Saturday, January 7, 2012

ပုညတောင်ဆီ ရည်လျက်မလင်း


နုနုရည်(အင်းဝ)



၁၉၈၄ ခုနှစ် ဆရာတော်ကို နောက်ဆုံး တွေ့ရခဲ့ရတုန်းက။
ဧရာဝတီမြစ်မ ပြင်ကျယ်ထဲကို မိုးစက် မိုးပေါက်တွေ ခုန်ပေါက်ကျဆင်း နေကြတယ်။ လေကလည်းထန်နေတော့ လှိုင်းတွေက တ၀ုန်းဝုန်း။ စစ်ကိုင်းတံတား ကြီးအောက်က လှိုင်းတွေကြားထဲမှာ ကျွန်မတို့ 'ငှက်' ကလေး တလူးလူး တလိမ့် လိမ့်ဖြစ်နေပြီ။ လှိုင်းလုံးတွေကနေ မျက်နှာကို ဖြန်းခနဲ ဖြန်းခနဲ လာစဉ်တဲ့ ရေစက်လေးတွေက အေးစိမ့် နေတာပဲ။ ကြည့်ပါဦး။ မိုးစက်မှုန်မှုန်တွေကြားထဲမှာ ရွှေကြက်ယက် ရွှေကြက်ကျရဲ့ အလှ။
ဟိုမှာဘက်မှာ စစ်ကိုင်းမင်းဝံတောင်ရဲ့ အလှ။
ငယ်ဘ၀ကတည်းက အမြဲမြင်တွေ့ စွဲလမ်းခဲ့တဲ့ ဒီမြင်ကွင်းဟာ ခုထိ လည်း မရိုးနိုင်သေးပါလား။ ကျွန်မ စွဲလမ်းနေတုန်းပါလား။
"မှိုင်းမှိုင်းရိပ်မှောင် .. စွန်တောင်မှင် ..ပြိုမှာလေလားမိုးရဲ့ .. စိုးအောင် ခုပင် ..အမ္ဗုန်မောင် .. ဖန်အားလေ ရက်နှင် .." ငှက်ဦးထိပ်မှာ ထိုင်နေတဲ့ လေးလေး ကိုလေးနဲ့ ကျွန်မခင်ပွန်းသီချင်း ၀ါသနာ အိုးနှစ်ယောက်က သီချင်းအော်ဆိုကြတယ်။
ကျွန်မတို့ငှက်ကလေး ၀ါးချက်ဆိပ် မှာ ဆိုက်တော့ မိုးတိတ်သွားပြီ။ ၀ါးချက် ရွာထဲကနေ အနုရုဒ္ဓါချောင်ကို ဖြတ်တက် တာဟာ ပိုနီးသတဲ့။
ကျောက်တုံးတွေ ထိုးထိုးထောင်ထောင်နဲ့ လူသွားလမ်း လေးပေါ်မှာ လေးလေးကိုလေးက ရှေ့ဆုံးက၊ သူ့နောက်က ကျွန်မခင်ပွန်း၊ ပြီးတော့ ကျွန်မ၊ ကျွန်မနောက်က မောင်သစ်နီ(အင်းဝ)၊ မင်းမင်းနီနဲ့ ကိုခက်မောင်(အင်းဝ)၊ ကျွန်မတို့တစ် တွေ စကားတပြောပြောနဲ့ ဆရာတော် ရွှေကိုင်းသား သီတင်းသုံးရာ အနုရုဒ္ဓါ ချောင်ဆီကို တက်ကြတယ်။
"ဆရာတော် ချောင်က တကယ့်ကို ချောင်ကျတာပဲနော်" "ဒါပေမယ့် ဒီချောင်က တောင်ပေါ်မှာ စတည်တဲ့ ချောင်ကိုးချောင်ထဲမှာ ပါတယ်" လေးလေးကိုလေးက သူ့အကျင့် အတိုင်း သီချင်း၊ ကဗျာ၊ စာတိုစာစတွေ ကို မနားတမ်းတတွတ်တွတ် ရွတ်ဖတ် လာရာက 'ပိတောက်ရွှေဝါ၊ ကောဏ္ဍည နှင့်၊ ပရက္ကမနုရုဒ္ဓါ၊ ပဘာဗောဓိ၊ လွန်သာ ယာတယ်။
ယုန်ဖြူဝေါဟာ ဥပါဠိ။ ဓူတင်ကျင့်မြတ်၊ မာန်မျက်ခြွေတယ်။ ဈာန်မဂ်အခြေ၊ ကိုးချောင်သမိုင်း အရှိ တဲ့။ အဆိုလေးရှိတယ်။ စစ်ကိုင်းချောင်မှာ စတည်တဲ့ ချောင်ကအားလုံးချောင်ကိုး ချောင်။ ပိတောက်ချောင်၊ ရွှေဝါချောင်၊ ကောဏ္ဍညချောင်၊ ပရက္ကမချောင်၊ အနုရုဒ္ဓါရုံချောင်၊ ပဘာချောင်၊ ဗောဓိ ချောင်၊ ယုန်ဖြူချောင်၊ ဥပါဠိချောင်၊ ဆရာတော်ရွှေကိုင်းသားတောင် ဟိုတုန်း က လူထု သတင်းစာမှာ စစ်ကိုင်းတောင် ရိုးက ချောင်ကိုးချောင်ဆိုပြီး ရေဖူးသေး တယ်။
"ဆရာတော့ အနုရုဒ္ဓါက ချောင်ဆက် ဝေးပြီး အေးချမ်းတာတော့ ကောင်းပါ တယ်။ ဒါပေမယ့် ခေါင်လွန်းလှတယ်" "အေးပေါ့-ဒါကြောင့်လည်း ဓားပြ တိုက်ခံရတာပေါ့။ ဓားပြက အေးအေး ဆေးဆေး၊ ခြိမ်းခြောက်ရိုက်နှက်ပြီး ရှာဖွေယူနေတာတောင် ဘယ်ကမျှ မကြားဘူး" "ဓားပြကလည်း ရိုက်စရာ ရှားလို့ လေးလေးရယ်၊ ခေါင်းမှရိုက်ရတယ်လို့။ ခုဆရာတော့် စိတ်အခြေအနေကော ဘယ်လို နေတယ်ရယ်မသိ" "ဆရာတော် စိတ်ထိခိုက်သွားတာက ခေါင်းရိုက်ခံရတာထက် ဓားပြက ပိုက်ဆံ မပေးရင် သူ့ကျောင်းကို မီးနဲ့ရှို့မယ် လုပ် လို့ ကျောင်းမီးရှို့ရင် သူ့စာအုပ်တွေကုန် ချည်ရဲ့ဆိုပြီး သိပ်လန့်သွားရှာတာ။
ခေါင်းထိတာလည်း ပါမှာပေါ့လေ" ဆရာတော်မှာ သတ္တ၀ါတွေအပေါ် ထားတဲ့ မေတ္တာရယ်၊ ဘုန်းကြီးကျင့်ဝတ် သိက္ခာရယ်၊ သူ့စာအုပ်တွေရယ်ကလွဲရင် ဘာမှမရှိရှာဘူးဆိုတာ ဓားပြတွေ မသိ ဘူးထင်ပါရဲ့။ ဆရာတော် ရွှေကိုင်းသား ဟာ နိုင်ငံကျော် စာရေးဆရာလည်းဖြစ် လို့ ပိုက်ဆံတွေတော့ ရှိမှာပဲ။ ဆရာတော် ဆီကို ဟိုကဒီက ဧည့်သည်တွေလည်း အများကြီးလာကြတာမို့ ပိုက်ဆံတွေ တော့ ရှိမှာပဲလို့များ ဓားပြထင်လေရော့ သလားမသိ။ ဆရာတော်ကို နေကောင်းထိုင်သာ တွေ့ရပါစေလို့ ဆုတောင်းရင်း တရုတ် စံကားပွင့်တွေ ဖွေးဖွေးလှုပ်အောင် ကြွေကျနေတဲ့ အုတ်လှေကား အမြင့်ကြီး ကနေ ချောင်ပေါ်တက်ခဲ့ကြတယ်။
ဆရာတော်က ချောင်တည်စက ရှိခဲ့တဲ့ ကျောင်းကြီးပေါ်မှာ သီတင်းမသုံးဘူး။ ကျောင်းကြီးကို ဆရာတော် စုဆောင်း ထားတဲ့ ရှေးဟောင်းပစ္စည်းတွေ ထည့် ထားပြီး သော့ခတ်ပိတ်ထားတယ်။
ဆရာတော်က ကျောင်းကြီးဘေးက ကျောင်းငယ်လေးထဲမှာပဲ တစ်ပါး တည်း သီတင်းသုံးတယ်။ ကျွန်မတို့ ကျောင်းလေးပေါ် တက်သွားတော့ ဆရာတော်က သူ့အိပ်ရာလေးပေါ်မှာ ငြိမ်ငြိမ်လေးထိုင်လို့။
အိပ်ရာလေးက ဘုရားခန်းအောက် ကြမ်းပြင်ပေါ်မှာ၊ သင်ဖြူးလေး တစ်ချပ်ပေါ်မှာ ကော်ဇော လေး တစ်ထပ်ခင်းလို့ ခေါင်းအုံးလေး က တစ်လုံး၊ စောင်လေးတစ်ထည်ကလည်း ခြေရင်းမှာ ခေါက်လျက်သား၊ ဆရာတော် ရုပ်ရည်ဟာ အသက် ၇၀ ကျော်နဲ့ မမျှ အောင်အရွယ်တင်နုပျိုနေတုန်းပါ။
ဒါပေမယ့် မျက်လုံးတွေကတော့ ရီဝေနေ ပြီး မကြာခဏ လာနေကျ လေးလေးကို လေးတို့ကို ကြောင်ကြည့်နေတယ်။
"အရှင်ဘုရား၊ တပည့်တော်တို့ဘုရား ကိုလေးတို့" လေးလေးကိုလေးက ဦးချရင်းပြောလိုက်တော့မှ- "ဪ-အေး၊ ကိုလေးလား" တဲ့။
"အရှင်ဘုရား သူတို့နှစ်ယောက်က ရန်ကုန်ကလာကြတာ၊ အောင်ကျော်တိုး တဲ့၊ နုနုရည်တဲ့၊ နုနုရည်က ခုစာကြည့် တိုက်ပညာ သင်တန်း တက်နေတာ။ အဲဒါ စာတမ်းပြုစုဖို့အတွက် နုနုရည်က ဆရာတော်ရေးခဲ့တဲ့ စာတွေကို စာစု စာရင်းလုပ်ချင်တယ်တဲ့။ သူ့ဟာသူလည်း ရှာတယ်။ ခုဆရာတော်ဆီကလည်း မေးချင်မြန်းချင်၊ ကူးချင် မှတ်ချင်တယ် ဘုရား"
"ဪ-ဦးသော်ကောင်းတို့ဆီက ပေါ့။ ဦးသော်ကောင်း သိတယ်" တော်ပါသေးရဲ့၊ ဆရာတော် သတိရ သေးတာပဲ။
ကျွန်မ၀မ်းသာအားရနဲ့ "တင်ပါ့ဘုရား၊ ဆရာဦးသော်ကောင်းက တပည့်တော်တို့ ဆရာပါဘုရား"လို့ လျှောက်ရတယ်။ ဆရာတော်က အိပ်ရာ ပေါ်ကနေ ဖျတ်ခနဲထပြီး နံရံမှာ ကပ်ရိုက် ထားတဲ့ စင်တွေပေါ်က လူထုသတင်းစာ ဟောင်းတွေ၊ ရွှေမန်းအောင်စည် သတင်း စာဟောင်းတွေ၊ တခြားဖုန်တက်နေတဲ့ သတင်းစာဟောင်းများစွာ ချခိုင်း၊ ရှာခိုင်း တော့တာပဲ။ ပါးစပ်ကလည်း တတွတ် တတွတ်နဲ့။
"မသိမ်းနိုင်ဘူး၊ မသိမ်းနိုင်ဘူး။ နှမြောဖို့ကောင်းတယ်၊ ကူး ကူး၊ တွေ့ရဲ့လား။ မေ့လိုက်တာ။ အရင်လို မှတ်ဉာဏ် မကောင်းဘူး။ ပြောပြချင်တယ်၊ ပြောပြ ချင်တယ်" ကျွန်မတို့ သတင်းစာတွေ လှန်လှော ရှာဖွေပြီး ကူးနေတုန်း ဆရာတော်က ကျွန်မနားလာရပ်ပြီး လက်ဟန်ခြေဟန်နဲ့ "ကတ်ပြား၊ ကတ်ပြား၊ ကတ်ပြားလေးတွေ နဲ့ မကူးဘူးလား"တဲ့။
ကျွန်မ သိပ်အံ့ဩ သွားတယ်။ ဆရာတော် သုတေသန ထုံးစံတွေကို မမေ့သေးဘဲကိုး။ သုတေ သနလုပ်ရာမှာ အချက်အလက်တွေကို ရေးမှတ်တဲ့ ၈ လက်မ x ၅ လက်မ၊ ၅ လက်မ x ၃ လက်မ ကတ်ပြားလေးတွေ ကို ဆရာတော် မှတ်မိနေသေးတာပဲ။
သတင်းစာတွေပြပြီးတော့ သူ့အိပ်ရာ ဘေးက ဗီရိုလေးထဲမှာ သော့ခတ်သိမ်း ဆည်းထားတဲ့ စာအုပ်တွေကို စိတ်လို လက်ရပြပြန် တယ်။
အဲဒီထဲမှာ ဆရာ တော်ဆောင်းပါးတွေပါတဲ့ ကြီးပွားရေး မဂ္ဂဇင်းပေါင်းချုပ် အထူကြီးတစ်အုပ်ကို တွေ့တော့ ကျွန်မသိပ်ပျော်သွားမိ တယ်။
အိမ်ရောက်ရောက်ချင်း ကျွန်မ မမောနိုင်ဘူး။ ရန်ကုန်မှာတုန်းက ကျွန်မ စုဆောင်းလာခဲ့တဲ့ အချက်အလက်တွေ ကို တင်ထားတဲ့ ၈ လက်မ ထ ၅ လက်မ ကတ်ပြားတွေနဲ့အတူ ကြီးပွားရေး မဂ္ဂဇင်း ပေါင်းချုပ်ကြီးကို တဖျပ်ဖျပ်လှန်လှော မိတယ်။
x x x x x x
ဆရာတော်က သုတေသန သမား။ စာရေးဆရာ၊ ပန်းချီဆရာ၊ ကာတွန်း ဆရာဆိုတဲ့ ဂုဏ်ပုဒ်တွေနဲ့ ပြည့်စုံတဲ့ သူပါ။
ဆရာတော်ကို ရွှေကိုင်းသားဆိုတဲ့ ကလောင်အမည်နဲ့ စာရေးဆရာတစ် ယောက်အဖြစ် ကျွန်မလက်လှမ်းမီသမျှ ဆောင်းပါးတွေကို ဖတ်ရင်းလေးစားခဲ့ ရတာ။ ဆရာတော် စာတွေအများကြီး ရေးနေချိန်မှာ ကျွန်မ မွေးတောင် မမွေး သေးပါဘူး။ ကံအားလျော်စွာ စာကြည့် တိုက်ပညာသင်တန်းက စာရေးဆရာ စာစုစာရင်း လုပ်ရမယ်ဆိုတော့ ဆရာ တော် ရွှေကိုင်းသားစာစုစာရင်းလုပ်ဖို့ ကျွန်မရွေးလိုက်တယ်။
ကျွန်မစပြီး လေ့လာတာနဲ့၊ စုဆောင်းတာနဲ့ တစ်ပြိုင် နက် ဆရာတော်အနုပညာအကြောင်း ကို အံ့ဩစရာကောင်းအောင် သိလာရ ပါတယ်။ ဆရာတော်မှာ ကလောင်ခွဲတွေ လည်း အများကြီးပဲ။ 'ဦးသောဘိတ၊ ရွှေကိုင်းသား၊ ရတနာပုံဘိုးမှတ်စု၊ မှတ်စု မောင်၊ လှိုင်ခင်အေး(မန္တလေး)'ဆိုတဲ့ နာမည်တွေနဲ့ ဆောင်းပါးမျိုးစုံကို ရေးခဲ့တယ်။
'မောင်ထွန်းလှိုင်၊ ထွန်းလှိုင်'ဆိုတဲ့ နာမည်နဲ့ ပန်းချီဆွဲတယ်၊ ဓာတ်ပုံ ရိုက်တယ်။ ကာတွန်းဆွဲတယ်။ ရှားရှား ပါးပါး ကလောင်အမည် တစ်ခုကတော့ 'ကိုလူပျို'တဲ့ ကြီးပွားရေးမဂ္ဂဇင်း (၁၉၃၈၊ တွဲ ၆၊ မှတ် ၄) မှာ'တောင်နီသနပ်ခါး'ဆိုတဲ့ ဆောင်းပါး တစ်ပုဒ်တည်းကိုပဲ ရေးခဲ့တာ ပါ။ ဆရာတော်ဟာ ဆောင်းပါး ရေးတဲ့ နေရာမှာ အကြောင်းအရာမျိုးစုံကို ရေးနိုင်ရုံတင်မဟုတ်ဘူး။
ပန်းချီတို့၊ ကာတွန်းတို့၊ ဓာတ်ပုံတို့မှာလည်း ထူးချွန် ပြန်တာပဲ။ နိုင်ငံတကာဆုရ ဓာတ်ပုံ သမားတစ်ယောက်ဖြစ်သလို ဆရာ တော် အမျိုးသားစာပေဆုရခဲ့တဲ့ 'ဆင် ယင်ထုံးဖွဲ့မှု' စာအုပ်ထဲက ပန်းချီပုံ အားလုံးဟာ မျက်နှာဖုံးကစပြီး ဆရာ တော် ကိုယ်တိုင် ရေးဆွဲ ခဲ့တာပါ။ ဆရာတော်ရဲ့ စိတ်ဝင်စားစရာ ဆောင်းပါးမျိုးစုံကို တစ်ပုဒ်ပြီးတစ်ပုဒ် ဖတ်ပြီး ကတ်ပြားပေါ်တင်ရင်း ဆရာ တော်ကို ပိုလို့လေးစားကြည်ညိုရပါ တယ်။
x x x x x x
ဘယ်ကဟာတွေလဲ သွားကြ .. မလာကြနဲ့ .. ကျောင်းပေါ်မှာတင် ကျွန်မတို့ ခြေ လှမ်းတွေ တုံ့ခနဲရပ်သွားကြတယ်။
ဆရာတော်က ကျောင်းလေးအ၀ကနေ ကျွန်မတို့ကို စိန်းစိန်းကြည့်လို့၊ ကျွန်မ တို့မှာ ဘာလုပ်ရမှန်းမသိ။ အရေးထဲမှာ ဒီအခေါက် လေးလေးကိုလေးက လည်း မပါ။ "အရှင်ဘုရား ..တပည့်တော်တို့ပါ။ ခဏကလေး ..." "အေး..ခဏကလေးဆို ခဏက လေးပဲနေ။ ဘုရားဖူးပြီးပြန်ကြ။ ငါကတော့ စကားမပြောဘူး" ဆရာတော်က ကျွန်မတို့ကို လမ်းဖယ် ပေးပြီး အိပ်ရာလေးပေါ်မှာ သွားထိုင် တယ်။ ကျွန်မတို့လည်း ကုပ်ကုပ်လေး တွေ ၀င်ထိုင်ပြီး ဦးချလိုက်ကြတုန်း ဆရာတော်က ရုတ်တရက် ... "ငါ..သတ်သေတော့မလို့၊ သတ် သေတော့မလို့ သိရဲ့လား" "အို ..အရှင်ဘုရား" ကျွန်မတို့ အထိတ်တလန့်နဲ့ ဆရာတော်ကို ကြည့်မိကြတယ်။ ငုံ့ထားတဲ့ ဆရာတော် ခေါင်းက မော့လာပြီး ကျွန်မ တစ်သက်မှာ စိတ်ထိခိုက်စရာအကောင်း ဆုံးမျက်နှာတစ်ခုကို မြင်ရတယ်။ "ငါ့စာအုပ်တစ်အုပ် ပျောက် သွားပြီ။ ငါသိပ်မြတ်နိုးတဲ့စာအုပ်။ ကြီးပွားရေး မဂ္ဂဇင်းပေါင်းချုပ်လေး မရှိတော့ဘူး ငါသိပ်စိတ်ညစ်တာပဲ" ဆရာတော်က ပြောပြော ဆိုဆို ၀ုန်းခနဲ လှဲအိပ်ပစ်လိုက်ပြီး သင်္ကန်းကို ခေါင်းမြီးခြုံပစ်လိုက်တယ်။ ကျွန်မမှာ ကပျာကယာ ရှေ့ကိုတိုးသွားရင်း လွယ်အိတ်ထဲက စာအုပ်ကို အမြန်ထုတ် ချပြီး။
"အရှင်ဘုရား..အရှင်ဘုရား.. ဒီမှာဘုရား၊ စာအုပ်ကတပည့်တော်ကို တစ်မြန်နေ့က အရှင်ဘုရား ငှားလိုက်တာလေ။ စာစုစာရင်း လုပ်ဖို့လေဘုရား" အို ... ဆရာတော်ခမျာ မြန်လိုက်တဲ့ ဖြစ်ခြင်း၊ ၀ုန်းခနဲထပြီး စာအုပ်ကိုကောက် ယူလိုက်တယ်။ မျက်နှာကလည်း ၀င်းသွားတာပဲ။ "တော်သေးရဲ့၊ တော်သေးရဲ့၊ စာအုပ် ပြန်ရပေလို့၊ အေးသိပြီ၊ သိပြီ။ ဒကာမ လေးတို့ကို ကိုလေး ခေါ်လာတာလေ။ ခုသူမပါဘူးလား။ ကဲ..ဘာကူးချင် သေးလဲပြော" ချက်ချင်း ပြောင်းလဲနူးညံ့သွားတဲ့ ဆရာတော်ကို ကြည့်ပြီး ကျွန်မ စိတ်မ ကောင်း ဖြစ်ရတယ်။
ဘုရား..ဘုရား ဒီနေ့သာ ကျွန်မ မလာဖြစ်ခဲ့လျှင် ဆရာတော်ဘုရား ဘယ်လိုများ ဖြစ်နေ ရှာပါမလဲ။
ဆရာတော် မောင်ထွန်းလှိုင်ဘ၀က မှတ်ဉာဏ်ကောင်းလွန်းလို့ နေရာတကာ မှတ်လွန်းသားလွန်းလို့ သူ့ဆရာကျောက်စာဝန် ဦးမြက 'မှတ်စုမောင်'လို့ နာမည်ပေးခဲ့တယ်ဆိုတာကို ကျွန်မ သတိရနေမိတယ်။
ဆရာတော်ကတော့ ခုနက ဖြစ်တာတွေကို ဘာမှ မသိတော့ လေဟန် ပြုံး ပြုံး ပြုံးပြုံးနဲ့ ကျွန်မတို့ကို စကားတွေပြော၊ ဓာတ်ပုံတွေပြပြီး ကျွန်မတို့ ပြန်မယ်ဆို တော့ ဥမင်ကိုးဆယ်အထိ ဇွတ်လိုက်ပို့ တယ်။
ပရက္ကမချောင်ကို ဖြတ်ပြီး ဥမင် ကိုးဆယ် ဆင်းခါနီးနေရာလေးမှာ ကျွန်းဖိုပင်လေးနှစ်ပင်ရှိတယ်။
ဆရာ တော်ဟာ သူ့ဒကာ ဒကာမ စာပေမိတ် ဆွေတွေလာရင် ဒီကျွန်းဖိုပင်လေး နှစ်ပင်နား အမြဲလိုက်ပို့ နှုတ်ဆက်တတ်သတဲ့။
အဲဒီနေ့ကလည်း ကျွန်းဖိုပင်လေးနှစ်ပင် နားမှာ ဆရာတော်ရပ်ပြီး ကျွန်မတို့ကို နှုတ်ဆက်တယ်။
"လာခဲ့ကြဦးနော်"တဲ့။
x x x x x x
စာရေးစားပွဲပေါ်မှာ ကတ်ပြားတွေ၊ စာရွက်တွေ ရောထွေးပြန့်ကျဲနေကြ တယ်။ စားပွဲရဲ့ တစ်ဖက်ခြမ်းမှာ ကျွန်မရဲ့ ရေးလက်စ ပထမဆုံး လုံးချင်းဝတ္ထု စာမူ။
တစ်ဖက်ခြမ်းမှာ စိမ်းပြာရောင် ကတ်ပြားလေးတွေနဲ့ စနစ်တကျ ပြုစုရ မယ့် စာစုစာရင်းအချက်အလက်တွေ။ ကျွန်မ၀တ္ထုရေးရင် သုံးလလောက် ကြာမယ်။ ဒီပလိုမာဘွဲ့အတွက် စာတမ်း ကလည်း သုံးလပဲ အချိန်ရှိတော့တယ်။
ဒီသုံးလကို ကျွန်မစာတမ်းရေးရင် ကျွန်မဘွဲ့တစ်ခုရမယ်။ ဒါပေမယ့် ကျွန်မ ၀တ္ထုမရေးဖြစ်တော့ဘူး။ ကျွန်မ ဘာလုပ်မလဲ။
စာကြည့်တိုက် မှူးလုပ်မလား၊ စာရေးဆရာလုပ်မလား။
ခက်တာပဲ.. ကျွန်မသရီးတွမ်တီး လည်း မလိုချင်ဘူး။
နိုင်ငံခြားလည်း မသွားချင်ဘူး။
တစ်ရက်မှလည်း မအောင့်နိုင်တော့ဘူး။
ငါးပြားပဲရရ ကျွန်မစာရေးဆရာပဲ ဖြစ်ချင်တယ်။
စာကြည့်တိုက်မှူးတွေ အများကြီး မွေးထုတ်နိုင်ပေမယ့် စာရေးဆရာ တစ်ယောက်ဖြစ်ဖို့ လွယ်ပါသလား။
ကျွန်မမြန်မြန်ဆန်ဆန်ပဲ စားပွဲကို ရှင်းလိုက်တယ်။
စာစုစာရင်း ကတ်ပြား လေးတွေကို အိတ်တစ်လုံးထဲမှာ အသားသိမ်း၊ ကျန်တဲ့ကတ်ပြားအလွတ် လေးတွေကိုတော့ စားပွဲပေါ်က ၀တ္ထု
စာမူပေါ်တင်တယ်။
ဒီကတ်ပြားလေးတွေကို ၀တ္ထုရေးဖို့ ကွင်းဆင်းတဲ့အခါ မှာ အချက်အလက် စုဆောင်းရေးမှတ်ဖို့အတွက် အသုံးပြုရမယ်လေ။
x x x x x x
၁၃၄၉ ခု၊ ၀ါဆိုလဆန်း ၄ ရက် (၂၉-၆-၈၇) တနင်္လာနေ့က ဆရာတော် ရွှေကိုင်းသား ပျံလွန်တော်မူပြီတဲ့။
လေးစားကြည်ညိုဖွယ် စာရေးဆရာ တစ်ယောက်၊ ပန်းချီဆရာတစ်ယောက်၊ ဓာတ်ပုံဆရာတစ်ယောက်၊ ကာတွန်း ဆရာ တစ်ယောက်ကို ကျွန်မတို့ ဆုံးရှုံး ခဲ့ရပြီ။
ထူးချွန်ထက်မြက်တဲ့ အနုပညာရှင် တစ်ယောက်ရဲ့ တစ်ပိုင်းတစ်စစုဆောင်း လက်စ အနုပညာလက်ရာစာစု စာရင်း ဟောင်းတွေကို ကျွန်မ ပြန်ထုတ်ကြည့် မိတယ်။
သူလွန်ပြီးတဲ့နောက်မှာ သူ့အနုပညာ လက်ရာအားလုံးဟာ တစ်နေရာမှာ စာရင်းလေးတစ်ခုအဖြစ် တစ်စုတစ် စည်းတည်း ရှိနေသင့် တာပေါ့နော်။
အရှင်ဘုရား .. တပည့်တော်ရဲ့ တာဝန်မကျေမှု အတွက် ဦးခိုက်တောင်းပန်ပါရစေ ဘုရား။
အရှင်ဘုရားဟာ စာရေးဆရာ တစ်ယောက်အနေနဲ့ ပြည်သူအပေါ်မှာ တာဝန်ကျေခဲ့ပါပြီး။
တပည့်တော် ဟာ စာရေးဆရာတစ်ယောက်ရဲ့ တာဝန်ကို ခုမှစပြီ ထမ်းဆောင်စပါဘုရား။
အရှင်ဘုရားဟာ လွတ်လပ်ခြင်း၊ စွန့်လွှတ်ခြင်း၊ အနစ်နာခံခြင်းတို့ကို သိနားလည်တဲ့ စာရေးဆရာတစ် ယောက်မို့ တပည့်တော်ရဲ့ စာရေးဆရာ ဘ၀ကို စာနာပြီး တပည့်တော်ရဲ့ တာဝန် မကျေမှုအတွက် ခွင့်လွှတ်နားလည်နိုင် ပါစေ အရှင်ဘုရား။
x x x x x
ရှေ့လာမယ့်နှစ် ၂၀၁၂ ခုနှစ်ဟာ ၁၉၁၂ မှာ မွေးဖွားတဲ့ ဆရာတော် ရွှေကိုင်းသားရဲ့ အသက် ၁၀၀ ပြည့်၊ မွေးနေ့ နှစ်တစ်ရာပြည့်တဲ့ နှစ်ပါ။
မန္တလေးနှစ် ၁၀၀ ပြည့်တို့၊ အင်းဝ နှစ် ၆၀၀ ပြည့်တို့ကို တစ်ပြည်လုံးကို အသိ ပေးနှိုးဆော်ခဲ့တဲ့ ဆရာတော် ဦးသော ဘိတ (ရွှေကိုင်း သားဆရာတော်) မွေးဖွားခဲ့တာ နှစ် ၁၀၀ ပြည့်ခဲ့ပါပြီ။ တိုင်းပြည်နဲ့ လူသားတွေအတွက် အမျိုးသားရေး တာဝန်တစ်ရပ်လို သဘော ထားပြီး သုတေသနလုပ်ခဲ့၊ စုခဲ့၊ ဆောင်းခဲ့တဲ့ ဆရာတော်ရဲ့ ကွင်းပေါင်းစုံ (သမိုင်းကျမ်းစာအုပ်များ၊ ဆင်ယင် ထုံးဖွဲ့မှု၊ ဓာတ်ပုံ၊ ပန်းချီ၊ ကာတွန်း၊ နက္ခတ်တာရာ၊ ငှက်များအကြောင်း)က များစွာသော ဗဟုသုတ၊ မှတ်စုမှတ်ရာ တွေဟာ ကျွန်မတို့ နှောင်းလူတွေအတွက် အကျိုးများလှပါတယ်။ ကျေးဇူးကြီးလှပါတယ်။
၁၉၈၇ ခုနှစ် ဆရာတော် ပျံလွန်တော် မူတုန်းကလည်း ကျွန်မတစ်ယောက် ကိုယ့် အပစ်နဲ့ကိုယ်ဆောင်းပါးလေး တစ်ပုဒ်နဲ့ ဆရာတော်ကို တောင်းပန် ကန်တော်ခဲ့ရဖူးပါတယ်။
ရှေ့လာမည့်နှစ် ၂၀၁၂ မှာ ကျရောက် မယ့် ဆရာတော်ရဲ့ ရာပြည့်မွေးနေ့ကို မမေ့မလျော့ထိုက်ပဲ မေ့လျော့နေသူတွေ ကို အပြစ် ဆိုကြစတမ်းဆို ကျွန်မဟာ အပြစ်ဆိုတာကို ရှေ့ဆုံးက ခံရမယ့်သူပါ။
ခုလည်း ဆရာတော်ကို တစ်ခါထပ်ပြီး ကန်တော့တောင်းပန်ရပြန်ပါပြီ။ တစ်ခု လည်း ကျွန်မစဉ်းစားမိတယ်။
ဆရာတော်ရဲ့ ဂုဏ်ကျေးဇူးကို မမေ့မလျော့ထိုက်ဘူးလို့ ထင်တဲ့ သူတွေစုပြီး လူသားတွေအတွက်ပဲ အကျိုးရှိရာ ရှိကြောင်းလည်း ဖြစ်မယ့် ဆရာတော်ရဲ့ ရာပြည့်ပွဲကလေးကို ရှေ့နှစ်ကျရင် ဖြစ်မြောက်အောင် ကျွန်မ တို့တွေ ၀ိုင်းကြရင်မကောင်းပေ ဘူးလား။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More