Wednesday, December 14, 2011

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် နိုင်ငံရေးပါတီ တည်ထောင်ခွင့်ပြု

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီတည်ထောင်ခွင့် လျှောက်ထားချက်သည် ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီ တည်ထောင်ခွင့်ပြုလိုက် ပြီဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ချက်အရ သိရပြီး နိုင်ငံရေးပါတီ တည်ထောင်ခွင့်ပြုခဲ့ခြင်းကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်နှစ်ဦးတို့သည်  ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၅ ရက် နေ့တွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ သွားရောက်၍ နိုင်ငံရေးပါတီ တည်ထောင်လိုကြောင်း လျှောက်ထားခဲ့ပြီး လျှောက်ထားရာတွင် ဦးတင်ဦး အပါအ၀င် ပုဂ္ဂိုလ် ၂၁ ဦးက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို တည်ထောင်လိုကြောင်းလျှောက်ထားခဲ့ခြင်း ဖြစ်သည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ရွေးကောက်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံမည့်ကိစ္စနှင့်စပ်လျဉ်း၍ ရွေးကောက်ပွဲဗဟို အောင်နိုင်ရေးအဖွဲ့ကို အဖွဲ့ဝင် ၂၁ ဦးဖြင့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့က ဖွဲ့စည်းခဲ့ပြီး ဗဟိုအောင်နိုင်ရေးအဖွဲ့နှင့်အတူ ကော်မတီငါးရပ်ကိုလည်း ဖွဲ့စည်းခဲ့သည်။   အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့် အညီ မှတ်ပုံတင်၍ နောင်လာမည့် ရွေးကောက်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်အရွေးခံမည်ဟု နိုဝင်ဘာလ ၁၈ ရက်နေ့ကပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့အစည်း အဝေးက ကန့်ကွက်သူမရှိ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့သည်။
၁၉၉၀ ပြည့်နှစ် မေလ ၂၇ ရက်နေ့တွင် ပြုလုပ်ခဲ့သော ရွေးကောက်ပွဲ၌ မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် မှတ်ပုံတင်တည်ထောင် ခဲ့သော ပါတီဖြစ်သည်။ သို့သော် ယခင်အစိုးရလက်ထက် ၂၀၁၀ ပြည့်နှစ်မတ်လ ၈ ရက်နေ့က ထုတ်ပြန်ခဲ့သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ရက်ပေါင်း ၆၀ အတွင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ ထပ်မံမှတ်ပုံတင်ရမည်ဖြစ်သော်လည်း ကန့်သတ်ချက်များ ကြောင့် ၂၀၁၀ ပြည့်နှစ် မတ်လ ၂၉ ရက်နေ့တွင်ပြုလုပ်ခဲ့သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုဦးစီး အဖွဲ့အစည်းအဝေးက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ထပ်မံမှတ်ပုံမတင်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More