Thursday, January 12, 2012

တတိယအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ၁၀ ရက်အကြာ အကျဉ်းသား ၆၅၁ ဦးအား ထပ်မံလွတ်ငြိမ်းချမ်းသာခွင့်ပေး

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အစိုးရသစ်လက်ထက် တတိယအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ၁၀ ရက်အကြာ အကျဉ်းသား ၆၅၁ ဦးအား ထပ်မံလွတ်ငြိမ်း ချမ်းသာခွင့်ပေးခဲ့သည်။

အကျဉ်းသား ၆၅၁ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် နိုင်ငံတော်သမ္မတ၏ အမိန့်ကို ဇန်န၀ါရီလ ၁၂ ရက်နေ့ ညနေ ၆ နာရီအချိန်  နိုင်ငံပိုင် မြန်မာ့ရုပ်မြင်သံကြားမှ တစ်ဆင့် ထုတ်ပြန်သွားခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် "ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် နိုင်ငံတော် တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းမှု ဖော်ဆောင်ရေးအတွက် လည်းကောင်း၊ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးအတွက် လည်းကောင်း၊ နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ခွင့် ရရှိစေရေးအတွက် လည်းကောင်း၊ လူသားခြင်းစာနာထောက်ထားမှုကို အလေးပေးသောအားဖြင့် လည်းကောင်း နိုင်ငံတော်၏ မေတ္တာနှင့်စေတနာကို နားလည်ကြပြီး နိုင်ငံတော်သစ် တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေသည့် နိုင်ငံသားများအဖြစ်သို့ ပြုပြင်ပြောင်းလဲနိုင်စေရေးအတွက် လည်းကောင်း ရည်ရွယ်ပြီး အကျဉ်းထောင်အသီးသီးမှ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား၊ အကျဉ်းသူ ၆၅၁ ဦးအား ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့မှစပြီး လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်သည်"ဟု ဖော်ပြထားသည်။

ဇန်န၀ါရီလ ၂ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ထုတ်ပြန်ပြီး  ၁၀ ရက်အကြာ ဇန်န၀ါရီလ ၁၂ ရက်နေ့တွင် ယခုကဲ့သို့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထပ်မံထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော် တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းမှု ဖော်ဆောင်ရေးအတွက် လည်းကောင်း၊ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးအတွက် လည်းကောင်း၊ နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ခွင့် ရရှိစေရေးအတွက်လည်းကောင်း . . .

ဇန်န၀ါရီလ ၂ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ ဇန်န၀ါရီလ ၃ ရက်နေ့တွင် အကျဉ်းထောင် အသီးသီးမှ အကျဉ်းကျခံလျက်ရှိသော အကျဉ်းသားများအနက် အကျဉ်းသား ၆၀၈၇ ဦး၊ အကျဉ်းသူ ၅၆၉ ဦး စုစုပေါင်း ၆၆၅၆ ဦးတို့ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်များ ရရှိခဲ့ပြီး ယင်းအနက် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူအချို့သာ လွတ်မြောက်ခဲ့သည်။

ထို့ပြင် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် နိုင်ငံတော်သမ္မတ၏ အမိန့်ကြော်ငြာစာအမှတ် ၄၉/၂၀၁၁ အရ မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင် ၄၂ ခုနှင့် အလုပ်စခန်း ၁၀၉ ခုရှိ အကျဉ်းသားဦးရေ ၄၀၀၀၀ ကျော်အနက် နေသား ၅၀ ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်းရှိ အကျဉ်းသား ၆၃၅၉ ဦးအား အောက်တိုဘာလ ၁၂ ရက်နေ့ (သီတင်းကျွတ်လပြည့်နေ့)မှ စတင်ပြီး လွတ်ငြိမ်းချမ်းသာ ခွင့်ပြုခဲ့ရာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရပြီး လွတ်မြောက်လာသူ ၂၀၀ ကျော်ထဲတွင် ကိုသူရ (ခ)ဇာဂနာ၊ ဗိုလ်ချုပ်ဆေထင်(SSPC ဥက္ကဋ္ဌ)၊ ကိုကိုကြီး (စမ်းချောင်း)၊ မစုစုနွေးတို့ ပါဝင်ခဲ့သည်။

နိုင်ငံတော်သမ္မတ၏ ပထမဆုံး လွတ်ငြိမ်းချမ်းသာခွင့်အဖြစ် ၂၀၁၁ ခုနှစ် မေလ ၁၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည့် အမိန့်ကြေညာချက်အရ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူအချို့ အပါအ၀င် အကျဉ်းသား ၁၄၆၀၀ ကျော် လွတ်ငြိမ်းချမ်းသာခွင့် ရခဲ့သည်။
     သတင်းရင်းမြစ်..news-eleven.com

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More