Wednesday, December 7, 2011

အင်တာနက်စနစ်အပြင် ငွေကျပ်နှစ်သိန်းခွဲဝန်းကျင်ဖြင့် ချထားပေးမည့် တန်ဖိုးနည်း GSM ဖုန်းများကို ဖေဖော်ဝါရီလအတွင်း စတင်ချထားပေးမည်

AddThis Social Bookmark Button b36_02
  အင်တာနက်စနစ်အပြင် ငွေကျပ် နှစ်သိန်းခွဲဝန်းကျင်ဖြင့် ချထားပေးမည့် တန်ဖိုးနည်း GSM ဖုန်းများ ကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း စတင်ချထားပေးမည်ဖြစ်ကြောင်း၊ စတင်ချထားပေးမည့် တန်ဖိုးနည်းဖုန်းများတွင် ဖုန်းခေါ်ဆိုခများကို တိုးမြှင့် သတ်မှတ်ရန်မရှိဘဲ တစ်မိနစ်လျှင် ငွေကျပ် ၅၀ နှုန်းဖြင့်သာ ကောက်ခံသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေနန်းဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။  
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း စတင်ချထားပေးမည့်လုံးရေ လေးသန်းစီမံချက်တွင် အင်တာနက်စနစ်ကိုပါ တစ်ပါတည်း အသုံးပြုခွင့် ပေးမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ တယ်လီဖုန်းသုံးစွဲမှု မြင့်မားလာစေရေးအတွက် ငါးနှစ်စီမံကိန်း အဖြစ် GSM မိုဘိုင်းဖုန်းလိုင်းအင်အား သန်း ၃၀ တိုးချဲ့တပ်ဆင်နိုင်ရေးကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပုဂ္ဂလိကကုမ္ပဏီများပူးပေါင်းကာ လုပ်ဆောင်သွားမည်ဖြစ်သည်။ GSM မိုဘိုင်းစနစ် တိုးချဲ့တပ်ဆင်ခြင်းအား စီမံကိန်းကာလ ငါးနှစ်အတွင်း လိုင်း အင်အားသန်း ၃၀ အထိတိုးချဲ့တပ်ဆင်မည်ဖြစ်ကြောင်းနှင့် အဆိုပါသန်း ၃၀ မှ GSM ဖုန်းလုံးရေ လေးသန်းကို ပထမနှစ်စီမံကိန်းအဖြစ် လာမည့် ဖေဖော်ဝါရီလအတွင်း ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ''GSM ဖုန်းလုံးရေ လေးသန်း စီမံချက်ကို ဖေဖော်ဝါရီလလောက်မှာ စတင်ချထားပေးနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ တန်ဖိုးက နှစ်သိန်းခွဲကနေ သုံးသိန်းကြားပဲရှိမှာပါ။ ဖုန်းခေါ်ဆိုခတွေကိုလည်း ပြောင်းလဲသွားဖို့ မရှိပါဘူး။ တစ်မိနစ် ၅၀ ကျပ်နှုန်းပဲ ကောက်ခံမှာပါ'' ဟု ပြောကြားခဲ့သည်။
''ပုဂ္ဂလိကကုမ္ပဏီတွေ ရောင်းချမှုအပိုင်းမှာလည်း One Stop စနစ်နဲ့ ရောင်းချပေးသွားမယ်။ လမ်းဘေးမှာ ၀ယ်လို့ရတဲ့အထိ လွယ်လွယ်ကူကူဝယ်နိုင်ဖို့ စီစဉ်ပေးထားမှာပါ။  အခုချိန်မှာတော့ ဖုန်းလုံးရေလေးသန်းကို ချပေးဖို့ အသုံးပြုရမယ့် infrastructure တွေ၊ ဆောက်ရမယ့် တာဝါတိုင်တွေ စတာတွေမှာ ရင်းနှီးမြှုပ်နှံရင် ကုန်ကျနိုင်မယ့် စရိတ်နဲ့ ဖုန်းရောင်းချရင် ရရှိမယ့် အကျိုးအမြတ်စတာတွေကို တွက်ချက်ပြီး ဈေးနှုန်း သတ်မှတ် မှာပါ။ သေချာတာကတော့ အခုပေးနေ တဲ့ ငွေကျပ်ငါးသိန်းထက်တော့ လျော့ပါမယ်။ ဒီဂျီအက်စ်အမ် လေးသန်း project မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေနဲ့ ကြီးကြပ်မှုကိုပဲ အဓိက ပြုလုပ်သွားမှာဖြစ်ပြီး ပုဂ္ဂလိက ကုမ္ပဏီတွေကပဲ အဓိကဆောင်ရွက်သွားမှာ ဖြစ်ပါတယ်''ဟု ၎င်းက ဆက်လက်ပြောပြခဲ့သည်။ ဖုန်းလုံးရေလေးသန်းအား စတင် အသုံးပြုခွင့်ပေးသည့်အခါတွင်လည်း တစ်လလျှင်လုံးရေနှစ်သိန်း ရောင်းချနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။ ထိုသို့ရောင်းချနိုင်မှသာ ပထမနှစ်အတွက် သတ်မှတ်လုံးရေ ကုန်နိုင်မည်ဖြစ်ကြောင်း သိရသည်။
''အခု ရန်ကုန်မှာ ငါးသိန်း ဂျီအက်စ်အမ်ဖုန်းတွေကို တစ်ရက်တစ်ထောင်နဲ့ တစ်လကို ဖုန်းလုံးရေသုံး သောင်းနှုန်းလောက် ရောင်းရပါတယ်။ အခုလေးသန်းက မြန်မာတစ်နိုင်ငံလုံးရောင်းမှာဆိုတော့ တစ်လကို ဖုန်းလုံး ရေနှစ်သိန်း ရောင်းနိုင်ဖို့ မျှော်မှန်းပါတယ်။ ဒီလိုတစ်လနှစ်သိန်းနှုန်း ရောင်းချနိုင်မှပဲ ပထမနှစ်အတွက် သတ်မှတ်လုံးရေ ကုန်မှာပါ။ ဒုတိယနှစ်အတွက်က ဖုန်းလုံးရေ ငါးသန်း ထွက်လာမှာဆိုတော့ ငါးသန်း မထွက်လာခင် ကုန်အောင်ရောင်းချနိုင် ဖို့ လိုအပ်ပါတယ်''ဟု ၎င်းက ထပ်မံ ရှင်းပြခဲ့သည်။ ၎င်းစီမံကိန်းအတွက် ပုဂ္ဂလိကပိုင်းနှင့် ပူးပေါင်းဆောင်ရွက်မည့် ကုမ္ပဏီများမှာ E Lite ကုမ္ပဏီလီမိတက်၊ ရတနာပုံတယ်လီပို့စ်နှင့် Asia Mega Link ကုမ္ပဏီတို့ ဖြစ်သည်။
  သတင်းရင်းမြစ်  eleven media group

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More