Wednesday, January 25, 2012

“တချစ်တည်းချစ် / ၀င်းဦး၊ တင်တင်မြ”

by Soe Min on Wednesday, January 4, 2012 at 10:57am
        ဒီသီချင်းကလေးက ဆရာမြို့မငြိမ်းရေးခဲ့ပြိး လေပါတီမမြရင် ဆိုခဲ့တဲ့ သီချင်းကလေးပါ။ အင်မတန်လိုက်ဖက်တဲ့ တေးရေး နဲ့ တေးဆို မို့ အနှစ်တစ်ရာတိုင်အောင် မပစ်ပယ်နိုင်တဲ့ သီချင်းကလေးတွေအများကြီးထဲက တစ်ပုဒ်ပေါ့။ လူငယ်တွေထဲက ဘယ်သူမှတော့ ကြားဖူးလိမ့်မယ် မထင်ပါဘူး။ သို့သော်လည်း ကိုယ်လို ခေတ်ဆွေးဂီတ ၀ါသနာရှင်များကတော့ နှစ်သက်ကြပေလိမ့်မယ်။ `အချို့အဆင်းလှ အချို့အဆင်းမလှ´ နံမည်နဲ့ ၀တ္ထုရှိခဲ့သလို ဆရာကြီးဦးသံစစ်ရေးတဲ့  ဆောင်းပါးတစ်ပုဒ်ကို `ကျေးဇူးတင်စရာ ကောင်းသည်၊ အပြစ်တင်စရာ ကောင်းသည်´ လို့ ခေါင်းစဉ်တပ်ခဲ့ပုံထောက်ရင် သူလည်းပဲ ဒီသီချင်းကို ကြိုက်ခဲ့ပုံပေါ်ပါတယ်။ တစ်ခါလောက် နားထောင်ပြီး `နားလည်းမစွဲပဲနဲ့ ဘယ်မှာကောင်းလို့လဲ´ လို့ အပြောမစောပါနဲ့လေ။ ဆယ်ခါလောက် နားထောင်ပြီးရင် နောက်အဲဒီသံစဉ်ကလေးတွေ နားထဲကဖျောက်မရတော့ သိလိမ့်မယ်။ ကိုဝင်းဦးကြီး ရှာရှာဖွေဖွေ ပြန်လည်ဖော်ထုတ်ထားတယ်ဆိုကတည်းက တော်ရိလျော်ရိသီချင်းတစ်ပုဒ်တော့ မဟုတ်လောက်ဘူး လို့ သိသာပါတယ်။ ဟိုးအရင်က ရေးခဲ့တဲ့ `တကြိုက်တည်းကြိုက်´ ဆိုတဲ့ မြို့မတေးကလေးဟာလည်း ဒီတချစ်တည်းချစ်ဆိုတာနောက်ကို လိုက်ထားတယ်ထင်ပါတယ်။ အကြောင်းအရာကတော့ အချစ်သီချင်း ရိုးရိုးလေးတစ်ပုဒ်ပေါ့။ ဒါပေမယ့် `တကြိုက်တည်းကြိုက်´ ထဲကအတိုင်း ပြောရရင် `ရိုးပေမယ့် ကလေးကြိုက်၊ မင်းကြိုက်စိုးကြိုက်၊ ဘုန်းကြီးလည်းကြိုက်၊ လူမျိုးတစ်ရာ့တစ်ပါး ကုလားတရုတ် ပန်ချာပီလည်းကြိုက်၊ မာရ၀ါရီလည်းကြိုက်´ လို့ ဆိုရလောက်အောင် အကြိုက်ချင်းညီပါလိမ့်မယ်။
          ဦးလှထွတ်ရေးခဲ့ဖူးတဲ့ `အချစ်ဘယ်ကစ´ ဆိုတဲ့ သီချင်းကလေးနဲ့လည်း အကြောင်းအရာတူတူပါပဲ။ သူကတော့ ဘိုဆန်ဆန်အသံကလေးနဲ့ `ကောင်းကင်ပြာကို ဘယ်သူများ ဆေးရောင်ခြယ်´ လို့ စတယ်။ နောက်ကျတော့မှ `မြန်မာလို အယူအဆကတော့ဖြင့်ကွယ် ဗြဟ္မာတွေ ကမ္ဘာဦးကတည်းကရယ် ဒါပေမယ့် နားမရှင်းပါကွယ်´ လို့ ပွင့်ပွင့်လင်းလင်း ၀န်ခံသွားတယ်။ ဒီနေရာမှာ သမ္ဘာချင်းက စကားပြောလာပြီကိုး။ ဟိုက အိုးဆားဗစ် အိုးဆားဗစ် စစ်စစ်ကြီး။ တစ်ဦးတည်းသောချစ်ဇနီးနဲ့ ကလေးချည့်ပဲ ရှစ်ယောက်မွေးအောင် တချစ်တည်းချစ်လာခဲ့တာကိုး။ ဒါတောင် အကြွေစောသွားလို့။ သူကတော့ အချစ်ဘယ်ကစသလဲဆိုတာ တစ်ခွန်းတည်းနဲ့ လိုရင်းရောက်အောင် ဖြေသွားပါတယ်။ ဗြဟ္မာကြီးတွေဟာ ကမြင်းပြိးတော့ စတာတဲ့ခင်ဗျ။ မှတ်ကရော။ ခုနေများ ရှိများရှိရင် အကယ်ဒမီပေးပွဲက မင်းသမီးကလေးတွေ အာဗွားရှလူးသလို ဂုဏ်ပြုအနမ်းတွေ တရစပ် ပေးလိုက်ချင်ပါရဲ့။ မဟုတ်ဘူးလားဗျာ။ ဘယ်ဘာသာစကားထဲမှာမှ ဒီ့ထက်ပို ကွက်တိအဓိပ္ပါယ်ပေါက်တဲ့ စကားလုံးမျိုး ယိုးစွဲရှိမှာပါလိမ့်။ ဗြဟ္မာကြီးတွေကလည်း တကတည်းမှပဲနော်။
          ပေါက်သေးဘူးလား။ ကဲ သီချင်းအဓ်ပ္ပါယ်ကလေး မြန်မာလိုပြန်ပေးမယ်။ ကျုပ်တို့ ဗုဒ္ဓဘာသာမြန်မာလူငယ်များဟာလေ `ထာဝရဘုရားသခင်က ကမ္ဘာကြီးကို ခုနစ်ရက်နဲ့ ဖန်ဆင်းလိုက်တယ်´ ဆိုတာလည်း သိတာပဲ။ မြေမှုန့်ကဖန်ဆင်းထားတဲ့ အာဒံကလေးကို သနားလို့ သူ့နံရိုးတစ်ချောင်းယူပြီး မဧ၀ ကို ဖန်ဆင်းလိုက်တာလည်း သိတာပဲ။ မာရ်နတ်ရဲ့ သွေးဆောင်မှုကြောင့် တားမြစ်ထားတဲ့ ပန်းသီးကိုစားမိပြီး ဧဒင်ဥယျာဉ်ထဲက နှင်ထုတ်ခံလိုက်ရတယ်ဆိုတာလည်း ခရေစေ့တွင်းကျ ပြန်ပြောတတ်ပါလိမ့်မယ်။ ဓမ္မဟောင်းကျမ်းကို ကိုးကားရမလား။ ဓမ္မသစ်ကျမ်းက ကြားနာချင်သလား။ ဆရာတော်လေးတို့ ဟောရင် မောနေဦးမယ်။ သားသား မီးမီးတို့က အကုန်လုံး နောကျေပြီးသား။ မင်းတို့ ဗုဒ္ဓဘာသာမှာရော အချစ်ဘယ်က စသလဲ ဆိုရင် စောစောက ဦးလှထွတ်ကြီးတောင် `ဒါပေမယ့် နားမရှင်းပါကွယ်´ လို့ လျှောချသွားရတာ။
          ကမ္ဘာအသစ်ကြီးတည်လို့ လူသားမျိုးနွယ်ရယ်လို့ မစခင်မှာ ဗြဟ္မာ့ဘုံက ဗြဟ္မာကြီးတွေဟာ ဈာန်အဟုန်နဲ့ ဆင်းလာပြီး ဟိုဒီလျှောက်သွား လမ်းသလားကြပါသတဲ့။ အဲဒီအခါမှာ ပေါ်ဦးသစ်စ ကမ္ဘာမြေကြီးရဲ့ မြေဆီမြေသားကလေးတွေက နူးညံ့အိစက်လို့နေတာကြောင့် လက်နဲ့ကိုင်ကြည့် ခြေနဲ့နင်းကြည့်ရုံနဲ့ အားမရတော့ပဲ ပါးစပ်ထဲကိုထည့်လို့ မျိုကြည့်ပါသတဲ့။ ကမ္ဘာမြေရဲ့ ပထ၀ီဓါတ်ရုပ်ဟာ ဗြဟ္မာတွေအတွက်ဆိုရင် ကြမ်းတမ်းလှတာမို့ သူတို့ရဲ့ ခန္ဓာကိုယ်တွေကလည်း ရုန့်ရင်းကြမ်းတမ်းလာပြီး ၀င်သွားတဲ့ပမာဏကိုလိုက်လို့ အချို့ကအဆင်းလှ အချို့က အဆင်းမလှ ဖြစ်ကုန်သတဲ့။ ဒီအခါ အဆင်းလှတဲ့သူတွေက မလှတဲ့သူတွေကို ပျက်ရယ်ပြုပြီး မာနစိတ်တွေပေါ်လာတာမို့ နဂိုက ဈာန်အဟုန်နဲ့ နေကြတဲ့ ကိုယ်ရောင်ကိုယ်ဝါတွေ ပျောက်ကွယ်ကုန်ပြီး ပထ၀ီမြေဆီရသများလည်း ကွယ်ပျောက်သွားသတဲ့။ ဈာန်လျှောသွားပြီမို့ ဗြဟ္မာ့ဘုံကိုလည်း ပြန်လို့မရတော့ပဲ အိုဗာစတေးဖြစ်ကုန်တာပေါ့။ ဒီလိုနဲ့ ရဖြူဂျီလုပ်နေခိုက်မှာ အဖူုးအခိုင်အခက်အလက်တွေနဲ့ တောင်ပို့သဏ္ဍာန် မြေစိုင်ခဲတွေကို ဆက်အားပေးကြပြန်တယ်။ ဒီမှာလည်း အချင်းချင်း စားခွက်လုပြီး ရန်လိုစိတ်တွေ ပေါ်လာလို့ ကွယ်ပြန်တာပဲ။ ပဋာလတာလို့ခေါ်တဲ့ နွယ်ချိုပင်ပေါက်တွေကို ပြောင်းစားကြတာပေါ့။ ဘာခက်တာလိုက်လို့။ တဖြေးဖြေးနဲ့ တက်ဈေးရအောင် ၀ယ်လှောင်ချင်တဲ့ စိတ်တွေ ပေါက်လာလို့ သူလည်းကွယ်ပြန်ရော။ နောက်ဆုံးတော့ အခွံအမှေးဖွဲ မကပ်တဲ့ သလေးဆန်ကို ကျိုချက်စားရတဲ့ဘ၀ရောက်လာတယ်။ အဲဒီလို ပါးစပ်ကြိးထဲ ဟိုတာတွေ လျှောက်ထည့်၊ ဒီဟာတွေ လျှောက်ထည့်နဲ့ဆိုတော့ ထုတ်ကုန်လေးလည်း ရှိမှဖြစ်ရမှာပေါ့ဆိုပြီး ကျင်ကြီးစွန့်ရာ ကျင်ငယ်စွန့်ရာ အင်္ဂါဇာတ်တွေ ဖွံ့ဖြိုးလာလို့ ယောင်္ကျား နဲ့ မိန်းမ ဆိုတာလည်း ပေါ်လာရပြန်သတဲ့ကွယ်။ အခုတော့ ဗုဒ္ဓဟူးဇာတ်၊ ကြာသပတေးဇာတ်တွေ ဆက်ဖွံဖြိုးလာလို့ မိန်းမရှာ ယောင်္ကျားရှာတွေ ဆက်ပေါ်လာသလား မဆိုနိုင်ဘူး။ နဂိုကတည်းက ကမြင်းတတ်တဲ့ ဗြဟ္မာကြီးတွေက ဆင်းသက်လာတာဆိုတော့ ဒီယောင်္ကျားနဲ့ မိန်းမတွေကလည်း ဘာသားနဲ့ ထုထားတာလိုက်လို့ကွယ်။ ဆက်ဆက်ပြီး ကမြင်းလာလိုက်ကြတာမို့ ဒီကနေ့ထိ ရင်နဲ့မောင်နဲ့လည်း တချစ်တည်းချစ် နေကြတာ မဟုတ်ဘူးလား တဲ့။ ကိုယ့်ဘာသာ ကျေးဇူးတင်ချင်လည်းတင် အပြစ်တင်ချင်လည်းတင်။ သဘော တဲ့။ ကဲ ဒါမှ မပေါက်သေးရင်တော့ တစ်ဦးချင်းစီ သီးသန့်ကျူရှင်ပေးရုံပဲ ကျန်တော့တယ်။
          ပဂိုးဒါး ပဂိုးဒါး။ ဒီအချစ်သီချင်းကြီးကလည်း မကြားဝံ့မနာသာ ရှိလိုက်လေ လို့တော့ မဆိုနိုင်ပေါင်။ အချစ်ဆိုတဲ့ သဘောဟာ သူ့ဘာသာ ရုန့်ရင်းကြမ်းတမ်းရိုး မရှိဘူးဗျ။ လူပုံအလယ်မှာ ထုတ်ဖော်ပြောဆိုပြုမူတဲ့အခါမှာသာ ယဉ်တယ် ရိုင်းတယ်။ ကလက်တယ်။ အမြင်မတော်ဘူး။ ရှက်စရာကောင်းတယ် လို့ အများက သတ်မှတ်ကြတာ။ သိသာသိစေ မမြင်စေနဲ့ ဆိုတဲ့သဘောရှိတယ်။ ခုတော့ နေပစေ လူတွေသိလေ ပိုကောင်းလေဆိုတဲ့ အခွေတွေပလူပျံလာလို့ `အချစ်မှာ ရှော့ခ်ရှိတယ်´ လို့ သတိပေးချင်ပါတယ်။ `ဘာရှော့ခ်လဲ´ ဆိုရင် `cultural shock´ ပေါ့။ ကမ္ဘာနဲ့မြန်မာ တိုက်ရိုက်အတွေ့မှာ သူတို့ယဉ်ကျေးမှုတွေက လှိုင်းလုံးကြီးများလို တလိမ့်လိမ့်တက်လာတဲ့အခါ ကိုယ့်ဘက်က သဲသောင်ပြင်ကလေးလို အလွယ်တကူ လက်ခံနိုင်ရင်တော့ ဘာမှ တုန်လှုပ်စရာမရှိဘူးပေါ့။ ဗယ်လင်တိုင်းဒေးရောက်ရင် ချစ်သူကို ချောကလက်ဝယ်ပေးရမယ်။ အရုပ်ဝယ်ပေးရမယ် ဆိုတာ နထို့ပလို့က တချို့တချို့ တွေလည်း ဓါတ်ပြီးသား။ တို့ရွာသားတွေ အားလုံး ဓူဝံအင်ဗာတာသာ မသုံးရင်နေမယ်။ စင်္ကာပူ မလေးရှားမှာတော့ ပုံလို့။ ဂလောက်တော့ ခေတ်မီပါတယ်။ သို့သော်လည်း ဘိုးစဉ်ဘောင်ဆက်က အုံနဲ့ကျင်းနဲ့ ဆောက်တည်လာခဲ့တဲ့ ကျောက်သားကျောက်ဆောင်လို အမာခံ အစွဲတွေနဲ့ကျတော့ ရိုက်ခတ်မှုက ပြင်းထန်တယ်။
          ဥပမာ ရေနှူးရရင်တော့ ဟိုးတခါဖြစ်ခဲ့တဲ့ နိုင်ငံကျော်မင်းသမီးကလေးနဲ့ သတင်းထောက်မကလေးအမှုကို အစပြန်ဖော်ကြတာပေါ့။ ဘယ်လိုပဲ ယဉ်ယဉ်ကျေးကျေးမေးမေး သူမေးတဲ့မေးခွန်းက မြန်မာအမျိုးသမီးတစ်ယောက်အနေနဲ့ လူပုံအလယ်မှာ မမေးအပ်တဲ့မေးခွန်း၊ လင်ကြောင်းသားကြောင်းဆိုတာ မိန်းမချင်းပြောရင်တောင် သူများတွေကြားမှာစိုးလို့ နှစ်ကိုယ်ကြားပြောရတာ။ (နန္ဒာလှိုင်နဲ့ အေးအေးခိုင်လိုပေါ့။ ပြောလို့ဝမှ လိုင်းပေါ်တင်လိုက်တာ) သူ့ဟာက လူလယ်ခေါင်မှာလည်းမေးတယ်။ ပိတ်သတ်ကြီးက ပြောကုန်ပြီ ဆိုတာလည်းပါတယ်။ ပြီး အဲဒါကြီးကို သူကဒီလိုပြောသတော့ ဆို ဂျာနယ်ထဲထည့်ဦးမှာ။ `ငါသာ သူ့နေရာမှာဆိုရင် လူလယ်ခေါင် အဲသလို အမေးခံရရင် ဘယ်လိုခံစားရမှာပါလိမ့်´ ဆိုတဲ့ မေးခွန်းကို သူ့ဘာသူ အရင်ဖြေကြည့်သင့်တာ။ ဟိုဘက်ကိုကြည့်ပြန်တော့ သူ့ခေတ်သူ့အခါမှာ သူ့ကိုမီတဲ့ စန်းမျိုးမရှိခဲ့ဘူး။ ဘာလုပ်ပြလုပ်ပြ အကုန်လုံးက ချစ်တယ်။ ငွေကြေးအားဖြင့်ရော အောင်မြင်မှုအားဖြင့်ရော ဘယ်သူ့ကိုမှ ဂရုစိုက်စရာမလိုဘူး။ အဲသလိုလူမျိုးတောင်မှ မွှန်ထူပြီး လူလည်ခေါင် ထမီခါးထောင်းကျိုက်မိအောင် သူ့အားနည်းချက်အတွက် အရှက်ရနေတာ သိသာတယ်။ မင်းသမီးပဲ လင်ဘယ်နှစ်ယောက်ယူယူ၊ ဘယ်သူ့အပူမှမပါဘူး။ သူ့မတိုင်ခင်ကလည်း ဒီလိုပဲ ယူခဲ့ကြတဲ့သူတွေ ရှိတာပဲ။ ခက်တာက ဖုံးဖုံးဖိဖိ၊ လူမသိသင့်တာကို ခနခန ကြော်ငြာထိုးထားမိတော့ လူလယ်ခေါင် ဖနောင့်နင်းခံရရော။ အယ်လစ်ဇဘက်တေလာလောက်လည်း အရေမထူပဲနဲ့။
            စိုင်းထီးဆိုင်ဆိုသလို `အချစ်ဆိုတာ လျှို့ဝှက်ချက်တစ်ခုပါ´ လို့ မဆိုနိုင်ပေမယ့် တချို့ကိစ္စတွေကို လူသိရှင်ကြား မဖြစ်စေအပ်ဘူး။ အခုတော့ အဲဒီလူကြားမကောင်း သူကြားမကောင်း အချစ်အလွမ်း စွန့်စားခန်းတွေက အရုပ်ဖိုင်အသံဖိုင်တွေနဲ့ အင်တာနက်ပေါ်ရောက်။ ဘလူးတုသ်နဲ့ပို့ ပလူကိုပျံရော။ ရင်နဲ့မောင်နဲ့ တချစ်တည်းချစ်တာ ရင်တို့နှစ်ဦးကြားမှာပဲ ထားရမှာပေါ့။ ပေတရာဆီလျှောက်ပါလို့ မြင်သလောက် ပြလိုက်ချင်ပါသည်လို့တော့ မသင့်တော်ဘူး မဟုတ်လား။ `အောင်မယ်။ အခုမှ လာ အသံကောင်းဟစ်နေပြန်ပါပြီ။ အီးမေးက ဖော်ဝဒ်လုပ်လိုက်တုန်းက သူရော မကြည့်ပဲ နေလို့လား။´ ဆိုရင် `ဟုတ်ကဲ့။ ကြည့်ပါတယ်။´ ဒါမျိုးဆိုတာ ကြိုတ်တတ်ရင် တစ်ယောက်တည်း ကြည့်ရတာပါ။ (နှစ်ယောက်ကြည့်တဲ့အထဲတော့ မပါသေးဘူး) ဘယ်သူက လမ်းထိပ်က လက်ဘက်ရည်ဆိုင်မှာ ပရိုဂျက်တာနဲ့ထိုးကြည့်လို့လဲ။ လူမြင်ရင် ရှက်စရာကောင်းတယ် မဟုတ်ဘူးလားဗျ။ ခုခေတ်လူငယ်ခြေတက်များကတော့ လက်လန်ပါတယ်။ မြို့လယ်ခေါင် မီးထိန်ထိန်နဲ့ အင်တာနက်ဆိုင်ထဲမှာ ခုံချင်းကပ်လျက် လူတွေရှိနေပါလား လို့ လုံးဝဂရုမစိုက်ပဲ ပြုချင်တိုင်းအမှုတို့ကို ထင်တိုင်းကျဲလို့ ထထပြေးရပါတယ်။
           မြန်မာမျက်စိ မြန်မာနားနဲ့ အမြင်မတော် အကြားမတော်ဘူးလို့ ရှိခဲ့တဲ့ အနေအထိုင်၊ အပြောအဆို၊ အပြုအမူတွေဟာ ဒီဘက်ခေတ်မှာတော့ တော်တော်လေး မျက်စိယဉ် နားယဉ်လို့ လာပါပြီ။ တစတစနဲ့ တိုက်စားယိုင်ရွဲ့ ချိနဲ့သွားတာကတော့ `အိုအောင်မင်းအောင်ပေါင်းရစေသား´ ဆိုတဲ့ အိမ်ထောင်ရေးရေစက်ကြီးပါပဲ။ အတူတူ ပေါင်းဖက်ကြဖို့အတွက် အိမ်ထောင်ပြုစရာ မလိုတော့တဲ့ခေတ်၊ ပိုက်ဆံရှိ၊ ဂုဏ်ရှိရင် လင်သက်စေ့ မယားသက်စေ့ယူလို့ တင့်တယ်တဲ့ခေတ်၊ အိမ်ထောင်တည်မြဲရေးအတွက် စိတ်ဆင်းရဲ့ခံပြီး ဘာကိုမှ ငံ့ညှာစရာမလိုတော့တဲ့ခေတ် ကို ရောက်နေပါပြီ။ ဒီအတိုင်း ရှေ့ဆက်သွားရင် ဘာတွေ ဖြစ်လာမလဲ တွေးကြည့်ဖူးသလား။ တွေးကြည့်ရအောင်လေ။ အလွယ်တကူ အိမ်ထောင်ပြုလို့ရ၊ ကောက်ကာငင်ကာ အိမ်ထောင်ကွဲလို့လွယ်၊ အဆင်ပြေသလို အိမ်ထောင်ထပ်ပြုလို့ လူမကဲ့ရဲ့ဘူးဆိုရင် အိမ်ထောင်ပြုတယ်ဆိုတာ ခရီးတူသလောက် လမ်းကြုံလိုက်တဲ့သဘောပဲ ဖြစ်မှာပေါ့။ တသားတည်း ပေါင်းစည်းဖို့ဆိုတာ ဘယ်လွယ်ပါ့မလဲ။ လင်ရယ် မယားရယ်ဆိုတာ ဖြုတ်လို့တပ်လို့ရတဲ့ ကပ်ခွာသဘောမျိုးလား။ ရုပ်ရှိလို့ ရေလျှံလို့ စန်းကောင်းလို့ (တချို့ကတော့ ဘာမှမရှိလည်း ၀ါသနာအရ နေကိုမနေနိုင်လို့) မယားတွေ အများကြီးယူထားတဲ့သူတွေ တွေ့ဖူးပေါင်း များလှပါပြီ။ မယားခြောက်ယောက်ယူလို့ ယောက္ခမသာ တစ်ဒါဇင်ပြည့်မယ်။ ဘယ်အိမ်မှာမှ တည်းမရ နေမရပဲ တည်းခိုခန်းဝင်အိပ်ရတယ်။ (၀ါသနာပါလို့ ရမယ်ရှာသလားတော့မသိ) သေရင် ဘယ်အိမ်က သပိတ်သွပ်ရမှန်းမသိ။ စဉ်းစားကြည့်စမ်းပါ။ မင်းတုန်းမင်းကြီးကို ဘယ်သားသမီးက အဖေရယ်လို့ ချစ်သလဲ။ အသေတောင်သတ်ဖို့ ကြိုးစားလို့ မအေက ၀င်ဖြန်ဖြေတဲ့အခါ `လင်ချစ်မကြီ။ ကာဆီးကာဆီး တက်မလာနဲ့။ ခများကြီးပါ သေချင်လို့လား´ လို့ ကြိမ်းသတဲ့။ ရာကျော်အောင်မွေးထားတဲ့ သားတွေမှာ လေးဆယ်ကျော်က အချင်းချင်းသတ်လို့ သေရတယ်။ ကိုယ့်ဘာသာ သတ်လိုက်ရတာတွေလည်းရှိတယ်။ ကိုယ့်သတ်ချင်တဲ့သူတွေက ဘယ်နှစ်ယောက် ရှိမှန်းမသိ။ ဒီလိုအိမ်ထောင်မျိုးတွေမှာ သားသမီးကို မျိုးစေ့ကလွဲလို့ ဘာတွေ လက်ဆင့်ကမ်းနိုင်မှာပါလိမ့်။ Liza Minelli ရဲ့ ကမ္ဘာကျော် Cabaret ဆိုတဲ့ ရုပ်ရှင် ကြည့်ဖူးတယ်။ အဲဒီထဲမှာ သူ့ချစ်သူနဲ့ မဖြစ်နိုင်မှန်းသိလို့ ကိုယ်ဝန်ဖျက်ချပြိးတဲ့အခါ နှစ်ယောက်သား စကားများကြတော့ မင်းသမီးက `ဘာတွေများ ဒီလောက် နှမြောနေသလဲ။ ရာသီပေါ်တုန်းက ကြွေသွားတဲ့ မျိုးဥကလေးတစ်ဥ မဟုတ်ဘူးလား´ တဲ့။ အဲဒါ တစ်လင်တစ်မယားစံနစ်ကို တန်ဖိုးမထားရင် ရောက်သွားမယ့်ဘူတာပေါ့။ ဒါပေမယ့် ပြောခဲ့ပြီးသလို လင်များတဲ့ မိန်းမ၊ ဇယားရှုပ်တဲ့ ယောင်္ကျားတွေဟာ ဘာတွေနဲ့ ဘယ်လိုဖုံးကွယ်ဖုံးကွယ်။ သူတို့ကိုယ်တိုင်ကိုက မသိစိတ်မှာ အရှက်ရပြီးသား။ မျက်နှာငယ်ပြီးသားအပြင်မှာ သူတို့ကြောင့် မွေးလာတဲ့ သားသမီးတွေမှာလည်း မျက်နှာမလှ သိက္ခာကျတဲ့ အမွေကို ဆက်ခံရပါတယ်။ မြန်မာတွေ အမြင်မှာတော့ ဒါကို အားနည်းချက်လို့ပဲ မြင်တယ်။ ပက်ပုန်းတို့၊ ခေါက်စံတို့မှာ အလုပ်သွားလျှောက်ရင်တော့ အားသာချက်ဆို ဦးစားပေးချင် ပေးမှာပေါ့။
          တချစ်တည်းချစ်တယ်ဆိုတာ အိမ်ထောင်သည်တွေမှ မဟုတ်ပါဘူး။ အပျိုလူပျိုတွေမှာလည်း `လူမှန်ရင် အချစ်နဲ့ မကင်းပေ´ဆိုတော့ ဒီဂယက်မှာ သူတို့လည်း တ၀ဲလည်လည် မြောကြပါတယ်။ ကိုယ်မွေးထားတဲ့ သမီးတောင် သိပ်မကြာခင် အဲဒီအရွယ်ရောက်တော့မှာဆိုတော့ သူတို့ကို ရည်ရွယ်ပြီးတော့လည်း သတိပေးစရာတွေ ရှိပါတယ်။ အရွယ်ရောက်လာ တို့ကျောင်းမှာ ပညာသင်ကြားကြ ဆိုတာ ပညာသာ မတတ်ရင် ရှိရမယ်။ ရည်းစားသနာ ထားစရာဆိုတာကတော့ ဘယ်သူမှ သင်စရာမလို၊ အလိုလို တတ်သလေ။ ဗြဟ္မာကြီးတွေက ဆင်းသက်လာပါတယ်လို့ ဆိုနေမှ။ သို့သော်လည်း ခေတ်ကာလ သမီးရည်းစားများက ရှေးရှေးက လင်စုံမယားဘက်တွေကို သနားဦးမှာ။ အပျိုစင်လေးတွေဆိုတာ တရုတ်ပြည်မှာပဲ ဈေးကွက်ရှိတော့သတဲ့။ အနောက်တိုင်းက လူတွေအတွက် ဟာသစစ်စစ်ကြီး။ အဲဒါရှက်စရာကောင်းတဲ့ ချွတ်ယွင်းချက်ကြီးတစ်ခုလို့တောင် သူတို့စိတ်ထဲမှတ်ကြတယ်။ ဒီက သမီးတစ်ကောင် နွားတစ်ထောင်ဆိုတဲ့ မိဘတွေဆို လူငယ်အခွင့်အရေးချိုးဖောက်မှု။ တားဆီးပိတ်ပင်မှုတွေနဲ့ တရားများစွဲကြမလား မဆိုနိုင်။ ၁၈နှစ်ကျော်ရင် အိမ်ပေါ်ကဆင်း၊ ချစ်ချင်ရာနဲ့ ချစ်လို့ရပြီတဲ့။ ငယ်ရွယ်တဲ့ မိန်းမပျိုကလေးအနေနဲ့ မယဉ်ပါးသင့်တာတွေကို အစောကြီး ယဉ်ပါးသွားခဲ့ရင် ဘယ်လိုလုပ်မလဲ။ သူတို့လည်း ပုဇွန်ဆိတ်ကလေး ဘယ်လိုငယ် ပင်လယ်ကူးတတ်တယ် ဆိုပြီး အင်တာနက်ပေါ် အစောကြီး ရောက်ကုန်ပါလေရော။ ဘယ်လိုနေထိုင်သွားလာရင်ဖြင့် မတင့်တယ်ဘူးလို့ စိုးရွံ့မှု လုံးဝမရှိတော့တဲ့ခေတ်မှာ သမီးမိန်းကလေး အိမ်ပြန်မအိပ်တာ၊ သူငယ်ချင်းတွေနဲ့ ခရီးယာယီ ခနခနသွားတာ စိတ်ပူစရာ မဟုတ်တော့ဘူးတဲ့။ သမီးက သူ့ကိုယ်သူ ထိန်းတတ်ရုံတင်မဟုတ်ဘူး။ သူ့ကောင်လေးတွေကိုလည်း ထိန်းထားနိုင်မှတော့ ပူစရာရှိ ဟိုသူငယ်လေးတွေက ပူရမှာ မဟုတ်ပါလား။ ဒီခေတ်ကြီးမှာ သမီးရည်းစားနဲ့ လင်မယားကြားမှာ စည်းတစ်ခုချန်ထားသင့်တယ် ဆိုတာ ရယ်စရာအကောင်းဆုံး ပြက်လုံးတစ်ခုလို့ ဘယ်သူ့မေးမေး အဲဒီအတိုင်းပြောကြလိမ့်မယ်။
           တော်ပါသေးရဲ့။ ငါ့မှာ သားယောင်္ကျားလေးတွေချည့်ပဲ လို့လည်း စိတ်အေးမနေနဲ့ဥိး။ ခုခေတ်မှာ သားယောင်္ကျားလေးတွေဟာလည်း ဆွဲစားခံရတတ်တဲ့အထဲ ပါသွားပြီ။ ချစ်တတ်တဲ့ အသည်းနှလုံးနဲ့ မမတွေ ပုံလို့။ စပွန်ဆာဆိုတာ မင်းသမီးတွေမှာပဲ ရှိတယ် မှတ်လို့လား။ ဂိုးသွင်းနိုင်တိုင်း အရှုံးမရှိဘူးလို့မှတ်ရင် တော်တော် ခေတ်နောက်ကျကျန်ခဲ့ပြီဗျ။ အဲဒီစရိုက်တစ်ခု ပျက်သွားရင် တစ်သက်လုံး အဖတ်ဆည်ဖို့ လွယ်တာမှတ်လို့။ အဲဒါကြောင့် စဉ်းစားဆင်ခြင်နိုင်စွမ်းအားနည်းတဲ့ မရင့်ကျက်သေးခင်မှာ မယဉ်ပါးသင့်တာတွေကို ယဉ်ပါးအောင် မနေတာက ကောင်းသလား၊ ဒါမှမဟုတ် နောင်ကျမှ အရိုင်းသက်သက်ဖြစ်နေရင် ထိန်းမနိုင်သိမ်းမရဖြစ်မှာစိုးလို့ ဒါတွေဟာ မထူးဆန်းဘူးလို့ ရင်းနှီးသွားအောင် လေ့ကျင့်ပေးမလားဆိုတာ ကိုယ့်ဘာသာပဲ စဉ်းစားကြည့်ပါ။ အကောင်းဆုံးကတော့ သူတို့ဘာသာ စဉ်းစားတတ်တဲ့ ဦးနှောက်ကို အရင် ထည့်ပေးတာပါပဲ။ ဘယ်လောက်ပဲ အနောက်တိုင်းဆန်တယ်ပြောပြော ခေတ်ဆန်တယ်ပြောပြော၊ မိဘအိမ် ရည်းစားခေါ်အိပ်တာ မသိချင်ယောင်ဆောင်ပေးဖို့ကတော့ တော်တော် ခက်လိမ့်မယ် ထင်ပါရဲ့။ ဒေးဗစ်ဘက်ခမ်းလည်း သူ့ဂိုးတော့ သူ အသေကာတာပဲဥစ္စာ။ တကယ်တော့ အပျိုစင်ကလေး၊ လူပျိုစင်ကလေးဆိုတာ သူများနဲ့ အိပ်ဖူးတာ မအိပ်ဖူးတာထက် သူ့ခန္ဓာကိုယ်၊ သူ့အချစ်အပေါ်မှာ သူကိုယ်တိုင် ဘယ်လောက် တန်ဖိုးထား စောင့်ထိန်းနိုင်သလဲဆိုတဲ့အပေါ်မှာပဲ တည်ပါတယ်။ `ကြည်ဖြူပါ ကြည်ဖြူပါ မေရယ်။ ဒီညလည်း ကိုယ်လေ အိပ်မပျော်နိုင်´ ဆိုရုံနဲ့ `ဒါလေးများ ဒါလေးများ။ လာပြီး ပြောနေရတယ် အချစ်ရယ်´ ဆိုတဲ့ အပျိုလူပျို သမီးရည်းစားများကို အလွန်ပဲ လေးစားမိပါရဲ့။
           လူငယ်တွေက ထိန်းသိမ်းစောင့်စည်းပြီးနေလာလို့ အပျိုကြီး လူပျိုကြီးဘ၀ ရောက်လာပြန်တော့လည်း လူကြီးတွေက ငြိမ်ငြိမ်မနေနိုင်ပြန်ဘူး။ မတင့်တယ်ဘူးတဲ့။ လာပြန်ချေသေး။ ပူ ပူနိုင်လွန်းတယ်။ `မတော်တရော်တွေနဲ့များတွေ့ရင် တရားလက်လွတ် ငှက်တောင်ကျွတ်ဖြစ်ပြိး အရူးအမဲသားကျွေးမိသလို နေလိမ့်မယ်´ လို့ ဆင်ဝန်ကတော် ကြောင့်ကြကြီးကြတယ်။ သူများတွေ အမြင်မှာလည်း `ဘာဖြစ်လို့ပါလိမ့်´ ဆိုတာကြီးက ဖျောက်မရဘူး။ ရုပ်ရည်၊ ပညာ၊ ဥစ္စာ ပြည့်စုံနေလို့ကတော့ ပိုတောင်ဆိုးသေး။ `တစုံတရာတော့ မုချချွတ်ယွင်းနေတာ အမှန်´ လို့ တစ်ထစ်ချ ကိုယ့်ဘာသာ ကောက်ချက်ဆွဲသွားကြတယ်။ ခဲမှန်ဖူးတဲ့ စာသူငယ်နေမှာပေါ့လို့ အတွေးခံရရင်ပဲ တော်လှပြီ။ သူများတွေ ဘယ်လိုထင်ထင် ဂရုစိုက်စရာမလိုတာ မှန်ပေမယ့်၊ ကာယကံရှင်ကိုယ်တိုင်မှာ တစ်သက်လုံး အမှားကင်းအောင် ထိန်းနိုင်ဖို့ဆိုတာ သိပ်တော့ မလွယ်ပါဘူး။ နဂိုကမှ ဗြဟ္မာကြီးတွေရဲ့ ဗီဇက ပါနေရတဲ့အထဲ။ တချိန်ချိန်မှာတော့ တချိန်ချိန်မှာပေါ့။ ခုဟာက မလိုချင်လို့ကို မယူသေးတာလေ။ ဟုတ်ဘူးလား။ (အဲသလိုပဲ ပြောကြလိမ့်မယ်။ မယုံ မေးကြည့်) သို့သော်လည်း ဘ၀ကြိးမှာ တစ်ယောက်တည်း နေတာ အတော်အတန် နေသားကျလာတော့ သူတို့ဆီမှာ နောက်တစ်ယောက် လက်ခံစရာ နေရာမကျန်တာလည်း ဖြစ်တတ်သေးတယ်။ နှစ်ယောက်တစ်ဘ၀ ထူထောင်ရင် တစ်ဝက်စီပဲရမှာကို မလိုချင်တော့ဘူး။ `ဘာအတွက်နဲ့ အိမ်ထောင်ပြုစရာလိုသလဲ။ ပြော..´ ဆို မာရေကျောရေ ဖြစ်လာတော့ သည်းညည်းခံနိုင်စွမ်းက လျော့လာရော။ အမှတ်မထင် မသိလိုက်မသိဘာသာနဲ့ အဲဒီဘ၀ရောက်သွားရင်တော့ ဘယ်တတ်နိုင်ပါ့မလဲ။ ဒါပေသိ ကိုယ့်သားသမီးကိုတော့ အပျိုကြီး လူပျိုကြီး မလုပ်ခိုင်းရက်ပါဘူး။ မျိုးဆက်ကြောင့်၊ ဘာကြောင့် ညာကြောင့် မဟုတ်ပါဘူး။ သူတို့ နေမှုထိုင်မှုအတွက်ပါ။ ကိုယ်လည်း သားသမီးယူတုန်းက ငါအသက်ကြီးတဲ့အခါ လုပ်ကျွေးမယ့်သူ မရှိမှာစိုးလို့ လို့မှ မတွေးခဲ့တာ။ ကိုယ်ကပေးဆပ်ရတဲ့ အဖော်ဆိုတာ သူ့မှာလည်း ရှိစေချင်လို့ပေါ့။ အဲဒီထက်ပိုပြီး မတင့်တယ်တာကတော့ အိမ်ထောင်မကျဖူးသေးတာ တစ်ခုတည်းနဲ့ ကိုယ့်ကိုယ်ကို လူပျိုကြီး။ အပျိုကြီးအဖြစ်က တစ်ပြားသားမှ အလျှော့မခံလိုသူများအတွက်ပါ။ ဒီအချိန်ရောက်လာလို့ ကျွန်တော့်စိတ်တွေ ဖောက်ဖောက်လာတယ် ဆိုရင် ကုရာနတ္ထိ ဆေးကလည်း မရှိ။ သူတို့စိတ်ထဲမှာလည်း ဒါအတွက်များ အိမ်ထောင်ပြုစရာမှ မလိုတာ လို့ ထင်ပါလိမ့်မယ်။ မှန်ပါတယ်။ တကယ်တော့ အိမ်ထောင်ပြုတယ်ဆိုတာ တချစ်တည်းချစ်နေကြဖို့ သက်သက်လည်း မဟုတ်ဘူး။ လူမှုစီးပွား အဆင့်အတန်းတွေ ညီမျှခြင်းထိုးပြီး အတက်အဆင်းညှိဖို့လည်း မဟုတ်ဘူး။ နန်းရိုးနန်းဆက် မပျက်အောင် စောင့်ရှောက်ဖို့လည်း မဟုတ်ဘူး။ ပိုက်ဆံရှာပေးဖို့ယောင်္ကျား နဲ့ အိမ်ထောင်ထိန်းသိမ်းဖို့ မိန်းမ လိုအပ်လို့လည်း မဟုတ်ဘူး။ ဆက်လက် ဖြတ်သန်းရမယ့် လူ့ဘ၀မှာ အိမ်ထောင်စုကလေးတစ်ခု မိသားစုကလေးတစ်ခု ပြုလုပ်ပြီး ရှေ့ဆက်သွားမလို့ သဘောတူတဲ့ ဘ၀နှစ်ခုကို ပေါင်းစည်းလိုက်တာသာ ဖြစ်လိမ့်မယ် ထင်ပါတယ်။
           အက်ထားမိတဲ့ အပျိုကြီး လူပျိုကြိးဘော်ဒါများအတွက်တော့ ဒီစာဖတ်ပြီး အစိမ်းလိုက် ၀ါးစားချင်စိတ်တွေ ပေါက်နေကြရော့မယ်။ စောင်းလည်း မပြောပါဘူး။ တည့်တည့်လည်း မပြောပါဘူး။ ဒီလိုအစားမျိုး မဟုတ်မှန်း သိပြိးသားပါဗျ။ လူငယ်လူရွယ် ဆယ်ကျော်သက်ကတည်းက ထိန်းသိမ်းလာသမျှ အခါလွန်မိုးမို့ အညှိုးနဲ့ ရွာမယ်ကြံရင် သတိထားနိုင်အောင်ပေါ့။ မကြော်လည်း မကြော်၊ မလှော်လည်း မလှော်ရင် ညှော်လည်း ဘယ်ညှော်ပါ့မလဲဗျာ။ ဆော်ပဲဆော်နိုင်လွန်းတယ် မထင်ပါနဲ့။ ဘာဖြစ်လို့ မတင့်တယ်ဘူးလို့ မြင်ရသလဲဆိုတာကို ရှင်းပြတာပါ။ ကဲ.. အခုလောက်ဆိုရင်ဖြင့် တချစ်တည်းချစ်တာ ဘာပကြောင့်ဆိုသည် ဆိုတာ သဘောပေါက်လောက်ပြီ နော့။ ဆရာငြိမ်းသုံးသွားတဲ့ စကားလုံးကလေးကိုရော ကန့်ကွက်မယ့်သူ ရှိပါသေးသလားဗျာ။ ဗြဟ္မာကြီးတွေတင်မကဘူး။ ဟောဒီကောင်ကလေးကလည်း ကမြင်းပြီးတော့ ပဒူအုံကို တုတ်နဲ့ထိုးမိပြန်ပါရော။ ကျေးဖူးတင်စရာလည်း မကောင်း၊ အပြစ်တင်စရာလည်း မကောင်း၊ ကလော်တုတ်ဖို့သာ ကောင်းတော့တယ် မဟုတ်လား။ ကျားကျား မမ သပ္ပုရိသ အပေါင်းတို့လည်း တချစ်တည်းချစ်နိုင်ကြစေကုန်သတည်း။

တချစ်တည်းချစ်တာ ဘာ့ကြောင့်ဆိုသည် ဟိုယခင် ဗြဟ္မာကအတည် ကမ္ဘာစသည် မြေဆီမြေလွှာ ဆင်းရနံ့ အရသာ..
ဗြဟ္မာကြီးတွေဟာ ကမြင်းပြီးတော့ ခံတွင်းသွင်းလို့ စားမျိုရှာသည်။ ကိုယ်ရုန့်ရင်းလို့ အချို့အဆင်းလှ အချို့အဆင်းမလှနဲ့။ လှတဲ့သူက မဲ့မထီ၊ အတိမာနကြောင့် ကိုယ်ရောင်ညှိုးပျောက် ရသပထ၀ီကွယ်သည်။
တချစ်တည်းချစ်တာ ထွင်တဲ့ဗြဟ္မာတွေ ကျေးဇူးတင်စရာကောင်းသည်။ အပြစ်တင်စရာကောင်းသည်။ ဆုံးဖြတ်ဖို့တတ်တဲ့လူသည်..
သူတို့ကြောင့်ပဲ ရှင်နဲ့ မြနဲ့ မပစ်ပဲ နှစ်လသံသရာရှည်။ တချစ်တည်း ချစ်ရပြန်ပါသည်။
ဖူးရွှေမြေငုံ ဘူမိပဗ္ဗတ တောင်ပို့သဏ္ဍာန်လိုပေါ်သည်။ စားကြပြန်တော့ ယခင်နည်းတူ မာန်မူခြင်းကြောင့်ပျောက်သည်။
ပဋာလတာခေါ် နွယ်ချိုပင်ပေါက် စားသောက်ပြန်လို့ ပျောက်ကွယ်ပြန်သည်။ အခွံမအုပ်မှီ ဖွဲလည်းမကပ်ပဲ သလေးဆန်ကိုတဲ့ အိုးနဲ့ ကျိုသည်။ ဒါတွေ စားကြလို့ ကျားမလို့ ဖြစ်ပေါ်လာပြန်သည်။
တချစ်တည်းချစ်တာ ထွင်တဲ့ဗြဟ္မာတွေ ကျေးဇူးတင်စရာကောင်းသည်။ အပြစ်တင်စရာကောင်းသည်။ ဆုံးဖြတ်ဖို့တတ်တဲ့လူသည်..
သူတို့ကြောင့်ပဲ ရှင်နဲ့ မြနဲ့ မပစ်ပဲ နှစ်လသံသရာရှည်။ တချစ်တည်း ချစ်ရပြန်ပါသည်။

သီချင်းနားထောင်ရန်။
http://soundcloud.com/winmyat-nyein/14-ta-chit-htel-chit
ကို စိုးမင်းSoe Min (facebook)ထံမှ ကူးယူဖော်ပြပါသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More