Saturday, December 24, 2011

အိပ်မက်ဆိုးမှ နိုးထချိန်

ကျောင်းဘောလုံးကွင်းထဲတွင် ပြည့်ညပ်လျှက် ရှိနေပြီ၊ နေကလည်းပူ၊ ရေကလည်းဆာ၊ ကျောင်းသား ကျောင်းသူ တွေနဲ့ ပြည့်ကြပ်လျှက် ရှိနေပြီ၊ ခုထိမထွက် နိုင်ကြသေး။ ဘာဖြစ်နေသလဲ ... ဘာဖြစ်နေကြပြန်တာတုန်း။ ကြားရပါပြီ ... ကျောင်းသား ခေါင်းဆောင်များ (၀ါ) ကျောင်းကောင်စီ ခေါင်းဆောင်များ အမာခံ လက်ပတ် လုနေကြပါသတဲ့။ လက်ပတ် မရတဲ့ ကျောင်းသားတွေက လက်ပတ် ရတဲ့ကျောင်းသားတွေကို ပြသနာရှာ ရန်ဖြစ် စကားများ နေသဖြင့် လက်ပတ်လုပွဲပြီး ၀ှဲချီး ကျင်းပကြရာ လူထုတော်လှန်ရေးကြီးသို့ ချီတက်အံ့ဆဲဆဲ ကျောင်းသားများသည် ကျောင်းသားခေါင်းဆောင်များ လက်ပတ်လု နေသောကြောင့် ကျောင်းဘောလုံးကွင်းထဲတွင် ပိတ်မိလျှက် နေကြခြင်းဖြစ်သည်။ ရဲရဲတောက် လူထုတော်လှန်ရေးကြီးကို ပါဝင်ကြမည့် ကျောင်းသားများကို ဦးဆောင်မည့် ကျောင်းသားခေါင်းဆောင်တို့သည် ဒီမိုကရေစီကို တောင့်တ ငတ်မွတ်သော ကျောင်းသား ခေါင်းဆောင်တို့သည် လူသိရှင်ကြား ရဲရဲတောက် စကားများကြလျှက် လက်ပတ် များကို လု ကြ၏။ အို ..လက်ပတ် လုပွဲကြီးပါတကား......................

ထိုသို့ထိုနှယ် ပြသနာ ဗလပွဖြစ်လျှက် လမ်းမပေါ်ချီတက်ကြသော် ရှေ့ဆုံးမှအော် သူကအော် နောက်က အော်သူကအော် သူ့ဟာနှင့်သူ အတိုင်အဖောက် ညီလျှက် ရှိရာ တစ်နေရာရောက်သော် ကျောင်းသားခေါင်းဆောင်က အော်လေသည် မှာ ----
“ပါတီစုံ စနစ် ကျဆုံးရေး”
“ဒို့အရေး ဒို့အရေး ဒို့အရေး“
သူ့ဟာနဲ့ သူတော့ ဟုတ်နေသည် ဖြစ်သည်။ သို့သော်လည်း လက်တို့ ပြောမှ သိရသည်။ ဟိုကောင် မှားအော်တယ်ကွ “တစ်ပါတီစနစ် ကျဆုံးရေး ကနေ ဘယ်လို ကနေ ဘယ်လို ပါတီစုံစနစ် ကျဆုံးရေး ဖြစ်သွားတယ် မသိဘူး ..နောက်ကလည်း စွတ်ထောက်ခံ တာပဲ ဒို့အရေး ချည်းပဲ ဟစ် ဟစ် ဟစ်”

ထို့နောက် ကျောင်းသားတို့သည် တစ်ကျောင်းနှင့် တစ်ကျောင်း ပေါင်းစည်းကြရန် အလို့ငှာ အခြားကျောင်းဝင်းကြီး တစ်ဝင်းသို့ ချီတက်ရာမှ ၀င်ရောက်ကြရာ ယင်း ကျောင်းဝင်းကြီး အတွင်းတွင်လည်း စီနီယာ ခေါင်းဆောင် နှင့် ဂျူနီယာ ခေါင်းဆောင် တို့သည် ဦးဆောင် ဦးရွက် ပြုသည့် မည်သူက ခေါင်းဆောင် ဆိုသော ပြသနာကို တက်ကြပြီးလျှက် ဖိုက်တင် ပလေးနေကြရာ ကျောင်းပန်းရုံအတွင်း ၀င်ပုန်းသူကပုန်း ခဲနှင့် ဆော်ပလော် တီးသူကတီး အမှိုက်ထုပ်များဖြင့် ဆွမ်းကြီးလောင်းသူကလောင်း ၀ရုန်းသုန်းကား ဖြစ်ကြတော့လေသည်။ ခြေကုန်သုတ်ပါမှ ဘေးကင်းရမည် ဖြစ်သဖြင့် ပြေးကြ လွှားကြ ရသည်မှာကား လွန်စွာမှ ၀ရုန်းသုန်းကား ဖြစ်ကြလေသည် ဟူသတည်း။ ရဲရဲတောက် လူထုတော်လှန်ရေးကြီးတွင် ကျောင်းသားခေါင်းဆောင်တို့ ခေါင်းဆောင် နေရာလုလျှက် ရန်ဖြစ်ကြသည်မှာ လက်ဖျား ခါဖွယ် တည်း။ အို ... ဒီမိုကရေစီကိုငတ်မွတ်တောင့်တသော ကျောင်းသားခေါင်းဆောင် တို့သည် တစ်ကယ့် ခေါင်းဆောင် ဆိုသော နေရာကိုလည်း လုကြ၏ ..ခေါင်းဆောင် လုပွဲကြီးပါတကား .......................။

နံနက်ခင်း တစ်ခင်းလုံး လမ်းမပေါ်တက် လူထုတော်လှန်ရေး ဆင်နွဲရသဖြင့် မောပန်း ဗိုက်ဆာ ညောင်းညာ လျှက်ရှိကြရာ နေ့လည်စာ ထမင်းထုပ် များကိုင်လျှက် ကျောင်းဝင်းကြီးအတွင်း စားသုံးကြရန် ပြင်ဆင်ကြရာ ဘာသာခြား တစ်ယောက် ၀က်သားဟင်း ထမင်းထုပ် ကိုပိုက်လျှက်စတိုင်ပျက် စိတ်ညစ်လျှက် ရှိသည်ကို တွေ့ရ၏။ ထမင်းထုပ် လဲရန် ထမင်းထုပ် စီမံခန့်ခွဲသော ကျောင်းသားခေါင်းဆောင်များ အခန်းသို့ သွားလေရာ အခန်းကို ပိတ်လျှက် ကောင်းပေ့ ညွန့်ပေ့ထမင်းထုပ် များဖြင့် အသားကုန် လွေးနေကြသော ကျောင်းသားခေါင်းဆောင်များကို မြင်ရလေ၏။ ၀က်သားဟင်း ထမင်းထုပ် ကိုကား လဲမပေးချေ။ တော်လှန်ရေး ကာလတွင် အစားအသောက်ကို မက်မော နေရမည် မဟုတ်။ တော်လှန်ရေး စိတ်ဓာတ်သာ အဓိကဟုဆိုချေ၏။ အို .......ကျောင်းသား ကျောင်းသူ လေးများ လူထုလှုပ်ရှားမှုကို တစ်တပ် တစ်အား ပါဝင်ကြသည့်အတွက် အရပ်ထဲမှာ မရှိ ရှိတာလေး နှင့် ချက်ပြုတ် ပေးသော ထမင်းထုပ် များကို သိမ်းဆည်း  သိုလှောင် တတ်သည်လည်း ခေါင်းဆောင် မည်၏ ။

သို့နှင့် လမ်းမပေါ်တက် လက်သီး လက်မောင်းတန်းလျှက် လူထုလှုပ်ရှားမှုကြီးကို ပူးပေါင်း ဆောင်ရွက်ရသည်ထက် တစ်ဆင့် မြင့်သော အဆင့်အတွက် တက်လှမ်းကြရာ အစာငတ်ခံ ဆန္ဒပြကြသည် ဟူ၏။ အစာငတ် ခံကြ၏။ ရေကိုသာသောက်၏။ အစာကို အငတ်ခံကြ၏။ နာမည်ကြီး၏။ သို့သော် ညပိုင်း နေ့လည်ပိုင်း များတွင် နီးစပ်ရာ လက်ဖက်ရည်ဆိုင်မှ စမူစာ များယူဆောင် စားသုံးကြသည်ကို မြင်ရသည် များလည်း ရှိ၏။ နားလည်ရလည်း ခက်၏။ အစာငတ်ခံသည်လည်း ပြောသေး စမူဆာတွေလည်း ပလုပ်ပလောင်း စားနေသေး ဘယ့်နှယ်ဟာပါလိမ့်ဟု စဉ်းစားမိ၏။ တစ်မျိုးတော့ တစ်မျိုးကြီးပဲ။ အစာငတ်ခံ စမူဆာစား ဆန္ဒပြကြသည်မှာကား မလွဲတည်း။

အထက်ပါ ကိစ္စတို့ကို (၈၈) အရေးတော်ပုံကြီးကို သိလိုက် မှီလိုက် ကိုယ်တိုင်ပါဝင် လိုက်ရသူ မောင်စိုးပေ ၏ ဦးလေး က ပြောပြသောအခါ စိုးပေ စိတ်ထဲတွင် ရှုပ်ထွေးေ၀၀ါးလျှက် ရှိသွား၏။ ဘယ့်နှယ်ကြီးပါလိမ့် ဟုလည်း ထင်မိ၏။

ဟော လာပါပြီ စိုးပေ တို့ ကိုယ်တိုင် ကြုံလိုက်ရသော (စက်တင်ဘာ)အရေးခင်းကြီးတည်း ------

သံဃာတော်များ လူများ လမ်းပေါ် တက်ကြ၏။ ပရိတ်တရားတော်များ ရွတ်ကြ၏။ အော်လံ အသေးစား လေးများကို ကိုင်လျှက် အော်ကြ ဟစ်ကြ၏၊ ကင်မရာမန်းများကလည်း အထက် အောက် ဘေး ဘက်စုံ ထောင့်စုံ မှ ဓာတ်ပုံများကို တစ်ဖျက်ဖျက် ရိုက်ကြ၏။ စည်ကား သိုက်မြိုက်လှသည်လည်း ရှိ၏။ ထို့နောက် ထို့နောက် ......... နာမည်ရ ကဗျာဆြာကြီး တစ်ဦးက “ခင်ဗျားတို့ ဘာမှ မကြောက်ကြပါနဲ့ ဒါဟာ အကြောက်တရားတွေကို အဝေးဆုံးမှာ ထားခဲ့ရမယ့် အချိန် ဖြစ်တယ် ခင်ဗျားတို့ ရှေ့မှာ ကျုပ်က မားမားမတ်မတ်  ရပ်တည်ပေးနေတယ် ခင်ဗျားတို့ရှေ့ကနေ ကျုပ်ရှောက်မယ်” ဟု အားအင် အပြည့်ဖြင့် အင်အား ပါပါ ပြောလေသည်။ ဆက်လက်ပြီး ပစ်ကြ ခတ်ကြ ထုကြ နှက်ကြ ရိုက်ကြ ဆော်ပတော်တီးကြ ပြီးနောက် “ခင်ဗျားတို့ရှေ့က မားမားမတ်မတ် ရပ်နေတယ်” ဆိုသော ကဗျာဆြာကြီးသည် ထိုင်းနိုင်ငံ ချင်းမိုင် မြို့သို့  ရောက်ရှိသွားလေသည် ဟူသတတ်.။ အလို ..... မားမား မတ်မတ် ရပ်သည်တည်း ချစ်ဖွယ်ကောင်းလေစွ .............

ထို့နည်းတူစွာပင် ဘုရားကြီး တစ်ဆူ ရှေ့ ခန်းမကြီးတစ်ခု အနီး ဟောပြောပွဲပြီး ၀ှီးချဲ ကျင်းပသေးရာ “အားလုံးပဲ ထိုင်ကြပါ မတ်တပ်တွေ မရပ်ကြပါနဲ့ ဟိုအစ်ကိုကြီးက ဒီဘက်တိုး ဟိုအစ်မကြီးက ဟိုဘက်သွား ညီလေးတို့က ဒီမှာထိုင် ညီမလေးတို့က ဟိုမှာထိုင်” ဟုဆိုလျှက် ပြောဆိုနေသူ ပန်ချာပီ ကုလား တစ်ဦးလည်းမြင်ရသည်။ ဟောပြောပွဲကြီးပြီး ပစ်ကြ ခတ်ကြ နှက်ကြ ဆော်ကြ ထုကြ ရိုက်ကြ ဖမ်းဟယ် စီးဟယ် ကားပေါ်ဆောင့်ကန်တင် လမ်းမပေါ်တင်တုတ်နဲ့ရိုက် စသည် စသည် များဖြစ်လျှက် ပျက်လျှက် ပြီးကြသော် ယင်းပန်ချာပီ ကုလားကို ဦးဆောင်းများ မုတ်ဆိတ်များေ ပျာက်လျှက် ပြည်ပ သတင်းမီဒီယာကြီး တစ်ခုတွင် အားချင်း မြင်တွေ့ရလေသည်။ သူက ထို အစီအစဉ်တွင် ပြောသည်မှာ သူ၏ ရဲရဲတောက် တော်လှန်ရေးကြီး ဆင်နွဲမှုကို လိုက်လံ ဖမ်းဆီး ကြကုန်လေသဖြင့် သူ့ခမျှာ ပန်ချာပီ ရုပ်ဖျက်လျှက် ထွက်ပြေးလာရသည် ဟူလေသည်..။ အလို... အစ်မကြီးက ဟိုမှာထိုင် အစ်ကိုကြီးက ဒီနားတိုး စသည်ဖြင့် လုပ်သည်လည်း ရဲရဲတောက် တော်လှန်ရေး မည်လေသည် ... ပန်ချာပီ လိုမြင်လိုက်ရသော်လည်း .. ဟိုဘက်မှာ ပန်ချာပီ ရုပ်ဖျက် ထွက်ပြေးရသည် ဖြစ်ပြန်လေသည် ...................... ရဲရဲတောက် လှပေစွ တကား .... ။။။။။ ထောက်လှမ်းရေး တပ်ဖွဲ့သည်ကား လွန်စွာမှ နုံလှပေသည်တကား ..............

ထို့နောက် လမ်းမကြီး တစ်ခုထက် စိုးပေ တို့ ကျောင်းသားများ ပူညံ ပူညံ လုပ်ကြချိန် လက်နက်ကိုင် များနှင့် နီးကပ် လာလေတော့ရာ “ဟေ့ကောင်တွေ ပစ်လိုက်ပါ ပစ်လိုက်စမ်းပါ မင်းတို့ထက် သွေးရဲလို့ လမ်းမပေါ်တက်လာတာကွ သေရဲတယ် အမှန်တရားအတွက်ဆို သေရဲတယ်ကွ” ဟု ခေါင်းဆီးများ လက်ပတ်များ များနှင့် ရဲရဲတောက် လူတစ်စုကိုလည်း တွေ့ရသည်။ တစ်ကယ်တမ်းလည်း ဟိုဘက်က အငွေ့ထွက်သော အလုံး တစ်လုံး ပစ်ထည့်လိုက်တော့ရာ သွေးရဲသော ထိုသူတို့က အရင်ဦးစွာ ပျောက်သွားကြလေသည်။ စိုးပေ တို့ ကျောင်းသား တစ်သိုက်သာလျှင် လမ်းမထက်ဝယ် အူလည် ချာလည် ဖြင့် ကျန်ရစ်ခဲ့ရာ ဟေ့ကောင် ပြေးပြေး ဆိုမှ ရဲရဲတောက်သော စိုးပေ တို့တစ်သိုက်လည်း ဖနှောင့်နှင့် တင်ပါး တစ်သားတည်း ကျအောင် ခြေကုန်သုတ်ရလေသည်တည်း. .. ရဲရဲတောက်သော တော်လှန်ရေးပင်တည်း ................................

ဒါတွေကိုပြန်တွေးကြည့်တော့ ယနေ့ ပြန်တွေးကြည့်တော့ တစ်ကယ် လုပ်ခဲ့ သူတွေကို အလွန်အားနာမိသည်။ တစ်ကယ် ဘ၀ပျက်သွားသူတွေကို သနားမိသည်.။ တစ်ကယ် ရက်စက်ခဲ့သူတွေကို စိတ်နာမိပါသည်..။ ဒါပေမယ့် သေချာ စဉ်းစားကြည့်တော့ တစ်ကယ် စွန့်သွားခဲ့သူတွေ ဘာကို မျှော်လင့်ကြတာလဲ။။ သူတို့ မျှော်လင့်ပြီး စွန့်လွှတ်သွားခဲ့ကြတာ ချင်းမိုင် တို့ အမေရီးကားတို့ ဒေါ်လာ တို့လည်း မဟုတ်..။သူတို့ တိုင်းပြည် သူတို့ လူမျိုး တိုးတက် ကောင်းစားရေးကိုသာ မျှော်လင့် သွားကြသည်သာ ဖြစ်ပါသည်။ သူတို့ အတွက် ဖြစ်ဖြစ် စဉ်းစားပြီး ရင်ထဲက နာကျဉ်းချက်များကို သင်ပုန်းချေပါသည်။

စိုးပေ တို့ တိုင်းပြည်တွင် ၀က်သားဟင်းနှင့် ထမင်းကျွေး ပိုက်ဆံ (၃၅၀၀) ကျပ် နေ့တွက် ပေးရုံဖြင့်လည်း အမျိုးသမီးတစ်ဦးအား ရက်ရက်စက်စက် ရိုက်နှက် သတ်ဖြတ် ဆဲဆို ရန် ၀န်မလေးသူများ အများအပြားရှိကြသည်။ သေရဲသည် အမှန်တရားကို ချစ်မြတ်နိုးသည်ဟုဆိုလျှက် ချင်းမိုင်အထိ မားမားမတ်မတ် ရပ်တည်သွားကြသူများလည်း အများအပြားရှိပါသည်။။ ထို့နည်းတူ ထို့နည်းတူ စွာပင် ........... နေ့တာရှည်လိုက်တာ ညတာရှည်လိုက်တာဟု အခန်းကျဉ်း လေးများထဲမှ ငိုကြွေး နေကြရသူများလည်းရှိပါသည်.။ မည်သို့ ဆိုစေကာမူ ယနေ့ ပြန်ပြောင်းတွေးတော လိုက်သောအခါ စိတ်နာစရာများလည်း ရှိပါသည်။ ခါးသီး စရာများလည်း ရှိပါသည်.။ အိပ်မက် ဆိုးကြီး ကို နှစ်ကာလတာရှည် မက်ရ၏.။ မော ရသည်မှာ ကြာပြီလည်း ဖြစ်ပါသည်။

ရှေ့ဆက်ရမယ့် ခရီးမှာ လက်ပတ်လည်းမလုကြသင့်တော့၊ မားမားမတ်မတ်ရပ်တည်လျှက် ချင်းမိုင်ထိလည်း သွားရန်မသင့်တော့၊ အားလုံး အိပ်မက် ဆိုး ကြီးမှ နိုးထကြသင့်ပြီ ဖြစ်ပါသည်.။

အိပ်မက်ဆိုးကြီးမှ ယနေ့ နိုးထကြလျှင်ဖြင့် မနက်ဖြန်ပေါင်းများစွာသည် အင်နှင့် အားနှင့် သာတည်း ...............

လေပြေစိုး
(၂၅. ဒီဇင်ဘာ. ၂၀၁၁)
၃.၀၈

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More