Wednesday, December 21, 2011

လှည်းတန်း လမ်းဆုံ ဗုံးပေါက်မှု သတင်းများ

Myit Makha Mediagroup

၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်၊ ရန်ကုန်မြို့၊ ကမာရွက်မြို့နယ် ပြည်လမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းထောင့်ရှိ အများသုံး သန့်စင်ခန်းတွင် ဗုံးတလုံး ပေါက်ကွဲကာ လူတဦး သေဆုံးပြီး တဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

Eleven Media Group

ရန်ကုန်တက္ကသိုလ်ဝန်းအတွင်းရှိ အများသုံးအိမ်သာ (ပြည်လမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းထောင့်)တွင် ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသမီးတဦးသေဆုံးပြီး အမျိုးသမီးတဦးဒဏ်ရာရရှိထားကြောင်း သိရပါသည် (အတည်မပြုနိုင်သေးသော သတင်းများအရ သေဆုံးသူနှင့် ဒဏ်ရာရရှိသူတို့မှာ အသက် ၁၈ နှစ်ဝန်းကျင်ခန့်သာ ရှိသူများဖြစ်ကြောင်းသိရသည်)။ မပေါက်ကွဲသေးသော ဗုံးရှိနေသေးသည်ဟု သတင်းများ ထွက်ပေါ်နေပြီး ရှာဖွေစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေသည်ဟု သတင်းရရှိပါသည်။

The Voice Weekly

ဒီဇင်ဘာ ၂၁ ရက်နေ့ နံနက် ၁၁ နာရီခန့်က ဖြစ်ပွားခဲ့သော လှည်းတန်းလမ်းဆုံအနီး ဗုံးပေါက်ကွဲမှုဖြစ်စဉ်တွင် လူတဦး သေဆုံးပြီး တဦး ဒဏ်ရာရရှိခဲ့သည်ဟု သတင်းများထွက်ပေါ်နေပြီး အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းလျက်ရှိပါသည်။

လှည်းတန်းလမ်းဆုံ ရန်ကုန်တက္ကသိုလ်ဝင်းနှင့် ကပ်လျက်တည်ရှိသော အများသုံး အိမ်သာတခုအတွင်း ယနေ့နံနက် ၁၁ နာရီ ၁၈ မိနစ်ခန့်က ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုဖြစ်စဉ်တွင် လူတဦး သေဆုံးခဲ့ပြီး တဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါနေရာသို့ ရောက်ရှိနေသူ The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။ သေဆုံးသူမှာ အမျိုးသမီး ဖြစ်ပြီး ဒဏ်ရာအပြင်းအထန် ရရှိသူမှာ အမျိုးသားဖြစ်သည်။

လှည်းတန်းလမ်းဆုံ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သော သန့်စင်ခန်းနှင့်အနီးတစ်ဝိုက်တွင် မိုင်းရှာခွေးများဖြင့် ဗုံးရှာဖွေလျက်ရှိကြောင်း၊ အခင်းဖြစ်ပွားရာ သန့်စင်ခန်းအတွင်း နောက်ထပ် ဗုံးတလုံး ကျန်ရှိသေးသည်ဟု သတင်းများထွက်ပေါ်နေကြောင်း၊ အဆိုပါနေရာသို့ စစ်ကားနှစ်စီး၊ ရဲကားနှစ်စီး၊ သူနာပြုယာဉ်နှစ်စီး ရောက်ရှိနေကြောင်း၊ အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် တက္ကသိုလ်ရိပ်သာလမ်းအား ယာဉ်ကြောတခြမ်း ခေတ္တခဏပိတ်ထားကြောင်း၊ ယင်းနေရာသို့ လုံခြုံရေးအင်အား အယောက် ၅၀ ထက်မနည်း ရောက်ရှိနေပြီး လာရောက်ကြည့်ရှုသူ ၃၀၀ ဦးခန့် ရှိကြောင်း အဆိုပါနေရာသို့ ရောက်ရှိနေသည့် The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

အခင်းဖြစ်ပွားရာသို့ နေ့လည် ၁၂ နာရီတိတိတွင် ရန်ကုန်တိုင်း လုံခြုံရေးဝန်ကြီး ရောက်ရှိလာပြီး မီးသတ်ယာဉ်နှစ်စီးလည်း ထပ်မံရောက်ရှိလာသောကြောင့် သန့်စင်ခန်းအတွင်း ဗုံးထပ်မံတွေ့ရှိသည့် အခြေအနေဟု ယူဆရကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသွားသော အမျိုးသမီး၏ ရုပ်အလောင်းကို ၁၂ နာရီ ၈ မိနစ်တွင် သန့်စင်ခန်းအတွင်းမှ သယ်ထုတ်နေပြီဖြစ်ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။


မဇ္ဈိမ

ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်းမီးပွိုင့်အနီး အများသုံး သန့်စင်ခန်းတခုတွင် ဗုဒ္ဓဟူးနေ့ နံနက် ၁၁ နာရီ ၁၀ မိနစ် ဝန်းကျင်ခန့် အချိန်က ဗုံးပေါက်ကွဲမှုတရပ် ဖြစ်ပွားရာ လူတဦး သေဆုံးသွားသည်။။

တက္ကသိုလ်ရိပ်သာလမ်းနှင့် ပြည်လမ်းထောင့်ရှိ အများသုံး သန့်စင်ခန်းတခုတွင် ပေါက်ကွဲမှုကြောင့် လူတဦး သေဆုံးပြီး တဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

“အသံက အကျယ်ကြီးပဲ။ ကျနော်တို့ မာလာဆောင် မှတ်တိုင်အကျော်နားက ကြားရတယ်။ အိမ်သာက အလူမီနီယမ်နဲ့ ဆောက်ထားတာ။ ခေါင်မိုးတွေ လန်ထွက်သွားတယ်။ လူတယောက်ကိုတော့ ဆေးရုံကားနဲ့ တင်သွားပြီ။ အထဲမှာ အလောင်းတလောင်း ရှိသေးတယ် ပြောတယ်။ အခုရဲက အပြင်လူတွေကို သွားဖို့ ပြောနေပြီ။” ဟု အခင်းဖြစ်ပွားရာတွင် ရောက်ရှိနေသူတဦးက မဇ္ဈိမကို ပြောသည်။

အခင်းဖြစ်ပွားရာနေရာ အနီးဝန်းတွင် ရဲကားများစွာကို တွေ့ရပြီး ဝိုင်းအုံကြည့်ရှုသူ အများအပြားရှိနေသည်။ အများသုံး သန့်စင်ခန်း၏ အမျိုးသမီးများ သုံးစွဲသည့်ဘက်အခြမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆောက်အဦး၏ အမိုးတခုလုံး ပွင့်ထွက်သွားခဲ့သည်။

သန့်စင်ခန်းအတွင်း အမိုးအနီးအထိ သွေးစသွေးနများ ပြန့်ကျဲနေသလို မပေါက်ကွဲသေးသည့် ဗုံးတလုံး ကျန်နေသေးသဖြင့် အနီးဝန်းကျင်မှ ရှောင်ရှားပေးရန် ရဲတပ်ဖွဲ့ဝင်များက အနီးရှိ ကြည့်ရှုနေသူများကို လိုက်လံပြောဆိုနေပြီး အနံ့ခံခွေးများ၊ ဗုံးရှာကိရိယာများဖြင့် အနီးဝန်းကျင်ကို ရှင်းလင်းမှုပြုလုပ်နေကြောင်း သိရသည်။

လက်ရှိအချိန်တွင် တက္ကသိုလ်ရိပ်သာလမ်း ရန်ကုန်တက္ကသိုလ်ဘက်အခြမ်းနှင့် ပြည်လမ်း ရန်ကုန်တက္ကသိုလ်ဘက်အခြမ်းတို့ကို ယာဉ်အသွားအလာ ပိတ်ပင်ထားကြောင်း သိရသည်။

Yangon Press International

ယနေ့နံနက် ၁၁ နာရီ ၅ မိနစ်က လှည်းတန်းလမ်းဆုံ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း (ပြည်လမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းထောင့်) ရှိ အများသုံး သန့်စင်ခန်း အမျိုးသမီးဘက်အခြမ်းတွင် ဗုံးတလုံးပေါက်ကွဲရာ အမျိုးသမီး တဦး သေဆုံးပြီး တဦး ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။

ဗုံးပေါက်ကွဲသည်ကို မျက်မြင်တွေ့လိုက်ရသူ အသက် ၃၀ အရွယ်ရှိ အမျိုးသမီးတဦးက ပြောရာတွင် “၀ုန်းကနဲ အသံကြားလိုက်ရတဲ့အချိန်မှာ သေသွားတဲ့သူရဲ့ လက်တဘက်က အိမ်သာအပြင်ဘက်ကို လွင့်ထွက်လာတာ တွေ့လိုက်ရတယ်၊ ဘယ်လောက် တုန်ခါသွားလဲဆို ပလက်ဖောင်းတောင် တုန်သွားတယ်၊ အိမ်သာထဲမှာလည်း သွေးတွေရဲနေတာပဲ” ဟု YPI သို့ ပြောသည်။

ပေါက်ကွဲမှုကြောင့် အိမ်သာအမိုး ပွင့်ထွက်သွားကာ အပျက်အစီးများသည်ဟုလည်း ဖြစ်ပွားရာနေရာသို့ရောက်နေသည့် သတင်းထောက်က ပြောသည်။ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်တွင် အိမ်သာအတွင်းတွင် အသက် ၉ နှစ်အရွယ် ကလေးငယ် ပိတ်မိနေခဲ့သော်လည်း ဒဏ်ရာရရှိခြင်းမရှိပေ။ ကလေးငယ်မှာ အဖြစ်အပျက်ကို ပြန်မပြောနိုင်လောက်အောင် ထိတ်လန့်နေခဲ့သည်ကို တွေ့ရသည်။

ယခုအချိန်ထိ ရဲတပ်ဖွဲ့ဘက်မှ အတည်ပြုချက်အရ သေဆုံးသူ မ တဦး ဒဏ်ရာရသူ မ တဦး စုစုပေါင်း ၂ ဦး ရှိသည်။ သေဆုံးသွားသူမှာ အိမ်သာဝင်ကြေးကောက်သူ မိန်းကလေးဖြစ်ပြီး ဒဏ်ရာရသူ အသက် ၄၀ ကျော် အိမ်သာသန့်ရှင်းရေး ၀န်ထမ်းမှာ ခြေထောက်ပြတ်သွားသည်ဟု ရဲသတင်းရပ်ကွက် အဆိုအရ သိရသည်။

အနီးဝန်းကျင်ရှိ မျက်မြင်သက်သေတဦး၏ ပြောဆိုချက်အရ ပေါက်ကွဲမှုဖြစ်ပွားလျှင် ဖြစ်ပွားချင်း သွားရောက်ကြည့်ရှုရာတွင် အိမ်သာဝင်ကြေးကောက်သူ ခလေးမနှင့် အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတဦး ဒဏ်ရာဖြင့် လဲကျနေသည်ကို တွေ့ရကာ ပေါက်ကွဲစဉ် ကိုယ်ခန္ဓာတပိုင်းတစစီဖြစ်ကာ သေဆုံးသူ အမျိုးသမီးနှင့်ဆိုပါက သေဆုံး၊ ဒဏ်ရာရသူ ၃ ဦး ရှိမည်ဟုလည်း YPI သို့ပြောသည်။

ဖြစ်ပွားလျှင်ဖြစ်ပွားချင်း အနီးအနားမှ သူများက ၀င်ရောက်ကယ်ဆယ်ရန် သွားသော်လည်း ရဲများက နောက်ထပ်ဗုံးတလုံး ရှိသေးသည်ဟုဆိုကာ ပေးမ၀င်သောကြောင့် ကယ်ဆယ်ရန် မတတ်နိုင်ကြောင်း အနီးအနားရှိ ဈေးသည်က YPI သို့ ပြောသည်။ ပေါက်ကွဲမှုကြောင့် အိမ်သာ အမိုးပွင့်ထွက်သွားကာ အဆောက်အဦးလည်း ပျက်စီးသွားကို တွေ့ရသည်။

နေ့လည် ၁၂ နာရီအချိန်ထိ ကယ်ဆယ်ရေးယာဉ် ၂ စီး၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကြည့်ရှုသူ ပရိသတ် ၄/၅၀၀ ကျော်ကို တွေ့ရသည်။ အခင်းဖြစ်ပွားရာတွင် အ၀ါရောင် ရဲလုံခြုံရေးစည်း တားဆီးထားသော်လည်း ပရိသတ်အများအပြား အဆိုပါ စည်းအတွင်းသို့ ၀င်ရောက်ကြည့်ရှုနေကြသည်ဟုလည်း သိရှိရသည်။

ရန်ကုန်မြို့တွင် မကြာခဏ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားသော်လည်း လက်သည်တရားခံကို ဖမ်းဆီးနိုင်ခြင်း နည်းပါးသည်ကို တွေ့ရသည်။ ယခင်နှစ်သင်္ကြန် ကန်တော်ကြီးပတ်လမ်းတွင် အိတ်စ်တူးအိုမဏ္ဍပ်၌ ဗုံးကွဲမှုကြောင့် လူဒါဇင်နှင့်ချီ သေဆုံးခဲ့ရသည်။

ဗုံးပေါက်ကွဲမှုကြောင့် လှည်းတန်းလမ်းဆုံတွင် ယာဉ်ကြောပိတ်ဆို့မှုလည်း ဖြစ်ပွားလျက်ရှိသည်။ ။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More