Monday, January 9, 2012

ခံစားချက်နဲ့ အသက်ရှင်မယ်....

စည်သူလွင်သီချင်းလေးတစ်ပုဒ် ကြားဖူးမယ်ထင်တယ်။
'' နှလုံးသားနဲ့ အသက်ရှင်ခဲ့... စွန့်လွှတ်ဖို့ မပြောလိုက်နဲ့... အချစ်ဆုံးမင်းကို ဝေးသွားမှာ စိုးတယ် ''...တဲ့။
၁၉ နာရီ ၁၈ မိနစ်အခွေထဲမှာ ပါတယ်...ထင်တာပဲ။ သိပ်တော့ မမှတ်မိတော့ဘူး။ နှလုံးသားနဲ့ အသက်ရှင်တယ်..ဆိုပဲ။

လင်းရောင်ဆိုတဲ့ ကျုပ်ကလဲ အဲဒီလိုပဲဗျ။ နှလုံးသားနဲ့ပဲ အသက်ရှင်ချင်တယ်။ ခံစားချက်ကိုပဲ အဓိကထားတယ်။
အရှုံးအမြတ်တွက်ဖို့အတွက် ငွေတွေ၊ ရွှေတွေ၊ ဂုဏ်တွေ ပကာသနတွေနဲ့ စိတ်တွက်တွက်ရတာကို မုန်းတယ်။
ဘ၀ရဲ့ အဓိကကျတဲ့ ဆုံးဖြတ်ချက်တော်တော်များများကိုလဲ နှလုံးသားနဲ့ ရင်းပြီး ချခဲ့တာချည်းပဲ။
အဲဒါကြောင့်မို့ ဖြစ်မှာပေါ့လေ....။
မှားလိုက်တာလဲ သောက်သောက်လဲပဲ။

ကျုပ်ဘယ်လောက်ထိ ခံစားတတ်ခဲ့သလဲ ပြောပြရဦးမယ်။
ငယ်ငယ်ကတည်းက မကြည့်ရဲတဲ့ ဗွီဒီယိုကားတွေရှိသဗျ။
ဘယ်.......သရဲကားတွေ ...စိတ္တဇလူသတ်ကားတွေဟုတ်မလဲ။
'' မျက်ရည်လွယ်သူများ လက်ကိုင်ပုဝါ ဆောင်လာပါ'' ဆိုတဲ့ကားမျိုးတွေပေါ့။
ကြည့်ရမှာ သိပ်ကြောက်တာပဲ။ ငိုရလွန်းလို့လေ။
ကျုပ်တို့မြို့မှာ ဗီဒီယို ရှိုးရုံတွေက အဲဒီလို သတိပေးပြီးမှ ဒရာမာကားတွေပြတာ။
အဲဒီကားမျိုးဆိုရင်တော့ ကျုပ် မကြည့်တော့ဘူး။ မသိလို့များ ကြည့်မိရင်တော့လား။
ဇာတ်ကားထဲက မင်းသမီးနဲ့ မင်းသားကတော့ ဘယ်လိုနေတယ် မသိဘူး။
ကျုပ်ကတော့ ၀မ်းနည်းစရာ ဇာတ်ဝင်ခန်းတွေ ပြန်ပြန်တွေးပြီး မပြီးနိုင် မစီးနိုင် ညအထိ ထိုင်ငိုတော့တာ..။
မှတ်မှတ်ရရ... ကျုပ်အငိုရဆုံး ဇာတ်ကားနှစ်ကားရှိတယ်။
ဘဘဦးသုခရိုက်တဲ့ ဘ၀သံသရာဆိုတဲ့ကားနဲ့ ခွေးလိမ်မာပါဝင်သည်ဆိုတဲ့ ကုလားကား။
ဘယ်နှယ့်ဗျာ..။
စိတ်ခိုင်ပါတယ်ဆိုတဲ့ လူကြီးတွေတောင် မျက်ရည်တောက်တောက်ကျတဲ့ ကားတွေပေါ့။
ဇာတ်လမ်းတွေတော့ မမှတ်မိတော့ဘူး..။ ငိုရတာတော့ မှတ်မိသေးတယ်။
ဘ၀သံသရာကားမှာ ကလေးသရုပ်ဆောင် အောင်ထွန်းလေးက ငို။
အပြင်မှာ ကျုပ်ကလဲ သူ့ကို ကြည့်ပြီး စိတ်မထိန်းနိုင်လို့ ငို။
ကုလားတွေကလည်း ဇာတ်လမ်းထဲမှာ  တွန့်လိမ်ကောက်ကွေးနေအောင်  ကပြီး ငို။
ကျုပ်ကလဲ ရုံထဲမှာ မျက်ရည်သုပ်လိုက် နှပ်ချေးသုပ်လိုက် ဖင်ဆောင့်ပြီးတော့ကို ငိုတာ။
အဲဒီကတည်းက ဆုံးဖြတ်ချက်ချလိုက်တယ်.။ ငိုစရာအရမ်းကောင်းတဲ့ ကားတွေဆို လုံးဝ မကြည့်တော့ဘူးလို့။
အသတ်အပုတ် ဖိုက်တင်ခန်းတွေ သိပ်ကြိုက်တဲ့ကျုပ်ဟာ
ဂျပန်တွေ၊ အင်္ဂလိပ်တွေကို တော်လှန်တဲ့ သီဟတင်စိုးကားတောင် မကြည့်ဘူး။
အဲလူကြီးက တော်လှန်းရေးလုပ်ရင်း အရမ်းငိုလွန်းလို့။

ထားပါ..။ ကျုပ်အဓိက ပြောချင်တာက...ခံစားချက်ကို ရှေ့တန်းတင်လွန်းလို့ မှားခဲ့ရတဲ့ အမှားတွေအကြောင်းပေါ့။
ဒီလိုဗျ.....သုံးတန်းအောင်တော့ ကျုပ်ကိုရင် ၀တ်ရတယ်။
ကျုပ်တို့မြို့မှာ တော်တော်ကြီးကျယ်တဲ့ ရှင်ပြုပွဲပါပဲ။ အငြိမ့်တောင် ပါသေး။
သိတဲ့အတိုင်း ကျုပ်က ဖတဆိုး။
အဖေက တစ်နှစ်သားလောက်မှာ ဆုံးသွားတာ။
အမေက အဲဒီအချိန်ထိ နောက်အိမ်ထောင်မပြုရသေးပဲ..ကျုပ်ကို ကျွေးမွေးစောင့်ရှောက်လာတာဆိုပါတော့။
ဖခင်နေရာမဲ့ခဲ့တဲ့ အဲဒီ ကျုပ်ရှင်ပြုတဲ့နေ့ကိုလဲ အသည်းစွဲအောင် မှတ်မိနေတယ်။
ကျုပ်က မြင်းပေါ်မှာ။
အမေက ကျုပ်ရှေ့မှာ သင်္ကန်းအိုးလေး ပိုက်လို့။ ကျုပ်အဖိုးက သပိတ်ကလေးလွယ်ရတာပေါ့။
ဘုန်းကြီးကျောင်းကို သွားခဲ့တဲ့မြင်ကွင်းက ကျုပ်အတွက်တော့ တစ်သက်စာ အမှတ်တရပါ။
အခုမြင်ရင်တောင် မမှတ်မိနိုင်တဲ့ အဖေကို အဲဒီနေ့က သတိရလိုက်တာဗျာ။
မိစုံဖစုံ ရှင်ပြုပွဲတွေဆို အဖေအမေက သပိတ်၊ သင်္ကန်းပိုက်ပြီး လိုက်ရတာမို့လား။
အဖေ့ကို သတိရနေတဲ့ ကျုပ်အမေကလည်း ပြိုတော့မယ့် မိုးလိုပဲ မျက်နာလေးကို ညိုလို့။
ကျုပ်ကွယ်ရာမှာ ခိုးခိုးပြီး မျက်ရည်ကျနေတာလဲ ကျုပ်က တွေ့ထားတာကိုး။
ကျောင်းရောက်လို့ ဆံချတော့ အမေက စိတ်မထိန်းနိုင်တော့ဘူးထင်ပါရဲ့။
ကျုပ်ရှေ့မှာ သဘက်ကလေးကိုင်ပြီး မျက်ရည်တွေ တွင်တွင်ကျ။
ကျုပ်အဖိုးကလည်း သဘက်စ တစ်ဖက်ကိုင်ပြီး သူ့သမီးကို အံ့ကြီးကြိတ်ပြီး မချိတင်ကဲဖြစ်နေတဲ့ မြင်ကွင်း။
အမေကလည်း ငို။ ကျုပ်ကလည်း ငို။ ကျုပ်အဖွားကလည်း ငို။
ဆွေမျိုးနီးစပ်တွေကလည်း ငို။ ရှင်ပြုပွဲလိုက်တာတဲ့ အိမ်နီးနားချင်းတွေကလည်း ကျုပ်တို့ကို သနားပြီးငို။
ဆံချပေးတဲ့ ဦးဇင်းလေးပါ မျက်ရည်တွေ ၀ဲပြီး ငိုသဗျာ။
ကျုပ်လဲ ရှင်လောင်းလှည့်ကတည်းက ငိုလိုက်ရတဲ့ အငိုဟာ ရေစက်ချပြီး အမျှဝေပြီးတဲ့အထိ မပြီးဘူး။
ခံစားရလွန်းလို့ပါဗျာ။

ဒီလိုနဲ့ ..ကိုရင်လေး ဘ၀ရောက်တော့ နေ့တိုင်းဆွမ်းခံထွက်ရသဗျ။
ဆရာတော်ကြီးက ကိုရင်ဆိုတာ ဆွမ်းခံစားမှ ကုသိုလ်ရတယ်ဆိုသကိုး။
ကျုပ်လဲ ကိုယ့်အိမ်ရှိတဲ့ လမ်းထဲက တစ်အိမ်မကျန်အောင် ဆွမ်းခံတာပဲ။
တစ်လမ်းလုံးက ကျုပ်ကို သိပ်ချစ်တော့ ကိုရင်လေး....  ကိုရင်လေးဆိုပြီး နေ့တိုင်းသပိတ်ပြည့်အောင် ဆွမ်းလောင်းပေးကြတယ်။
ကျောင်းမှာဆို ဆရာတော်ကြီးကလွဲရင် ဆွမ်းကွမ်းအရဆုံးက ကျုပ်ပဲ။ တကယ်ပြောတာ။
တစ်ရက်.. ဆွမ်းခံထွက်လာတော့ လမ်းထိပ်မှာ ဒကာမကြီးမကျင်က ကျုပ်ကို ထွက်စောင့်နေတယ်။
လက်ထဲမှာ ဗလာစာအုပ်လေးတွေ ကိုင်လို့။
အဲဒီ မကျင်ဆိုတာက ရန်ကုန်က တရုတ်မ ချောချောလေး။ သူ့ယောကျာ်းဦးလေးထွေးနဲ့ ရပြီး ကျုပ်တို့ မြို့ကို ရောက်လာတာ။
ဦးလေးထွေးဆိုတာက ကျုပ်သိပ်ချစ်ရတဲ့ လူကြီးဗျ။ သူကလဲ ကျုပ်ကို သိပ်ချစ်တယ်။
ကျုပ်တို့ မြို့နယ်က ရပ်ကွက်ဘောလုံးပွဲဆိုတာရှိရင် ကျုပ်ကို ပခုံးပေါ်တင်ပြီး ခေါ်ခေါ်သွားတတ်တဲ့ ဦးလေးထွေး။
ကျုပ်ကစားဖို့ သစ်သားဂျင်တွေ .. ဒိုင်ခံထွင်းပေးတဲ့ ဦးလေးထွေး။
မပျင်းမရိ ကာတွန်းစာအုပ်တွေ အသံထွက်ဖက်ပြပေးတဲ့ ဦးလေးထွေး။
ကျောင်းသွားရင် သူရောင်းတဲ့ ပေါက်ဆီတွေနေ့တိုင်းထည့်ထည့်ပေးတဲ့ ဦးလေးထွေး။
ကျုပ်ကျောင်းမှာ ရန်ဖြစ်ပြီး ထိပ်ပေါက်လာတော့ ဒေါသတွေဖြစ်ပြီး နံရံကို လက်သီးနဲ့ ထိုးခဲ့တဲ့ ဦးလေးထွေး။
အခုတော့ ဆေးရုံပေါ်မှာတဲ့။
သူ့မိန်းမ ဒကာမကြီး မကျင်က ပြောပြောပြီးငိုတာ။
အခြေအနေမကောင်းဘူး။ သွေးတွေအန်တာ အများကြီးပဲ..တဲ့။

'' ကိုရင်လေးရယ်...ကိုရင်လေးရဲ့ ဦးလေးထွေးကို ဆုတောင်းပေးပါဦး။
အခုဆေးရုံပေါ်မှာ လှုပ်တောင်မလှုပ်နိုင်တဲ့ ဦးလေးထွေးက ကိုရင်လေးကို ကန်တော့ချင်ရှာလို့ ခဏခဏမေးနေရှာတယ်''....တဲ့။

ကျုပ်မလဲ.. ခုနှစ်နှစ်သား ရဟန္တာမှ မဟုတ်တာပဲ။ သိတဲ့အတိုင်း မျက်ရည်က လွယ်လွယ်ဆိုတော့ ငိုပြီပေါ့။
ဦးလေးထွေးကို ကျုပ်ကလည်း တော်တော်လေးကို ချစ်တာ။ ကျုပ်မိသားစုပြီးရင် အချစ်ဆုံး သူစိမ်းလို့ကို ပြောလို့ရတယ်။
အတူသွား..အတူစားပြီး ကျုပ်ကို အရမ်းအလိုလိုက်ခဲ့တာကလား။
လမ်းလယ်ခေါင်ကြီးမှာ ဒကာမကြီး မကျင်ကလဲ ငိုငိုပြီး ပြော။
ကျုပ်ကလဲ မျက်ရည်တွေ တသွင်သွင်စီးကျ။
လမ်းထဲက လူတွေကလဲ မိသားစုလို နေကြတာဆိုတော့ ၀ိုင်းအုံလာပြီး မကျင်ကို နှစ်သိမ့်ကြတာပေါ့။
မကျင်ရယ်... စိတ်မပူပါနဲ့ သက်သာသွားမှာပါ..ဘာညာပေါ့။
ကျုပ်ကလည်း ဦးလေးထွေးအကြောင်းတွေ စဉ်းစားရင်း မပြောကောင်းမဆိုကောင်း ဦးလေးထွေးများသေသွားရင်ဆိုပြီး တော်တော်လေးကို ၀မ်းနည်းမိတာ..။ ဒကာမကြီး မကျင်ကိုလဲ ဘယ်လိုနှစ်သိမ့်ရမှန်းကို မသိဘူး။

ဒကာမကြီးမကျင်က သူ့ယောကျာ်းအတွက် ဗေဒင်သွားကြည့်တော့ .. ဗေဒင်ဆရာက ယတြာချေခိုင်းတယ်။
ကိုရင်လေးတစ်ပါးကို ဗလာစာအုပ်လှူပါတဲ့လေ.။ ပြီးရင် ကိုရင်လေးကို ဆုတောင်းခိုင်းလိုက်။ ဒကာကြီးဦးလေးထွေး ချက်ချင်းသက်သာသွားမယ်ဆိုလို့  အားကိုးတကြီးနဲ့ ကျုပ်ကို ဗလာစာအုပ်လှူဖို့ စောင့်နေတာ။

ကျုပ်ကို အကြောင်းစုံ ပြောပြပြီး မျက်ရည်တရှုံ့ရှုံ့နဲ့ ဗလာစာအုပ်လေး သပိတ်ပေါ်တင်ပြီး ထိုင်ရှိခိုး။
ပြီးတော့ ''ကိုရင်လေးရယ်... ကိုရင်လေးရဲ့ ဒကာကြီးအတွက် ဆုတောင်းပေးပါနော်''...တဲ့
ရှိုက်  ရှိုက် ငိုပြီး အသံတိမ်လေးနဲ့ ပြောရှာတာ။
ကျုပ်ကလည်း .. ဦးလေးထွေးအတွက် ဖီလင်တွေက တော်တော်တက်နေပြီ။
ကျုပ်နဲ့ ဦးလေးထွေးတို့ ရင်းနှီးခဲ့တာတွေ ပြန်မြင်ယောင်ပြီး စိတ်က ယူကျုံးမရဖြစ်နေရတဲ့အထဲ... ဒကာမကြီး မကျင်ကလဲ ကျုပ်ရှေ့မှာ ငိုနေတော့ လူက စိတ်မကောင်းဖြစ်ပြီး မွှန်ထူနေတာ။
အဲဒီအချိန်ဘေးမှာ ရှိတဲ့ လမ်းသူလမ်းသားတွေက ကိုရင်လေး..ဆုတောင်းပေးလိုက်လေ.. ဆုတောင်းပေးလိုက်...လို့
သတိပေးတော့မှ  ကျုပ်လဲ သတိရပြီး ၀မ်းနည်းပမ်းနည်းနဲ့ အမြန် ဆုတောင်းပေးလိုက်ရတယ်။

'' ဒကာမကြီးရဲ့ ဒီ ..ကုသိုလ်ကြောင့် ဦးလေးထွေးတစ်ယောက် ကောင်းရာသုဂတိလားပါစေ'' လို့...

ရုတ်တရက်တော့ ကျုပ်လဲ ကိုယ့်အမှားကို မသိဘူး။ ဘေးနားက လူတွေလဲ ရုတ်တရက်ကြီး ကြောင်သွားတယ်ထင်တယ်။
ဘယ်သူမှ အသံမထွက်တော့ဘူး..။
ဒကာမကြီး မကျင်က ဦးကုန်းချနေရာကနေ ဆက်ကနဲ မော့ကြည့်ပြီး...

'' အမလေး ကိုရင်ရဲ့ .. ကျုပ်လင်က မသေသေးပါဘူးတော့...'' လို့ ဟီးချပြီး ကုန်းအော်တော့မှ ကျုပ်လဲ ကိုယ်မှားတာကိုယ်သတိရတော့တာ။
မျက်နှာဆိုတာ ဘယ်နားသွားထားရမှန်း မသိဘူး။ မကျင်ကတော့ ငိုလိုက်တာမှ လူးလှိမ့်နေတာပဲ။
သူ့ခမြာ...ကျုပ်ဆုတောင်းပေးရင် သူ့ယောက်ျား ပြန်ကောင်းလာမယ်လို့ အားကိုးတကြီး ယုံထားရှာတာ။
ကျုပ်ကလည်း အဆုံးစွန်ဆုံးဝမ်းနည်း...အဆုံးစွန်ဆုံးတွေးပြီး ...အဆုံးကြီးကို ဆုတောင်းချပစ်လိုက်တာ.။

တုန်တုန်ရီရီနဲ့ မနည်းတောင်းပန်ပြီး ဒကာကြီး အမြန်ဆုံးပြန်ကျန်းမာပါစေ...ပြန် ဆုတောင်းပေးပေမယ့်မရတော့ဘူး..။
မကျင်ကတော့ အသံဗြဲကြီးနဲ့ အော်ငိုနေတုန်းပဲ။ ကျုပ်လဲ ထူပူပြီး နောက်ကျတဲ့ ခြေထောက်သစ္စာဖောက် ကျောင်းကို ပြန်လှည့်ပြေးရတယ်။
ညနေကျတော့ ကျုပ်ရဲ့အမေက ကျောင်းကိုလိုက်လာပြီး သတင်းပေးပါတယ်။
ကိုရင်လေးရဲ့ ဦးလေးထွေးတော့ ဆုံးရှာပြီ..။ ဒီရက်ပိုင်း အိမ်ကို  ဆွမ်းခံမကြွပါနဲ့ဦး။ ဆွမ်းချိုင့်လာပို့ပါ့မယ်..တဲ့။
ကျုပ်အမေလဲ မျက်နှာပူရှာတယ် ထင်ပါရဲ့။

ကျုပ်မှာလည်း .. အိပ်လို့ မပျော်တာ တစ်ပတ်ကျော်ကြာတယ်။ ငိုလိုက်တာမှ မျက်လုံးတွေတောင် ကန်းတော့မလားမှတ်ရတယ်။
ကျုပ်ဆုတောင်းမှားလို့ ဒကာကြီးသေရတယ်လို့ စိတ်ထဲမှာလဲ စွဲသွားတာ။
ဆွမ်းခံလဲ မထွက်ရဲတော့ဘူး။
လမ်းထဲကို ရောက်ရင် မကျင်နဲ့ တွေ့မှာစိုးလို့။
သူ့ကိုလဲ တော်တော်လေးကို အားနာတယ်။
ဘယ်နှယ့် .... ၁၀ ရက်လောက်ပဲ ကိုရင်ဝတ်မယ်လို့ မှန်းထားတာ။
အိမ်ပြန်မလာရဲတာနဲ့ တစ်လခွဲလောက် ဘုန်းကြီးကျောင်းမှာ ကြာသွားတယ်။
တော်သေးတယ်...နွေရာသီ ကျောင်းတွေပိတ်ထားလို့ပေါ့။

သြော်... လင်းရောင်ဆိုတဲ့ ကျုပ်က ငယ်ငယ်ကတည်းက ခံစားချက်နဲ့ ပတ်သက်ရင် အဲဒီလို လွဲခဲ့တာ။

ဦးလေးထွေးလည်း ကောင်းရာသုဂတိလားပါစေဗျာ... အမျှ..အမျှ..အမျှပါ....။

(စာရေးဆရာပိုးက ငယ်ငယ်ကလည်းက ဦးနှောက်ထဲထိ ရောက်ခဲ့တာမို့.. စာရေးချင်တဲ့စိတ်ကတော့ သေတဲ့အထိ ပျောက်မယ် မထင်တော့ပါဘူး.. တစ်ချိန်ချိန်ကြရင် ပြန်ရေးဖြစ်မယ်ဆိုပြီး ထူးထူးခြားခြား အဖြစ်အပျက်ကလေးတွေကိုလဲ ခေါင်းထဲမှာ စွဲနေအောင်မှတ်ထားတတ်တာ ကျွန်တော့်အကျင့်ပါ.. အခုလည်း  ကိုယ့်ဖေ့ဘွတ်မှာ ကိုယ်ရေးချင်တာရေးပြီး စိတ်ဖြေနေရပါတယ်..။ ကျွန်တော့် စာလေးတွေကို ဖတ်ပေးကြသူ သူငယ်ချင်းတွေကို ကျေးဇူးအများကြီးတင်ပါတယ်.. သူငယ်ချင်းတွေ စိတ်အပန်းပြေမယ်ဆိုရင်ပဲ ကျေနပ်ပါပြီ... ကျွန်တော်မသေခင်တော့ စာအုပ်လေးတစ်အုပ်လောက် ထုတ်သွားချင်ပါသေးတယ်...)

ကျေးဇူးတင်စွာဖြင့်
လင်းရောင်

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More