This is default featured post 1 title

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ သမ္မတနှင့် ဒုသမ္မတကြီးများ

This is default featured post 2 title

သမိုင်းဝင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း

This is default featured post 3 title

ဒေါ်အောင်ဆန်းစုကြည်

This is default featured post 4 title

သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပထမဆုံး တွေ့ဆုံ ဆွေးနွေး ဓါတ်ပုံ (MRTV4)

This is default featured post 5 title

စည်းလုံးခြင်းသည် အင်အား

Sunday, March 4, 2012

မန်းမြေ မှသည် အောင်ပွဲ ဆီသို့

မန်းမြေသို့ရောက်ပြီ။ ရထားပေါ် က အဆင်း မန်းမြေ ကို နင်းလိုက်သည် နှင့် ယခင် ရောက်စဉ်က နှင့် မတူ အငွေ့အသက် တစ်ခုကို ခံစားလိုက်ရသည်။ တက်ကြွ လတ်ဆတ်ခြင်း ပင်။ မြင်သမျှ လူတွေ ပြုံးပျော်ရွှင်နေတာ ကို မြင်ရတာ အတော်စိတ်ချမ်းသာသည်။

မတ်လ(၂)ရက်နေ့ ညနေခင်း

မြို့ထဲ တွင် ဥဒဟို သွားလာသော ဆိုင်ကယ် အချို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ အမှတ်အသား ခွပ်ဒေါင်းနှင့်ကြယ်ဖြူ ပါ စတစ်ကာ အနီလေးတွေ တွေ့နေရသည်။ တီရှပ် ဖြူလွှလွှ တွင် အနီရောင်ခွပ်ဒေါင်းတို့ မြူးကြွနေသည်။ဆိုင်ကယ် စက်ဘီးဆိုက်ကားတွေ ပေါ်မှာ ခွပ်ဒေါင်းလေးတွေ ကြယ်ဖြူဆီ အပြေးလှမ်းနေသည်။

လက်ဘက်ရည်ဆိုင်ထိုင်ရင်း ဟိုဝိုင်းမှာလဲ အမေစု ဒီဝိုင်းမှာ လဲ အမေစု ဒီစကားလုံးတွေ ပျံ့လွင့်နေသည်။ ဆိုင်ကယ်နှင့် လူငယ်တစ်စု သူတို့ ဆိုင်ကယ်တွေ ကို စတစ်ကာ အနီလေးတွေ နှင့် အလှဆင်နေသည်။ သူတို့ ၏ မျက်နှာတွင် တက်ကြွမှု က အထင်းသား။ လွတ်လပ်စွာ ရယ်မောပျော်ရွှင်နေသော သူတို့ ကို ကြည့် ရင်း အပျော်တွေ ကူးစက်လာသည်။ လမ်းလျှောက်လာသူ တို့ ထံတွင် ကြိုကြား ကြိုကြား ပင်နီ ရောင်တွေ တွေ့နေရသည်။  မန်းသူ မန်းသားတို့ မျက်နှာတွင် မျှော်လင့်ခြင်းတွေ ဝေဆာနေသည်။

လက်ဘက်ရည်သောက်ပြီး ကွမ်းယာဝယ်မယ်ကြံသည်။ ကွမ်းယာဆိုင်နှစ်ဆိုင်တွေ့သည်။ တစ်ဆိုင်က ၀ယ်သူတွေ ၀ိုင်းနေသည်။ကွမ်းကောင်းလို့ ပဲ ဖြစ်မည် ဟု ယူဆကာ ထိုဆိုင်သို့သွားသည်။ ကွမ်းယာရောင်းသည့် အသားညိုညို ကွမ်းသွေးအပြည့် နှင့် ကွမ်းယာသည် က ၀ယ်သူတွေ နှင့် အာပေါင်အာရင်း သန်သန် ပြောနေသည်။ “ကျုပ် မနက်ဖန် ဆိုင်ပိတ်တယ်နော် ကျုပ်တို့ အမေစု ဒီကိုလာမှာဗျ ကျုပ် လေယာဉ်ကွင်းအထိ သွားကြိုမှာ ကွမ်းကို ဒီနေ့ထဲ က ကြိုဝယ်နော် အန်အယ်ဒီ အင်္ကျီလဲ ၀ယ်ထားပြီးပြီ ကျုပ်တို့ က ခွပ်ဒေါင်းမှ ခွပ်ဒေါင်းဗျ “ ၀ယ်သူ တစ်ဦးကလဲ" ကျုပ်လဲ သွားကြိုမှာဗျ ကျုပ် ကို နှပ်ဆေး အုန်းကြော် တစ်ထောင်ဖိုး  ကျုပ်တို့ မန်းသားတွေ အားလုံး ဒီချုပ် ကို ချစ်ပါတယ်ဗျ ခင်ဗျားတစ်ယောက်တည်း မဟုတ်ပါဘူး" ကျန်သူတွေ ကို ကြည့်လိုက်တော့ ခွပ်ဒေါင်း အမှတ်အသားပါသော ပစ္စည်း ကိုယ်စီနှင့် ။ဒီအတိုင်းဆိုရင်တော့ ကွမ်း က တော်တော်နဲ့ရမည် မထင်။

ဟိုဘက်ဆိုင်သွားမှ ဟုတွေးရင်း ဟိုဘက်ဆိုင်သွားတော့ မျက်နှာစူပုတ်ပုတ် နှင့် မိန်းမတစ်ယောက် ။ 92 နှစ်ရာဖိုး ဟု ပြောရင်း တွေ့လိုက်ရသည် က အင်္ကျီခပ်နွမ်းနွမ်းပေါ် က အစိမ်းပုတ် ခြင်္သေ့ တစ်ကောင်။ ပါးစပ် က ပွစိစိ နှင့်"သူ့ ဟာသူလာတာ ဘာဖြစ်လဲ ကိုယ့် အလုပ် ကိုယ်လုပ်မှ ကိုယ့် ထမင်း ကိုယ်စားရမှာ သက်သက်မယ့် အလုပ်ရှုပ်ခံလို့" ကွမ်းယာ ကို ဆောင့်ကြီးအောင်ကြီး ယာနေသဖြင့် ဇက်ကလေးပုကာ စောင့်နေမိသည်။ "အင်း ဒီနေ့ ကွမ်းကုန်ပါ့မလား" ထပ်ပြောရင်း ကွမ်းထုပ် ကို ပစ်ပေးလိုက်သည်။
ထိုစဉ် ဟိုဘက်ဆိုင်မှ ဆရာသမား က အလံနီလေး တပ်ထားသော ဆိုက်ကားသမား ကို "ငါ့ ကို ကွမ်းဝယ်ပေးပါဦး ဟ "ဟုလှမ်းပြောလိုက်သံ ကိုကြားလိုက်ရသည်။

  သီချင်းသံ နှင့် ကြိုဆိုရေး အလှပြယာဉ် ကြီး ကလဲ သင်္ကြန်မိုး ဇာတ်ကား ထဲ က ဇာတ်ဝင်ခန်းတစ်ခုလိုလို။ တက်ကြွသော အောင်နိုင်ရေး တေးသံ နှင့် အတူ ဒီချုပ် အဖွဲ့ဝင် အမျိုးသမီးတို့ က ကားပေါ်တွင် က နေသလို လမ်းပေါ်တွင် လဲ ပြည်သူ တချို့ က ပျော်ရွှင်ကနေကြပုံ ကလဲ သင်္ကြန်ကာလ လိုလို။ ငွေ ခုနှစ်သိန်းကျော် တန် အလှပြဒေါင်းရုပ်ကလဲ ၀င့်ဝင့်ကြွာကြွား။ မိသား တစ်စု ကလဲ အလံငယ်လေးတွေ ကိုင်ပြီး ဓာတ်ပုံရိုက်နေပုံ က အိမ်က သားတွေ ကို သတိရစေသည်။အပြုံးတွေ အပျော်တွေ က မန်း ည ကို သက်ဝင် လှုပ်ရှားစေပြီး ညဉ့်နက်သွားတာတောင် မသိလိုက်။

မတ်လ(၂)ရက်နေ့ ည

ဆိုင်ကယ်သံတွေ ကြား သွားကြိုမှာလား လှမ်းမေးသံတွေ မနက်ဖြန် ဘယ်မှာဆုံမယ်နော် ပြောကြသံတွေ ကြားနေရသည်။ ဟောပြောမည့် အောင်ပင်လယ်ကွင်း ထဲမှာတော့ ပြင်ဆင်နေကြတာ မမောမပန်း။
ပြည်တန်တဲ့ ပတ္တမြားဆိုတာ
နတ်မောက်သား ကိုအောင်ဆန်းပါ။

ဒါကိုပျောက်ရှအောင်လုပ်ခဲ့တာ
သောကဇာတ်ဝင်ခန်းရဲ့ အစပေါ့ ။
ဒေါ်အောင်ဆန်းစုကြည်ကတော့
ကျွန်တော်တို့နိုင်ငံရဲ့
ဒုတိယမြောက် ပြည်တန်ပတ္တမြားပါ ။

မပျောက်မရှရအောင်
ကျွန်တော်တို့ ရင်နဲ့ရင်းပြီး
ထိန်းသိမ်းစောင့်ရှောက်ပါ့မယ် ။
အားပေးထောက်ခံပါတယ် ။

(အမေ့သားများ)

 အောင်ပင်လယ်ကွင်းအနောက်ဘက်ခြမ်းမှာ ဖွင့်လှစ်ထားမယ့်" မြင့်မြတ်ဧရာဝတီ+စိမ်းရောင်စို+ ကံတက်ကုန်းမစိုးရိမ် + အာရှအလင်းရောင် ပူးပေါင်းဆေးကုသရေးအဖွဲ့ "
ဖွင့်လှစ် ထားတဲ့နေရာ  က ပိုစတာလေးပေါ့။ နောက် NLD လူငယ်ဆရာဝန်များ ကလဲ အရေးပေါ် ဆေးကုခန်း ဖွင့်လှစ်ထားတယ်။ မနက်ဖန် လာကြိုမယ့် လူထု အတွက် စေတနာတွေပေါ့။
အောင်ပင်လယ် မြောက်ဘက်ခြမ်းမှာတော့ NLD အမှတ်တံဆိပ် အလှဆင်ပစ္စည်းဆိုင် မှာလဲ ၀ယ်သူတွေ ၀ိုင်းဝယ်နေကြသည် က ပျော်စရာ။ ပစ္စည်းတွေ ကို ၀ယ်ယူနေတာထက် ဂုဏ်ယူခြင်း တွေ ၀ယ်ယူနေကြသည်လို့ ပဲ မြင်မိသည်။ ဂုဏ်ယူခြင်း ၀င့်ကြွားခြင်း မျှော်လင့်ခြင်း ယုံကြည်အားကိုး ခြင်းတွေ ကို ၀ယ်ယူနေကြခြင်းပါ။

အောင်ပင်လယ် ကွင်းပြင်ကျယ်ကြီး ထဲ လူဘယ်လောက်ဆန့်မလဲ တွေးကြည့် သည်။ သိန်းဂဏန်းတော့ ဆန့် မည်။ အခု ဒီည တက်ကြွနေပုံနှင့် ဆို မနက်ဖန် လူပင်လယ်ကြီး မြင်တွေ့ ရတော့မည်။တွေးရင်း ရင် လှိုက်ခနဲ ခုန်သွားသည်။ အနီရောင်တွင် ပင်နီရောင် စွက်ထားသော ပန်းချီကားတစ်ချပ် ကို မြင်ယောင်လိုက်ရသည်။ဒီလောက် လူအုပ်ကြီး အမေစု ကို ဘယ်လို မြင်အောင်ကြည့်နိုင်မလဲ စဉ်းစားသည်။ ဘယ်လို စီစဉ်ထားပါလိမ့်။ သြော် LED TVကြီးတွေ ဆင်ပေးထားတာပဲ ကောင်းလေစွ။ လူထုကြီး အတွက် အဆင်ပြေအောင် စီစဉ်ထားသူများ ကို စိတ်ထဲ က ကျေးဇူးတင်လိုက်သည်။
သြော် ဒီညတော့ အိပ်ပျော်မယ် မထင်။အပျော်တွေ နဲ့ လှုပ်ရှားနေသောစိတ် ကို အိပ်စက်ခြင်း က အနိုင်မယူနိုင်တော့ပြီ။ ဆိုင်ကယ် စက်ဘီး ကိုယ်စီ နှင့် လူငယ်တွေ ပျော်နေကြသည်။ မထူးတော့ ပြီ မိုးလင်းအထိ မအိပ်တော့ ပဲ အမေ့ ကိုသွားကြိုမည်။ ဒီည တော့ အိပ်စက်ခြင်း ကို မျှော်လင့်ချက် အပျော်တွေ နဲ့ စီးမြောလိုက်တော့မည်။

မတ်လ(၃)ရက်နေ့ မနက်ပိုင်း

ရောင်နီလာသည်နှင့် မန်းသူမန်းသားတို့ နိုးထလာပြီ။ အနီရောင်ခွပ်ဒေါင်းတို့ နိုးထလာပြီ။
အလံအနီရောင်တွေ တီရှပ် အနီရောင်တွေ ခေါင်းစည်းအနီ တွေ စတစ်ကာ အနီတွေ နှင့် ရဲရဲတောက် ခွပ်ဒေါင်းတို့ နိုးထလာပြီ။ ဆိုင်ကယ်တွေ စက်ဘီးတွေ တန်းစီပြီး အလံ တွေ ကိုင် ကာ အမေစု ကို ကြိုဆိုရန် ထွက်လာပြီ။ လူတွေ တဖြည်းဖြည်းများလာပြီ။ အောင်နိုင်ရေးတေးသံတွေ အမေစု ကျန်းမာပါစေ ဆုတောင်းသံတွေ တဖြည်းဖြည်းကျယ်လောင်လာပြီ။

မနက်(၇)နာရီ ကတည်း က အောင်ပင်လယ်ကွင်းထဲ ပရိတ်သတ်တွေရောက်နေပြီ။ ကွင်းပြင်ကျယ်ကြီး တဖြည်းဖြည်းပြည့်လာပြီ။ ဟောပြောမည့် စင်မြင့် တ၀ိုက်နေရာ ယူနေကြပြီ။အောင်ပင်လယ်ဆီ သို့ အနီရောင်လှိုင်းတွေ တလိမ့်လိမ့်ချီတက်လာပြီ။ မန်း ၏ ထုံးစံ အတိုင်း ဘုန်းဘုန်း တို့ ကလဲ ပါဝင်ဆင်နွှဲကြသည်။ ဗိုလ်ချုပ်အောင်ဆန်း ပုံတွေ ဒေါ်အောင်ဆန်းစုကြည်တွေ အများကြီး တွေ့နေရသည်။မိုးပျံဘူဘောင်း တို့ ကိုလဲ တွေ့နေရပြီ။ ကလေးလေးတွေ က လဲ ခွပ်ဒေါင်း အမှတ်တံဆိပ် ကိုယ်စီ ဖြင့် ။
လမ်းမကြီးတစ်လျှောက် လူတွေ ဆိုင်ကယ်တွေ ကားတွေ အနီရောင် ကိုယ်စီဖြင့် ကြိုဆိုနေကြပြီ။ ဘုန်းတော်ကြီးကျောင်းတွေ ရှေ့မှာလဲ သံဃာတော်တွေ စုရုံးနေပြီ။ လူငယ်တွေ က ကျောင်းသားတွေ က ဘယ်သူ့ သား ဗိုလ်ချုပ်အောင်ဆန်းသား ဟု အော်နေကြသည်။ လမ်းမကြီး တစ်လျှောက် လူလှိုင်းကြီး ရွေ့လာပြီ။

မနက်(၈)နာရီ ၂၀ မိနစ် မှာ အများမျှော်နေတဲ့ အမေစု ရောက်လာပြီ။ တံတားဦးလေဆိပ် မှ စတင်ထွက်လာပြီ။ မိုးကလဲ တဖွဲဖွဲ ရွာနေသည်။ လူထောင်ပေါင်းများစွာ လူတွေ ကြိုဆိုပြီ ။အဖွဲ့ချုပ် အလံတွေ နဖူးစည်းတွေ ပင်နီအင်္ကျီတွေ နှင့် ကြိုကြပြီ။မနက် ၅ နာရီ ကတည်း ကလေဆိပ် ကို ရွှေရောင်ခွပ်ဒေါင်းကြယ်ဖြူတံဆိပ်ပါ ယာဉ်နဲ့ ကြိုဆိုသည်။ လူများလွန်းသောကြောင့် တစ်နာရီမျှ မောင်းနှင်ရသော ခရီး ကိုငါးနာရီကျော် မျှ လူလှိုင်းကြီး နှင့်အတူ ခရီးနှင်ရသည်။ လမ်းခရီးတစ်လျှောက် မြင်ကွင်းတွေ က ပြောမဆုံး ပေါင် တောသုံးထောင်ပဲ ။ ကားတန်းမှာ လဲ တံခွန်တိုင် အ၀ိုင်းမှ သိပ္ပံလမ်း အထိ ရှည်လားနေပြီ။ လူထု နှင့် အတူ နိုင်ငံခြားသားများ ပါ လာရောက်ကြိုဆိုနေကြသည် ကို တွေ့ရသည်။လူထုကြီး ကို ကြည့်ရင် မျက်ရည်တွေ ဝေ့ ကနဲ တက်လာသည် ကို လူ အလစ်တွင် သုတ်လိုက်ရသည်။

လူဦးရေ သိန်းကျော်ရှိမည်ဟု ခန့်မှန်းကြသည်။၁၉၈၈ ခုနှစ်နောက်ပိုင်း အများဆုံး လူထု စုဝေးမှု ကြီးတစ်ခု အဖြစ်စံချိန်တင်ခဲ့ပြီ။ ပုသိမ်ထီးနှင့် အမေစု က လဲ ယဉ်ယဉ်လေးနှင့် လှနေသည်။အေးချမ်းသော အပြုံး လှသော နှလုံးသားတစ်စုံ နှင့် မန်းသား တို့ နှလုံးသည်းပွတ် အကုန် သိမ်းကြုံး အနိုင်ယူလေပြီ။ mountain bike ကိုယ်စီ တီရှပ်နီတွေ ဖြင့် စက်ဘီးအုပ်စု တစ်စု ကလဲ ထူးထူးခြားခြား မြင်ကွင်းတစ်ခု ပင်။ မန်းသားတို့ အင်အားပြပုံ က အံ့မခန်းပင်။တစ်နေရာတွင် နိုင်ငံခြားသားတစ်စု က ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် လုထုခေါင်းဆောင် အား အလေးအနက်ထား၍ ကြိုဆိုနေသည်။

ရောက်ပြီ အောင်ပင်လယ် ကွင်းဆီသို့ ။ အောင်ပင်လယ် သည် လူပင်လယ် အဖြစ်ပြောင်းသွားပြီ။ လူထု တစ်ရပ်လုံး သောင်းသောင်းဖြဖြ ကြိုဆိုကြပြီ။ ဟောပြောပွဲ စပြီ။ လမ်းခရီး ပင်ပန်းမှု ကြောင့် အမေစု  အနည်းငယ် နွမ်းနေသည်ကို တွေ့ရသည်။ လူတိုင်း လိုချင်တာ က စိတ်လုံခြုံမှု ဖြစ်ကြောင်း စိတ်လုံခြုံမှု ဆိုတာ အကြောက်တရားမှ ကင်းဝေးခြင်း ဆင်းရဲခြင်းမှ ကင်းဝေးခြင်း မလိုလားအပ်တဲ့ စိတ်ဆင်းရဲ ခြင်းမှ ကင်းဝေးခြင်းတို့ ဖြစ်ကြောင်း စိတ်လုံခြုံမှု ရှိဖို့ ဆိုတာ တရားဥပဒေ စိုးမိုးရေး က အရေးကြီးကြောင်း ပြောကြားသည်။ စကားတစ်ခွန်းဆုံးတိုင်း လက်ခုပ်သံ သြဘာ ပေးသံတို့ က မိုးလုံးဟိန်းသွားသည်။ လူထု ၏ထောက်ခံမှု က ကြောက်မခန်းလိလိ ပင်။ရင်ထဲ ကလှိုက်ကနဲ ခံစားရမှု က ပီတိဆိုသည့် အရသာပင်။ တချိန်တုန်း က ကျောင်းမှ ဆရာမ၏ ဦးဆောင်မှုနဲ့ သွားခဲ့ရသော ဟောပြောပွဲတစ်ခု ကို အမှတ်ရလိုက်သည်။အသက်မပါသော ထောက်ခံသံတွေ နှင့် ယခု ထောက်ခံသံ ဘာတွေ ကွာနေလဲ။ ရင်ထဲက လာသောထောက်ခံသံ တို့ ကို ဘယ်မှီနိုင်ပါ့မလဲ နော်။

ဥပဒေစိုးမိုးရေး ရှိရင် ပြည်သူတွေ ကို မတရားလုပ်လို့ မရဘူးဆိုတဲ့ အကြောင်း  ဥပဒေစိုးမိုးရေးက နိုင်ငံရေးသမားတွေနဲ့ပဲ ဆိုင်တဲ့အလုပ် မဟုတ် ဘူးဆိုတဲ့ အကြောင်း လူတိုင်း နှင့် သက်ဆိုင်ကြောင်း သာမန်ပြည်သူတွေ အလုပ်သမားတွေ လယ်သမားတွေ ၀န်ထမ်းတွေ နဲ့ သက်ဆိုင်ကြောင်း မိမိတို့ ဘ၀လုံခြုံ ဖို့ ကောင်းမွန်သော အသက်မွေးဝမ်းကြောင်းတွေ ဖြစ်ဖို့ ဥပဒေစိုးမိုးရေးလိုအပ်ကြောင်း ဥပဒေ အကာအကွယ်လိုအပ်ကြောင်း ပြောကြားတော့ ဥပဒေ ဆိုတာ ကို လေ့လာဖို့ လိုနေပြီဆိုတာ ကိုယ့် ကိုယ် ကို သုံးသပ်မိသည်။ ၀န်ထမ်းများဟာ ကိုယ့်ရဲ့အလုပ်ခွင်မှာ လုံလုံခြုံခြုံနဲ့ ဘယ်အထက်အရာရှိ ဘယ်ပုဂ္ဂိုလ်မျိုးကိုမှ မစိုးရိမ်ဘဲနဲ့နေဖို့ ဆိုတာလည်း ဥပဒေ စိုးမိုးရေးပါပဲ။ လူတိုင်းလူတိုင်းဟာ ဥပဒေထဲက မှန်မှန်လုပ်သွားရင် ဘယ်သူကမှ ကိုယ့်ကိုပြဿနာမရှာ နိုင်ဖို့ဆိုတာ ဥပဒေစိုးမိုးရေးနဲ့ သက်ဆိုင်ပါတယ်။ ဆိုတဲ့ စကားတွေ ကြားရတော့ အထက်လူကြီး အချို့ ၏ နှိပ်ကွပ်ခံရတဲ့ ၀န်ထမ်း သူငယ်ချင်း တချို့ ကို သွားမြင်ယောင် မိသည်။
  
ပြည်သူတွေ စိတ်လုံခြုံမှုမရှိလို့ရှိရင် ကိုယ့်ဘ၀ကိုတိုးတက်အောင် လုပ်ဖို့ဆိုတ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်ဆင်းရဲခြင်းမှ လွတ်ကင်းခြင်း၊ ကြောက်ရွံ့ကြောင့်ကြခြင်းတို့မှ လွတ်ကင်းခြင်းတို့ကို ဦးတည်တဲ့ ဥပဒေစိုးမိုးရေးကို ကျွန်မတို့အားလုံး လိုလားတာ ဖြစ်ပါတယ်။  ဆိုတဲ့ စကား ကို နားထောင်ရင်း  လွတ်လပ်ပွင့်လင်းသောပြောရေးဆိုခွင့် ရှိသော ဒီမိုကရေစီ လူဘောင်တစ်ရပ် ကို ရှေ့တွင် မျက်ဝါးထင်ထင် မြင်လိုက်ရသည်။
“ဒီမိုကရေစီနိုင်ငံ တစ်ခုထူထောင်တဲ့အခါမှာ တစ်ဦး ပေါ်တစ်ဦး နားလည်မှုဆိုတာ အင်မတန်မှ အရေးကြီးပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ ဒီမိုကရေစီဆိုတာ အများရဲ့သြဇာလွှမ်းမိုးရေး၊ ပြည်သူရဲ့ သြဇာလွှမ်းမိုးရေးပဲ။ ပြည်သူတွေ ဟာ ကိုယ့်သြဇာတွေ နိုင်ငံပေါ်မှာ လွှမ်းမိုးစေချင်တယ် ဆိုရင် အချင်းချင်းနား လည်နိုင်ရမယ်။ အချင်းချင်း အပေးအယူလုပ်နိုင်ရမယ်။ အချင်းချင်းအပေါ်မှာ သဘောထားကြီးနိုင်ရမယ်။ အဲဒီလိုလုပ်နိုင်မှ ကျွန်မတို့ဟာ တကယ်ကိုစစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုတစ်ခု ထူထောင်နိုင်မှာ ဖြစ်ပါတယ်”    ဆိုသော စကား ကို နားထောင်ရင်း တို့ ညီရင်းအစ်ကို တိုင်းရင်းသားတွေ ငြိမ်းချမ်းရေးတွေရ ပြည်တွင်းစစ်တွေ မရှိတဲ့ ပြည်ထောင်စု ကြီး ကိုတမ်းတမိသည်။

“ရွေးကောက်ပွဲ ၀င်ခြင်းအားဖြင့် ဘယ်လိုပြည်သူတွေကို အကျိုးပြု မလဲဆိုတာ နည်းနည်းဖြေချင်ပါတယ်။ ကျွန်မတို့အနှစ် ၂၀ ကျော် လွှတ်တော်ပြင်ပ နိုင်ငံရေး လုပ်ခဲ့တယ်။ အခု လွှတ်တော်တွင်း နိုင်ငံရေးကိုပါ တိုးချဲ့ပြီး လုပ်တော့မှာ ဖြစ်ပါတယ်။ ဒီလို လုပ်ခြင်းအားဖြင့် ပြည်သူတွေရဲ့အသံတွေကို အများက ပိုလို့ပိုလို့ကြားလာရပါတယ်။ လွှတ်တော်ထဲက တစ်ဆင့်ပြည်သူတွေရဲ့အသံကို တစ်တိုင်း ပြည်လုံးတင်မကဘဲ တစ်ကမ္ဘာလုံး က ကြားရအောင်လို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ကျွန်မတို့ရှေ့ဆက်ရမယ့်ခရီးက အင်မတန် ကြမ်းပါလိမ့်မယ်။ အင်မတန်ခက်ခဲပါလိမ့်မယ်။ ဒါကျွန်မ အခုကတည်းက ပြောထားတာပါ။ ဒီမိုကရေစီဆိုတာရဖို့လည်း မလွယ်ဘူး။ ရပြီးတဲ့အခါတည်တံ့ ခိုင်မြဲအောင် လုပ်ဖို့လည်း မလွယ်ဘူး။ အင်မတန်မှ အလုပ်တွေ များများလုပ်ပြီးတော့ ထိန်းသိမ်းသွားရမှာ ဖြစ်ပါတယ်”  ဆိုတဲ့ စကားကြားရတော့ နောက်ပြန်လှည့်လို သူ အချို့ ရဲ့ ရန် ကိုသတိထားရန်လိုကြောင်းတွေးမိသည်။ ပိုကြိုးစားဖို့ လိုတယ်လို့လဲ တွေးမိသည်။

 ၁၀မိနစ်ခန့် ပြောကြားပြီးနောက်လူထုသို့ ခေတ္တ အနားယူခွင့် တောင်းခံသည်။ တရားဥပဒေ စိုးမိုးရေး ကို အဓိက  ဇောင်းပေးပြောဆိုသည်။ ဘဘဦးဝင်းတင် ကို ခေတ္တ အမှာစကားပြောကြားပေးပါရန် တောင်းခံသည်။ ဘဘဦးဝင်းတင် က ညီညွတ်ရေး ကို ဦးစားပေး ပြောဆိုခဲ့ပြီးနောက် မန္တလေးလူထု ၏ အားမာန် ကို သဘောကျ၍ လွယ်လွယ်နှင့် ကတိ မပေးတတ်သော်လည်း ပန်းတိုင် သို့ ရောက်အောင်သွားမည် ဖြစ်ကြောင်း ကတိပေး သည်။ ၁၀ မိနစ်ခန့် အနားယူပြီးနောက် ၁၅မိနစ်ခန့် ထပ်မံ ပြောကြား သည်။ ခရီးပန်းသည့်  ကြား က လူထု ကို စေတနာထား သည့် အမေ့စု ကို လေးစားသထက် လေးစားရပြန်ပြီ။ နေ့လည် ၂နာရီ ၂၅ မိနစ်တွင် အောင်ပင်လယ်ကွင်းမှ ပြန်လည်ထွက်ခွာရာတွင် အမေစု နှင့် အတူ လူထု ကြီးလိုက်ပါပို့ဆောင်ကြသေးသည်။

ဒီနေ့ လူထု ကြီး ကို ကြည့်ရင်း မြန်မာလူထု ၏ ဆန္ဒ လိုလားတောင့်တမှု ကို ကမ္ဘာ က သိနိုင်ပြီ။ မြန်မာနိုင်ငံ ၏ နိုင်ငံရေး အခြေအနေ တိုးတက်ကောင်းမွန်နေတာ ကို ပြနေပြီ။ သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်မှု ဒေါ်အောင်ဆန်းစုကြည် ၏ ဦးဆောင်မှု တို့ နှင့် အတူ မြန်မာ ၏ရှေ့ခရီး ကား ဖြောင့် ဖြူးနေလေပြီ။ အမျိုးသားရင်ကြားစေ့ရေး အောင်မြင်ဖို့ နီးလာပြီ။ မြန်မာ့ ဒီမိုကရေစီ အောင်ပွဲရဖို့ နီးလာပြီ။ နောက်ပြန်လှည့် လို သော ခွေးသွားစိတ် အချို့ ရှိနေပေမယ့် ပြည်သူ့ အားနှင့် တွန်းလျှင် အောင်ပွဲ နီးနေပြီ။ မြန်မာ့ ဒီမိုကရေစီ အောင်ပွဲမှ သည် ကမ္ဘာထိပ်တန်း နိုင်ငံဆီသို့ ရပ်တည်ရန်ကြိုးပမ်းရမည်။ အတိတ် က အာဃာတ တွေ အမုန်းတွေ ချန်ရစ် တပ်မတော်ပြည်သူ နိုင်ငံရေး အင်အားစုတွေ ပေါင်းစည်း ပြီး မြန်မာ့ သတ္တိ မြန်မာ့ အရည်အချင်း ကို ကမ္ဘာ ကို ပြဖို့ အချိန်တန်ပြီ။

                                                                           ကိုဖိုးကောင်း (news colour)

Twitter Delicious Facebook Digg Stumbleupon Favorites More