်တဲ့ သူတို့ရပ်ကွက်ရှိတယ်။ အဲဒီရုံးကြီးတောင် အစက သူတို့ သင်းချိုင်း အဟောင်းကြီးပါတဲ့။ အဲလောက် ကာလကြာရှည် အတူနေလာတာတောင်မှပဲ ကိုယ်တွေက သူတို့ကို ဘယ်တုန်းကမှ အတူတူလို သဘောမထားခဲ့ကြပဲလေ။ သပ်သပ်စီကြီးပဲ နေဖြစ်သလားလို့။ (ခွဲခြားတယ်လို့ ဆိုလိုတာမဟုတ်ဘူးနော်) ခုတော့ သူတို့ရွာကလေးတွေကလည်း တို့နဲ့ဘာမှ မခြားပါလားလို့ တွေ့လိုက်မိတဲ့အခါ သူတို့လည်း တို့နဲ့ ဘာခြားလို့လဲလို့ တွေးလိုက်မိလို့ပါ။
          အာသံနယ်က လက်ဘက် အကြီးအကျယ် ထွက်တဲ့နယ်မို့ လက်ဘက်ခင်းစိမ်းစိမ်းပုပုလေးတွေ လက်ညှိုးထိုးမလွဲအောင် တွေ့ခဲ့ပါတယ်။ ကိုယ့်ဆီမှာလို ပါးအို့နီနဲ့ ပလောင်မလေးတွေ၊ ရှမ်းမလေးတွေ လက်ဘက်မခူးပဲ ကုလားမကြီးတွေ လက်ဘက်ညွန့်ဆိတ်နေတာတွေ့ရတော့ တညိုးကြီးပါလားနော် လို့ အောင့်မေ့မိသေး။ ကဖေးအရိုးမားမှာ ကော်ဖီအမယ်တွေ အပြားပြားကွဲသလိုပဲ၊ အာသံမှာလည်း လက်ဘက်ခြောက် ဘယ်နှစ်မျိုးရှိသနည်း သင်သိသမျှဖြေဆိုပါဆိုရင် အမှတ်နှစ်ဆယ်တန် မေးခွန်းရှည်ဖြစ်မယ်။ အများကြီးပဲ။ ဘာတွေခြားလို့ အဲလောက်တောင် များနေမှန်းတောင်မသိ။ ကိုယ်သိခဲ့တာတော့ ဂျင်းနဲ့၊ သစ်ဂျပိုးနဲ့၊ ထောပတ်နဲ့၊ ဆိုတဲ့ လက်ဘက်ရည်တွေ သောက်ခဲ့ဖူးတယ်။ နောက်ဆို ငရုတ်သီးစိမ်းနဲ့များ ဖျော်ကြဦးမလားပဲ။ နွားနို့ကတော့ ပင်တိုင်ပါတယ်။ စက်ရုံတွေမှာ အလုပ်ဆင်းအလုပ်တက် ဥသြဆွဲသလိုပဲ သူတို့လက်ဘက်ခင်းတွေမှာလည်း ဥသြဆွဲလို့ အလုပ်သိမ်းရင် အခင်းကြားထဲက ထွက်ထွက်လာတဲ့လူတွေ ဘယ်နည်းလိမ့်မလဲ။ မြန်မာတွေထက်စာရင် လက်ကြောရော ခြေသလုံးကြောပါ ပိုတင်းကြတယ်။ သူသူကိုယ်ကိုယ် စက်ဘီးပဲ စီးကြတယ်။ ဆိုင်ကယ်တောင် သိပ်မရှိ။ အခုတည်းတဲ့ ဟော်တယ်က မန်နေဂျာကလေးတောင် ညဘက်အလုပ်ကပြန်ရင် တစ်နာရီခွဲလောက်နင်းရတဲ့အရပ်ကို စက်ဘီးနဲ့ ပြန်သတဲ့။ ချမ်းချမ်းစီးစီး။ ဘတ်စကားခက ဘယ်လောက်မှ ပေးရတာလည်း မဟုတ်ပဲနဲ့။ စက်ရုံအကြီးစားကြီးတွေ ယာဉ်ယန္တယားအကြီးကြီးတွေလည်း တော်တော်များများ တွေ့ခဲ့တယ်။ ဘာတွေမှန်းသာ မသိတာ။ ကိုယ့်ဆီကရွာတွေနဲ့ အဓိကကွာတာ အဲဒီနေရာပဲ။ ရေရှည်ဖွံ့ဖြိုးမှုအတွက် plan တစ်ခုမဟုတ် တစ်ခုတော့ သူတို့မှာ ရှိတယ်။
          ကာလကတ္တားကတော့ အနောက်ဘင်္ဂါလီပြည်နယ်ရဲ့ မြို့တော်တဲ့။ မြေပုံပေါ်မှာကြည့်ရင် စစ်တွေနဲ့ ဘာမှ မဝေးလှဘူး။ အချင်းမိုင်အနီးဆုံးမှာရှိတဲ့ အကြီးဆုံးမြို့ဆိုရင် သူပဲ ရှိမလားပဲ။ အဲဒါကြောင့် ရှေးရှေးက ရခိုင်ကြေးရေတတ် သားသမီးတွေက ကာလကတ္တားမှာ ကျောင်းသွားတက်ကြတာနေမှာ။ သင်္ဘော ပုံမှန်ရှိခဲ့တယ် ဆိုပဲ။ ကာလကတ္တားမြို့လယ်က မြန်မာဘုန်းတော်ကြီးကျောင်းဆို အဲဒီကတည်းက လှူထားကြတာတဲ့။ ဦးသိန်းဖေမြင့် တရားဟောလေ့ကျင့်ခဲ့တဲ့ ကိုယ်လုံးပေါ်မှန်ကြီးဆိုတာ ဆရာတော့်အခန်းထဲမှာ အခုထိ ရှိသေးတယ်။ မြို့လုံးပတ်လည် လမ်းအသစ်ကြီးတွေဖောက်နေတာ။ မိုးပျံတံတားကြီးတွေ ဆောက်နေတာ၊ မြေအောက်ရထားလမ်းအသစ် တူးနေတာ မွစာကိုကျဲလို့။ ရွေးကောက်ပွဲနီးပြီလားလို့ မေးကြည့်တော့ အဝေးကြီးလိုသေးတယ်တဲ့။ လေးစားပါတယ်။ ဘာဘူကြီးတွေရယ်။ အံ့ပါရဲ့ အံ့ပါရဲ့။
          လူဦးရေအများဆုံးရှိတဲ့ ကာလကတ္တားမှာ အားလုံးကို ကိုယ့်အထွာနဲ့ကိုယ် ၀မ်းဝအောင် ကျွေးနိုင်တာကလည်း အံဖွယ်သုတပါပဲ။ မနက်လင်းရင် လမ်းထိပ်တိုင်းမှာ အိုးပုတ်ကလေးတွေနဲ့ ရောင်းတဲ့ လက်ဘက်ရည်ရှိတယ်။ သောက်ပြီး ခွက်လွှင့်မပစ်ချင် အိမ်ယူသွား။ တစ်ခွက်မှ မြန်မာငွေ တစ်ရာလောက်ပဲကျတယ်။ စိတ်တိုင်းကျ လောက်တော့ ဆိုင်တိုင်းဖျော်တတ်ပ။ အဲဒီမှာ ဖက်ရွက်ခြောက်ကလေးတွေကို သွားကြားထိုးတံနဲ့ ခွက်လုပ်ပြီး ပူပူပွပွ ပူရီနဲ့စားစား၊ ချာပါတီ၊ တိုရှည်၊ နံပြားနဲ့စားစား အာလူးဟင်းကလေးက မွှေးလို့၊ သူလည်းတစ်ရာ၊ နှစ်ရာဆို ၀ရော။ အဲဒါမျိုးပဲ ဈေးကြီးတဲ့ဆိုင်မှာ စားလည်း ရတယ်။ ဟော့ဂ်ျမားကက်ဘေး လမ်းကလေးထဲက တိုရှည်ဆိုင်မှာ တစ်ထောင်လောက်ကျလိမ့်မယ်။ ထောပတ်မဆလာတိုရှည်တဲ့။ တစ်ခါသုံး ဖော့ခွက်ကလေးနဲ့ ဇွန်းနဲ့စားရတာ။ ရန်ကုန်ကဟာတွေနဲ့ မတူဘူး။ ကောင်းမှကောင်း။ ဂျင်းလက်ဘက်ရည်လည်းပါတယ်။ အာလူးနဲ့ ဒန့်ဒလွန်သီးကုလားဟင်းရည်လည်းပါတယ်။ ဖြူဖြူအရည်မှာ မည်းမည်းအစေ့လေးတွေပါတဲ့ ဘာမှန်းမသိ စားလို့တော့ကောင်းသားဆိုတဲ့ဟာလည်းပါတယ်။ အမယ် တိုရှည်တောင် ဆယ့်နှစ်မျိုးလောက်ရှိတာဗျား။ သူတို့ခေါ်တာကတော့ ဒိုဆာတဲ့။ ဒန်ပေါက်ဆိုလည်း ၃၅ ရူပီးကနေ တစ်ရာတန်၊ နှစ်ရာတန်၊ သုံးရာတန်အထိရှိတယ်။ (ဒါတွေတော့ ၂၀ နဲ့ မြှောက်ကြည့်တော့) ထမင်းဝါ၀ါပေါ် ကြက်သားတစ်တုံး အာလူးတစ်လုံး ပုံထားတာချင်းကတော့ အတူတူပဲ။ အရသာလည်း သိပ်မကွာဘူး။ ဘာကွာသွားသလဲဆိုရင် သန့်ရှင်းမှု။ ဆိုင်အပြင်အဆင်နဲ့ စားပွဲထိုးကလေးတွေ သပ်သပ်ရပ်ရပ် တည်ခင်းးတာချင်းပဲ ကွာတယ်။ ဟုတ်တယ်လေ။ အရသာချင်းအတူတူပေမယ့် ချွေးသံတရွှဲရွှဲ အမွှေးအမှင်ထူထူ အသားမည်းမည်း ကုလားကြီးက လက်မဆေးပဲ ကောက်နှိုက်ပြီး ထမင်းပေါ်ပုံပေးလိုက်တာကို မြင်ရင် ၊ စားပွဲထိုး ပေတလူးလေးက ဖန်ခွက်အလွတ်ကြိးကို ရေဘုံဘိုင်အောက် ထိုးခံပြီး သောက်ရေလာချပေးတာမြင်ရင် ပြန်အန်ထွက်ချင်လာဦးမယ်။ မျက်စိမှိတ်သာ စားလိုက်ပါလေ။ မကောင်းမရှိပါဘူး။ နောက်ပြီး ကာလကတ္တားမှာ တစ်ခါမှ ၀မ်းမလျှောခဲ့ဖူးဘူး။ အမြင်သာ ညစ်ပတ်တာ ပိုးသေပြီးသားလို့ ယူဆရမလို ဖြစ်နေပြီ။ အဲဒါကြောင့် ကာလကတ္တားမှာ နံမည်ကြီးပြီး ဈေးကြီးတဲ့ဆိုင် လျှောက်မရှာနဲ့။ သူတို့လူမျိုးတွေ တရုန်းရုန်း မတ်တတ်ကလေး စားနေကြတဲ့ဆိုင်လေးတွေမှာ သူများစားနေတာ လက်ညှိုးထိုးပြီး “အဲဒါမျိုးပေး” လို့သာ မှာစား။ ကောင်းလည်းကောင်း တန်လည်းတန်တယ်။
          ဘိုစာတွေကြိုက်ရင်တော့ ပီဇာဆိုင်တွေ တော်တော် ကောင်းတယ်ဗျား။ KFC ကြက်ကြော်ဆိုင်လည်းရှိတယ်။ အခု စာတွေလာလာတင်တဲ့ Raj's Spanish Café ဆိုရင် WIFI နှစ်နာရီလောက်သုံးပြီး ကပူချီနိုသောက် ပတ်စတာစားတာတောင် မြန်မာငွေ သုံးလေးထောင်လောက်ပဲ ကျတယ်။ ရောင်းတဲ့သူတွေကလွဲရင် ဆိုင်မှာ အဖြူတွေချည့်ပဲ။ ကောင်တာက ကလေးတွေဆို စပိန်လို ထမင်းစားရေသောက် ပြောနိုင်တယ်။ တို့လေဆိပ်က ဆိုင်တွေကို ပြပြီး “ငါမင်းကို သတ်ချင်တယ် သတ်ချင်တယ်” လုပ်မိတော့မယ်။ ဒါပေမယ့်လေ အိန္ဒိယရောက်မှတော့ အိန္ဒိယအစားအစာလောက် စားဖို့ကောင်းတာ ရှိပါ့မလား။ အခုဆို ရောက်တာ နှစ်ပတ်ပြည့်တော့မယ်။ နေ့တိုင်းကြက်သားကလွဲလို့ ဘာမှ မစားဖြစ်ဖူး။ အိန္ဒိယမှာ ကြက်ဖြစ်ရတဲ့ဘ၀ဟာ တရုတ်ပြည်မှာ ၀က်ဖြစ်ရတဲ့ဘ၀လိုပဲ။ သူကလွဲလို့ ဘာမှ မစားဘူး။ သူ့လောက်ဘာမှ စားလို့မကောင်းဘူး ဖြစ်လိမ့်မယ်။ ရန်ကုန်မှာလို ကြက်ရင့်ရင့်ကြီးတွေ တစ်တုံးမှ မကိုက်မိဖူးဘူး။ လောက်ကိုင်မှာလို စီပီကြက်ဆူဆူ ပေါ့ရွှတ်ရွှတ်ကြီးတွေ တစ်ဖတ်မှ မမြင်ရဘူး။ ခဘတ်ဆိုပြီးမှာစားရင်တောင် ဆိုင်က ခဘတ်မီနူးသပ်သပ် ပြဦးမှာ။ အမယ်တွေကိုစုံလို့။ အကုန် စားလို့ကောင်းတယ်။ (ဟီဟိ၊ ရသစာပေဆုတွေ လာပေးနေဦးမယ်။ သွားရည်တွေ သိမ်းလိုက်ကြစို့)
          အ၀တ်အထည်ဆိုင်တွေကလည်း ပေါလွန်လွန်းလို့။ ဘယ်လိုဝယ်ရမှန်းတောင် မသိဘူး။ ဘန်ကောက် စင်္ကာပူမှာလို ဈေးအကြီးဆုံးနံမည်တွေကိုပဲ လူတိုင်းဝတ်နေကြတာမဟုတ်ဘူး။ အဲဒါတွေကို ဒီမှာ မရှာနဲ့။ ဒီမှာ သူ့နံမည်နဲ့သူ ဈေးကြီးတာတွေရှိတယ်။ ဈေးကြီးတာပဲဖြစ်ဖြစ် ဈေးပေါတာပဲဖြစ်ဖြစ် ကိုယ်က ဘယ်လောက်တန်လောက် ၀ယ်မယ်မှန်းသလဲပဲ စဉ်းစား၊ လှတာချင်းအတူတူချည့်ပဲ။ လက်ရာချင်း သေသပ်ပုံချင်း မသိမသာကွာတယ်။ ၀တ်ရင်းဝတ်ရင်း သိသိသာသာ ကွာလာမယ်။ တကယ်တော့ MK က၀ယ်တဲ့ အ၀တ်တွေလည်းပဲ ဟောင်းလာတော့ စုတ်တာချင်း အတူတူပါပဲဗျာ။ တံဆိပ်ကြီးကို ဈေးကြီးပေးဝယ်နေရတာပါ။ ဘန်ကောက်မှာလို စင်္ကာပူမှာလို နိုင်ငံခြားက၀င်တဲ့ အကောင်းစား နံမည်ကျော်အထည်တွေမဟုတ်ပဲ ပြည်တွင်းဖြစ် နိုင်ငံခြားစံချိန်မီ ဈေးအစားစားနဲ့ အ၀တ်အထည်တွေကို အလွှာစုံ လူစုံအောင် ဆင်နိုင်တာလည်းပဲ ဘာဘူကြီးများကို လေးစားပါတယ်ဗျာ။ အံ့ပါရဲ့ အံ့ပါရဲ့။
          နေထိုင်မကောင်း ကျန်းမာကြောင်းအတွက်ရော ဘယ်လိုများစီစဉ်ကြပါလိမ့်လို့ မသိချင်ဘူးလား။ ကျုပ်လည်းသိချင်တာပေါ့။ ဒါပေမယ့် သိခဲ့ပါဘူး။ မြင်ခဲ့မိသလောက် ဆေးရုံတွေ ဆေးရုံတွေ ဆိုင်းဘုတ်လိုက်လိုက် ဖတ်မိတာကတော့ ကာလကတ္တားမှာ ဆေးရုံပေါင်း ရာချီပြီး ရှိမလားပဲ။ ချတ်တရန်ဂျန်ဆေးရုံဆိုတဲ့လိပ်စာ လမ်းနံပါတ် အိမ်နံပါတ် အတိအကျနဲ့ကိုပဲ ကားသမားကို လိုက်ပို့ခိုင်းတာ ရွာလည်သွားတယ်။ ဘယ်ရပ်ကွက်က ချတ်တရန်ဂျန်ကို ပြောတာလဲ။ အဲဒီအနားမှာ ထင်ရှားတာ ဘာရှိသလဲ သိမှ ရောက်တယ်။ နံမည်တူဆေးရုံတွေ မှိုလိုပေါက်နေတာ။ ကင်ဆာကုတဲ့ ချတ်တရန်ဂျန်လား။ မိခင်နဲ့ကလေးဆေးရုံလား။ ဆေးတက္ကသိုလ်လား။ သုတေသနဌာနလား။ အဲဒါတွေ ပတ်ရှာရင်း လမ်းတွေ့သမျှ ဆေးရုံနံမည်တွေ လိုက်ဖတ်တာ အကျိုးနည်း။ တယ်များသကိုးကွယ်။ ကာလကတ္တားမှာ လမ်းပျောက်ရင် သိပ်ရယ်ရတာပဲ။ လမ်းမှာတွေ့တဲ့ ယူနီဖောင်းနဲ့ သားသားနားနား တစ်ယောက်ကို ကောက်မေးလိုက်၊ ဖတ်တတ်တတ် မတတ်တတ်၊ စာရွက်ကြီးကို ဟန်ပါပါနဲ့ လှမ်းယူ၊ မျက်မှန်ကြီး ကောက်တတ်ပြီး အမြီးပြန်ခေါင်းပြန်ဖတ်လိမ့်မယ်။ ပြီးမှ အနားက တစ်ယောက်ယောက်ကို ကုလားလို အော်မေးရော။ နောက်လူက ခုနလို အစကပြန်ဖတ်၊ လူကုန်အောင်ဖတ်ပြီးမှ အားလုံးက အဖြေတစ်ခုထုတ်ပေးမှာ “မသိဘူး” လို့။ မသိပဲနဲ့များအေ ဆို ဆက်လျှောက် နောက်တစ်နေရာရောက်၊ တစ်ကပြန်စ၊ ပျော်စရာကြီး။ ထူးခြားတာက ဆေးရုံတိုင်းလိုလိုမှာ သုတေသနဌာနသပ်သပ်ရှိပြီး ဘယ်အချိန်ကျမှ ဘာတွေကို ရှာဖွေလေတွေ့ရှိလေလုပ်ပြီး ဘွားကနဲပေါ်လာမလဲမသိဘူး။ ဒါလည်း အနာဂတ်အတွက် ရင်းနှီးမြှုတ်နှံတာနေမှာ။ တလောကတော့ သူတို့ဆီဆေးရုံတက်ရင် ကျောက်ကပ်တစ်ဘက် ပျောက်တတ်တယ်တို့ ဘာတို့ ကောလာဟလ ကြားဖူးတာပဲ။ တို့ဆီက အလှူအိမ်တွေမှာ ဘိနပ်ပျောက်တာကျလို့။ ငါ့နှယ် အံ့ပါရဲ့ အံ့ပါရဲ့။
         ဆရာဝန်တစ်ယောက်အနေနဲ့ မင်တက်မိခဲ့တဲ့ မြို့လယ်ကောင် လမ်းမပေါ်က အဖြစ်အပျက်လည်း ပြောရဦးမယ်။ လမ်းဘေးမှာ ချေးအထပ်ထပ်နဲ့ စုတ်ပြတ်နေတဲ့လူနှစ်ယောက်ဟာ တော်တော်ကြိး ဟောင်းနေတဲ့ ပလပ်စတစ်ဆေးထိုးအပ်ကလေးနဲ့ ပန်းကန်လုံးထဲက ပန်းရောင်အရည်တွေကို စုပ်ပြီး တစ်ယောက်နဲ့တစ်ယောက် ထိုးပေးနေကြတယ်။ ဘိန်းစားနိုင်လောက်တဲ့ အဆင့်မျိုးလည်း မဟုတ်၊ နေမကောင်းလို့ပဲ ဆေးကုလေသလား။ အဲဒါလည်း ကြောက်စရာကြီး။ ပုံစံက နေ့ခင်းကြောင်တောင် လမ်းလယ်ခေါင်မှာ ဆေးမင်ရည်စုပ်ထိုးသလောက်ရှိတယ်။ တအံတသြ ရပ်ကြည့်မိလို့ ၀ူးဝူးဝါးဝါး လှမ်းအော်တာနဲ့ လစ်ပြေးရတယ်။ မတော် ကိုယ့်လိုက်ထိုးနေမှ ဒုက္ခ၊ ကျန်းမာရေး အသိပညာ ရှိပုံမပေါ်ဘူး။ စကားရောဖောရောလာလုပ်ပြိး သူ့မိန်းမအတွက် အကြံဥာဏ်တောင်းတဲ့ ကားဆရာလေးကို သားဆက်ခြားတဲ့အကြောင်း မေးကြည့်မိတော့ သူတို့သိပုံမရ။ ကလေးဆိုတာ ဘာလို့တားရမှာလဲလို့ တွေးကြတယ်ထင်ရဲ့။ သူတို့ဆီမှာ မွေးရုံပဲမွေးလိုက်၊ လမ်းလျှောက်နိုင်တော့ သူ့ဘာသာ တောင်းရမ်းစားလိမ့်မယ်ဆိုတာတွေလည်း ရှိတော့ အဲဒီလမ်းပေါ်က လူတန်းစားတွေကို ဘယ်သူကမှ ဂရုတစိုက် သားဆက်ခြားဖို့၊ ကာကွယ်ဆေးထိုးဖို့၊ နားလည်အောင် လာပြောပေးမှာလဲ။ ဟင်လုံအိမ်သာနေနေသာသာ ပိုက်ဆံပေးရလို့ ဈေးအိမ်သာတောင် တက်တာမဟုတ်ဘူး။ လမ်းမပေါ် အခင်းကြီးကြီးငယ်ငယ် ဒိလိုပဲ ကိစ္စပြီးပလိုက်ကြတာ။ အဲဒီလူတွေကြားထဲ ၀မ်းရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်ထားသလဲ သိချင်လှတယ်။ အဲလောက်လူဦးရေနဲ့ ထင်တိုင်းစား ကြုံရာသွား အပုံလိုက်မြို့ကြိးမှာ ဘယ်နေရာမှ ယင်တလောင်းလောင်း မတွေ့ခဲ့တာလည်း အံ့သြမိတယ်။ မြို့လည်ခေါင် အိမ်ရှုပ်ရှုပ် လမ်းကြားလေးထဲက ဟော်တယ်မှာလည်း ခြင်လုံဆန်ကာ၊ ခြင်ထောင် အရိပ်အယောင်တောင် မမြင်ရပဲ ခြင်တစ်ကောင်မှ အကိုက်မခံရတာကိုလည်း အံ့သြမိတာပဲ။ ဒီလူတွေ ကုန်အောင်မကိုက်နိုင်တာနဲ့ ခြင်တွေများ မျိုးတုန်းသွားသလားမသိ။
          အဲဒီလမ်းပေါ်ကလူတွေကို ဂရုစိုက်တဲ့သူနှစ်ယောက်တော့ တွေ့ဖူးခဲ့ပါတယ်။ တစ်ယောက်က ကာလကတ္တားမြို့နယ်ရဲ့ကိုယ်စားလှယ်၊ မီးရထားဌာနရဲ့ဝန်ကြီး အမျိုးသမီး၊ သူတို့ဂျာနယ်တွေက နံမယ်ပြောင်ပေးထားတာ လေဒီဒါဒါတဲ့။ လမ်းထောင့်တိုင်းမှာ သူ့ပုံတွေ တွေ့ရမယ်။ ဆာရီအဖြူနွမ်းနွမ်းလေးနဲ့၊ ရာဘာဘိနပ်ကလေးစီးလို့၊ လမ်းပေါ်မှာ တွေ့ရတဲ့ အိန္ဒိယအမျိုးသမီးတွေနဲ့ တသားတည်းပဲ။ သန့်ရှင်းသပ်ရပ်တာကလေးပဲ ကွာတယ်။ သစ်လွင်တောက်ပြောင်မနေဘူး။ လက်ပတ်နာရီတစ်လုံးကလွဲလို့ ဘာအပို အဆင်တန်ဆာမှလည်း မရှိဘူး။ ပညာတတ်ရုပ်တော့ ထွက်တယ်။ တို့ဆီက စံရှားတင်ကြီးတွေနဲ့တော့ ဆီနဲ့ရေပဲ။ (ကိုယ်တွေက ခန့်သန့်ဝင့်ထယ်နေတယ်လို့ ပြောတာပါနော်။ တမျိုးမထင်ပါနဲ့) ဂရုမစိုက်လို့ မရဘူးလေ။ ဒီလမ်းမပေါ်ကလူတွေရဲ့ ဆန္ဒမဲအင်အားက နည်းနည်းနောနော မှ မဟုတ်ပဲ။ နောက်ပြီး သူတို့ဆီက ရိုးမော်ဒယ်တွေက မဟတ္တမဂန္ဒီတို့၊ မာသာထရီဆာတို့ဆိုတော့၊ အင်ဒီယာဂန္ဒီကြီးတောင် တော်တော် ထယ်လှပြီ။ နောက်တစ်ယောက်ကတော့ ဘယ်သူဘယ်ဝါမှန်းတောင် မသိပါဘူး။ အသက်နှစ်ဆယ်လောက်ပဲ ရှိဦးမယ့် ဘိုမကလေး။ တနင်္ဂနွေနေ့တိုင်း အာဟာရထမင်းကျွေးတဲ့ ၀က်စလီယန်ဘုရားရှိခိုးကျောင်းရှေ့ လမ်းဘေးက ပေစုပ်စုပ်ကလေးတွေကို ကိုယ်တိုင်ကျကျနန အတူတူထိုင်၊ ရေမိုးချိုး၊ လက်သည်းခြေသည်းတွေ ညှပ်ပေးနေတာ တွေ့ခဲ့တယ်။ ဘယ်သူမှလည်း ကြည့်မနေဘူး။ ကလေးတွေနဲ့လည်း သိပ်စိမ်းပုံမရဘူး။ အိန္ဒိယက အရွေးခံမှာ မဟုတ်တာကတော့ သေချာတယ်လေ။ သီလရှင်ဝတ်ရုံကြီးနဲ့လည်း မဟုတ်ပြန်ဘူး။ စိတ်ဝင်စားမိပေမယ့် ကိုယ်ကြည့်နေရင် အလုပ်ပျက်သွားမှာစိုးလို့ စိတ်ထဲကပဲ သာဓုခေါ်လိုက်မိပါတယ်။
         တကယ်တော့ ဘာသာလူမျိုး မခွဲခြားပဲ အတူတူဆက်ဆံတယ်ဆိုတာ အဲဒီလို စိတ်ဓါတ်မျိုးထားနိုင်မှ ဖြစ်မှာပါ။ မထားသင့်တဲ့နေရာတွေမှာ သွားထားမိရင်တော့ လူ့အောက်မကျို့ရပဲ လူနင်းခံရလို့သေမှာ။ လူမျိုးခြားမုန်းတီးရေးစိတ်ဓါတ်နဲ့ ကိုယ့်အမျိုးကိုယ် ကာကွယ်စောင့်ရှောက်တဲ့စိတ်ဓါတ်ဟာ တူမယောင်နဲ့ တစ်ခြားစိပါလို့ ရေးခဲ့ဖူးပါတယ်။ စိတ်ထဲမပါပဲ အာဖျံကွီးလုပ်တယ်ထင်လို့လား စကားလုံးတွေ လျှံပြီး ကျော်ဖတ်မိကြသလားတော့ မပြောတတ်။ အခုထပ်ပြောပြပါဦးမယ်။ စောစောကပြောတဲ့ အင်္ဂလိပ်ခေတ်ကတည်းက မြန်မာအလှူရှင် ကျောင်းဒကာကြီးများရဲ့ ကောင်းမှု “မြန်မာဗုဒ္ဓဘာသာ ဘုရားကျောင်း” ဆိုတဲ့ကျောင်းတော်ကြီးဟာ ဘာသာခြားများရဲ့ အလယ်မှာ သီတင်းသုံးရတာမို့ ဆွမ်းရေးကွမ်းရေး အဆင်ပြေအောင် စေတနာထားတဲ့သူများလက်ထက်က ကျောင်းအောက်ပတ်လည် သုံးထပ်သားလေးကာပြီး အခန်းကလေး ငှားပေးလိုက်ပါတယ်။ “ဒါဆို ဆရာတော်လည်း မကြောင့်ကျရတော့ဘူး။ ကျောင်းလှေကားရင်းမှာလည်း ကုလားလက်ဘက်ရည်ဆိုင်ကလေးတစ်ဆိုင် ပစ္စည်းတွေထားရင်း ပေးရောင်းထားလိုက်ပါလေ။ ကျောင်းအတွက် အစောင့်ရတာပေါ့။”ဆိုတဲ့ အမျှော်အမြင်ဟာ ဒီကနေ့ ဘုန်းကြီးကျောင်းပေါ် ငါးဖယ်တိုးတိုးပြီးတက်ရတဲ့အဖြစ်ကို ရောက်လာပါတယ်။ ၀ိတိုရိယလုရင်မကြီးလက်ထက်က အိမ်လခခြောက်ပဲကို ခုထက်ထိ တိုးမပေးပဲ “ဘုန်းကြီးမယူချင် တရားရုံးကသွားထုတ်၊ တို့ကတော့ လတိုင်းတစ်ခါမှ မပြတ်ပေးထားတာ ခြောက်ပြား” ဟာ မျိုးဆက်တောင် သုံးဆက်လောက်ပြောင်းသွားပါပြီ။ ဗုဒ္ဓဂါယာက မြန်မာအလှူရှင်ကြီးများရဲ့ ၀တ္တကမြေကိစ္စရော ကြားဖူးကြရဲ့လား။ နယ်စဉ်းမခြား တစ်သားတည်း ညီအကိုဆိုတာ ကုလားအုပ်နဲ့တော့ တော်ဖို့မကောင်းဘူး မဟုတ်လား။ ခင်တာခင်တာတခြား၊ ချစ်တာချစ်တာတခြား၊ အာဘွားသာ ပေးချင်ပေးလိုက်မယ်၊ တို့ဘိုးဘွားအမွေစစ်မို့ ချစ်မြတ်နိုးပေဆိုတာတွေတော့ အုတ်အရောရော ကျောက်အရောရော နှောလို့ဖြစ်ပါ့မလားဗျာ။ ပြောပြန်ရင်လည်း အောင်မင်းလွန်ရာကျမယ်နော်။ အဟုတ်ပြောတာပါ။ တရုတ်ကြီးတွေကိုလည်းချစ်တယ်။ ကုလားကြီးတွေကိုလည်းချစ်တယ်။ အာဘွား အာဘွား။ ဒါဆို လုံလောက်ပြီ။ လည်လိုက်စမ်းပါ။ လေ့လာစမ်းပါ၊ မြည်းစမ်းကြည့်ခဲ့ပါ။ သူ့ဓလေ့ သူ့ရိုးရာ။ အကုန်သူ့ဟာနဲ့သူ ချစ်စရာကောင်းပါတယ်။ ကိုယ့်ဟာတွေသာ ဖျောက်မပစ်နဲ့။ တယ်ခက်တာပဲကွယ်။ Racist အပြောခံရဦးတော့မယ်။ ငယ်ငယ်တုန်းက မွေးသဖခင်အဆဲခံရတဲ့အခါ “ငါ့အိမ်က မအေပေးကို သင်ရတာ သူများအိမ်က မအေပေးတွေချည့်ပဲ တတ်ကုန်တယ်။ ဒီအကောင်ကတော့ ဒုံရင်း” ဆိုသလိုပဲ။ ကိုယ့်အိမ်က မအေပေးတွေ တတ်မလားလို့ သင်ကြည့်တာ သူများအိမ်က မအေပေးတွေက သောက်ညင်ကပ်လွန်းလို့ လာသတ်လိမ့်မယ်။ တော်ပြီ။ တော်ပြီ။
 ကို စိုးမင်းSoe Min (facebook)ထံမှ ကူးယူဖော်ပြပါသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More