Friday, December 23, 2011

Facebook ဘီအီးဆိုင်.....

အိပ်မက်ထဲတွင် ဖြစ်ပါသည်။

သူ တံခါး အပြာကြီးတစ်ခုရှေ့တွင် ရပ်နေ၏။
အခင်းအကျင်းက ဆိုင်တစ်ခုခုနှင့် တူနေသဖြင့် သူ ခေါင်းမော့ကြည့်လိုက်သည်။
Facebook ဟု ရေးထားသော အပြာရောင် နောက်ခံဖြင့် စာသား အဖြူများကို ထင်ထင်ရှားရှားတွေ့လိုက်ရလေသည်။

မြင်ဖူးသလိုလိုရှိသည်။ အိပ်မက်ထဲတွင်ဖြစ်သဖြင့် စဉ်းစားလို့မရ။စိတ်ထဲတွင်တော့ ဒီနာမည်က သူနှင့်တော့ အလွန်ရင်းနှီးလွန်းသည်ဟု ခံစားလိုက်ရသဖြင့် ဖြစ်ချင်တာဖြစ် သဘောထားပြီး ရှေ့တည့်တည့်မှ တံခါးကြီးအား ဆွဲဖွင့်လိုက်လေသည်။

နှစ်  ၃၀ လောက် ရေတွင်းထဲတွင် ပုန်းနေရာမှ ရုတ်တရက် ရထားဖြတ်သွားသော လှိုင်ဂူထဲ ရောက်သွားသလို  ဝေါကနဲ အသံတွေ သူ့ နားဆီသို့ ဆူညံစွာ တိုးဝင်လာသဖြင့် သူ့ နားရွက်ကို လက်နှစ်ဖက်ဖြင့် အလျင်အမြန်ပိတ်လိုက်ရသည်။ ဘာသံတွေလဲ ..။ ဘာဖြစ်တာလဲ..။ ထိပ်လန့်ခြောက်ခြားစွာဖြင့် ဖြည်းဖြည်းချင်း ဖွင့်ကြည့်တော့မှ စကားပြောသံတွေ ဖြစ်မှန်းသိရသည်။
သြော်.......... ဒါ ဘုံဆိုင်တစ်ခုပါ့လား။ သူကျေနပ်သွားသည်။ တီးတိုး စကားဆိုသံများကို အလန့်တကြား ကြားလိုက်ရခြင်းသာဖြစ်သည်။

ဒီလို ဘုံဆိုင်တစ်ခုနဲ့ ဝေးကွာခဲ့သည်မှာ အတော်ကြာပြီ။ သူ မမှတ်မိပေမယ့် ဒီ Facebook ဆိုသော အရက်ဆိုင်လေးကို သူထိုင်ဖူးခဲ့မည်ဟု ထင်၏။ နာမည်မြင်ယုံနှင့် သူနှင့် အလွန်ရင်းနှီးနေသည်ဟု ခံစားရသောကြောင့် ဖြစ်လေသည်။

ဆိုင်ထဲကို သူဝင်လာတော့ ခုံတစ်ခုံတွင် လင်းရောင် (Linn Yaung) ဟု စာတမ်းထိုးထားသည်ကို တွေ့သည်။
အို ... ငါ့နာမည်ပါ့လား။
အရက်ဆိုင်၏ စည်းမျဉ်းဥပဒေသများကို မသိသော်လည်း ဒီနေရာသည် ကိုယ်ထိုင်ရမည့် နေရာဟု စိတ်ထဲတွင် အလိုလိုသိလာသည်။ ကိုယ်ထိုင်ရမည့် နေရာသည် ဆိုင်၏ အရောင်းကောင်တာနားတွင် ရှိသဖြင့်လည်း အနည်းငယ် ကျေနပ်သွားသည်။ ဘာပဲဖြစ်ဖြစ် မှာစရာရှိသည်ကို လွယ်လွယ်ကူကူ မှာလို့ ရသည်မဟုတ်လား။
ကိုယ့် နေရာကို တန်းတန်းမတ်မတ်သွားထိုင်ရင်း ကောင်တာကို '' ဘီအီး တစ်ပိုင်း " ဟု မှာလိုက်သည်။

ဆိုင်ကောင်တာတွင် ထိုင်နေသူကို ဖျက်ကနဲ ကြည့်ရင်း ဒီလူမျက်နှာကို မမြင်ဖူးပဲ နာမည်ကို သိသလို ထင်လာသည်။ ဦးနှောက်ကို နည်းနည်းအလုပ်ပေးလိုက်တော့မှ Mark Zuckerberg (မက်ခ်ဇူကာဘက်ခ်) ပါ့လား။
အွန်လိုင်းဖေ့ဘွတ် တည်ထောင်သူကြီးက ဘယ်လိုလုပ်ပြီး အရက်ဆိုင် ပိုင်ရှင်ဖြစ်နေသလဲ မသိ။
ဒီ ဘီအီးဆိုင်ကလဲ သူ့ရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်နိုင်သည်။ အောင်မြင်သော လုပ်ငန်းရှင်တွေမှာ စီးပွားရေးအမျိုးအစားပေါင်း မြောက်များစွာ ရှိသည်ကို သူ မြင်ဖူးသည်။ Facebook ဘီအီးဆိုင်ဆိုတော့ ဒီဆိုင်လဲ သူ၏ လုပ်ငန်းခွဲ တစ်ခုသာ ဖြစ်ဖို့ များလေသည်။

မည်သူမှ လာချမပေးဘဲ .. ဘီအီး တစ်ပိုင်းက သူ့စားပွဲပေါ်သို့ အလိုလိုရောက်လာသည်။ ကိုယ်တိုင်ယူ စနစ်လဲ မဟုတ်ပါဘဲနှင့် မည်သို့ စီမံထားသည်မသိ။ သူလဲ ကြာကြာ မစဉ်းစားတော့ ။ လက်တွေ့ ကမ္ဘာလို ဖြစ်နေပေမယ့် ဒါ ..အိပ်မက် တစ်ခုဟု သူ့ စိတ်ထဲမှာ အလိုလို သိနေသည်။ ပထမဆုံး အရက်ခွက်ကိ သူ ယူသောက်လိုက်သည်။
ပူ .. ကနဲ စီးဆင်းသွားပြီး တစ်ခွက်တည်းနဲ့ ရီဝေေ၀ဖြစ်သွား၏။
အိုးးးးးးးးး.......... ဒီဆိုင်က အရက် ကောင်းလှချည်လား စဉ်းစားရင်း ဖြည်းဖြည်းချင်းသောက်မှဟု ကိုယ့်ကိုယ်ကို သတိပေးလိုက်သည်။
သူသုံးဖူးသော အွန်လိုင်း facebook မှာတော့ အန်ချင်စရာတွေ တော်တော်များသည်။ ဤ အရက်ဆိုင်မှာလဲ အန်ချင်စရာတွေ တွေ့လျှင် သူ အန်မိမည်သာဖြစ်သည်။ ကိုယ့်ကိုယ်ကို ဆင်ခြင်သတိရှိမှ ဟု သတိပေးရင်း အမူးရှိန်က တက်သထက် တက်လာလေသည်။

------------------------------------------------------------------------------------------------------------------------------
အခန်း (၁)

hi .. nay kg lar? ............ ဟူသော စာတမ်းတစ်ခု သူ့ ဆီသို့ ရုတ်တရက်ရောက်လာသည်။
ပြောသူကို ကြည့်လိုက်တော့ ..မိန်းကလေး တစ်ယောက်။
သူ .......... ကမန်းကတန်း အကြောင်း ပြန်လိုက်ရသည်။
သူ့ လိုပင် မြန်းဂလိရှ် ဖြင့် ဖြစ်သည်။
့Yes ... kg par tal...........
ဖြေသာ ဖြေလိုက်ရသည် ..။ ဘယ်သူလဲ မမှတ်မိ။ အသိတစ်ယောက်ယောက်ထဲကပင် ဖြစ်လိမ့်မည်။
သူ စကားဆက်ပြောမည်လား...စောင့်သော်လည်း ပြန်မပြောသဖြင့် ကြောင်တောင်တောင် ဖြစ်သွားသည်။
ရှိစေတော့...။

ဟိုဟို ဒီဒီကြည့်ရင်း သူ့ခုံပေါ်မှာ wall ဆိုသော ခလုတ်ကလေးကို တွေ့သည်။
သူ ခလုတ်ကလေးကို နှိပ်လိုက်တော့ .. သူ့ ခုံပေါ်မှာ အရာများအားလုံး ရုတ်တရက်ပျောက်သွားပြီး ခေါင်းစီး အပြာရောင် စာတမ်းလေးသာ ကျန်ခဲ့သည်။  ညာဘက် အစွန်တွင် အတုံးသေးသေးလေးတွေ ပြေးပြီးနောက် ၀ုန်းကနဲ စာတမ်းတွေ အများကြီးပေါ်လာသည်။ .

အပေါ်ဆုံးက စာတမ်းတစ်ခုက သူမြင်နေကြ စာတမ်းသာဖြစ်သည်။ သို့သော် နောက်ဆက်တွဲကိုတော့ သူတစ်ခါမှ မမြင်ဖူး.။ ရုတ်တရက်မို့ ကြောင်သွားသည်။

'' ဤ နေရာတွင် ကွမ်းတံတွေး မထွေးရ''
ထွေးသူ၏ ပါးစပ်ထဲသို့ ဒိုင်းနမိုက်သွင်း၍ ဖောက်ခွဲခြင်းခြင်း ခံရမည်။
ပုံ/
တာဝန်၊ ခံယူချက်၊ ယုံကြည်ချက်အရ
ဖောက်ခွဲရေး တာဝန်ခံ  သင်းနီနီ

သူ နည်းနည်းတော့ ကျောချမ်းသွားသည်။
တော်ပါသေးရဲ့..။ သူ ကွမ်းမစားတတ်တာ ကံကောင်းသည်ဟု ပြောရမည်။
အဆိုပါ ဆိုင်းဘုတ်အောက်တွင် မိန်းမလိုလို ယောက်ျားလိုလို တစ်ယောက်က အဆီပြန်နေသော မျက်နှာဖြင့် သူ့ကို ရှုတည်တည်စိုက်ကြည့်နေလေသည်။

သူကမန်းကတန်း မျက်လုံးအကြည့်ကို လွှဲလိုက်ရသည်။ အွန်လိုင်း Facebook ပေါ်မှာတော့ သင်းနီနီက မထင်လျှင် မထင်သလို ဆဲတတ်သူဖြစ်သည်။ ယခုကား အရက်ဆိုင်ဖြစ်၏။ လူကိုယ်တိုင် ထ ရိုက်လို့ရသည်။ တော်ကြာ ကိုယ့်ဖင်ထဲ ဒိုင်းနမိုက်ထည့်ခွဲလျှင် သေတာတောင် နာမည်လှမည်မဟုတ်။ သူ . သင်းနီနီကို ကြောက်သည်။

ဟိုလိုလို ဒီလိုလို လုပ်ရင်း တောင်တောင်မြောက်မြောက် ရူးချင်ယောင်ဆောင်ကြည့်ရင်း သူ့ မြင်ကွင်းထဲကို အဓိကရုဏ်းတစ်ခုက ၀င်လာသည်။
အဓိကရုဏ်းဟု ဆိုသော်လည်း . ကိုယ့် ခုံတွင် ကိုယ်ထိုင်၍ ဖြစ်နေကြခြင်းသာဖြစ်သည်။..
လူငယ်တစ်ယောက်က လူကြီးတစ်ယောက်ကို မူးပီး ရစ်နေခြင်းဖြစ်သည်။

'' ဦးလေးက တစ်လုံးထဲ သီးတာပေါ့.... ဒါဆို ဦးလေးက နှစ်လုံး မသီးတဲ့ လူကြီးပေါ့.''
'' ဟေ့ကောင်......... တစ်လုံးထဲ သီးတာ မဟုတ်ဘူးကွ..... တစ်သီးပုဂ္ဂလ၀င်းချိုကွ.. ဟေ့ကောင် လာမနောက်နဲ့နော်...၀င်းချို တစ်ချိုထဲ ရှိတယ်.." ..

'' သြော်... ဦးလေးက လာ....နောက် ... နေ .....ပြန်......ပြီ....... ''
ဦးလေးမှာ ဘယ်လို လုပ်ပြီး ချို ရှိမလဲဗျ.... ဟားဟားဟား...."

ကောင်လေးက တော်တော်မူးနေပြီ...။ မူးရူးပြီး လူကြီးကို စော်ကားနေခြင်းဖြစ်သည်။
သူ့ခုံကို တစ်ချက်လှမ်းကြည့်တော့ .. ''အသည်းကွဲနေသည့် မိုးတိမ်" ..ဟု ရေးထားသည်။
သြော်... အသည်းကွဲ... မူးရူးပြီး ..လူကြီးကို လူကြီးမှန်း မသိ ...  ရစ်နေခြင်းဖြစ်သည်။
ဦးဝင်းချိုမှာ လူကြီးဖြစ်နေသည်က တစ်ကြောင်း.. သူ့ကို ပြောနေသည်မှာ အမူးလွန်နေသည့် လူငယ်ဖြစ်နေသည်က တစ်ကြောင်းကြောင့်သာ သီးခံနေရပုံပေါ်သည်။ မျက်နှာကတော့ .... မီးဖုတ်ခံထားရသည့် ခရမ်းချဉ်သီးလို့ ရဲဗလောင်းခတ်ပြီး တင်းမာနေပြီ။ အွန်လိုင်း ဖေ့ဘွတ်မှာ ၀င်းချိုဆိုသည်ကလည်း ဂုဏ်သိက္ခာ ကြီးမားသောနာမည် တစ်ခုနှင့်သူသာဖြစ်သည်။
တစ်သီးပုဂ္ဂလ ၀င်းချိုဆိုလျှင် မသိသူ မရှိ။

ထိုစဉ်....
'' ဒါ ခြံခုန်တာကွ . ခြံခုန်တာ''  ...ဟူသော အသံနက်ကြီး ထွက်လာသဖြင့် ဆိုင်တစ်ခုလုံး ရုတ်တရက်ငြိမ်ကျသွားသည်။
အသံထွက်လာရာဆီသို့ လှမ်းကြည့်လိုက်တော့ ၀ါရင့်နိုင်ငံရေးသမားတွေ စုထိုင်နေတာ တွေ့ရသည်။
အဆိုပါ ၀ိုင်းမှ လူတစ်ယောက်က ....
'' အဲဒီကောင်ဟာ... ဆိတ်လစိ... ဆိတ်လစိ...ဟု ပြောရင်း ခေါင်းစိုက်ကျသွားတာတွေ့ရသည်။
တစ်ယောက်ကတော့ မျက်ထောင့်နီကြီးဖြင့် ဒေါင်းယောင်ဆောင်တဲ့ ကျီးတွေ အလိုမရှိဟု လက်သီးလက်မောင်း တန်းပြီးအော်ဟစ်နေသည်။
တော်တော်များများ သောက်ထားကြပုံရသည်။ သူတို့စားပွဲပေါ်မှာတော့ . ရုပ်ရှင်မင်းသား လွင်မိုး၏ ပြုံးစိစိဖြင့် ကြည့်နေသော ဓာတ်ပုံကို တွေ့ရလေသည်။

............................................................................

သူလည်း ရိပ်တိတ်တိတ် ဖြစ်လာသည်။
ဘီအီးတစ်ပိုင်းက ဒီလောက်ထိ မူးယစ်စေတာမျိုး သူ င်္တစ်ခါမှ မကြုံစဖူး။ သာမာန် အချိန်ဆိုလျှင်ဖြင့် သူ ထ ပြန်ပြီ။
သို့သော် ယခုတော့ သူ့ကို Facebook ဆိုသည့် ဗျစ်ရည်ဆိုင်လေးက သူ့ကို မပြန်ချင်အောင် စွဲဆောင်နေသည်။
ဆိုင်ထဲတွင် ရှိနေသည့် လူအများစုမှာ ကိုယ့်နာမည်ပါသည့် ခုံလေးတွေမှာ ထိုင်ရင်း... ကောမန့်များကို အရက်နှင့် မြည်းကာ ကိုယ့်ကိစ္စနှင့် ကိုယ် ရှုပ်နေကြတာများသည်။ မည်သူ့ကိုမှ ဂရုမစိုက်။ ကိုယ့်ကို စကားလာပြောလျှင် ပြောသည်။
ဒီကြားထဲ လူငယ်တစ်ချို့ ထ ထ အော်သော Hip Hop စာသားများသာ ရုတ်တရက် တက်လာတတ်သည်။

''သခွားသီးကို အစိမ်းလိုက်ကိုက်............... ငါလူမိုက်....
ငပိခွက်ကို လက်နဲ့နှိုက် ......................... ငါလူမိုက်....
ငါးနှစ်သား ကလေးကို စောက်ခွက်ရိုက် ......ငါလူမိုက်......''....

ဘာတွေမှန်းလဲ မသိ.။ တော်တော် မိုက်မဲသည့် အလုပ်တွေ လုပ်ပြီး လူတစ်ကာသိအောင် သီချင်းလုပ်ဆိုနေသည်။ သူတို့ မိုက်တယ်ဆိုတာကို ငြင်းမည့်သူ မရှိ။
သခွားသီးကို အစိမ်းလိုက်ကိုက်၊ ငပိခွက်ကို လက်နဲ့နှိုက်၊
ငါးနှစ်သား ကလေးကို စောက်ခွက်ရိုက် ......ဆိုမှတော့ .. သူတို့ မိုက်တယ်ဆိုတာကို လူတိုင်းနီးပါးက တညီတညွတ်တည်း ထောက်ခံကြပုံရသည်။
မည်သူကမှ ... မမိုက်ပါဘူး ကလေးတို့ရယ်...ဟု ၀င် မငြင်းသဖြင့် .သူတို့ကိုယ်သူတို့ အဟုတ်ကြီး မှတ်ပြီး စိတ်ရှိ လက်ရှိ မိုက်နေကြလေသည်။
မသိမသာ အကဲခတ်ကြည့်တော့မှ သူနှင့် ရင်းနှီးသော ရက်ပါသီချင်းတွေဆိုနေသည့် မိုးထက် (Moe Htet). ဆိုသည့်ကောင်..။
သူ့နဘေးမှာ Ra Min ဆိုသည့်ကောင်က ဦးထုတ်တစ်စောင်း စောင်းကာ ခြေကားယား လက်ကားယားဖြင့် စည်းချက်နှင့် အညီ လိုက် ကနေသည်။ တော်တော် မျက်စိနောက်သဖြင့် အကြည့်ကို အမြန်လွှဲရသည်။ .. ဒီကောင်တွေမြင်ရတာ အသက်တိုသည်။ တကယ် မိုက်သူများ ဖြစ်၏။

...................................................... (ဆက်ပါမည်)......




                                                                                      လင်းရောင် (Youth Space Media)

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More