Monday, January 9, 2012

ရင်လေးဖွယ် ထောက်လှမ်းရေး အစီရင်ခံစာ

ကောင်းကင်ဘုံထောက်လှမ်းရေးတပ်ဖွဲ့ (Heaven Intellegence Bureau)
(ယမပြည်တွင်း ထောက်လှမ်းရေး အထူးအစီရင်ခံစာ)
Special Investigation Report On Republic Union Of YaMa

ယမပြည်၏ အနေအထားများသည် ယနေ့အခါ လွန်စွာ စိုးရိမ် ဖွယ်ကောင်းနေပါကြောင်း ပထမဦးစွာ စကားဦး ကြိုတင် အစီရင်ခံမှု ပြုရလတ္တံ့။

လွန်ခဲ့သော အတိတ်ကာလ တစ်ခုကို ပြန်လည် အစီရင်ခံရပါက ပုဂံသားတို့ စံပျော်ရာ ပုဂါရာမပြည်မှ ဗိုလ်ချုပ်ကြီး နေ၀င်း အမှူးပြုသော လူတစ်သိုက်တို့ ယမ ပြည်ထောင်စု သို့ရောက်ရှိကတည်းက ယမပြည်သည် လက်ဝဲ တရားများ ထွန်းကား နေသည်မှာ သိသာလွန်း ခဲ့ပါသည်။ သို့သော်လည်း ယမပြည်ထောင်စု အစိုးရ (YaMa Union Government) မှ အတင်းအကျပ် နှိပ်ကွပ်လွန်းသဖြင့်သာ လက်ဝဲ ၀ါဒီ တို့ ခေါင်းထောင် နိုင်စွမ်း မရှိခဲ့ပေ။ ယင်းနောက် ပုဂံသား မောင်မောင် ရောက်လာပြီးနောက် လက်ဝဲမကျ လက်ယာမကျ စစ်ဝါဒ ထွန်းကားမည်လောဟု မိမိတို့ ထောက်လှမ်းရေး တပ်ဖွဲ့ကြီးမှ သံသယ ပွားများခဲ့သော်လည်း ထိုအချိန်အခါများဆီက လွန်စွာမှ ငြိမ်သက်နေခဲ့လေသည်။ သို့သော်လည်း ယမအထွေထွေလုပ်သားများ ကောင်စီ (Labor Council Of YaMa Union)  အတွင်း ဆိုရှယ်လစ် သဘောတရားများ တိတ်တပုန်း ထွန်းကား လာခဲ့သည်မှာကား ငြင်းချက်ထုတ်ရန် မသင့်သော ထောက်လှမ်းရေး အစီရင်ခံချက်ပင် ဖြစ်ပါသည်။

ထို့နောက် မိမိတို့ ထောက်လှမ်းရေးတပ်ဖွဲ့များအား လှုပ်နှိုးလိုက်သော ကိစ္စရပ်များသည် ယနေ့ အချိန်တွင် ဆက်တိုက်ဆိုသလို ယမပြည်ထောင်စုအတွင်း ဇွတ်အတင်း ဖြစ်ပေါ်လာပါသည်။ လစ်ဗျား(ခေါ်) အနှီ ဖုန်းဆိုးတောလွင်ပြင်ဒေသမှ ဗိုလ်မှုးကြီးကဒါဖီ သည် ယမပြည်သို့ ရောက်ရှိ စာရင်းသွင်း နေထိုင်လျှက် ရှိသည်မှာ မကြာသေးချေ။ ယင်းရောက်ရှိလာပြီး ကတည်းကပင် ယမတပ်မတော် (YaMa Armed Forces) တစ်ရပ်လုံးသည် နေ့လား ညလား စိုးရိမ်ရသည့် အနေအထား ရောက်လာခဲ့ပြီး ယမပြည်ထောင်စုအစိုးရနှင့် ယမတပ်မတော် အကြားအငြင်းပွားဖွယ် သံသယများ တိုးတက် ဖြစ်ပေါ်လာအောင် ကြိုးပမ်းနေခဲ့သည့် လက်သည် တရားခံမှာ အဆိုပါ ဗိုလ်မှုးကြီး ကဒါဖီသာ ဖြစ်ကြောင်း ယမပြည်ထောင်စု၊ အထက်လွှတ်တော် (YaMa Senate) မှ တစ်ညီတစ်ညွတ်တည်း သတ်မှတ်ထားကြသည်။

ထို့နည်းတူစွာပင် မကြာသေးသော ကာလတစ်ခုအတွင်းဆီက ရှေးဂျိုဆောင်မြောက်ပိုင်းသား ကင်ဂျုံအီးလ် ဆိုသူ ယမပြည်ထောင်စုသို့ ရောက်ရှိလာပြီးနောက် ယမနည်းပညာတက္ကသိုလ် (YaMa Technological Institute) တွင် မာက့်ခ်ဝါဒ ဆိုင်ရာ ဟောပြောမှုများကို အလျှင်အမြန် ပြလုပ်လိုက်ကြောင်း သိရပါသည်။ သို့သော်လည်း ထိုနေ့က ဗိုလ်ချုပ်ကြီးနေ၀င်း နှင့် ကင်ဂျုံအီးလ် တို့ စင်မြင့်ထက်တွင် တစ်ဦး နှင့် တစ်ဦး အပြန်အလှန် ဆဲဆို နေကြသဖြင့် ဟောပြောပွဲ ပျက်ရသည်ဟု သတင်းရရှိပါသည်။

ယင်းသို့ အဖြစ်အပျက်များ နှင့် တစ်ပြိုင်နက်တည်းပင် ယမပြည်ထောင်စုကြီး အတွင်းတွင် အထွေထွေ သပိတ်ကြီးများ၊ ဆန္ဒပြမှုများ၊ တပ်တွင်းတော်လှန်မှုများ စသည်ဖြင့် ဖြစ်ပွားနေပြီး နောက်ဆုံး ရရှိသော သတင်းအနေဖြင့် ယမပြည်တွင်း ဆူပူအကြမ်းဖက်သူများက ယမပြည်ထောင်စုအစိုးရ၊ ယမပြည်ထဲရေးဝန်ကြီးဌာန (Ministry Of YaMa Affairs) ပိုင် ငရဲမီးများ သိုလှောင်ရာ ဂိုထောင်ကြီးများ အလျှံညီးညီး တောက်လောင်လျှက် ပေါက်ကွဲ ထွက်အောင် ဖောက်ခွဲ ပစ်လိုက်ခြင်း ဖြစ်သည်။ ယင်းဖြစ်ရပ်ကြောင့် ယခုအခါ ယမပြည်ထောင်စု အစိုးရသည် ငရဲမီးများ ဆီများကို အိမ်နီးချင်း နိုင်ငံ တစ်နိုင်ငံမှာ အကြီးအကြယ် မှာယူတင်သွင်းနေရကြောင်း လည်းသိရပါသည်။

သို့သော်လည်း ထူးခြား အခြေအနေတစ်ရပ် အနေဖြင့် လတ်တလော ဖြစ်ရပ်များကို တင်ပြရပါမူ -

(၁) အဒေါ့ဖ် ဟစ်တလာ၊ မူဆိုလီနီ၊ ဗိုလ်ချုပ်ကြီးတိုဂျို၊ ပိုပေါ့၊ မော်စီတုန်း၊ ဗိုလ်ချုပ်ကြီး နေ၀င်း၊ ဗိုလ်ချုပ်ကြီးစောမောင်၊ ဆာဒမ်ဟူစိန်၊ အိုစမာဘင်လာဒင်၊ ဗိုလ်မှုးကြီး ကဒါဖီ နှင့် ချစ်စွာသော ခေါင်းဆောင်ကြီး ကင်မ်ဂျုံအီးလ် တို့သည် ညနေခင်း အခါသမယတိုင်းတွင် ခေါင်းဆောင်ကြီး စတာလင် ၏နေအိမ်တွင် ကော်ဖီသောက်ရင်း ရှန်ပိန်လေးများ သောက်ရင်း စုစည်းလျှက် စည်းဝေးနေကြသည်ဟု အတိအကျ သတင်းရရှိထားခြင်းပင် ဖြစ်ပါသည်။
(၂) အတွင်းထောက်လှမ်းရေးများပြောဆိုမှုအရ ယမပြည်ထောင်စုအစိုးရကို ဖြုတ်ချပြီး ယမပြည်သူ့ဆိုဗီယက်ဆိုရှယ်လစ်ဒီမိုကရက်တစ်သမ္မတနိုင်ငံတော် (People Republic Soviet Socialist Democratic Union Of YaMa) အဖြစ် တည်ထောင်သွားရန် အစီအစဉ်မှာ ရာနှုန်းပြည့် သေချာ နေပြီ ဖြစ်ကြောင်း၊ သို့သော်လည်း အာဏာသိမ်းပိုက်ရေး နှင့် အာဏာလွှဲပြောင်းရေး ယမပြည်သူများအား ယုံလောက်အောင် ပြောဆိုနိုင်ရေး နှင့် ယမအစိုးရသစ်၏ ဂုဏ်သိက္ခာ ကောင်းမွန်ရေး၊ ယမအစိုးရ အဓွန့်ရှည် တည်တံ့ရေး တို့အတွက် အထူးစွမ်းဆောင်ရည် ကောင်းသော ပုဂံသား ဗိုလ်ချုပ်မှုးကြီး တစ်ဦး ရောက်မလာသေးပါကြောင်း၊ ယင်းသည် ယခု ခေါင်းဆောင်ကြီးများ အားလုံးထက် ပိုမို သာလွန် ကြောင်း၊ ယခု ထကြွကြမည် ဆိုပါက ယမတောင်ပိုင်း ယမမြောက်ပိုင်း ဟူလျှက် ကွဲပြားသွား နိုင်ပြီး ယမပြည်ကြီး အစိတ်စိတ် အမွှာမွှာ ကွဲပြားသွားနိုင်ကြောင်း၊ တစ်စု တစ်စည်းတည်း အုပ်မိ စည်းမိ ဖို့ရာအတွက် ယင်းပုဂံသား တပ်ချုပ်ကြီး ဆိုသူသည်သာ စွမ်း နိုင်ကြောင်း..သို့သော်လည်း ယင်းရောက်ရှိမလာသေးသဖြင့် စောင့်ဆိုင်းနေကြရပါကြောင်း သတင်းရရှိပါသည်။
ထိုသတင်းများကြောင့် ယမပြည်သူအမြောက်အမြားသည် ယမနိုင်ငံခြားရေးဝန်ကြီးဌာန (YaMa Ministry Of Foreign Affairs) တွင် ပြည်ပထွက်ခွာခွင့် များ လာရောက်လျှောက် ထားမှုနှုန်း လွန်စွာ မြင့်တက်လာနေကြောင်း၊ နယ်စပ် အသီးသီးမှ ထွက်ပြေးခိုလှုံခွင့် တောင်းလာသူများ များပြားလာနေကြောင်း၊ ယခင်လို မတည်ငြိမ်တော့ပါကြောင်း လေ့လာ တွေ့ရှိရပါသည်။ ထို့နည်းတူပင် ယမတက္ကသိုလ်(University Of YaMa) တွင်လည်း ပစ္စည်းမဲ့ လူတန်းစား ဆိုင်ရာ ဆန္ဒပြမှုများ ဆက်တိုက် ပြုလုပ်နေကြကြောင်း။ ထိုသို့သော အခြေအနေ အရပ်ရပ် မတည်မငြိမ် ဖြစ်ပေါ် နေချိန်တွင် ယမတပ်မတော် မှ တိုင်းပြည်၏ ယိုယွင်း နေသော အခြေအနေအား လက်မတင်လေး ကယ်တင်ရလိမ့်မည်ဟု တစ်ဖွဖွ ပြောဆိုနေသည်များကိုလည်း ကြားရပါကြောင်း။ တိုင်းပြည်ကို မည်သို့မျှ ကွဲစေလိမ့် မည်မဟုတ် နိုင်ငံရေးသမားမျး အလုပ်မလုပ်ကြဟု ယမတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မရဏ မှ ပြောကြားသွားခဲ့ပါသည်။

ယမပြည်တွင်း မတည်ငြိမ်မှုများ သည် ကင်မ်ဂျုံအီးလ် ရောက်ရှိလာပြီးမှ ပိုမို ဆိုးရွားလာပါကြောင်း။ ယခုပင် ထိုမျှ ဖြစ်နေလျှင် ပုဂံသားတပ်ချုပ် ရောက်လာပါက ပိုမိုဆိုးရွားနိုင်ပါကြောင်း။ ယမ အရာရှိ များ၏ ဗျူရိုကရက်ဆန်သော အဂတိလိုက်စားမှုများ ကို ဖော်ထုတ်နေသည့် ယမအထူးစုံစမ်းစစ်ဆေးရေးဌာန (YaMa Special Investigation Bureau) အနေဖြင့် တိုင်ကြားမှုပေါင်း၊ စစ်ဆေး အရေးယူမှုပေါင်း (တစ်သောင်းခြောက်ထောင်) တိတိ ဖြစ်နေပြီ ဖြစ်ကြောင်း ထုတ်ပြန် ကြေငြာထားသည်။

သို့သော်လည်း ယခုကဲ့သို့ ယမပြည်ထောင်စုကြီး အခြေအနေအရပ်ရပ်ကို အချိန်မှီ ပြန်လည် ထိမ်းသိမ်း နိုင်မည်ဟု မိမိကတိပေးကြောင်း ယမပြည်ထောင်စု ၀န်ကြီးချုပ် ၀င်စတန် ချာချီလ် နှင့် ယမပြည်ထောင်စုအထက်လွှတ်တော် ဥက္ကဌ ဂျွန်အက်ဖ် ကနေဒီ နှင့် အောက်လွှတ်တော် ဥက္ကဌ ဦးနု တို့မှ ကတိပေး စကားပြောကြားထားသည်။ ယမဘက်မလိုက်ကောင်စီ အနေဖြင့်လည်း ထိမ်းသိမ်းသွားမည် ဖြစ်ကြောင်း ဥက္ကဌ ဂျဝါဟာလာနေရူး မှ ပြောကြားလိုက်သည်။

ထို့ကြောင့် ယခု လက်ရှိ ယမပြည်ထောင်စု အနေအထားအား မည်သို့ ဆောင်ရွက် ရမည်ကို ကောင်းကင်ဘုံ ယမပြည် ဆိုင်ရာ အထွေထွေ ညှိနှိုင်းကွက်ကဲရေးကောင်စီ (အဆင့်မြင့်အာဏာပိုင်အဖွဲ့) အနေဖြင့် တစ်စုံတစ်ရာသော မူဝါဒ များကို သုံးသပ်သင့်ပါကြောင်း တင်ပြအပ်ပါသည်။

အမိန့်အရ
ဗိုလ်ချုပ်ကြီး မာတလိ
ထောက်လှမ်းရေးမှုးချုပ် (ကောင်းကင်ဘုံ)
                                                                 လေပြေစိုး(facebook) ထံမှ ကူးယူဖော်ပြပါသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More