Tuesday, January 10, 2012
မြန်မာ့ဒီမိုကရေစီရေး ဘတ်ဂျက် (မောင်ဝံသ)
ပြည်သူ့ခေတ်ဂျာနယ် ယခုအပတ်ထုတ်မှာ ဖော်ပြခဲ့တဲ့ ပြောချင်လွန်းလို့ / မောင်ဝံသ ဆောင်းပါး။
  • မြန်မာ့ဒီမိုကရေစီရေး ဘတ်ဂျက်
ဒီစာရေးနေချိန်ဟာ  ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၃ ရက်နေ့ဆိုတော့ ခရစ်နှစ် ပြက္ခဒိန်အရ တစ်နှစ်ဟောင်းလို့ တစ်နှစ်ပြောင်းသွားခဲ့ပြီဖြစ်တဲ့ နှစ်သစ်ရဲ့ အစ ပထမသီတင်းပတ်တွင်းဖြစ်တယ်ဗျ။
    နိုင်ငံတိုင်း အဖွဲ့အစည်းတိုင်းမှာ အင်္ဂလိပ်လို ဘတ်ဂျက်လို့ခေါ်ကြတဲ့ ၀င်ငွေ ထွက်ငွေစာရင်းတစ်ခု ရှိကြမြဲဖြစ်တယ်။ ဘဏ္ဍာနှစ်လို့ သတ်မှတ်ထား တဲ့ကာလတစ်ခုအတွင်း ၀င်ငွေဘက်က ဘာတွေရှိခဲ့တယ်။ ထွက်ငွေဘက်က ဘာတွေရှိခဲ့တယ်။ ၀င်ငွေနဲ့ထွက်ငွေ သို့မဟုတ် ရငွေနဲ့ သုံးငွေကို ခြားနား ကြည့်လိုက်တဲ့အခါ ၀င်ငွေက များသလား သို့မဟုတ် ထွက်ငွေက များသလား ၀င်ငွေက ထွက်ငွေထက် ပိုနေတယ်ဆို ရင် ဘတ်ဂျက်ပိုငွေပြတယ်။ ထွက်ငွေက ၀င်ငွေထက် ပိုနေတယ်ဆိုရင် ဘတ်ဂျက်လိုငွေပြတယ်။ အဲသလို သတ်မှတ်ကြတယ်ဗျ။
    ဘတ်ဂျက် ပိုငွေပြနေတယ်ဆိုရင် လာမယ့်ဘတ်ဂျက်အသစ်မှာ ပြည်သူ့ အကျိုးပြုလုပ်ငန်းတွေမှာ ဘယ်လိုဘယ်လောက်တိုးပြီး သုံးစွဲမလဲ။ ဘတ်ဂျက် လိုငွေပြနေ တယ်ဆိုရင် ဘယ်ကဏ္ဍတွေက ဘာကြောင့်ပြနေတာလဲ။ လိုငွေပြတဲ့ ပမာဏ ဟာ ကျိုးကြောင်းဆီလျော်မှုရှိရဲ့လား။ လိုငွေ ပမာဏက ဖြစ်သင့်ဖြစ်ထိုက် တာထက် သိပ်ကြီးနေသလား။ အဲသလိုဖြစ်နေရင် လာမယ့်ဘတ်ဂျက်အသစ်မှာ လိုငွေလျှော့ချနိုင်အောင် ဘယ်လိုလုပ်မလဲ စသဖြင့် စဉ်းစားသုံးသပ်ပြီး မိမိနိုင်ငံ မိမိအဖွဲ့အစည်း တည်တည်ငြိမ်ငြိမ်နဲ့ ရှေ့ခရီးဆက်နိုင်ဖို့အရေး မိမိတို့ရဲ့ ငွေကြေး မူဝါဒတွေကို ပြောင်းလဲသင့်တာ ပြောင်းလဲ၊ ဖြည့်စွက်သင့်တာ ဖြည့်စွက်၊ ပယ်ဖျက်သင့်တာ ပယ်ဖျက်လုပ်ကြ ရတာ ဖြစ်တယ်ဗျ။
အပေါင်းလက္ခဏာ အနှုတ်လက္ခဏာ
    ကျွန်တော်ကလည်း နှစ်သစ်ရဲ့ အစပထမနေ့မှာ ကုန်လွန်သွားခဲ့ပြီဖြစ်တဲ့ ၂၀၁၁ ခုနှစ်ရဲ့ ဒီမိုကရေစီဘတ်ဂျက်ကို ဆွဲကြည့်နေမိတယ်ဗျ။ မြန်မာပြည်သူတွေ နှစ်ပေါင်းများစွာလိုလားတောင့်တနေခဲ့ကြတဲ့ လွတ်လပ်ခွင့်၊ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ဒီမိုကရေစီရေး မျှော်မှန်းချက်တွေ ပြီးခဲ့တဲ့နှစ်အတွင်း ဘယ်လောက်ရရှိလာခဲ့ကြသလဲ သို့မဟုတ် ရရှိဖို့အလားအလာတွေ ဘယ်လောက်လင်းလက် တောက်ပ လာခဲ့ကြသလဲဆိုတာတွေကို ဆန်းစစ် လေ့လာသုံးသပ်ပြီး ရလာခဲ့သမျှ အရာတွေကို အပေါင်းလက္ခဏာအဖြစ် ဘတ်ဂျက်ဇယားရဲ့ ၀င်ငွေဘက်အခြမ်းမှာ စာရင်းသွင်း၊ ဆုံးရှုံးသွားခဲ့တဲ့ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီ အခွင့်အရေးတွေနဲ့ ပြည်သူတွေမျှော်မှန်းထား သလောက် ရမလာ ကြသေးတဲ့ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီအခွင့်အရေးတွေကို အနုတ်လက္ခဏာအဖြစ် ဇယားရဲ့ထွက်ငွေဘက်အခြမ်းမှာ စာရင်းသွင်းပြီး ၂၀၁၁ ခုနှစ် မြန်မာ့ဒီမိုကရေစီ ဘတ်ဂျက်ကို ဆွဲကြည့်မိတာ ဖြစ်တယ်ဗျ။
သမ္မတမိန့်ခွန်းနဲ့ဖိတ်ခေါ်ချက်
မြစ်ဆုံစီမံကိန်း ရပ်လိုက်တာ
    ၂၀၀၈ အခြေခံဥပဒေကိုရော ၂၀၁၀ ရွေးကောက်ပွဲကိုပါ ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ကြသူတွေ အပါအ၀င် မြန်မာပြည်သူ လူထု အများစုကြီး သမ္မတမိန့်ခွန်းကြောင့် ရှော့ခ်ရနေကြတုန်း ၀င်ငွေစာရင်းထဲ နောက်ထပ် ၀င်လာတဲ့ ငွေအလုံးအရင်းကြီးတစ်ခုကတော့ ဧရာဝတီမြစ်ဆုံရေကာတာ စိမံကိန်း ရပ်ဆိုင်းလိုက်တဲ့ကိစ္စ ဖြစ်တယ်ဗျ။ အဲဒီနောက် တစ်ဆက်တည်းလိုလို သမ္မတအိမ်တော်က လွတ်လပ် ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံရှေ့မှာ သမ္မတကြီးနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ယှဉ်တွဲရပ်နေကြတဲ့ ဓာတ်ပုံ သတင်းစာမှာပါလာတော့ ဒီမိုကရေစီဝင်ငွေစာရင်းဟာ အတော်လေး စို့စို့ပို့ပို့ဖြစ်သွားခဲ့တယ်လို့ ဆိုရမယ်ဗျ။
စီးပွားရေးပြုပြင်ပြောင်းလဲမှု
    ဒါတွေတင်မကသေးဘူးဗျ။ အငြိမ်းစား လစာတွေကို သိသိသာသာ တိုးမြှင့်ပေးလိုက်တာ၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး အစီအမံတွေ ချမှတ် အကောင်အထည် ဖော်လာတာ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒတွေ ပြင်ဆင် ပြောင်းလဲပေးတာ စတဲ့ စီးပွားရေးကဏ္ဍက ပြုပြင် ပြောင်းလဲမှုတွေ၊ ယုံကြည် ချက်ကြောင့် အကျဉ်းချထားခြင်းခံနေရသူတချိုက ပြန်လည်လွတ်မြောက် လာတာ၊ ၉၀ ရွေးကောက်ပွဲမှာ ထောက်ခံမဲတွေ တောင်ပြိုကမ်းပြိုရပြီး အနိုင်ရရှိခဲ့တဲ့ NLD ဒီချုပ်ပါတီ တရားဝင်နိုင်ငံရေး ရေစီးကြောင်းထဲ ပြန်လည်ဝင်ရောက်လာနိုင်တာ၊ ပါတီကြီးတစ်ခုက အများစု အသာစီး အနေအထား ရထားတာမှန်ပေမယ့် ၂၀၁၀ ရွေးကောက်ပွဲက ပေါ်ထွက်လာတဲ့ လွှတ်တော်တွေမှာ ဒီမိုကရေစီအသွင် သရုပ်တွေ တရွေ့ရွေ့ တိုးပြီး တွေ့လာရတာ၊ ငြိမ်းချမ်းစွာစုဝေးဆန္ဒပြခွင့်၊ အသင်းအပင်းဖွဲ့စည်းခွင့် ဥပဒေတွေ ပေါ်ထွက် လာတာ စတဲ့ နိုင်ငံရေးကဏ္ဍက ပြုပြင်ပြောင်းလဲမှုတွေ၊ ပုဂ္ဂလိက ကျောင်းတည်ထောင်ခွင့် ဥပဒေကို ပညာရေးကဏ္ဍက ပြုပြင်ပြောင်းလဲ မှုတွေဟာ ၀င်ငွေစာရင်းထဲ မလွဲမသွေ ထည့်သွင်းရမယ့်ကိစ္စတွေ ဖြစ်တယ်ဗျ။
    ဒါ့အပြင် အကျဉ်းကျခံနေရဆဲ ကျောင်းသားခေါင်းဆောင်တစ်ဦးရဲ့ မွေးနေ့ အပါအ၀င် ငြိမ်းချမ်းတဲ့လှုပ်ရှားမှုတွေကို အင်အားစုအချို့က ဖော်ဆောင်တဲ့အခါ အနှောင့်အယှက်အဟန့်အတား ကင်းကင်းလုပ်ဆောင်နိုင်ခဲ့တာတွေဟာလည်း ဒီမိုကရေစီ ဘတ်ဂျက် ရဲ့ ၀င်ငွေတွေပဲ ဖြစ်တယ်ဗျ။
အတန်အသင့် စာပေလွတ်လပ်ခွင့်
    ရာစုတစ်ဝက်ကျော်ကာလအတွင်း မြန်မာနိုင်ငံရဲ့ နိုင်ငံတကာ ဆက်ဆံရေးမှာ စာမျက်နှာသစ် ဖွင့်လှစ်ခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီကလင်တန်ရဲ့ မြန်မာပြည်အလည်အပတ်ခရီးဟာလည်း မြန်မာ့ဒီမိုကရေစီ ဘတ်ဂျက်အတွက် ပမာဏမသေးတဲ့ ၀င်ငွေ တစ်ရပ် ဖြစ်တယ်ဗျ။
    ၂၀၁၁ မြန်မာ့ဒီမိုကရေစီဘတ်ဂျက်ရဲ့ ၀င်ငွေစာရင်းထဲ နောက်ဆုံးဝင်လာ တာကတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးတို့ ရင်းနှီးခင်မင်စွာ တွေ့ဆုံစကားပြောခဲ့ကြတာနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဦးဆောင်ပြုလည်တဲ့ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများအတွက် ပညာရေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲကြီး အောင်မြင်စွာ ကျင်းပပြီးစီးသွားခဲ့တာပဲ ဖြစ်တယ်ဗျ။
ထွက်ငွေ ပမာဏကြီးမား
    ၂၀၁၁ မြန်မာ့ဒီမိုကရေစီဘတ်ဂျက်ရဲ့ ထွက်ငွေအကြောင်း ပြောကြစို့ဆိုရင် ၀င်ငွေဘက်အခြမ်းလို ခေါင်းစဉ်ငယ်လေးတွေ များများ စားစား မရှိဘဲ ခေါင်းစဉ်သုံးလေးခုလောက်သာ ရှိပေမယ့် အဲဒီခေါင်းစဉ်တွေရဲ့ ငွေလုံး ငွေရင်းပမာဏကတော့ ကြီးမားတယ်လို့ ဆိုရမှာ ဖြစ်တယ်ဗျ။
    ပထမဆုံးကိစ္စက ငြိမ်းချမ်းရေးကိစ္စဖြစ်တယ်ဗျာ။ နိုင်ငံလွတ်လပ်ရေး ရချိန်ကစလို့ ကြားလာခဲ့ကြတဲ့ ပြည်တွင်းစစ်သေနတ်သံတွေဟာ အခုအထိ မစဲနိုင်သေးတဲ့အပြင် တချို့ဒေသတွေမှာ ပိုလို့တောင်ဆူညံလာခဲ့တယ်ဗျ။ နိုင်ငံတော် သမ္မတက ကာကွယ်ရေး ဦးစီးချုပ်ထံ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ရပ်ဆိုင်းထားဖို့ ညွှန်ကြားချက်ပေးပို့လိုက်ပြီဆိုပေမယ့် သက်ဆိုင်ရာဒေသမှာ ကျယ်လောင်တဲ့ သေနတ်သံတွေ ဆက်ကြားနေရဆဲဖြစ်တယ်ဆိုတဲ့ အခြေအနေ က ထွက်ငွေရပ်သွားအောင် မလုပ်နိုင်သေးဘူးဆိုတာကို ပြသနေတယ်ဗျာ။
ထင်သာထင် မ၀င်ဘူး
    ယုံကြည်ချက်အကျဉ်းသားကိစ္စမှာလည်း ထင်ရှားတဲ့ အကျဉ်းသား အများအပြား ထောင်တွေထဲမှာ ဆက်ရှိနေခဲ့တာ၊ ယုံကြည်ချက်ကြောင့် အကျဉ်းချထားခြင်းခံနေရသူတွေ ရှိနေတယ်ဆိုတာကိုတောင် နိုင်ငံတော်အစိုးရ က အပြောမခံတာတွေဟာလည်း ဘတ်ဂျက်မှာ ထွက်ငွေအဖြစ် မဖြစ်မနေ ထည့်သွင်းဖော်ပြရမယ့်ကိစ္စတွေ ဖြစ်တယ်ဗျ။
    ၂၀၁၂ခု လွတ်လပ်ရေးနေ့နဲ့ ပြည်ထောင်စုနေ့ နေ့ထူးနေ့မြတ် အခါ သမယများမှာ နိုင်ငံရေးအကျဉ်းသားများကို တစ်သုတ်ပြီးတစ်သုတ် လွှတ်ပေးလိမ့်မယ်ဆိုတဲ့ မှန်းဆချက်များ တာဝန်ရှိသူအချို့ရဲ့ နှုတ်က ထွက်လာခဲ့လို့ မျှော်လင့်ခဲ့ကြပေမယ့် ]]ထင်သာထင် မ၀င်ဘူးကျောင်းအစ်မရေ}} ဖြစ်ခဲ့တယ်ဗျာ။
ကျောင်းကနှင် တရားပွဲပိတ်
    ဒါ့အပြင် ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြခွင့်နဲ့ အသင်းအပင်းဖွဲ့စည်းခွင့်တွေ စာရွက်ပေါ်မှာပဲ ရှိနေသေးတာနဲ့ ဒီမိုကရေစီ အခမ်းအနားများကို လက်ခံကျင်းပ ခွင့်ပြုခဲ့တဲ့ ဆရာတော်တစ်ပါး မြင်းမြီးဆွဲမောင်ဆန်လို ဆိုဆုံးမရခက်ခဲသူအဖြစ် သတ်မှတ်ပြီး ကျောင်းထဲက ဖယ်ရှား ပေးဖို့ တောင်းဆိုခြင်းခံခဲ့ရတာ၊ ဓမ္မ ကထိကပေါင်းများစွာတို့ အကြိမ်ကြိမ် ဟောကြားခဲ့ဖူးတဲ့ ဘုရားဟော တရား တော်တစ်ပုဒ်ကို ဟောပြောမိခဲ့လို့ တရားနာ ပရိသတ် အင်အား ခိုင်မာ တောင့်တင်းလှတဲ့ ဓမ္မကထိကဆရာတော်တစ်ပါး တရားဟောခွင့် ပိတ်ပင် ခံခဲ့ရတာတွေကလည်း ၂၀၁၁ မြန်မာ့ဒီမိုကရေစီ ဘတ်ဂျက်ရဲ့ ထွက်ငွေစာရင်းထဲ ထည့်သွင်းရမယ့် ခေါင်းစဉ်များဖြစ်ကြောင်းပါဗျာ။
    ထွက်ငွေတွေများမလာဖို့နဲ့ လိုငွေပြဘတ်ဂျက်မဖြစ်ဖို့လည်း ဆုတောင်း နေရကြောင်းပါဗျ။
၀၃ ၀၁ ၂၀၁၁
maungwuntha@gmail.com
0 comments:
Post a Comment
Twitter Delicious Facebook Digg Stumbleupon Favorites More