Sunday, January 22, 2012

ကျွန်တော်တို့ အားလုံး လိုပါသည်

ကျွန်တော် လုပ်ငန်းခွင် စတင်ဝင်ရောက်စက နားမလည်သော အကြောင်းအရာ အတော်များများ ရှိသည်။ လုပ်ငန်းခွင် နှင့် မသက်ဆိုင်သော အပိုင်းများအတွက် ဖိအားပေးခံရသည်ဟု နားလည်ခံစားမိခဲ့သည်။ ထိုအချိန်က မိမိအား အကြောင်းရှာ ဖိအား ပေးခြင်းသာဖြစ်သည်ဟုသာ ထင်ခဲ့မိသည်။ သွားတာ၊ လာတာ၊ နေတာ၊ ထိုင်တာ၊ စားတာ၊ သောက်တာ မှအစ အားလုံးကို စည်းနှင့် ဘောင်နှင့် ဆိုသည်ထက် တစ်ရံ တစ်ခါ ဖိအားပေးခံရသော စကားသည် ထိုက်တန်သော အဆင့်နှင့် ထိုက်တန်သော ပြုမူ ဆောင်ရွက်မှု များ ဆိုသော စကားလုံး ပင်ဖြစ်သည်။ မှတ်မှတ်ရရ တစ်ရက်က ကျွန်တော့်ကို အထက်အရာရှိ ကခေါ်တွေ့သည်။ သူက စကားများ ပြောသည်။ ထို့နောက် “မောင်ရင်တို့ အပြင်မှာ လူငယ်ပီပီ နေနိုင်တယ်၊ လုပ်ငန်းခွင်မှာတော့ အပြင်လို မဖြစ်စေချင်ဘူး၊ မောင်ရင် နောက်ရက်က စပြီး Uniform ကိုမီးပူတိုက်ပြီး ၀တ်ပါ၊ တစ်ခုသိစေချင်တာက လူတိုင်း လူတိုင်းမှာ သူ့အဆင့် ရာထူး နဲ့ ထိုက်တန်တဲ့ အနေအထား ရှိတယ် ဆိုတာပဲ၊ ဒါကို လက်ခံပါ၊ မောင်ရင်တို့ အရာရှိပေါက်စတွေ အနေအထိုင် မတတ်ကြဘူး” ဟုပြောခဲ့သည်။ ထိုအချိန်က ကျွန်တော် အလွန်ပေါက်ကွဲသည်။ ဒါဟာ ဗျူရိုကရက် အငွေ့ အသက်မပျောက်သေးတာပဲ။ ဒါဘာဆိုင်လဲ။ ဒါဟာ ဆန်မရှိပဲ သောက်စားကြီးတဲ့ စကားပဲ။ ဒါဟာ သောက်ကြီး သောက်ကျယ် နိုင်တာပဲဟု ပေါက်ကွဲ မိသည်။ သို့သော် ထိုနေ့မှစ ယနေ့အထိ Uniform သပ်သပ်ရပ်ရပ် ၀တ်ဆင်ရေး နှင့် အပြုအမူ စမတ်ကျရေးကို အနည်းငယ် ဂရုစိုက်ခဲ့ရသည်။

တစ်ကယ်တော့ အောက်ခြေဘ၀မှ တက်လာသူသည် သူအောက်ခြေဘ၀ မှ ရှိသော အနေအထား နှင့် နေရာ တစ်ခု ရလာလေ ဆင်ခြင် ပြုမူ တတ်ရလေ ပင်ဖြစ်သည်။ ရာထူး အဆင့် တစ်ခု တိုးမြင့် လိုက်လေ ပြုမူ နေထိုင် ဆောင်ရွက်မှု မှအစ သတိထား ဆင်ခြင်ရလေပင် ဖြစ်သည်။ မကြိုက်လို့လည်းမရ။ လက်မခံလို့လည်း မရ။ ကျွန်တော်တို့ ဌာနတွင်းမှာပင် လက်ဖက်ရည်ဆိုင် ခုံပု မထိုင်ရ ဆိုသော စည်းကမ်းနှင့် ကျောင်းဆင်း လာသော အရာရှိ အမြောက်အမြားရှိကြသည်။ သူတို့ကို လူထူးဆန်း များအဖြစ် မြင်လို့လည်း မရ။ ဒါက သူတို့ စည်းကမ်းလို ဖြစ်ခဲ့သည်ပင်။ ကျွန်တော် အပြင်မှာ လက်ဖက်ရည်ဆိုင်ထိုင် တ၀ါးဝါး တဟားဟား စကားပြောသလို နေရာတိုင်းမှာတော့ တ၀ါးဝါး တဟားဟား အာကျယ် အာကျယ် လုပ်လို့မရ။ သူ့ နေရာ နှင့် သူ သူ့အဆင့် နှင့် သူ ဆိုသော စကားကို ကျွန်တော် နားလည် သဘောပေါက်လာခဲ့ပါသည်။

ယနေ့ ကျွန်တော်တို့ တိုင်းပြည်လည်း ရာထူး တိုးပြီ ဟုပြောလို့ ရသည်။ ရာထူး တိုးပါပြီ။ သူ့အဆင့် သူ့နေရာ သူ့အနေအထား နှင့် ယခင် လို နေထိုင် ပြုမူခြင်းများ မလျှော်ကန်ပါက ပယ်ဖျက် သင့် ပယ်ဖျက်ရမည် ဖြစ်သည်။ ကျွန်တော်တို့ အနေဖြင့် လက်ညိုး ထိုးခဲ့တာ ကြာပြီ။ ဟိုကောင်တွေ မကောင်းဘူး၊ ဒီကောင်တွေ မကောင်းဘူး၊ ဟိုးးဘက်ကကောင်တွေလည်း မကောင်းဘူး စသည်ဖြင့် လက်ညိုးထိုးတာ အားရလာသော အခါ မိမိကိုယ်ကို ပြန်လည် လက်ညိုးထိုးသင့်သည်။ ငါလည်း မကောင်းပါလား ဆိုတာမျိုး ဖြစ်သင့်သည်။ တစ်ဦးချင်း တစ်ယောက်ချင်းက မိမိရရှိထားသော အနေအထားအရ ပြုမူ ကျင့်ကြံ လိုက်နာ ဆောင်ရွက် သင့်သည်များကို ဆောင်ရွက်ပါမှ ကျွန်တော်တို့ အောင်မြင်မည် ဖြစ်ပါသည်။ ဒီမိုကရေစီ နိုင်ငံ ဖြစ်လာသည် နှင့် အညီ ဒီမိုကရေစီ နှင့် ထိုက်တန်သော အပြု အမူ များကို ကျွန်တော်တို့ တစ်ဦးချင်း တစ်ယောက်ချင်းဆီက လိုက်နာ ပြုမူ ကြမှသာလျှင် လောကပါလ တရားထွန်းကားသောတိုင်းပြည် ဆိုသည့် ပန်းတိုင်ကို ရောက်မည် ဖြစ်ပါသည်။

ဒီမိုကရေစီ မရခင်က တစ်ချို့ တစ်လေ ပြောသော စကားရှိသည်။ ဗမာ တွေ ဒီမိုကရေစီ နှင့် မတန်ပါဘူး ဆိုသည့် စကား။ အဲသည်အချိန်အခါ တုန်းက တိုးတိုး တစ်မျိုး ကျယ်ကျယ် တစ်မျိုး တစ်ရံ တစ်ခါ နင်ပဲ ငဆ ဆဲကြရသည် အထိ ကျွန်တော်တို့က ထိုက်တန်ပါကြောင်း ဆင်ခြေပြရသည်။ ဗမာ တွေ ဒီမိုကရေစီ နှင့် လုံးဝ ထိုက်တန်ကြောင်း ပြောခဲ့ကြသည်။ တစ်ရံ တစ်ခါ များတွင် သိနေ မြင်နေ သော်လည်း ထိုက်တန်ကြောင်း မျက်စိစုံမှိတ် ပြောခဲ့ရသည် များလည်း ရှိသည်။ ယခုတော့ တစ်ကယ်လည်း ရလာပြီ ဆိုသည့်အခါ လိုက်နာ ဆောင်ရွက် ရမည့် အပိုင်းများစွာ ရှိလာခဲ့ပါပြီ။ ကျွန်တော်တို့ အမှန်တစ်ကယ် ထိုက်တန်ပါ၏လော ဆိုသည့် အဖြေသည် ယခုမှ စတင်ပါတော့မည်။ ထိုက်တန်ပါ၏လော ................

လမ်းထိပ်တွင် မျဉ်းကြားမှ မကူးသူများအား ဖမ်းနေလျှင် လူတွေက လမ်းအောက်ဖက်ပြုံဆင်းလာကြပြီး ကူြး့ကပြန်သည်။ လာဘ်ပေး လာဘ်ယူ ကိစ္စတွင် မပေးလျှင် အဆင်မပြေဟု ထင်မှတ်နေကြတုန်းပင်။ ယူသည့် သူများကလည်းယူတုန်းပင်။ ပြည်သူ့ရေးရာ ဆက်ဆံရေး အပိုင်းများလည်း ယခင်အတိုင်းပင် ဖြစ်သည်။ Equipment ထဲတွင် လောက်လေးဂွကြီး ထည့် တရုတ်လက်နှိပ် ဓာတ်မီးကြီး ထည့်ပြီး ဘောင်းဘီ ဖင်နောက်တွင် ချုပ်ရိုးကြီး အထင်းသား နှင့် ညှပ်ဖိနပ်ကြီးစီး အကျီ့ကျယ်သီး ဟပြဲ ခါးပတ် လျော့တီးလျော့ရဲ  ကွမ်းယာတစ်ပြစ်ပြစ် နှင့် မှုန်ကုပ်ကုပ် ပြည်သူ့ ရဲ တပ်ဖွဲ့ များကို မြို့လည်ကောင်တွင် မြင်ရဆဲ။ ဟောက်သည် ဟိန်းသည် ဆိုသည့်အပိုင်းများလည်း ယခင်အတိုင်းပင်။ လမ်းပေါ်တွင် ကွမ်းတံတွေး ထွေးဆဲ။ တက္ကစီပေါ်တွင် ဆေးလိပ် သောက်ဆဲ။ ညမှောင်မှောင် အမှိုက်မပစ်ရ ဆိုင်းဘုတ်နားတွင် အမှိုက်ပစ်ကြဆဲ။ နောက်ဖေး လမ်းကြားများတွင် အမှိုက်ထုပ် ပြုတ်ကျသံ တညံညံ ကြားနေရဆဲ။ ရုံးတက်ချိန် ရောက်သည်အထိ အေးဆေးစွာ လက်ဖက်ရည်ဆိုင် ထိုင်ကြဆဲ။ နားလည်မှု များစွာ ရှိဆဲ။ ဂွင် များစွာ ရှိဆဲ၊ လမ်းကြောင်း များစွာ ရှိဆဲ။ ကျူရှင် များလည်း ဖွင့်ဆဲ။ စာများလည်း ကြက်တူရွှေး နှုတ်တိုက် အလွတ်ကျက်ဆဲ။ အားလုံး အရင်အတိုင်း ဖြစ်ဆဲ။ဂွင်၊ လမ်းကြောင်း၊ နားလည်မှု ဆိုသော စကားရပ် များအကြား တိုင်းပြည်ကြီး နှစ်ပေါင်း (၆၀) လောက် ကမောက်ကမ အမှားများကြား ၀ဲလည် ၀ဲလည် ဖြစ်ခဲ့ရသည် ဆိုသည်ကို သတိချပ် သင့်ပါသည်။ မီးစင် ကြည့်ကရမှာပဲ ဆိုသော အနေအထားများ ယနေ့ မလိုအပ်တော့ပါ။ စနစ်တကျ အခြေခံ ကောင်းကောင်းနှင့် စတင်လုပ်ကိုင် ခြင်းများကိုသာ လိုအပ်ပါတော့သည်။

ဝုန်းခနဲ ဒိုင်းခနဲ ဘာမှ ပြောင်းလို့ မရပါ။ သို့သော် ဖြည်းညင်းစွာ စတင်ပြောင်းလဲ ရမည်တော့ ဖြစ်သည်။ ပြောင်းလဲ ဖို့ရာ ပြောင်းလဲသင့်ကြောင်း အသိတရား ရှိဖို့ လိုပါသည်။ ပြောင်းလဲ လိုစိတ်လည်း ရှိရမည် ဖြစ်ပါသည်။ ကျွန်တော်တို့ ယနေ့ တစ်ဦး ချင်း တစ်ယောက်ချင်းကအစ ဘာတွေ လိုက်နာ ပြီလဲ။ ကျွန်တော်လည်း ယခင်အတိုင်း လမ်းပေါ် ကွမ်းထွေးဆဲ၊ ဂွင်များ လမ်းကြောင်း များကို စိတ်ဝင်စားဆဲ၊ ယခင်အတိုင်းပင် လူကြား သူကြား ဆေးလိပ် သောက်ဆဲ၊ တန်းစီ တန်းတိုး ရသည့်အခါ တစ်ရံတစ်ခါ လစ်လျှင် လစ်သလို လူကျော်စမြဲ။ သို့သော် ကျွန်တော် ပြောင်းလဲ လိုက်နိုင်တာ တစ်ခုက ရုံးတွင် သတ်မှတ်ထားသည့် ရုံးစည်းကမ်း နှင့် မိမိရာထူးအရ ပေးထားသော စည်းကမ်းများအတိုင်း လိုက်လျှော ညီထွေ နေတတ် ထိုင်တတ်သွား ခြင်းပင် ဖြစ်ပါသည်။

ကျွန်တော်သည် စာမေးပွဲ အောင်သော အရာရှိ ဖြစ်သောကြောင့် အောက်သက်မကြေပဲ ရာထူး တန်းရသော အရာရှိ ပေါက်စဖြစ်ပါသည်။ ထို့ကြောင့် ရုံး ဆိုတာ ဘာမှန်းမသိသော အရာရှိလည်း ဖြစ်ပါသည်။ မိုးလင်းကတည်းက အင်တာနက်သုံး၊ သီချင်းနားထောင်၊ လက်ဖက်ရည်ဆိုင်ထိုင်၊ ဘီယာဆိုင်ထိုင်၊ ဆိုင်ကယ် တစ်စင်း နှင့် ဟိုနား ဒီနား သွားလာ၊ ဂစ်တာတီး သီချင်းဆို ပြောချင်ရာ ဆိုချင်ရာကို အားမနာတမ်း လွတ်လပ် စွာပြောဆိုခဲ့သူမှသည် ရုတ်တရတ် ”အဲသည်လို မပြောရဘူး သည်လိုပြောရတယ်”၊ “အဲသည်လို မနေရဘူး သည်လို နေရတယ်” “အဲသည်လို မ၀တ်ရဘူး သည်လို ၀တ်ရတယ်” “အဲသည် ကိစ္စကို အဲသည်လို မှတ်ချက် မပေးရဘူး သည်လိုပေးရတယ်” “အဲသည် ကိစ္စ္စထုတ်ဖော်ပြောလို့ မရဘူး“ “အဲသည် လိုဖြစ်ရင် အဲသည် ကိစ္စက ထုချေလွှာတင်ရမည့် အဆင့်” “အဲသည် ပြသနာတက်ရင် ပြစ်ဒဏ်က ဘယ်လို” “အဲသည် စည်းကမ်း ဖောက်ဖျက်ရင် ဘယ်လိုအပြစ်ပေးခံရမည်” စသည်ဖြင် ပုံစုံ ခွက်တစ်ခုတည်း ဇွတ်အတင်း မဟုတ်တောင် အသားကျအောင် ကြိုးစား ခဲ့ရခြင်း ဖြစ်ပါသည်။ ပင်ပန်းကောင်း ပင်ပန်းမည် သို့သော် မပြောင်းမဖြစ်တော့ မလိုက်နာလို့ မဖြစ်တော့ဟု သိလာသောအခါ ဖြည်းဖြည်းချင်းပင် ပြုပြင် ခဲ့ရခြင်း ပင်ဖြစ်ပါသည်။

ကျွန်တော်တို့ တိုင်းပြည်သည် ရုတ်တရက် ကံစမ်းမဲ ပေါက်သလို ဒီမိုကရေစီ ရခြင်းတော့ မဟုတ်။ သို့သော် ဒီမိုကရေစီ နှင့် အလှမ်းဝေးတာ နှစ်ပေါင်း များစွာ ကြာတော့ ဒီမိုကရေစီ ရသည်နှင့် ပြောင်းလဲ စရာ လိုက်နာစရာများ ဒု နှင့် ဒေး ပေါ်ထွက်လာပြီ ဖြစ်ပါသည်။ ကျွန်တော်တို့ ထိုက်တန်ကြောင်း ပြသရမည် ဖြစ်ပါသည်။ ကျွန်တော်တို့ မြန်မာလူမျိုးတွေ ဒီမိုကရေစီ နှင့် ထိုက်တန်ပါသည်။ ကျွန်တော်တို့ မြန်မာလူမျိုး များသည် ဒီမိုကရေစီကို အများတကာတို့ကဲ့သို့ လွယ်လွယ် ကူကူ မရခဲ့။ အသက် သွေး ချွေး များစတေးလျှက် ရခဲ့သောကြောင့် ဒီမိုကရေစီ ကို အများတကာတို့ထက် ကမ္ဘာ့ နိုင်ငံများစွာထက် တန်ဖိုး ထားပါသည်။ ထို့ကြောင့် ပြည်သူတစ်ရပ်လုံးက ဒီမိုကရေစီ စံနှုန်းများအတိုင်း ကြိုးစား ကျင့်ကြံ နေထိုင်ပြီး ဒီမိုကရေစီ နိုင်ငံသစ်ကို ထိမ်းသိမ်း တည်ထောင် သွားကြသည် ဆိုလျှင်ဖြင့် အစိုးရ နှင့် အတိုက်အခံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပေါ်လစီ မိတ်ကာများ က ပြောင်းလဲမှု အရှိန်မြင့်မားအောင် ကြိုးပမ်း ကြသည်ထက် ပြည်သူလူထုကြိုးပမ်းသော အပြောင်းအလဲ အရှိန်က ပိုမိုသိသာမြန်ဆန်ပြီး အများက လက်ဖျား ခါရလောက်သည် အထိ ဖြစ်ရမည် ဖြစ်ပါသည်။ အပေါ်က လူတွေ လည်း လိုပါတယ်၊ အောက်က လူတွေလည်း လိုပါတယ် ထို့အတူပဲ ကျွန်တော်တို့ နိုင်ငံသား တစ်ဦး ချင်း တစ်ယောက်ချင်းလည်း လိုပါတယ်။

ကဲ ကျွန်တော်တို့ ပြောင်းလဲ လိုက်ကြရအောင် -

(လွတ်လပ် ပွင့်လင်းစွာ ဆဲ နိုင်ပါသည်)

လေပြေစိုး
(22, January, 2012)
1:58 PM

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More