Monday, January 16, 2012

မြန်မာနိုင်ငံတွင် နှုန်းထားအမျိုးမျိုး ဖြစ်ပေါ်နေသော ငွေလဲနှုန်းကို တစ်မျိုးတည်းအဖြစ် ၂၀၁၂ ခုနှစ်အတွင်း ပေါင်းစည်းသွားမည်

AddThis Social Bookmark Button 7161
မြန်မာနိုင်ငံတွင် နှုန်းထားအမျိုးမျိုး ဖြစ်ပေါ်လျက်ရှိသော ငွေလဲနှုန်းကို နှုန်းထား တစ်မျိုးတည်း အဖြစ် ယခုနှစ် အတွင်း ပေါင်းစည်း သွားမည်ဖြစ်ပြီး ငွေလဲနှုန်းကိုနှုန်းရှင်အဖြစ် ထားရှိရန် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စီးပွားရေး အသိုင်းအ၀ိုင်းထံမှ သတင်းရရှိပါသည်။
မြန်မာနိုင်ငံ၏ ငွေလဲနှုန်းတစ်မျိုးတည်း ပေါင်းစည်းရေးကိစ္စနှင့် ငွေလဲနှုန်းထား ပြောင်းလဲရန်ကိစ္စများ ကို ကူညီဆောင်ရွက်ပေးရန် အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ် တို့မှ ပညာရှင်များ ရောက်ရှိလျက်ရှိ ပြီး ၂၀၁၁ ခုနှစ် အောက်တိုဘာလတွင် ပထမအကြိမ် လာရောက်ခဲ့ကြောင်း သိရပါသည်။
နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေးအဖွဲ့ ခေါင်းဆောင်ဦးမြင့်က “ငွေလဲနှုန်းကိစ္စ ဆွေးနွေးနေတယ်။  ငွေလဲနှုန်း တစ်မျိုးတည်း ပေါင်းစည်းရေး ကိစ္စအရင်လုပ်နေတယ်။ ပေါင်းစည်းတာကတော့ ဒီနှစ်ထဲဖြစ်နိုင်ပါတယ်။ ငွေလဲနှုန်းပြုပြင် ပြောင်းလဲဖို့ကတော့ အချိန်နည်းနည်းယူရမယ်။ ဥပဒေ ပိုင်းရော မူဝါဒပိုင်း၊ မက်ခရိုစီးပွား ရေးပတ်ဝန်းကျင် တစ်ခုလုံးပြန်ပြင်ဆင်ဖို့ လိုတာကြောင့် လာမယ့်ဘဏ္ဍာရေး နှစ်လယ်ပိုင်းလောက်ထိ လုပ်နိုင်ဦး မယ်မထင်ဘူး။ ပြောင်းလဲချိန်မှာတော့ နှုန်းထားကနှုန်းရှင်ပဲ ဖြစ်မှာပါ” ဟု ပြောကြားပါသည်။
ငွေလဲနှုန်း ပြုပြင်ပြောင်းလဲရန် အတွက် ၂၀၁၁ ခုနှစ် ဇွန်လမှစတင်ကာ စီးပွားရေးပညာရှင် ဦးမြင့် အပါအ၀င် ပညာရှင်များက တင်ပြခဲ့ပြီး ၂၀၁၁ခုနှစ် သြဂုတ်လတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင် ပြောင်းလဲမှုဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့ပါသည်။ မက်ခရို စီးပွားရေးတည်ငြိမ် တိုးတက်မှုရှိစေရန်အတွက် ငွေလဲနှုန်း ပြုပြင်ပြောင်းလဲမှုမှာ အရေးပါဆုံး ဖြစ်သည်ဟု ပညာရှင်များက သုံးသပ်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ဘဏ်၊ အာရှ ဖွံ့ဖြိုးရေးဘဏ်ကဲ့သို့ နိုင်ငံတကာ အဖွဲ့အစည်းများ၏ အကူအညီများ၊ အကြံပြုချက်များ ရယူကာ ပြုပြင် ပြောင်းလဲမှုများ စတင်နေပြီဖြစ်ကြောင်း  သတင်းရရှိပါသည်။
အဆိုပါငွေလဲနှုန်းကိစ္စနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာငွေကြေး ရန်ပုံငွေအဖွဲ့မှ Article 8 Mission အဖွဲ့နှင့် အဓိကဆောင်ရွက်လျက်ရှိပြီး နည်းပညာနှင့် ဥပဒေအချို့ပြင်ဆင်နိုင်ရန်နှင့် ကန့်သတ်ချက်များ လျှော့ချနိုင်ရန် နည်းပညာထောက်ပံ့မှုများ ပြုလုပ်နေကြောင်း၊ ယခုဇန်န၀ါရီလ အတွင်းတာဝန်ရှိသူများ၊ ပညာရှင် များနှင့် သတင်းမီဒီယာများနှင့် အစည်းအဝေးတစ်ရပ် ပြုလုပ်ရန်ရှိကြောင်း ပညာရှင်များထံမှ သိရပါသည်။
မြန်မာနိုင်ငံ၏ ငွေလဲနှုန်းပြုပြင်ပြောင်းလဲမှုတွင် ဒေသတွင်းနှင့်နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှုရှိရန် အခြေခံကျသော အ ချက်နှစ်ချက်ရှိသည်ဟု ဦးမြင့်က သုံးသပ်ထားပြီး ၎င်းတို့မှာ ဖြစ်ပေါ်နေသော ငွေလဲနှုန်းထားအမျိုးမျိုးကို  တစ်မျိုးတည်းအဖြစ် ပေါင်းစည်းရန် နှင့် နိုင်ငံ၏လက်ရှိ ငွေပေးငွေယူရှင်းတမ်း(balance of payments)၊ သာမန်စာရင်း(current account)တို့တွင် ချမှတ်ထားသော အတားအဆီးများ ကို ဖယ်ရှားရန်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရေးသည် ငွေလဲနှုန်းကိစ္စချည်း သက်သက် မဟုတ်တော့ဘဲ နိုင်ငံအဆင့် စီးပွားရေးမူဝါဒ (macroeconomic policy)များနှင့် ပတ်သက်ပြီး ပြုပြင် ပြောင်းလဲရန် လိုအပ်ကြောင်း ဦးမြင့် က ထင်မြင်သုံးသပ်ထားကြောင်း သိရသည်။
လက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင် ငွေလဲနှုန်းအမျိုးမျိုး ဖြစ်ပေါ်နေဆဲဖြစ်ပြီး ပြင်ပဈေးကွက် ငွေလဲနှုန်း၊ အစိုးရဈေးနှုန်း၊ နိုင်ငံခြားဘဏ် လုပ်ငန်းဆောင်ရွက်ခွင့်ရသောဘဏ် များ၏ ငွေလဲနှုန်း၊ ဟွန်ဒီဈေးနှုန်း၊ အက်ဖ်အီးစီဈေးနှုန်း၊ ပို့ကုန်မှရငွေ (earning) ဈေးနှုန်းစသည့် ငွေလဲနှုန်း များဖြစ်ပေါ်နေကြောင်း၊ ထိုသို့ဖြစ်ပေါ်နေသော ငွေလဲနှုန်းအမျိုးမျိုးကို တစ်မျိုးတည်းအဖြစ် ယခုနှစ်အတွင်း  ပေါင်းစည်းသွားမည် ဖြစ်ကြောင်း သိရပါသည်။
ဦးမြင့်က “ငွေလဲနှုန်းအမျိုးမျိုး ကို တစ်ခုတည်းဖြစ်အောင် ပေါင်းစည်းသွားမှာပါ။ ပို့ကုန်မှရငွေတို့ အက်ဖ်အီးစီတို့လည်း ရှိတော့မှာ မဟုတ်ဘူး” ဟု ပြောကြားခဲ့ပါသည်။
သတင်းရင်းမြစ် eleven media group

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More