Wednesday, January 25, 2012

`တာမီနယ်စိုး´

by Soe Min on Sunday, January 22, 2012 at 11:56am
          မိုးပေါ်မှာ ပျံတဲ့ယာဉ်ကို လူ့ပြည်က ပထမဆုံးပိုင်တာဟာ ဒဿဂီရိကြီးဖြစ်မလား မသိပါဘူး။ ပန်းမြိုင်လယ်ယိုးဒယားထဲမှာ “ညာနန်းနတ်ကယ်သွင် လေယာဉ်ပျံ တိမ်ယံတောင်စွယ် မိုးလယ်ဝေယံဖျား” လို့ ပါတယ်။ ဘုန်းများများမင်း ပတ်ပျိုးထဲမှာလည်း “သိင်္ဃိုမျက်မှန် ရထားလေယာဉ်ပျံနှင့် ကြံဆောင်လေခင်း” လို့ပါတယ်။ တို့မြန်မာတွေက ရိုက်ညီနောင် မမွေးခင်ကတည်းက ပါးစပ်နဲ့တော့ လေယာဉ်ပျံတီထွင်ခဲ့ပြီးသားပါကွယ်။ နောက် တို့များ သူဌေးဖြစ်တော့မှ ဒဿဂီရိအဲယားလိုင်းဆိုပြီး ကုမ္ပဏီထောင်ရမယ်။ ရှယ်ယာထည့်ကြဖို့သာ ပြင်ထား။ ပြောမယ့်သာပြောနေတာ တကယ်တမ်းကျတော့ ကိုယ်တောင် အသက်လေးဆယ်နားနီးမှ လေယာဉ်ပျံ စ စီးဖူးတာ။ ငယ်ငယ်တုန်းကဆို မြင်တောင် မမြင်ဖူးလို့ ဦးလေးလုပ်သူက မင်္ဂလာဒုံလေဆိပ် လိုက်ပြရတယ်။ မိုးပေါ်မှာ လေယာဉ်ပျံသွားတာတွေ့ရင် ရဟန္တာ ဈာန်ပျံတာကြနေတာပဲ။ ဟယ် ဟိုမှာ ကြည့်စမ်း လိန်ပျံကြီး လိန်ပျံကြီးနဲ့။ နေရင်းထိုင်ရင်း အကောင်းကြီးကနေ ဘယ်လိုဖြစ်ပြီး စကားတွေ မိုးပေါ်ကမဆင်းသလဲဆိုတော့ စိတ်နာလွန်းလို့။ ဒင်းတို့ကို။ အခု ကာလကတ္တားလေဆိပ်ထဲမှာ ၂၄ နာရီနီးပါး ငုတ်တုတ်မိုးလင်းနေရလို့။ ဖလိုက်ကင်ဆာဖြစ်သတဲ့လေ။ လေယာဉ်ပေါ်တက်ထိုင်၊ စက်နှိုးပြီးမှ ပြန်ဆင်းရတာ။ တော်သေးရဲ့ မိုးပေါ်ရောက်မှ ပြန်မဆင်းခိုင်းတာ။ အပြင်လည်း ပြန်ပေးမထွက်၊ ချော့မော့ပြီး လာကျွေးတာတွေကလည်း ဘာတွေမှန်းမသိ။ စုတ်ပဲ့ချက်အေ။ ရန်တွေ့တာကတော့ ကိုယ်တောင်မလိုဘူး။ သိတဲ့အတိုင်း သူတို့အမျိုးတွေ ကျားကိုက်နေကြတာ ကြွက်ကြွက်ကိုညံလို့။ လျော်ကြေးတောင်းမယ်။ တရားစွဲမယ် တကဲကဲပဲ။ ကိုယ်ကတော့ လေသံတောင် မဟရဲပါဘူး။ တော်ကြာ ရုံးချိန်းတွေ ပြည့်အောင် ဆက်နေရမှ အခက်။ အင်တာနက်လည်း သုံးလို့မရ။ တစ်ညလုံး မအိပ်ရလို့ လူလည်းကျိုးနေပေါ့။ မနက် ၃နာရီခွဲထွက်ဖို့ ညသန်းခေါင်ကတည်းက ကွင်းချိန်းခေါ်ထားတဲ့အခါ ကားငှားမရမှာစိုးလို့ ကိုးနာရီကတည်းက ထွက်လာရတယ်ရော။ Terminal ထဲက Tom Hank ကြီးကျနေတာပဲ။ ဘယ်လေယာဉ်မယ် လိုက်ကြောင်ရမလဲ ကျီးကန်းတောင်းမှောက် ဖြစ်နေတယ်။ အဲလောက်မှ မပါးရင် သူများကလည်း ဘယ်ကုလားလုပ်ပါ့မလဲ။ မိန်းကလေးတွေ ဘယ်နားပျောက်နေမှန်းတောင် မသိရဘူး။ ကိုယ်နဲ့ လေယာဉ်ပျံနဲ့က ဘယ်လိုဝဋ်ကြွေးများရှိတယ် မပြောတတ်ဘူး။ အဆင်မပြေတာများတယ်။ လောက်ကိုင်ကအပြန် လားရှိုးက အဲမန်းလေး လက်မှတ်ဝယ်ထားတုန်းကလည်း ၀ယ်သာမကောင်းလို့ ကင်ဆာဖြစ်တယ်။ ဘူတန်ကနေ ပထမတစ်ခေါက် ဘန်ကောက်သွားလည်တုန်းကလည်း နာရီအဖတ်မှားလို့ လေယာဉ်လွတ်သွားတယ်။ မြန်မာပြည်ကနေ မိသားစုလိုက် ဘန်ကောက်လည်တုန်းကလည်း စာရွက်မစုံလို့ဆို ဖြုတ်ချထားခဲ့တယ်။ လေယာဉ်လက်မှတ်ဆုံးတာလည်း သုံးလေးခါမက ရှိနေပြီ။ ထုံးစံမရှိဘူးချည့် အပြောခံရတယ်။ မသေလို့တွေ့သေးရ ကံကောင်းတယ်လို့မှတ်ဦးလို့ သဘောထားရမလို ဖြစ်နေတယ်။ ဒီလိုနဲ့ ဒီတခေါက်တော့ အားအားယားယား လေယာဉ်ပျံသွား လေလား ရေးလိုက်မယ်ဗျို့။ like လုပ်တဲ့သူကို စိတ်ဆိုးမှာပဲ။
          သူများနိုင်ငံမှာ လေယာဉ်လက်မှတ်ဝယ်ရတာလေ ပိုက်ဆံလည်း တနင့်တပိုးပေးရသေးတယ်။ ဗီဇာပါမှရောင်းမယ်။ အသွားအပြန်ဝယ်မှ ရောင်းမယ်။ ဈေးတွေကလည်း ဒီနေ့မနက်ဖြန် မပြောနဲ့ နှစ်ယောက်သုံးယောက်လောက် ထပ်ရောင်းပြီးရင် အချိုးက တစ်မျိုးပြောင်းသွားပြီ။ ဘယ်လို နားလည်ရမှန်းတောင် မသိတော့ဘူး။ ဘယ်သူမှလည်း အလကားမစီးပဲနဲ့ သိပ် စီးစီးပိုးပိုးနိုင်တာပဲ။ သူတို့ဘက်က အသာမရရင် လေတောင် မခ၊ွန်ကြတဲ့ဟာတွေ။ ငါကပဲ အ သလား နင်ကပဲ ချသလား အိုဘယ် မနှင်းဆီရေ ပေါ့။ ဘူတန်ကို စသွားသွားချင်းတုန်းကလည်း Bangkok Transit မနက်ငါးနာရီ သတင်းပို့ဖို့ကို မြန်မာလေယာဉ်က ညနေသုံးနာရီကတည်းက ပို့လိုက်တော့ သုဝဏ္ဏဘူမိထဲမှာ တစ်ဖွဲ့လုံး ငုတ်တုတ်မိုးလင်းကြရတယ်။ အဲဒါမျိုးကတော့ လင်းစမ်းပါစေလေ။ မွှေလိုက်နှောက်လိုက် လျှောက်လိုက်ကြည့်လိုက်နဲ့ ဟန်ကိုကျလို့။ ခုဟာက သူတို့လေဆိပ်က ဘူတာရုံကြီးနဲ့တူပါတယ်ဆိုနေမှ။ ဘူတာရုံတောင်မှ ဘာတွေအပြည့်နဲ့ ဘူတာရုံလည်း မြင်ယောင်ကြည့်လိုက်။ သနားစရာ ဘယ်လောက်ကောင်းသလဲ။ ကိုယ်လိုကင်ဆာမိတဲ့သူတွေတင် လေးငါးဆယ်မကတော့ အိမ်သာလေးတစ်လုံးတည်းနဲ့ ဒုက္ခကို ရောက်နေကြတာ။
          ကောင်းတာတွေကော မရှိလို့လားဆိုရင်တော့ ဂရေဟမ်ဘဲကြီးလည်း ကျေးဇူးမတင်ဘူး။ ရိုက်ညီနောင်လည်း ကျေးဇူးမတင်ဘူး။ လေယာဉ်မယ်ခန့်တဲ့အခါ လှတပတလေးတွေ ရွေးခန့်ရမယ်လို့ အကြံပေးသွားတဲ့သူကို ကျေးဇူးလည်း အထူးတင်ပဲ။ သေရင်တောင် မျက်စိနဲ့ ရိက္ခာယူသွားလို့ရအောင် ထင်ပါရဲ့။ သံရုံးမှာခင်တဲ့ သူငယ်ချင်းလေယာဉ်မယ်တွေဆို အကုန်လုံး စမတ်ကိုဂွမ်လို့။ ယောင်္ကျားလေးပေါင်း ပေါင်းလို့ရတယ်။ သူတို့ဆီက ပြန်သင်ရတာတွေတောင် အများကြီး။ လေယာဉ်ကပ္ပိတိန်တွေကျတော့ မသိဘူးလားဆိုရင် သူတို့မိတ်ဆက်ပေးလို့ ကာလကတ္တားက မြန်မာကပ္ပိတိန်နှစ်ယောက်တောင်သိသေးတယ်။ သူငယ်ချင်းမကြီးရဲ့ နှုတ်၏စောင်မခြင်းနဲ့ သူတို့လည်း တခါမှ မမြင်ဖူးပဲနဲ့ လေဆိပ်လာကြို၊ အပြန်လက်မှတ်စီစဉ်ပေး။ အိမ်တောင်လိုက်ပေးတည်းသေးတယ်။ ကာလကတ္တားပါးဝလာတာ သူတို့ကျေးဇူးပဲ။ တိုးရှဲ့ တိုးရှဲ့။ အခုတစ်ခေါက်လာတော့ နှစ်ယောက်စလုံး ပြည်တော်ပြန်သွားပြီ။ မတွေ့လိုက်ရဘူး။ လေယာဉ်ပျံကို စိတ်နာတဲ့ထဲမှာ သူတို့လည်းပါမလားမသိဘူး။ လခတွေ မှန်မှန်မပေးဘူးဆိုပဲ။ ဒီလိုအဖြစ်အပျက်မျိုးတွေက အိန္ဒိယမှာ မဆန်းဘူးတဲ့။
          ဒီမှာ လေယာဉ်လက်မှတ်ဈေးတွေ တစ်မျိုးဖြစ်နေတာကတော့ ငယ်ငယ်တုန်းက ပွဲဈေးတန်းမှာ ရဟတ်စီးဖူးလို့ရှိရင် သဘောပေါက်လာလိမ့်မယ်။ တခါတခါ လေးယောက်ခုံမှာ သုံးယောက်ပဲရှိတယ်။ ဒီအတိုင်းလွှတ်ပေးလိုက်ရင် ၀ိတ်မငြိမ်တော့ ရမ်းလိမ့်မယ်။ တစ်ယောက်တည်းဘက်ပဲ့တဲ့သူက ရှာမရဘူး။ အနားတွေ့တဲ့ အရွယ်တော် ကလေးတစ်ကောင်လောက် လှမ်းခေါ်ပြီး တ၀က်ဈေးရရ။ အလကားစီးစီး ပေးစီးလိုက်တာ။ နောက်တစ်ခေါက်မြန်မြန်လှည့်လို့ရမှ ပိုက်ဆံများများကျန်မှာလေ။ လေယာဉ်လက်မှတ်လည်း အဲဒီသဘောပေါ့။ တော်သေးရဲ့ ကိုယ့်ပြည်တွင်းက လေယာဉ်တွေ အဲလို မဟုတ်လို့။ ကိုယ်မ၀ယ်ချင်ပဲနဲ့ အသွားအပြန်လက်မှတ်အတင်းဝယ်ခိုင်းပြီး အပြန်ကျ မစီးဖြစ်ရင် ပိုက်ဆံပြန်မအမ်းတာကတော့ သက်သက်အနိုင်ကျင့်သလိုပဲ။ ရန်ကုန် -စစ်တွေကားခကို လမ်းတစ်လျှောက် ပဲခူးထိပဲစီးစီး၊ အမ်းကပဲ ဖြတ်စီးစီး အတူတူပဲ ပေးရတာမျိုးဖြစ်မှာပဲ။ အဲဒါကြီးကတော့ ရင်ခံတယ်။ အစာမကြေဘူး။ ဒီနေ့လို အဖြစ်မျိုးဆို သူတို့ချင်း ထသတ်တော့မလောက်ပဲ။ ချိတ်ချိတ်ချင်းတွေ တွေ့ကုန်တာလေ။
          ဟိုးကမ္ဘာအနောက်ခြမ်းကိုသွားတဲ့ နေကုန်မောင်း လေယာဉ်ကြီးတွေတော့ မစီးဖူးပါဘူး။ နီးနီးနားနားလေးတွေတော့ ဟိုလိုင်းဒီလိုင်းစီးဖူးတယ်။ လေယာဉ်မယ်လေးတွေလှတယ်ဆိုတာ တကယ်တော့ ပိုက်ဆံယူလို့ကောင်းအောင် သကာလောင်းထားတာနေမှာ။ တချို့တွေက service ကောင်းပြီး တချို့ကတော့ သိပ်မစွံပါဘူး။ အိန္ဒိယက လေယာဉ်မယ်ကလေးတွေကတော့ ဆာရီလှလှလေးတွေကို ခေါက်ရိုးကလေးပြားနေအောင် ချပ်ချပ်ရပ်ရပ် ၀တ်ထားပြီး သူတို့အဓိကထားတဲ့နေရာက စူပုံပုံ ဗိုက်ခေါက်ကလေးတွေ ဖြစ်ပုံရတယ်။ ပိန်ချင်သလောက်ပိန် ဗိုက်ခေါက်ကလေးတော့မွေးထားမှ လှတယ်လို့ ထင်နေကြတာလားမသိ။ ဗိုက်ခေါက် မပေါ်မှာစိုးလို့ ခါးကဆာရီတောင်မှ ချက်ပြုတ်မှ တော်တော် ချက်ပြုတ် ၀တ်ကြတာ။ ရယ်စရာကောင်းတာကတော့ တခြားလေယာဉ်တွေလို ဘာကျွေးမယ် ညာကျွေးမယ် ဘာစားမလဲ ဘာသောက်မလဲ လိုက်မမေးပဲ လှည်းတစ်စီးပေါ်ဆန့်သလောက်တင်ပြီး မီနူးတစ်အုပ်နဲ့ တစ်ခုံချင်းတွန်းပြီး လိုက်ရောင်းရရှာတယ်။ ဂိုက်ပဲ့လိုက်ပုံများ။ စားစရာရောင်းပြီးရင် တိုလီမိုလီအခွန်လွတ်ဈေးလက်ဆောင်တွေနဲ့ ကံစမ်းမဲထီကို လိုက်ရှင်းပြပြီး တစ်ခါရောင်းရပြန်ရော။ သိတဲ့အတိုင်း လေယာဉ်မယ်ကလေးလှပြီဆိုရင် ဟိုခုံက ဘဲတီးခေါ် ဒီခုံကဘဲတီးခေါ်နဲ့။ ဟိုဟာတွေဒီဟာတွေ ၀တ်ပြ၊ ပတ်ပြ၊ မှုတ်ပြတာရောဆို သနားဖို့တောင် ကောင်းတယ်။ ဒီမှာလည်း ထူးထွေသည့်အံ့ရာသော်ပါပဲ။ အကောက်ခွန်ကင်းလွတ်လို့ အပြင်ဈေးထက် သက်သာတယ်ဆိုတဲ့ကုန်ပစ္စည်းတွေဟာ အပြင်ထက် ဘာဖြစ်လို့ တော်တော်ဈေးကြီးသလဲ မသိ။ လေယာဉ်ခများ ပေးရလေရော့သလား။
          ဒီလိုဆိုပြန်တော့ တို့မြန်မာပိုင် ပြည်တွင်းလေကြောင်းပို့ဆောင်ရေးကြီးကို ကြံဖန်ကျေးဇူးတင်ရပြန်ရော။ အပြင်ကုမ္ပဏီတွေထက်စာရင် ဈေးသက်သာတယ်။ အမ်းကနေ စစ်တွေကိုသွားရင် အရင်ကဆို ၉၀၀၀ ပဲ ပေးရတာ။ ကားနဲ့သွားတာကမှ ၁၈၀၀၀ ကုန်ပြီး လမ်းတစ်ညကြာဦးမယ်။ လေယာဉ်စီးရတာ အချိန်ကုန်သက်သာတယ်ဆိုပေမယ့် ကွင်းချိန်းကြိုသွားရတာ။ လေယာဉ်နောက်ကျတာတို့နဲဆို တနေကုန်ချင် ကုန်ပြန်ရော။ အခုလိုခရီးစဉ်ပျက်တာတို့ဘာတို့ဆို စိတ်ကပိုညစ်ရတယ်။ စိတ်ကရောက်နှင့်ပြီးနေပြီကိုး။ လေယာဉ်ပျက်ကျတယ်ဆိုတာကတော့ ဖြစ်တောင့်ဖြစ်ခဲပါ။ ကိုယ့်တစ်သက်မှာတောင် ကြားဖူးတာ သုံးလေးခါထက်မပိုဘူး။ မှတ်မှတ်ရရကတော့ စာရေးဆရာမ မ၀င်းမြင့်ပါသွားတယ် ဆိုတဲ့လေယာဉ်။ လေယာဉ်မယ် မသန္တာ ပါသွားတယ်ဆိုတဲ့လေယာဉ်။ မိန်းကလေးပေမယ့် မကြောက်မရွံ့ တာဝန်သိတယ်လို့ဆိုတယ်။ ဘူတန်မှာတုန်းကတော့ ဗုဒ္ဒအဲယားဆိုတဲ့ နီပေါလေယာဉ် ပျက်ကြတာ သတင်းကြားလိုက်မိတယ်။ သူငယ်ချင်းလေယာဉ်မယ်လေးတွေကိုတော့ အသေရရ အရှင်ရရဆိုရင် အသေကိုပဲ ယူမယ်လို့ နောက်ဖူးတယ်။ အရှင်ဆို ကျွေးရဆင်ရဦးမှာ၊ အသေက လျှော်ကြေးအများကြီးရဆိုပဲ။ အတတ်ပညာပိုင်းကျွမ်းကျင်မှုအပြင် အသက်နဲ့ပါရင်းရသေးတာကိုး။
          ပြောရင်းဆိုရင်း ရေးရင်းသားရင်းက ပုံးပြေးဆွဲရသေးတယ်။ ဒါပါနဲ့ဆို သုံးကြိမ်ရှိသွားပြီ။ ပိုက်ဆံမပေးရပဲ စားနေတာ။ ပါးစပ်ပေါက်တွေပိတ်သွားအောင် ကျွေးရတဲ့အကြောင်းကတော့ စောစောက နေ့လည် ၂ နာရီ ၁၅ ထွက်မယ်ဆိုတဲ့လေယာဉ်က ည၈နာရီ ဖြစ်သွားပြန်လို့။ ဒါမျိုးတော့ ရရိုးလားကွယ်။ ခုနကကတည်းက ကျားကိုက်နေကြတာ။ သတ်တော့ဖြတ်တော့မလိုတောင် ဖြစ်ကုန်ပြီ။ အခုချက်ချင်း အကြီးဆုံးလူခေါ်ပေး ဘာပေးနဲ့ သောင်းကျန်းကုန်ပြီ။ ဒီတစ်ခါတော့ လိုက်ဖ်ရှိုးရေးနေရတာပါကလား။ နောက်ထပ်ဘာတွေဖြစ်လာဦးမယ် မသိဘူးနော်။ ဟော .. ခင်ဗျာ…။ ဗဟာဒူးလာပြီဆိုတာမျိုး ဖြစ်နေပြီ။ ပရိသတ်ကြီးခင်ဗျာ။ အခုဆိုရင် ကာလကတ္တားလေဆိပ်က နားနေခန်းထဲမှာ ပွဲကတော့ အတော်ကောင်းနေပြီပေါ့ခင်ဗျာ။ အနားသွား စပ်စုလိုက်ဦးမယ်။ ကိုတင်ညု .. ကိုတင်ညု။
          ပျော်ဖို့ကောင်းသလား မမေးပါနဲ့။ ဆွေမျိုးမေ့အောင် ပျော်ဖို့ကောင်းပဲ။ ခရီးသည်တွေ မတရားစိတ်ဆိုးတော့ အဲယားအိန္ဒိယကုမ္ပဏီကလူတွေက ထွက်ပြေးသွားရော။ ဟုတ်တယ်လေ။ အထက်ကစီစဉ်ရမှာ မစီစဉ်တော့ ၀ိုင်းရိုက်ရင် သူတို့က အရင်အရိုက်ခံရမှာ။ ဘယ်သူက မရိုက်ချင်ပဲ ရှိမတုန်း။ လေယာဉ်စက်နှိုးပြီး လေယာဉ်မယ်လေးတွေက ခေါင်းမှာ ၀ါညစ်ညစ် အသက်ကယ်ဝတ်စုံကြီး မရွံမရှာစွပ်နေကြတုန်း လေယာဉ်မှူးကြီးက သုံးမိနစ်ပဲစောင့် နဲ့ ခေါက်ဆွဲပြုတ်လိုက်တာ၊ မနက် ၃နာရီ ၂၅ လေယာဉ်က လေးနာရီ၊ ခြောက်နာရီ၊ နေ့လည်နှစ်နာရီရွေှ့ရင်းရွှေ့ရင်းက အခု ည၈နာရီတောင် မသေချာပြန်ဘူးတဲ့။ မနက်ဖြန်မှလိုလို၊ ဒီလိုတော့ သူတို့ချင်းလုပ်လို့ရရိုးလား။ တို့အရေးတွေဖြစ်ကုန်တာပေါ့။ အင်မီဂရေးရှင်းမှာ သွားတစ်တယ်ဗျ။  အားလုံးက အထွက်တုံးကြီးထုပြီးသား။ ကိုယ်လို အဖြူ (ဟဲဟဲ သူတို့နဲ့စာရင် ဖြူတယ်လေ။ ဒါမှမဟုတ်လည်း အ၀ါဗျာ အ၀ါ) တွေကျတော့ ဗီဇာပြဿနာပေါ်ရော။ သူတို့ချင်းကြမ်းတော့ ရဲမနိုင်ဘူးဗျို့။ အခုမှ တကယ် ကျားကိုက်တာ။ ကိုယ့်အောက်ဖဲနဲ့ အပြင်ထွက် မလိုက်ရဲလို့ အထဲကျန်ခဲ့ပြီး တို့ပတ်ရိုက်နေတဲ့ လေယာဉ်မယ်လေးဆီ ရုပ်ကလေးပြပြီး သနားအောင်လုပ်ရတယ်။ (ခိ ခိ.. သူ့ခမျာ အန်တော့ မထွက်ရှာဘူး) သူတို့က အဲဒီလူတွေနဲ့လိုက်မသွားပါနဲ့။ အားလုံးတာဝန်ယူပါသတဲ့။ (ဂယ်ကြီးလား) အစားချိန်အစား။ ညကျအိပ်ချိန်ကျတော့လည်း စီစဉ်ပေးမှာပါတဲ့။ (ဘာတွေ စီစဉ်မယ် မသိ။ အသည်းတုန် အူတုန်ရှိလိုက်လေ) ပွဲကောင်းလို့  ပြုံးပြုံးကြီး ကြည့်နေသူက ကိုယ်တစ်ယောက်တည်း မဟုတ်ဘူး။ တခြားပြိုင်ဘက် ကုမ္ပဏီတွေလည်း ပါတယ်။ “ဒီလောက်ဧည့်သည်တွေကို ဒီလိုအကြာကြီးထားဖို့ မကောင်းပါဘူး။ ဟော်တယ် စီစဉ်ပေးရမှာပေါ့။ တစ်ယောက်ယောက်လောက် အဲယားလိုင်း မိသားစုက ပါရင် တရားစွဲလို့ လျော်လို့တောင် မဆုံးဘူး။ ဒါ အင်တာနေရှင်နယ်လိုင်း။ ဘာမှတ်သလဲ” တဲ့။ ၀င်ညှော်တယ်ဗျ။ အတတ်ကြီးပဲ။ တို့က ဒါမျိုးဆိုတာ ကိုယ်တွေပဲ တတ်တယ်မှတ်နေတာ။ စလုံးမှာ နေဖို့ရက်ကတော့ တစ်ရက်လျော့သွားပြီ။ နောက်ထပ်ဘာဖြစ်ဦးမယ်မသိ။ အွန်လိုင်း လိုက်ရှိုးစတေးတပ်တွေများ တင်လို့ရလို့ကတော့ ဘယ်လောက် အရသာရှိလိုက်မလဲ။ ခုတော့ ကိုယ့်ဘာသာ Tom Hank ဘ၀ ကိုရောက်နေပြီ။ အထဲဝင်လို့မရ။ တက်စရာ လေယာဉ်မရှိ။ အိမ်သာထဲ ပန်းရံကိုင်ရမလား၊ လက်တွန်းလှည်းကလေးတွေ တွန်းပို့ရမလား မသိ။ ဘာအကြွေစေ့မှ ထွက်မလာတာက ခက်တာ။ ငါ့နှယ်နော်။ စာအရေးလောကြီးရန်ကော။ အိန္ဒိယအပြင်ကို မရောက်သေးပဲနဲ့ အံ့ဖွယ်သုတ အိန္ဒိယကောက်ရေးမိတယ်။ အခုမှ Incredible India က စ တာ။ နင့်မေကလွှား အိန္ဒိယား၊ အိုးလာလားလား အိန္ဒိယားပါလားနော်။
          အံ့သြကုန်နိုင်ဖွယ်က ကျန်ပါသေးသော်ကော။ နက်ဖြန်မနက်လေးနာရီမှ လေယာဉ်ထွက်ပါမယ်တဲ့။ လေယာဉ်က အဆင်သင့်ပါ။ ဒီနေ့ဂျူတီကျတဲ့ ပိုင်းလော့ မရှိလို့ပါတဲ့။ ကြားကြားဖူးပေါင်ကွယ်။ ကြည့်ရတာ ကုမ္ပဏီနဲ့ ပိုင်းလော့နဲ့ကြားက ပြဿနာထင်ပါရဲ့လို့ ဂျာနယ်လစ်လုပ်လိုက်တော့ ဟုတ်လိမ့်မယ်တဲ့။ ရှေ့ပိုင်းမှာပြောခဲ့တဲ့ မြန်မာလေယာဉ်မှူးတွေလိုပဲ လခမှန်မှန်မရလို့ ကုမ္ပဏီကို ပညာပြတာဖြစ်မတဲ့။ ဘုရား ဘုရား။ လူပေါင်းလေးငါးဆယ် သောင်မတင်ရေမကျဖြစ်အောင် သူ့ပညာပြပုံကြီးကလည်း။ ကိုယ့်စိတ်ထဲရှိတဲ့အတိုင်း မှတ်ချက်ပေးမိလို့ကတော့ အရင်ပုဒ်မကြီးနဲ့ သေဒဏ်စီရင်ခံရတော့မယ်။ “ဒင်းတို့ အဲဒါကြောင့် အဲဒါဖြစ်နေတာလို့”လေ။ အဲဒီအကျင့်တွေ မကောင်းပါဘူးဆိုတာ သိကြပြီလားဗျို့။ ဘာကျင့်ဘာကြံဆိုလား။ လက်စသတ်တော့ ပညာပေးအစီအစဉ်ပါလား။ ပညာရှင်ကြီးများကို လေးစားပါတယ်။ ဟော်တယ်လည်း စီစဉ်မပေးပါဘူးတဲ့။ ကုမ္ပဏီကလူတွေလည်း အကုန်ပြန်ကုန်ပါပြီတဲ့။ ဒေါသူပုန်ထပြီး ကိုယ့်ထက် ပိုးစိုးပက်စက်ပြောနေသူတွေကတော့ သူတို့အမျိုးသားချင်းတွေပါပဲ။ ကိုယ်ကျမှ ပါးစပ်တောင် မဟရဲဘူး။ ထစ်ကနဲရှိ Racist, Racist နဲ့။ ဒင်းတို့အချင်းချင်း ပြောတဲ့စကားတွေ ကြားစေချင်စမ်းတယ်။ ဒီ့ထက်ပိုပြီးသူတို့စိတ်ဓါတ်ကို သရုပ်ဖော်နိုင်တဲ့ အဖြစ်အပျက်လည်း ရှိမှာ မဟုတ်ပါဘူး။ နေဦးနေဦး။ အပြောမစောသေးဘူး။ တော်နေကြာ လာပြန်ပြီ နောက်တစ်မျိုးတွေ့နေဦးမယ်။ ဟော ခိုင်လုံတဲ့ရပ်ကွက်က သတင်းရပြန်ပါပြီဗျာ။ အဲဒါ Pilot Strike ပါတဲ့။  လခမပေးတာ နှစ်လရှိပြီမို့ပါတဲ့။ တို့မြန်မာပိုင်းလော့တွေကတော့ လခနှစ်လ မရတာချင်းအတူတူ အလုပ်ကပဲ ထွက်သွားတယ်။ ဒါမျိုးမလုပ်ဘူးကွ။ လျှာ မြက်ပေါက်ရ ပေါက်ရ။ ဂုဏ်ယူတယ်ဟေ့။ ဂုဏ်ယူတယ်။ သယ်ရင်းမကြီးကို ပြောပြရင် “အမေ ကြေနပ်တယ်သား” လို့ပြောပြီး တဟားဟားရယ်မှာပဲ။ ကဲ လေယာဉ်ပေါ်တက်ခဲ့တဲ့အချိန်ကရေရင်
၁၂ နာရီပြည့်ပါပြီခင်ဗျား။ နောက် ၁၂ နာရီထပ်စောင့်ရင် ထွက်ကောင်းပါရဲ့။
          ကိုယ့်ဆီမှာလည်း တခါတလေ လမ်းသွား ခရီးသွား အခန့်မသင့်လို့ လမ်းပျက်တာ တံတားကျိုးတာနဲ့ကြုံရင် ဒီလိုပဲ သည်းခံစောင့်ရတတ်ပါတယ်။ တခါ ပြောဖူးသားပဲ။ ရန်ကုန်ကနေ စစ်တွေကို လာတာ လေးညအိပ်ကြာကြပါတယ်လို့။ ဒီမှာပဲ ဒီလိုပဲ ရှိလိမ့်မပေါ့ကွယ်။ သူတို့ဆီမှာ ဒါမျိုးတွေ မဆန်းပါဘူးဆိုပဲ။ ဒါတောင် နိုင်ငံတော်ပိုင်လေကြောင်းလိုင်းမို့လို့တဲ့။ ပြောပြတဲ့သူက သူကိုယ်တိုင် မှတ်ချက်ပြန်ပေးတယ်။ “This is India” တဲ့။ လေကြောင်းလိုင်းတွေက အရှုံးပေါ်လို့ ဒေ၀ါလီခံကြရသတဲ့။ ဘုရားဘုရား။ ဒီလောက် အသာစီးယူထားတာတောင်မှ သူတို့က ရှုံးရသေးသတဲ့။ နောင်ဒီထက်တောင် ရှုံးဦးမယ်။ အခုဆို ကိုယ့်လက်ချက်နဲ့ ဖေ့စ်ဘုတ်ပေါ်မှာ ပွသွားပြီ။ ဘာမှဇာတ်ပို့ပေးစရာတောင် မလိုဘူး။ သူ့ဂိုးနဲ့သူ ဂွမ်းပြီးသား။ နောက်ကို အဲယားအင်ဒီးယားဆိုရင် မပြောမရှိနဲ့နော် ဖြစ်တော့မယ်။ တကယ်တော့ ခရီးသည်ရချင်ရင် ပိုက်ဆံတစ်ခုတည်းကို ယူချင်လို့ မရပါဘူး။ တာဝန်ယူမှုပါ ရှိရမှာပေါ့။ အခုတော့ ဒီကိစ္စကို ဘယ်သူမှ တာဝန်မယူရဲလို့ ထွက်တောင်ပြေးယူရတယ်။ နိုင်ငံသိက္ခာမှ အားမနာ။ ဟီးဟီး ခါတိုင်းလိုပဲ သူများကို ပိဿာလေးနဲ့ဘေးပစ်သလိုတော့ ရေးပြီးပြီ။ ထုံးစံအတိုင်း ကိုယ့်လူတွေ ကောင်းစေချင်လို့ နမူနာပေးတာ လို့ ပြန်ပိတ်တာပေါ့။ အဟုတ်ပြောတာပါ။ နိုင်ငံတော်ကိုယ်စားပြုတဲ့ အစိုးရပိုင် လေယာဉ်ကုမ္ပဏီကြီးမှာ ဘယ်သူမှ တာဝန်မယူရဲလို့ ထွက်ပြေးရတာ ကြားဖူးပေါင်။ ဘယ်သူ့ကိုမှ ဘာမှ မေးလို့မရတော့ဘူး။ ငရုတ်မှန်ရင် စပ်ရမယ်တဲ့။ ဒီလိုရေထဲမိုးထဲကျတော့ နဂိုဗီဇကလေးတွေကလည်း ဖုံးမရဖိမရဗျ။ အပြင်ထွက်မရလို့ အထဲမှာပဲ ငွေလဲပြီး စားစရာသောက်စရာ ၀ယ်စားကြတဲ့အခါ အစကတည်းက နှစ်ဆတင်ပြီးသားမှာ ငွေလဲနှုန်းက ပုံမှန် ၅၀ ပတ်ဝန်းကျင်လောက်မှာ ၀ယ်ဈေး ၄၀ ရောင်းဈေး ၆၀ ဖြစ်သွားပါလေရော။ ဓါးပြဗျို့ ဓါးပြ ဓါးပြလို့ အော်ရမလောက်။ မီးလောင်ရင် အထုပ်သယ်မယ့်သူတွေ ရောက်လာတယ်ဆိုတာမျိုးပေါ့။ ချစ်စရာမကောင်းပါလား။ ကူသယ်ပေးတာ မထင်မနေနဲ့ဦး။ ဒီလောက်ရိုးတဲ့ စရိုက်ကလေးတွေကို တို့ကာပင့်ကာရေးမိတာများ။ မဟုတ်တမ်းတရား ကောလာဟလတွေ ဖြန့်နေတာကျလို့နော်။ အခုဘယ်သူမှ အကြောင်းပြန်မယ့်သူမရှိပဲ ဘယ်တော့မှ လာမှန်းမသိတဲ့လေယာဉ်ကို အ၀တ်တစ်ထည် ကိုယ်တစ်ခုနဲ့စောင့်နေရတယ်။ မနက်ဖြန်ကော ဘယ်သူက သေချာတယ်ပြောလို့လဲ။ ကြိုတင်ခန့်မှန်း၍မရသော အခြေအနေများကြောင့် လေယာဉ်ခရီးစဉ်ပျက်သွားပါက အနီးစပ်ဆုံး နောက်တစ်ခေါက်လေယာဉ်ဖြင့် ပို့ပေးပါမည်တဲ့။ အဲဒါ ဗုဒ္ဓဟူးနေ့ကျမှ။ ခုမှ စနေ ရှိသေး။ နေ့လည်က တို့အရေးအဖွဲ့ကို အပြင်မှာ ဘယ်လိုငြိမ်အောင် ညှိလိုက်တယ်မသိ။ ပြန်ဝင်မလာကြတော့ဘူး။ ဒါလည်း အံ့တစ်ပါးပဲ။
          အခုကျန်ခဲ့တဲ့သူဆိုလို့ အယောက် ၃၀လောက်ရှိတဲ့ အင်ဒိုနီးရှားက ဦးထုပ်ဖြူတစ်စုရယ် အာဘောင်အာရင်းသန်သန်နဲ့ တွန်းတွန်းထိုးထိုးမလုပ်နိုင်တဲ့သူတချို့ရယ်ပဲ ကျန်ခဲ့ပြီး ဘာသတင်းအစအနမှ မကြားရတော့တာ ညနေ ၆ နာရီ ရောက်လာရော။ တချို့ဂျီကျလွန်းတဲ့သူတွေကို တခြားလေကြောင်းလိုင်းတွေနဲ့ တိုးတိုးတိတ်တိတ်ထည့်ပေးနေသလို ကြားရတဲ့အခါ မုတ်ဆိတ်ဖြူကြီးတွေ လှုပ်လှုပ်ရွရွဖြစ်လာပါတယ်။ သူတို့ထဲမှာ တချို့က မလေး၊ ဘရူနိုင်းဆက်သွားဖို့ လက်မှတ်ဖြတ်ထားပြီးသားတွေပါသတဲ့။ ပုံမှန်အားဖြင့် လေယာဉ်ပေါ်တက်ရင် သူတို့ကို အလိုလိုနေရင်းကြောက်နေရတာ တကယ်တမ်းကျတော့ သူတို့တစ်ဖွဲ့လုံးက ဆူဆူပူပူ လုပ်ကြတုန်းကလည်း မပါဘူး။ သူ့ဘာသာ အချိန်မှန်မှန် ထောင့်တစ်ထောင့်မှာစုပြီး ကုန်းနေအောင် ၀တ်ပြုကြတယ်။ သုဝဏ္ဏဘူမိမှာလို ၀တ်ပြုခန်းသတ်သတ်မရှိတော့ သူတို့ခမျာလည်း အဆင်မပြေပါဘူး။ ဘီးတပ်ကုလားထိုင်နဲ့ မမာမကျန်းတဲ့သူကလည်းပါတယ်။ မြင်လိုက်မိတာတော့ ဆိုးဆိုးရွားရွား ဂေါက်ရောဂါ။ ဒါနဲ့တောင် သူတို့က ဒီအချိန်ထိအောင် သည်းသည်းခံနိုင်တာ အံ့သြစရာပါ။ နောက်တော့ မနေနိုင်တော့ဘူးထင်ပါရဲ့။ သူတို့ထဲက အင်္ဂလိပ်လို လည်လည်ပတ်ပတ်ပြောတတ်တဲ့တစ်ယောက်က အ၀တ်အစား သေသေသပ်သပ်ဝတ် ခေါင်းပေါင်းကြီးသေသေချာချာပေါင်းပြီးမှ လေဆိပ်မန်နေဂျာနဲ့ တွေ့ခွင့်တောင်းပါတယ်။ ပွဲလေးစည်သွားအောင် ကိုယ်လည်းလိုက်အားဖြည့်ရတာပေါ့။ စပ်စုမည့် စပ်စုရင်တော့ ကုန်အောင်စပ်စုတာပဲ ကောင်းတယ်။ ဒီတစ်ခါတော့ ကျွနုပ်တို့၏ သတင်းထောက်ကိုယ်တိုင် စိတ်ရှိတိုင်း ၀င်ကျဲပါတော့တယ်။ အနည်းဆုံးတော့ စိတ်ထဲပေါ့သွားတာပေါ့။ သူများအပြစ်တင်ရတာ တယ်အရသာရှိသကိုး ပရိသတ်ရဲ့။ မကြာမီလာမည်မျှော် စားစရာ နဲ့ မနက်လေးနာရီကတိတော့ ရခဲ့ပါရဲ့။ အရင်ဟာတွေလို ယုံဖို့ခက်တာတစ်ခုပဲ။ အဖြစ်အပျက်ကို သေချာမေးကြည့်တော့ အင်ဂျင်နီယာနဲ့ ပိုင်းလော့ တွက်ကပ်ကြတယ်။ လေယာဉ်ပြင်လို့ပြိးတဲ့အချိန်မှာ ပိုင်းလော့က သူ့အလုပ်ချိန်ကုန်ပြီ။ ၁၈ နာရီအနားရမှ ပြန်မောင်းနိုင်မယ်ဆိုလို့ ၁၈ နာရီပြည့်အောင် စောင့်နေတာတဲ့။ တစ်ယောက်နားဖို့ ဘယ်နှစ်ယောက်စောင့်ရပါလိမ့် ဆရာသမားရယ်။ ဆာဂျင်မဖြစ်တာကံကောင်း။ နို့မို့ဆို လေးနာရီ ဒေါင်ဆိုတာနဲ့ ခွဲလက်စဗိုက်ကြီး ပြန်မပိတ်ပဲ ထွက်သွားမှဖြင့်။
          တစ်ယောက်သောသူကတော့ မှတ်တမ်းတင် ဓါတ်ပုံတွေရိုက်၊ အသံတွေသွင်းယူ၊ ဖြစ်စဉ်တွေ ချရေး၊ အထောက်အထားတွေတောင်းနဲ့ ဂျာနယ်လစ်လား မှတ်နေတာ။ ဟုတ်ဘူး။ တရားစွဲပြီး လျော်ကြေးတောင်းမလို့တဲ့။ အချိန်နဲ့တပြေးညီ ပြေးပြေးပြီး စာရိုက်နေတာက ဤဖေစကိုဗျ။ လေကြောင်းလိုင်းတာဝန်ခံကလေးကတော့ ဈေးပေါတဲ့လေကြောင်းလိုင်းမို့ ဒီလိုဖြစ်ရတာ နားလည်ပေးပါတဲ့။ သူ့ကို ဘယ်သူက အဲဒီဈေးယူရမယ် ဒါးနဲ့တေ့ထားလို့လဲ။ သူ့ဘာသာ အပြိုင်အဆိုင် ဈေးလိုက်လျှော့ပြီး အလုပ်ကျတော့ တူတူတန်တန် မလုပ်ပဲနဲ့။ ဒီလောက်ပိုက်ဆံကလေးနဲ့ ဒီ့ထက်ပိုပြီး ချေးကြော့တဲ့ ဆပ်ပြာမရတော့ဘူး သူမို့ ပြောထွက်ပလေတယ်။ အေးပါ နောက်ဆို နင်တို့လို အပေါစားလေကြောင်းလိုင်းတွေ ဘယ်တော့မှ မစီးပါဘူးလို့ ပြန်ပက်လိုက်တယ်။ ဈေးကတော့ သူတို့ အပေါဆုံးဖြစ်နေတာ ဟုတ်ပါတယ်။ အချိန်မတော်ကြီးမို့လို့လို့ အောင့်မေ့နေတာ။ တစ်ကြောင်းတည်းကို အစိမ်းနှစ်ရာပဲကျတယ်။ ရန်ကုန်ကလာတာတောင် ၂၅၀ လောက်ပေးရတာလေ။ အပြန်လက်မှတ်က ဆုံးရသေးတာ။ နောင်တော့ သင်ခန်းစာပေါ့လေ။ ပြောလည်းပြောစရာ အဖိုးနည်းတော့ အိုးကွဲနဲ့တွေ့တာပေါ့။ လျှာရှည်ပြီးတော့ လည်ချင်တာကိုး။ ကိုယ့်ဘာသာ တန်းပြန် ရလျက်သားနဲ့။ ခက်တာက ဘ၀မှာ စလုံးမြေလေးတော့ မနင်းဘူးသေးရင် လူရာမ၀င်သလို ဖြစ်နေတာကိုး။ ဘူတန်နဲ့လောက်ကိုင်ချည့်ပဲ လှည့်ပတ်ရေးနေရတာ ပျင်းလာပြီလေ။ အခုတောင် ဖလိုက်ကင်ဆာဖြစ်တော့ တစ်ပုဒ်ရသွားပြန်ရော မဟုတ်လား။ စာရေးဆရာဝင်းဦးကို ကျားခင်စိန်ကြီးပြောတဲ့ “မင်းက ငါ့ကို ကြိုက်ကရော ဆိုပါတော့။ ငါက ပြန်ကြိုက်လိုက်ရင် မင်းမှာ အချစ်ဇာတ်လမ်းတစ်ပုဒ်ရကရော။ ငါကမကြိုက်လို့ ဘိနပ်ချွတ်ပြီး ပါးရိုက်လိုက်ရင် အသည်းကွဲဇာတ်လမ်းတစ်ပုဒ် ရပြန်ရော။ ” ဆိုတာလိုပေါ့။ လူက ဘာလာလာ ဖြစ်နေတယ်။ ပြည်ထောင်စုကျော်နိုင်ကြီးလို ဘေးကစာရေးဖို့ မြှောက်မြောက်ပေးနေတဲ့ ပတ်ဘလစ်ရှာကြီးရဲ့ အိမ်ဦးနတ်ကလည်း ရှိနေတယ်။ ဒီလိုကောင်နဲ့ကျမှ ကင်ဆာလာဖြစ်ရတာ ကံဆိုးလှချည်လား အဲယားအိန္ဒိယရယ်။ သနားလို့ သာသာလေးပဲ တို့လွှတ်လိုက်တယ် သိလား။ ဟော မုန့်တစ်ခါထပ်ကျွေးပြန်ပြီ။ လာထား။
          စားရင်းသောက်ရင်း စကားစပ်မိတဲ့ ဘိလပ်ပြန်ကြီးတစ်ယောက်ကတော့ “ဘယ်လေကြောင်းလိုင်းလဲ“ လို့မေးပါတယ်။ အဖြေရရချင်းမှာ သူ့မှတ်ချက်က “သြော် အံ့သြစရာမှ မဟုတ်တာ။ သူတို့ ဒါမျိုး ဖြစ်နေကျ။ ငါဆို ဘယ်တော့မှ မစီးဘူး” တဲ့။ တိန်။ ထမင်းနစ်နပ် မုန့်သုံးနပ်ထိုင်စားပြီး တနေကုန်ထိုင်ပြီး တစေ့စေ့ အတင်းတုပ်နေသလိုတော့ ဖြစ်နေပြီ။ ပါးစပ်ထဲ သူကျွေးတာတွေ ပလုပ်ပလောင်းနဲ့ကို တုပ်ကြတာ။ ဘယ့်နှယ်ရှိစ။ လာကြည့်တဲ့ လေဆိပ်မန်နေဂျာကြီးကို အသက်ကြီးတဲ့သူတွေ ၊ ကလေးတွေနဲ့၊ နေမကောင်းတဲ့သူတွေ လိုက်ပြပြီး ထိုင်းဒုက္ခသည်စခန်းကို ဘီဘီစီသတင်းထောက် လာတဲ့အခန်း ရိုက်လိုက်သေးတယ်။ နင်တို့က နင်တို့နည်းတွေ တတ်သလို ငါတို့ကလည်း ငါတို့နည်းတွေ တတ်ပါတယ်ကွ။ မှတ်ပလား။
          နောက်ဆုံးမှာ သဘောပေါက်မိလာတာကတော့ ကိုယ်ထင်တာထက် ကိုယ်ဟာ ပို အ ပေါ့ ဆိုတာပါ။ တကယ်တော့ မနက်တုန်းက ပိုင်းလော့ကပ်နေကတည်းက နောက်တနေ့မှ အစောဆုံး ပြန်ထွက်နိုင်မယ်မှန်း သူတို့သိပြီးသားပါ။ အဲဒိလိုဆို ခရီးသည်အားလုံးကို ဟော်တယ်မှာထားပေးရမှာဆိုတော့  မလိမ့်တပတ်နဲ့ မွန်ဘိုင်းက လေယာဉ်ပဲ မှာထားသလိုလို၊ တစ်ခုခု စီစဉ်ပေးနေပါတယ် လို့ မျှော်လင့်ချက်ပေးထားပြန်ရော။ ပြီးမှ တစ်နာရီချင်းဆုတ်ယူသွားတာ။ အကြောသိလို့ ပူညံပူညံလုပ်လာတဲ့သူတွေကိုတော့ အပြင်ခေါ်ထုတ်ပြီး ဟော်တယ်စီစဉ်ပေးပုံပါ။ ဘာမှ မပြောလို့အထဲမှာ ကျန်တဲ့သူကျတော့ မပြောရင်မပြောသလို ပစ်ထားလိုက်တာ။ ကိုယ်တိုင်သွားတွေ့မှ အစားအသောက် စီစဉ်နေပါတယ် ဖြစ်သွားရော။ အရင်ဆုံးကတော့ လူစုကို အရင်ကွဲအောင်လုပ်၊ နောက်တော့ အသံထွက်တဲ့အကောင်တွေကို လက်သိပ်ထိုး ချွေးသိပ်၊ ပြီးရင် လူ ၅၀ စာ ဟော်တယ်စားရိတ်ဘောက်ချာတက်သွားမှာ။ ကိုယ့်မှာသာ ဒီတခါပဲ ဒါမျိုးကြုံဖူးတာလေ။ သူတို့က လုပ်နေကျ ဖြစ်နေပြီ။ (အဲဒီနည်းကြီး မြင်ဖူးသလိုလိုပဲနော်။ အဟက်) အ၀ှာကျင့် အ၀ှာကြံခေါ်မှာပေါ့။ မျက်လုံးကြီး ပြူးမကြည့်နဲ့ အဲဒါ အခုလေးတင် စကာင်္ပူအဲယားလိုင်းနဲ့ ပြန်မယ့် သူတို့လူမျိုးကိုယ်တိုင်ပြောတာ။ “This is the way of Indians.” တဲ့။ မိုးကြိုးပစ်ရစေ့။ ကိုင်း ဘယ့်နှယ်ရှိစ အိန္ဒိယ။

(နောက်ဆုံးတွင် နံနက် လေးနာရီခန့်၌ လေကြောင်းလိုင်းမှ တာဝန်ရှိသူများနှင့် လေဆိပ်တာဝန်ကျများက မိမိတို့ကျွမ်းကျင်ရာ လိမ္မာသော ရစ်၊ ထောက်၊ ကျောင်း၊ မောင်း အတတ်ကောင်းတို့ကို စိတ်တိုင်းကျသည်အထိ ရိုးရာမပျက်တောင်ရွက်ပြီးသောအခါ ကျွနင်္ုပ်တို့၏ သတင်းထောက်ကလေး မောင်စံကွေးလည်း ချန်ဂီလေဆိပ်ကြီးသို့ ဒေသစံတော်ချိန် ၁၁း ၃၀ ခန့်က ချောမောစွာရောက်ရှိလေတော့သတည်း။)

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More