Wednesday, January 25, 2012

“ပုဂံအလှ ရှာပုံတော်”

by Soe Min on Thursday, December 1, 2011 at 1:18pm
          ခေါင်းစဉ်ကိုကြည့်ပြီးရင်တော့ အံတီချိုဝေလွင်ကြီးဆိုတဲ့ ဦးလှထွတ်လက်ရာ သီချင်းကလေး နားထောင်ရတော့မယ် မှတ်နေကြတော့မှာ။ ဟုတ်သေးပါဘူး။ အဲဒီသီချင်းလေးကလည်း ရှာလို့မရသေးဘူး။ တန်ဆောင်မုန်းလပြည့်နေ့တုန်းက ရန်ကုန်ခန ရောက်သခိုက်ကလေး ရွှေတိဂုံဘုရားပေါ်တက်ဖို့ ရည်စူးထားတာ။ သမီးလုပ်သူက ပုဂံကိုသွားချင်တယ်ဆိုတာနဲ့ ချက်ချင်း ကောက်စီစဉ်လိုက်တော့ မနက်အစောကြီး ပုဂံရောက်သွားကြပါလေရော။ သူကတော့ ဘယ်လိုစ်တ်ကူးမျိုးနဲ့ သွားချင်စိတ်ပေါက်သလဲ မပြောတတ်ပါဘူး။ ကိုယ်ကတော့ ကိုယ့်စိတ်ကူးနဲ့ကိုယ်။ မြန်မာပီပီ ပုဂံဆိုတာလည်း
ရောက်ဖူးရမယ်။ နောက်ပြီး ဘုရားဖူးရင်းနဲ့ ဘုရားသမိုင်းကလေးတွေ မိတ်ဆက်ပေးရင်းနဲ့ ကိုယ်ပြောချင်တဲ့ စကားကလေးတွေလည်း သူ့ကို နားသွင်းနိုင်မလား လို့ပေါ့။ `အဖေ ထမင်းခူးပြီးပြီ။ ဆင်းခဲ့´ လို့ အောက်ထပ်ကနေ ဂျီတော့ခ်နဲ့ လှမ်းခေါ်ရတဲ့ အနေဝေးခြင်းမျိုး မဟုတ်ပေမယ့် ရပ်ဝေးက ပြန်လာလေတိုင်း စိမ်းသထက်စိမ်းစိမ်းသွားတဲ့ သမီးနဲ့ စိတ်လိုလက်ရ စကားလက်ဆုံ ပြောနိုင်ဖို့ ဆိုတာကလည်း တော်တော်ခက်ခဲသားလေ။ အခုတော့ ဖေ့စ်ဘုတ်ပေါ်မှာပဲ ရေးထားခဲ့ရစ်မယ်။ နောက် နားလည်လာတဲ့ အရွယ်ရောက်တော့ ဖတ်ကြည့်နော်။
          နေသားတကျ အထုပ်ကလေးတွေချပြီး ပထမဦးဆုံးသွားဖူးဖြစ်တာက ရွှေစည်းခုံဘုရားပါ။ လပြည့်နေ့မို့ အစည်ဆုံးဖြစ်မည့်ပွဲပေါ့။ ပွဲဈေးတန်းကြီးနဲ့ ရှေးတုန်းကဆို အုတ်အုတ်သည်းသည်း လှည်းဝိုင်းကြီးတွေနဲ့ လာကြတဲ့အထဲမှာ ဒီဘုရားပွဲလောက်စည်တာ ဘယ်ဟာမှမရှိဘူး လို့ ပြောပြဖြစ်တာပေါ့။ ဒါပေမယ့် သမီးရဲ့စိတ်ကတော့ လှည်းဝိုင်းကြီးစည်တာ မစည်တာထက် ဘုရားဖူးပြီး စောင်းတန်းကအဆင်းမှာ ကားရပ်ထားတဲ့နေရာကို ဘိနပ်မပါပဲ အဝေးကြီးလျှောက်ရလို့ ခြေဖ၀ါးပူတာလောက် ဂရုတစိုက်မရှိလှပါဘူး။ ဘုရားဒါယကာ အနော်ရထာနဲ့ ကျန်စစ်သား ကိုတော့ မိတ်ဆက်ပေးစရာမလိုပဲ သိတယ်။ သို့သော်လည်း အန်ကယ်လေးရဲ့ အနုပညာစွမ်းရည်ကြောင့် ကျန်စစ်သားမင်းကြီးမှာ မိန်းမလေးယောက်ရှိတာကိုပဲ စွဲစွဲမြဲမြဲ မှတ်မိတော့တယ်။ ထူးထူးခြားခြား ပုဂံခေတ်ကတည်ခဲ့တဲ့ အဲဒီဘုရားထောင့်တွေမှာ တရုပ်နဂါးနဲ့တူတဲ့ မနုသီဟရုပ်ကြီးတွေ ရှိနေတာကိုလည်း သတိထားမိပုံမရဘူး။ အဘထက်သားတစ်လကြီး နတ်နန်းကို မြန်မာစကားပုံကလေးတွေ နားလည်အောင် ၀င်ပြတော့ `သူရာထူးတက်အောင် ဆုတောင်းချင်လို့ ရေစင်ဖိုး ၀င်ဆက်တာနေမှာ´ လို့ ဆိုတယ်။ တကယ်တော့ ရာထူးတက်ဖို့ဆက်ရတဲ့ နတ်နန်းက အဲဒီမှာ မဟုတ်မှန်းတော့ သူဘယ်သိဦးမှာလဲ။ မြန်မာပြည်အရပ်ရပ်က လာလာသမျှ သံဃာတွေ မရမရှိ ဘုဉ္ဇာဟိ လောင်းတဲ့ ဆွမ်းဆန်စိမ်းလောင်းပွဲကိုတော့ ကြုံလိုက်ရပါတယ်။ မြန်မာ့ဆိုင်းဝိုင်းကြီးနဲ့ ကျကျနန ၀တ်တော်ရုံကြိုးကို တီးသွားတာကလည်း ကျက်သရေ ရှိလိုက်ပါဘိ။ ဘယ်သူမှ ဂရုတစိုက် နားထောင်နေကြတာတော့ မတွေ့ရဘူး။ ဆိုင်းဆရာကြီးများကို အားနာစရာ။ ငယ်ငယ်က အညာဘုရားပွဲများမှာလို မျက်နှာသုတ်ပုဝါကြီး ခေါင်းပေါင်းပြီး ပြောင်းဖူးဖက်လိပ်ကြီးကို ဒန်ဖလားနဲ့ ခံသောက်တဲ့ အမေကြီးများတော့ သိပ်မတွေ့ရတော့ဘူး။
          အာနန္ဒာဘုရားမှာတော့ ကျန်စစ်သားမင်းကြီး အပြင် ရှင်အရဟံကိုပါ သေသေချာချာ မိတ်ဆက်ပေးဖြစ်တယ်။ ပြီးရင် မနူဟာ ဘုရားကျတော့ ဆက်ရဦးမှာကိုး။ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်ကျော်လောက်ကတည်းက အင်မတန်ခေတ်မီခဲ့တဲ့
မြန်မာ့ပိသုကာလက်ရာနဲ့ ပန်းဆယ်မျိုးအကြောင်းလည်း နည်းနည်းပါးပါး မှတ်မိလောက်အောင် ရှင်းပြရတာပေါ့။ `ပဲ၊ တိမ်၊ တဉ်း၊ တော့၊ ရံ၊ ပု၊ မော့၊ မှတ်လော့ ပွတ်၊ ချီ၊ ယွန်း´ ဆိုတာလေးတော့ ကျောင်းမှာသင်လို့ ကြားဖူးကောင်းပါရဲ့။ အာရုံခံမုခ်ကြီးလေးမုခ်က ဆင်းတုကြီးလေးဆူဟာ ကြည်ညိုဖွယ် သပ္ပါယ်ရုံတင်မဟုတ်ဘူး။ အလင်း အမှောင်၊ အရောင် အရိပ်၊ အနီး အဝေး၊ ဘုရားဖူးသူများကို ကွဲကွဲပြားပြား ခံစားစေနိုင်လောက်တဲ့ အနုပညာလက်ရာတွေဆိုရင်လည်း မမှားဘူးလေ။ နံရံဆေးရေးပန်းချီ ဆိုတာတွေဟာလည်း ပိရမစ်ကြီးတွေထဲမှာလိုသာ ထိမ်းသိမ်းထားနိုင်ခဲ့ရင် ပုံပြင်တစ်ထောင့်တစ်ညကို အရုပ်နဲ့ မြင်ရမှာ မလွဲပါဘူး။ တို့ဆီက ထွက်တော်မူကြီးတွေဟာလည်း ကလီယိုပါတရာရုပ်ရှင်ဇာတ်ကားလောက်တော့ မနိမ့်လှဘူး လို့ ကြည့်ခွင့်ရမှာပေါ့။ ဂူပြောက်ကြီးဘုရားထဲရောက်တဲ့အခါ အကြွင်းအကျန်ကလေးတွေ နည်းနည်းပါးပါး ပြရင်း အဟောင်းတွေမှာ သမိုင်းနဲ့ ပတ်သက်တဲ့ တန်ဖိုးရှိတဲ့အကြောင်း ရှင်းပြဖြစ်တယ်။ တော်တော်ကြာ သူတို့ကြီးလာတဲ့တနေ့ ထုံးသုတ်တာထက်ဆိုးပြီး ကြွေပြားကပ်မယ် တာရာဇိုခင်းမယ်တွေ ဖြစ်လာမှာစိုးလို့။ သဗ္ဗညုဘုရားရောက်တော့ ဥာဏ်တော်အမြင့်ဆုံးဘုရား လို့ ရှင်းပြဖြစ်ပေမယ့် အထက်ပစ္စယံတွေပေါ် တက်ခွင့်မပြုတော့လို့ လက်တွေ့တော့ မပြလိုက်ရပါဘူး။ အပေါ်မှာ ဘာရှိသလဲလို့ မေးတော့ ဘုရားတွေပဲ ရှိတာလေ ဆိုပေမယ့် အဲဒီအပေါ်ကနေ ပုဂံတစ်မြို့လုံးမှာ ရှိတဲ့ဘုရားတွေ လက်ခုပ်တစ်ပါတ်ပါတ်ပြီး ဖူးလို့ ရတာပေါ့။ ဟုတ်တာ မဟုတ်တာ အပထား။ လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်း တို့၊ ရွှေလသာ ၀ါဝါ၀င်း ဘုရား ရေချိုးဆင်းတို့ ကြားဖူးနားဝရှိအောင် ရွတ်ပြလို့ ရတာပေါ့။ မြောက်ဦးကျရင် သဇင်ပန်းခိုင် တမြိုင်မြိုင် ဆိုပြီး ဆက်မယ်လေ။ မယုံရင် ပုံပြင်မှတ်ပါ သမီးရယ်။ ပုဂံရာဇ၀င်ဆိုတာ တုတ်ထမ်း ဓါးထမ်း ငြင်းရတာမျိုး လို့ အနိုင်နဲ့ ပိုင်းပြီး စကားသိမ်းလိုက်လို့လည်း ရတာပဲ။
          ထီးလိုမင်းလိုဂူဘုရားကို ရောက်တဲ့အခါမှာတော့ အဲဒီရှင်ဘုရင်ကြီးနဲ့ မိတ်ဆက် ပေးရတယ်လေ။ ရှင်ဘုရင် ဖြစ်ချင်လွန်းလို့ ခနခန နန်းတောင်းလွန်းလို့ နန်းတောင်းများမင်း လို့ ခေါ်ခေါ်၊ စိုင်းစိုင်းတို့ ဂျေးမီတို့လို နားဋောင်းတွေ အများကြီး ၀တ်လို့ နားဋောင်းများမင်း လို့ ခေါ်ခေါ်၊ `ရှင်ဘုရင်ဖြစ်ဖို့ ဇာတာပါတဲ့သူများဟာ ထီးချက်စောင့်နတ်သမီးက ညွှတ်လို့တောင် ပေးရတယ်´ လို့ မြန်မာ့ထီးလေးနန်းလေး သဘာဝကို စိတ်ဝင်စားအောင်ပြောရတာပေါ့။ `လောကကြီး ရှင်ဘုရင် မဖြစ်ချင်တဲ့သူဆိုတာ ရှိပါ့မလား သမီးရယ်´ လို့ နှပ်ကြောင်းပေးပြီးမှ “ရှိတော့ ရှိခဲ့တယ်” ဆိုပြီး ဇာတ်တော်ထဲက အလောင်းတော် တေမိမင်းရယ်။ ယိမ်းနွဲ့ပါးဓါးရှင် မင်းကြီးရန်နောင် နဲ့ ရမည်းသင်းမြို့စား သီလ၀ ဆိုတာရယ်ကို မိတ်ဆက်ပေးရပြန်တယ်။ `အဲဒါ လူအကြီးတွေပေါ့´ လို့ မမှတ်ပါနဲ့။ တကယ်နပ်တဲ့ လူနပ်ကြီးတွေပါဗျ။ ရှင်ဘုရင်ဖြစ်တယ်ဆိုတာ စည်းစိမ်ပဲ ရှိတာ အရသာမရှိတော့ဘူး။ ပစ္စည်းဥစ္စာနဲ့ သြဇာအာဏာဆိုတာ သိပ်များသွားရင် အဆိပ်ဖြစ်တဲ့ သဘောရှိတယ်။ အာရှတခွင် ပြဲပြဲစင်အောင် ဘုန်းလက်ရုံး တန်ခိုးပြနိုင်တဲ့ ဦးအောင်ဇေယျကြီးဟာ သူ့သားခြောက်ယောက်ကို အစဉ်လိုက် နန်းစံခိုင်းလိုက်တာ သူနတ်ရွာစံရုံရှိသေး ညီအကိုချင်းတွေ ရန်သူဖြစ်ကုန်ရတယ်။ ဦးကြီး၊  ဘဒွေး၊ တူ သားမြေးများဆိုရင်တော့ မပြောပါနဲ့။ ကိုယ့်ဘာသာ နေလို့လည်း လွတ်မထင်နဲ့။  ကိုယ်ကမသတ်ရင် ကိုယ့်ကိုယ် သတ်လိမ့်မယ် ဆိုတဲ့ဓလေ့ကြီးထဲမှာ သွေးရင်းသားရင်းများတောင် ကျဲကုန်ပါရော။ တအူတုံဆင်း ညီရင်းအကိုဆိုတာမျိုးက ထီးအောက်မှာ စပ်လို့မရဘူး။ ထီးနန်းမပြောပါနဲ့လေ။ ကိုယ့်မှာရှိတဲ့ မောင်နှမခြောက်ယောက်တောင် လုစရာအမွေ မည်မည်ရရ မရှိလို့ ချစ်ချစ်ခင်ခင်တွေ့ရတာ။ တကယ်လို့များ အိမ်ခြံမြေ ရွှေငွေကားတွေ မဟားတရား ချမ်းသာနေလို့ကတော့ မိဘအလောင်းမြေကျတာနဲ့ ထသတ်ကုန်ကြမှာပေါ့။ သွားလေသူမိဘများဟာ သူတို့ စည်းစိမ်ဥစ္စာတွေဟာ သူတို့ရင်သွေးတွေ စိတ်ဝမ်းကွဲဖို့အတွက် ဖြစ်ရတယ်ဆိုတာ သိရင် ဘယ်ဘ၀ကူးကောင်းပါ့မလဲ။ ရန်ကုန်မြို့ ပြည်လမ်းမကြီးပေါ်က အိမ်ကြီးအိမ်ကောင်းကြီးကို ပိုင်ဆိုင်ကြတဲ့ မောင်နှမတစ်စု မြင်ဖူးတယ်။ မိဘများ မျက်ကွယ်ပြုကတည်းက တရားမမှုကြီးဟာ သားသမီးများ အိုမင်းလာသည်အထိလည်း မပြီးပြတ်သေးဘူး။ မတည့်လည်း မတည့်ကြတော့ဘူး။ ဒါပေမယ့် ဖယ်ပေးသူ လက်လွတ်မှာစိုးလို့ အိမ်မကြီးကို နံပြား ကပ်ကြေးနဲ့ညှပ်ထားသလို ပိုင်းပြီး ငါ့ဘက်က အိမ်သာ လာမတက်နဲ့။ ငါ့ဘက်ကတံခါးက လာမထွက်နဲ့။ အိမ်ရှေ့မင်းသား၊ မီးဖိုချောင်မင်းသမီး၊ သူတလူငါတမင်း နေနေကြလေရဲ့။ ဆင်းဆင်းရဲရဲလည်း တစ်ယောက်မှ ပါတာမဟုတ်။ အနည်းဆုံး စက်ပိုင်၊ ခြံပိုင်၊ မြေပိုင်တွေနဲ့။ ပညာတတ်ကြတာကလည်း ပါမောက္ခကြီးတွေတောင်ပါသေး။ ဒါပေသိ ကာလတန်ဖိုးအားဖြင့် မက်လောက်စရာဆိုတော့ လက်လွတ်ခံဖို့ဆိုတာ နင်မသေ ငါသေမှ ကျန်တဲ့သူဆက်အမှုဆိုင်မယ် ဆိုတာမျိုး ဖြစ်နေတယ်။ အဲဒါ ငွေဆိပ်သင့်တယ် လို့ မခေါ်ရင် ဘယ်လိုခေါ်မလဲ။ ဒါတွေကတော့ သမီးဘယ်နားလည်နိုင်ဦးမလဲ။ ကိုယ်တောင် ဒီအသက်အရွယ်ရောက်မှ သံဝေဂ ရလာတဲ့အမြင်။ မိဘများ အဲလို မချမ်းသာတာ အင်မတန်မှပင် ကျေးဇူးတင်မိတယ်။ ဒါကြောင့် ထီးလိုမင်းလိုမှာ သမီးကို ပေးချင်တဲ့ မတ်စိကတော့ ထီးလည်း မလိုနဲ့ နန်းလည်းမလိုနဲ့ လို့ ဆိုချင်တာပါပဲ။
          ဂေါတော့ပလ္လင် (ခုတော့ ကန်တော့ပလ္လင် တဲ့)၊ ဓမ္မရံကြီး နဲ့ ရွှေဂူကြီးဘုရားတွေကိုတော့ အလောင်းစည်သူမင်းကြီးနဲ့ သူ့သားတော်များအကြောင်းပြောပြဖို့ အစဉ်လိုက် ဖူးဖြစ်ပါတယ်။ အလောင်းစည်သူမင်းကြီးဆိုတာ သမီးသိတဲ့ စည်သူလွင်တို့ ဘေးဘေးကြီးမဟုတ်လို့ ကာတွန်းဦးငွေကြည်နဲ့လည်း ဘာမှ မတော်ပါဘူး။ ဒါပေမယ့် ကာတွန်းဦးဖေသိန်းရေးခဲ့တဲ့ ပုံပြင်တကာ့ပုံပြင် စာအုပ်တွေထဲမှာတော့ သမီး ဖတ်ဖူးလိမ့်မယ် ထင်ပါရဲ့။ လက်ညှိုးနဲ့ထိုးလိုက်ရင် ရေတွေကြီးလာတယ်ဆိုတဲ့ ရှင်ဘုရင်ကြီးပေါ့။ သူ့ကို သိကြားမင်းကြီးက ပါဂျဲရိုးတို့ လန်ခရုဆာတို့ မပေးပဲ ဖောင်စကြာဆိုတာကြီး မစလိုက်တော့ ကုန်းပေါ်မှာ သွားရလာရတာ အဆင်မပြေဘူးဆိုပဲ။ ဘာရမလဲ ရှင်ဘုရင်ပါဆိုမှ။ ဘုန်းနှင့် ကံနှင့် ရွှေသဇင်လေ။ လက်ညှိုးလေးထိုးထိုးပြီး `ဟေး .. အချစ်လေး .. ရေလိုတယ်..´ လို့ဆိုလိုက်ရင် ဟိုလူက ရေလာလောင်း ဒီလူက ရေလာလောင်းနဲ့ လက်ညှိုးညွှန်ရာ ရေဖြစ်သူကြီး လို့ နံမည်ကျော်သွားတာပေါ့။ အဲဒီနည်းနဲ့ ကမ္ဘာလှည့်ခရီးသည်များ ပုဂံကပြန်ရင် အင်းလေးရောက်သွားသလို သူ့ဖောင်တော်ကြီး သွားဆိုက်လို့ ဖောင်တော်ဦးဘုရား ဆိုတာ ပေါ်လာတာပ။ မယုံ မရှိနဲ့။ သူမျက်နှာကြောမတည့်တဲ့ သားတော်အကြီး မင်းရှင်စောဆိုတာကို အိမ်ပေါ်ကနှင်ချလိုက်တဲ့အခါ ပုဂံကနေ ဖောင်ပေါ်တင်ပြီး မျှောချလိုက်တာ မန္တလေး အောင်ပင်လယ်အရပ်မှာ သွားဆိုက်သတဲ့။ အဲဒီမှာ တပည့်လက်သားများနဲ့ လိမ်လိမ်မာမာ စိုက်ပျိုးလုပ်ကိုင်ပြိး အောင်ပင်လယ်ကန်ကြီးကို ဆည်ခဲ့တာဆိုပဲ။ ဟိုတလောက သုတေသီတွေ တူးရင်းဖော်ရင်းနဲ့များ သူ့လက်သဲခွံ အစအနတွေ တွေ့မိသွားသလားမဆိုနိုင်ဘူး။ ပခုက္ကူမှာ ရေတွေကြီးကုန်ပါရောလား။
ရေလျှံသူကြီးဆိုတော့ မာန်တက်တာလည်း မဆန်းပါဘူး။ ငါ့ဘေးလောင်းတော် ဘိုးလောင်းတော်များဟာ ငါ့လောက်မှ တော်ပုံမရလို့ သွေးနားထင်ရောက်မိတာကြောင့် ဘလိုင်းထီးဆိုင်ဖြစ်သွားတယ်လေ။ အဲဒါနဲ့ `သွေးပုချိ၊ သွေးပုချ၊ိ အော်မီသော်ဖော်´ ဆိုပြီး ဘိုးတွေဘေးတွေရုပ်ထုတွေကို ပလ္လင်ကြီးပေါ်မှာတင်ပြီး ကန်တော့လိုက်မှ အမေရိကန်ဗီးရှင်းရောက်သွားပြီး မျက်စိပြန်မြင်သွားသတဲ့။ အဲဒီပလ္လင်ကြီးနေရာမှာ သူ့သားက ဘုရားဆက်တည်လိုက်တော့ ကန်တော့ပလ္လင် ဘုရားပေါ့။ ဒဏ္ဍာရီကားထဲမှာတော့ ဦးဇင်ဝိုင်းနဲ့ အံတီဆင့်ကြီး ညကြီးမင်းကြီး ချိန်းတွေ့ကြတာ ဘုရားပေါ်မှာ မသင့်တော်ပါဘူးဆ်ုပြီး အဲလေ ဟုတ်သေးပါဘူး။ အိမ်ကလူကြီးမိဘများ ကျေးဇူးကို မကန်းသင့်ပါဘူးဆိုပြီး
ကောင်းခန်းမရောက်လိုက်တဲ့ အခန်းဟာ တော်တော်ကို လှလှပပ ရိုက်ပြထားတာပါ။ အဲဒီရုပ်ရှင်ကြည့်ပြီး အရီးတောင်းလက်ဘက်ကလည်း `စားကောင်းရင် အရီးတောင်း..အရီးတောင်းဆို လက်ဘက်ကောင်း ဟောင်းဟောင်း..´ဆို ရီဝေယံတို့ ဒါဒါတို့နဲ့ ကြော်ငြာရိုက်ခဲ့တယ်။ ကညင်ဆီမီးတိုင်ကြီးတွေထွန်းပြီး `ပဂိုးဒါးဒင်နာ´ ရယ်လို့ တိုးရစ်တွေကြားမှာ ခေတ်စားခဲ့ပါသေးတယ်။ ဒါပေမယ့် သူတို့တွေ ထမင်းစားတဲ့အခါ ကိုယ်တွေလို ရေနွေးကြမ်းနဲ့ ဟင်းချို ဟင်းခါးနဲ့ မျှောချတဲ့အမျိုးမဟုတ်တော့ ဘုရားပရ၀ုဏ်အတွင်းမှာ မတင့်တယ်ဘူးပေါ့ကွယ်။ စားရင်းသောက်ရင်း အာဘွားပေးလိုပေး၊ ရှူရှူးထထ ဖလားဝါးကြဆိုတာလည်း ရှိလာပြန်ရော။
            ဘယ်လိုပဲ ရေလျှံရေလျှံ၊ အတက်ရှိသလို အဆင်းဆိုတာလည်း ရှိခဲ့ရတယ်။ ဒယ်ဒီ သိပ်လန်းနေရင် သားသားအတွက် အလန်းဇယားလေးတွေ မကျန်တော့မှာစိုးလို့ သူ့သားတော်အငယ် နရသူက နေမကောင်းနေရှာတဲ့ အလောင်းစည်သူမင်းကြီးကို ၀ိတိုရိယဆေးခန်းခေါ်သွားမလိုလိုနဲ့ ရွှေဂူကြီးဘုရားထဲ မ သွားသတဲ့။ `အဲကွန်းကြီးက အေးလိုက်တာ။ နည်းနည်းလျှော့လိုက်စမ်း´ ဆို လုပ်တော့မှ နန်းတော်ထဲကနေ ဘုရားထဲရောက်နေမှန်း သိတော့သတဲ့။ ခေါင်းအုံးနဲ့ဖိသတ်တယ်လို့တော့ မပြောရဲပါဘူး။ တော်တော်ကြာ သက်သေလိုက်နေရဦးမယ်။ ကိုယ်မြင်ရတာလည်း မဟုတ်ပဲနဲ့။ အဲဒီမောင်ရင်လေး ပိုင်လိုက်ပုံကတော့ အောင်ပင်လယ်က ဘရာသာကြီးကိုလည်း ပြန်ခေါ်၊ တစ်မနက် နန်းတင်ပေးပြီး ညနေဒင်နာမှာ အမှောက်တိုက်သတဲ့။ သူ့ဘာသူ မတည့်တာတွေ စားပြီး ရှောတော့လည်း ကံပေါ့ကွယ်။ ဒါလည်း ကိုယ်တွေ့ရတာမဟုတ်ဘူး။ ပုဂံရှင်ဘုရင်တွေထဲမှာ အဲဒီပုဂ္ဂိုလ်လေးက တော်တော် အသက်ဝင်တာ အကယ်ဒမီတောင် ပေးဖို့ကောင်းသဗျာ။ ကိုရီးယားကားတွေလိုပဲ အင်မတန် ဂုံးရုပ်နိုင်တယ်။ မင်းသားမင်းသမီးက ရုပ်ကြည့်ရုံသက်သက်၊ ဇာတ်လမ်းက လူကြမ်းလှုပ်သလို အရုပ်ထင်ရတာ။ ပုဂံမှာ ဘုရားဖူးလို့ အနော်ရထာ၊ ကျန်စစ်သားအသံထက် နရသူ၊ ကုလားကျမင်း ဘာဖြစ်တယ် ညာဖြစ်တယ်တွေက ပိုပြီး စီစီညံညံ နဲ့ လူစိတ်ဝင်စားစရာကောင်းတယ်။ သူ့ကို ကုလားကျမင်းလို့ခေါ်ရတဲ့အကြောင်းကတော့ သူ့မှာ အိန္ဒိယကဆက်တဲ့ ဖလန်းဖလန်းစိန်ကလေး တစ်ပွေရှိသတဲ့။ တနေ့သောအခါ အိမ်သာကအဆင်း လက်မဆေးပဲ တို့တော့မယ်တဲ့ ဆိတ်တော့မယ် သွားအလုပ်မှာ ဟိုက `ဟင် လက်လည်း မဆေးရသေးပဲနဲ့၊ ရွံစရာကြီး´ လို့ ၀ုန်းလိုက်လို့ တင်းသွားပြီး ရှော့ထည့်လိုက်ပြန်သတဲ့။ ဒယ်ဒီဘာဘူကြားတော့ ဆွေ့ဆွေ့ခုန်ပါလေရော။ ဘင်လာဒင်ဆီက ပုဏ္ဏားအေးဂျင့်တွေငှားပြီး ဘိသိက်ပွဲမှာ အလ္လာအရှင်မြတ်ထံပို့လိုက်လို့ ကုလားကျမင်း လို့ ခေါ်ပါသတဲ့။ `လက်မည်းကြီး လက်မည်းကြီး´ ဆိုတာထက် စိတ်ဝင်စားဖို့ကောင်းတဲ့ ကျန်းမာရေးပညာပေးဇာတ်လမ်းလေးပါပဲ။ သားတို့သမီးတို့လည်း အိမ်သာကထွက်လို့ လက်မဆေးရင် ဘာတွေဖြစ်တတ်တယ်ဆိုတာ မှတ်မိလောက်ပါပြီ။ ပါးစပ်ရာဇ၀င်ဆိုတာကတော့ ဟုတ်ချင်ဟုတ်မယ်။ ဟုတ်ချင်မှလည်း ဟုတ်မယ်လေ။ ဒါပေမယ့် ပုဂံမှာတည်ခဲ့တဲ့ ဘုရားတော်တော်များများဟာ နရသူမင်းကပဲ စတည်ခဲ့တာ ပြီးအောင် ဆက်တည်ခဲ့တာ တော်တော် များပါတယ်။ သူတည်တဲ့အထဲမှာ အထင်ရှားဆုံးက ဓမ္မရံကြီးပါ။ ထုထည်အကြီးမားဆုံးဆိုတာထက် အဆင့်အမြင့်ဆုံး ပန်းရံပညာလို့ ပြောရမလား မသိပါဘူး။ အုတ်စီပုံကိုက သေသပ်ကျနလွန်းပါတယ်။ `အုပ်ချပ်တွေကြား အပ်ထိုးလို့ဝင်ရင် လက်ဖြတ်တာ။ ဟောဒီခုံပေါ်မှာလေ´ လို့ ပြောကြတာကို မယုံပေမယ့် `ခုခေတ် ကံထရိုက်တွေ အဲဒီလက်ရာမီလို့ကတော့ လက်မဖြတ်နဲ့ ဇက်လာဖြတ်´ လို့ ဆိုရလောက်အောင် အုတ်ချပ်ကလေးတွေ အရွယ်အစား၊ အထူအပါး၊ ကြားထဲက အင်္ဂတေသရိုး ဘယ်နေရာမှ  ဟာကွက်မရှိအောင် သေသပ်ပါတယ်။ သူကိုယ်တိုင် အုတ်စီတာမှ မဟုတ်တာ ဘာလို့ သူ့ချီးကျူးစရာရှိသလဲဆိုပေမယ့် `တင်ဒါခေါ်၊ ကံတရိုက်လက်အပ်၊ ကျသလောက် ဘတ်ဂျက်ထဲကထုတ်´ ဆိုတာမျိုးမဟုတ်ပဲ ကိုယ်တိုင် ကြည့်ကြပ်စီမံထားတာ သိသာပါတယ်။ မကောင်းမှု ဒုစရိုက်တွေ သွေးချောင်းစီးအောင်လုပ်ပြီးမှ လူအထင်ကြီးခံရအောင် ဘုရားတွေ လိုက်တည်ထားတယ်ဆိုတာကတော့  မဖြစ်နိုင်လောက်ဘူး ထင်တာပဲ။ ဘုရားတစ်ဆူစီ တစ်ဆူစီမှာ ကောင်းမှုရှင် ဒါယကာမင်းမြတ်ရဲ့ စေတနာကို သိသာခံစားနိုင်တာ ပုဂံဘုရားတွေမှာပဲ ရှိပါတယ်။ ပုံပြင်ပြောရင်း ရွှေဂူကြီးဘုရားကို ဖူးနေပေမယ့် အဲဒီဘုရားကြီးအတွင်းက ဆင်းတုတော်ကြီးရဲ့ သပ္ပါယ်ပုံ၊ ဘုရားပရ၀ုဏ်ရဲ့ သာယာအေးချမ်းပုံဟာ တခြားဘယ်ဘုရားနဲ့မှ မတူပါဘူး။ သူ့အတင်းတုပ်ရင်း သူတည်တဲ့ဘုရားတွေ လှည့်ဖူးနေရသော်ငြား အေးချမ်းတဲ့ ဘုရားတရားသံဃာအပေါ်မှာ ကြည်ညိုတဲ့ သဒ္ဒါ၊ ပီတိ၊ ပဿတိတွေကြောင့် ဘယ်နည်းနဲ့မှ လူယုတ်မာကြီးတော့ မဟုတ်လောက်ဖူးလို့ ခံစားရပါတယ်။ အီဂျစ်က ပိရမစ်ကြီးတွေလို ရှင်ဘုရင့်သင်္ချိုင်းတော်မဟုတ်လို့ ဘုရားဖူးလာသူတွေလည်း ကုသိုလ်ရ၊ ဘုရားဒါယကာ ရေမြေ့ရှင်ကြီးတွေလည်း ကုသိုလ်ရ၊ ဘယ်လောက်ကောင်းသလဲ။ ဘာသာ၊ သာသနာလည်း အဓွန့်ရှည်တယ်လေ။ ဒီဘုရားတွေမှာ သမီးကို သိစေချင်တာကတော့ ပုံပြင်၊ ဒဏ္ဍာရိ၊ သမိုင်းဆိုတာတွေမှာ လူတွေရဲ့စိတ်သဘောထား အပြုအမူတွေကို ဘယ်လောက် သင်ခန်းစာယူစရာ ကောင်းသလဲဆိုတာကိုပါ။ ဘယ်ဘုရားမှာ ဖြစ်ဖြစ် ဦးသုံးကြိမ်ချ ကန်တော့ရတာချင်း အတူတူ ပေမယ့် ပုဂံဘုရားမှာတော့ နိပတ်တော်အပြင် သမိုင်း၊ ရာဇ၀င်ပါ အတိတ်ကို လှန်သော် လုပ်လို့ရတာပေါ့။ ရုပ်ရှင်တွေထဲကလို ကာလယန္တရားကြီး မလိုဘူးလေ။
           ဒီဘုရားတွေပြီးတဲ့အခါ သမီးကို လိုက်ပို့ချင်တာကတော့ မနူဟာဘုရား နဲ့ မြစေတီပါ။ မြစေတီကျောက်စာဆိုတာ ဘာဖြစ်လို့ နံမည်ကြီးရသလဲဆိုတာ နားလည်အောင် ပြောပြချင်တာပေါ့။ ခုနလို ပါးစပ်က ထင်ရာမြင်ရာတွေ တစ်ယောက်တစ်ပေါက်
ပြောနေကြတာထက် ကျောက်စာပေါ်မှာ အက္ခရာနဲ့တင်ထားခဲ့တာတွေက ပိုပြီး တိကျခိုင်မာတဲ့ သမိုင်း အထောက်အထားဖြစ်တယ်လေ။ သျှရီတြိဘ၀နဒိတျဓမ္မရာဇ်ဆိုတာ ကျန်စစ်သားမင်းကြီးက သူ့ဘာသူပေးထားတဲ့နံမည်၊ တြိလောက၀ဋံသကာဒေ၀ီ ဆိုတာ သူ့မိန်းမ ဦးဆောက်ပန်းမိဖုရား၊ သူအသည်းအသန်ဖြစ်တော့ သေခမူနာသရော၌တည်း လို့ပြောတယ်လေ ဆိုပြီး ဘာသာတော့ ပြန်ယူရတာပေါ့။ အဲဒီကျောက်စာကို ရာဇကုမာရကျောက်စာ လို့လည်း ခေါ်တယ်။ နရသူမင်းအကြောင်းပြောပြီးရင် သူနဲ့ဆန့်ကျင်ဘက်စရိုက်ရှိတဲ့ ရာဇကုမာရမင်းသားလေး အကြောင်းလည်း ထည့်ပြောပြမှ ဇာတ်ကောင်စရိုက်တွေ ပိုထင်ရှားလာမှာပေါ့။ အထူးသဖြင့် သမီးကို ပြောပြချင်တာကတော့ ရှင်ဘုရင့်သားဖြစ်လျက်သားနဲ့ သူ့အဖေက သူ့ကိုထီးနန်းမပေးပဲ တခြားသူကို အိမ်ရှေ့နှင်းခဲ့တာတောင် `အဖေက ငါ့ကို မချစ်ပဲကိုး´ လို့ မတွေးပဲ သူကသာ သူ့အဖေကို ချစ်နိုင်အောင် ကြိုးစားခဲ့တာ သတိထားမိပါ့မလား။ အဲဒီကျောက်စာကို ပျူ၊ မွန်၊ မြန်မာ၊ ပါဠိ၊ ဘာသာလေးမျိုးနဲ့ ထိုးထားတယ်ဆိုတဲ့အထဲမှာ ပျူစာဆိုတာကိုတော့ သမီး ကြားဖူးမှာ မဟုတ်ပါဘူး။ ပျူလူမျိုးဆိုတာလည်း မရှိတော့ဘူး။ စာပေ၊ ဘာသာစကား၊ လူမျိုးဆိုတာတွေဟာ ဆက်ခံထိန်းသိမ်းမထားရင် ကွယ်ပျောက်သွားတတ်တယ် ဆိုတာကို သိစေချင်ပါတယ်။ အဲဒီကျောက်စာတွေကရော ဘာထူးလို့လဲ။ ဘာသာပြန်လိုက်ရင် `ဟေ့ကောင်တွေ။ ဒီဟာ ငါလှူထားတာ။ မခိုးနဲ့။ ခိုးတဲ့ကောင် တေတေး´ လို့ ဆိုလိုရင်းပဲ မဟုတ်ဘူးလား ဆိုရင်တော့ လွဲပြန်ပြီ။ ကျောက်စာကနေတဆင့်လည်း အလှူရှင်ရဲ့ စိတ်နေစိတ်ရင်းကို ခြေရာခံလို့ ရနိုင်ပြန်ရော။ မိဖုရားဖွားစော ရဲ့ ကျောက်စာ နဲ့ သိင်္ဂသူ့သမီးကျောက်စာ နှစ်ချပ်ကို ဖတ်ကြည့်ရင် အဲဒီမိဖုရားနှစ်ပါးရဲ့ ဇာတိ ပုည ဂုဏ် မာန တွေကို နှိုင်းယှဉ်သိသာနိုင်ပါတယ်။ ငါ့လင်မင်းကြီး၊ ငါ့သားမင်းကြီး၊ ငါ့မြေးမင်းကြီးတွေကို အမျှဝေထားတဲ့ မိဖုရားစောဟာ အရွယ်သုံးပါးစလုံး ရှင်ဘုရင်အစစ်ကြီးများကိုသာ သွေးရင်းသားရင်း တော်စပ်သွားခဲ့သူဖြစ်ကြောင်း သိစေပါတယ်။ ဒါတောင် ငါ့လင်မင်းကြီးက ဗဟုဝုစ် သုံးမသွားလို့။ သူက မင်းသုံးဆက်တိုင်တိုင် မိဖုရား အမြှောက်ခံရတာ။ ဒါကြောင့် ဆုပန်တဲ့အခါမှာလည်း `ဘ၀ဆက်တိုင်း စောင်းညှင်းပတ်သာတို့နှင့်သာ နိုးထသောကိုယ် ဖြစ်ရပါလို၏´ တဲ့။ ပညာသားလည်းပါ ချစ်စရာလည်း ကောင်းလိုက်တာနော်။ ဒီလို ဇာတိမာန်တင်းတဲ့ အမျိုးသမီးကြီးကို မောရစ်ကောလစ်ဆိုတဲ့လူက သူ့စာအုပ်ထဲမှာ အသက်ကြီးတောင့်ကြီးမားကျခါမှ ဘာမဟုတ်တဲ့ တရုတ်သံအဟောင်းကြီးနဲ့ ပေးစားပလိုက်တာ အသည်းနာစရာကြီးပါ။ ရာဇသင်္ကြန်ကိုလည်း အိမ်ဖော်တောသူနဲ့ ပေးစားလိုက်သေးတာ။ မြန်မာတွေရဲ့ အမျိုးဇာတ် မာန်မာနကို သူတို့ ဘယ်နားလည်နိုင်ပါ့မလဲ။ အိန္ဒိယမှာလို ဇာတ်နိမ့်ဇာတ်မြင့် ခွဲမထားပေမယ့် ဒူးနေရာဒူး တော်နေရာတော် ဆိုတာတွေ ရှိတယ်လေ။ ဥဇ္ဇနာမင်းကြီး၊ သီဟသူမင်းသား၊ နရသီဟပတေ့ဘုရင်၊ သားတော် ပြည်မင်းသား စတဲ့ နန်းတွင်းက ဓါးစက်လှံစက်တွေကြားမှာ ခေါင်းအေးအေးနဲ့ အားလုံးနဲ့ အဆင်ပြေအောင် စီမံနိုင်တဲ့ ဥာဏ်ပညာဟာ မိုက်မဲလောက်စရာတစ်ကွက်မှ မရှိပါဘူး။ ဒါကြောင့် ကျောက်စာဆိုတာ သူတို့အနောက်က ထင်ရာမြင်ရာလျှောက်ရေးထားလို့ တကမ္ဘာလုံးပြန့်နေတဲ့ အမှားတွေကိုတောင် ပြန်လည် ချေပနိုင်တယ်။ သိင်္ဂသူသမီးကျောက်စာကတော့ ပိုပြီး ချစ်စရာကောင်းပါတယ်။ သူ့အတွက်သူ ဆုတောင်းမသွားပါဘူး။ `တိုင်းသူပြည်သားများအားလုံး အချင်းချင်း အမျက်အအီမရှိ။ ချစ်သောမျက်စိဖြင့် ရှုကြစေကုန်သတည်း´ တဲ့။ သာဓု၊ သာဓု၊ သာဓုပါဗျာ။ ပေးတဲ့ဆုနဲ့ ပြည့်စုံရပါလို၏။
           မနူဟာမင်းကြီးအကြောင်းဆက်ရင်တော့ မြန်မာတွေ ရာဇ၀င်အူပေါက် ဟိုလိုရော ဒီလိုရော လျှောက် အမျိုးစပ်လိုက်တာ နတ်တွေရော ဘီလူးတွေပါ ပါလာတော့မှာပဲ။ တို့သိထားတဲ့ သုဝဏ္ဏဘူမိဆိုတာ မွန်ပြည်နယ် ဇင်းကျိုက်တောင်တို့
နေမိန္ဒရတောင်တို့အနားက သထုံပြည်၊ ခုတော့ ယိုးဒယားတွေကလည်း သူတို့ဆီကမှ သုဝဏ္ဏဘူမိ
ရွှေမြေအစစ်ဖြစ်ပါသတဲ့။ လေဆိပ်ကြီးတောင် အဲဒီနံမယ်ပေးထားသေး။ ကုလားသင်္ဘောသားနှစ်ယောက်
ရေမြောကမ်းတင်ဖြစ်ရင်းကနေ ဇော်ဂျီဖိုလ်ဝင်သားဆိုတာလည်း ပါလာမယ်။ မနူဟာမင်းရဲ့ နှမ မယ်ဝဏ္ဏဆိုတဲ့ ဘီလူးမကလေးလည်း ပါလာမယ်။ မအိုဇာရဲ့ ကွမ်းတစ်ယာနဲ့ ရေတစ်မှုတ်ကနေ၊ သထုံမြို့ရိုးက ကြက်မတစ်ဝပ်စာရော၊ တောင်ပြုံးက အုတ်နှစ်ချပ်လပ်တဲ့ ဘုရား၊၊ မင်းကြီး၊ မင်းလေး၊ သခင်မ မမဥ တစ်နွယ်မငင်ပဲ တစ်စင်လုံးပါလာလို့ ခုနှစ်ရက်ခုနှစ်လီ ကနေရမယ်။ သေချာတာကတော့ မနူဟာဆိုတဲ့ စစ်ရှုံးမွန်ဘုရင်ကြီးဟာ ကျောက်ကလေးတစ်လုံး ထုတ်ရောင်းလိုက်ရုံနဲ့ အဲသလောက်ကြီးတဲ့ ဘုရားကြီးတည်နိုင်တယ်။ သူကလည်း ဆုတောင်းပုံကလေးက ယဉ်သကို။ `ဘ၀ဆက်တိုင်း သူများ မနှိမ်နှင်းနိုင်တဲ့ကိုယ် ဖြစ်ရပါလို၏´ တဲ့။ သူတို့ခေတ်က ကျောက်စာထုရင် စာပေစိစစ်ရေး မတင်ရဘူးလား မသိဘူးနော်။ ဒီလို အရေးအသားမျိုးကလည်း အနော်ရထာမင်းကြီးဆီက ဆင်ဆာလွတ်လာသားပဲ။ ဒီမှာသင်ခန်းစာယူရမှာက ကိုယ့်ဆီကနေ သူများကို ဖဲ့ပေးလိုက်လို့ ကုန်မသွားပဲ တိုးပွားလာရိုးသာရှိတဲ့ ကိုးကွယ်ရာဘာသာကို ကပ်သီးကပ်ဖဲ့လုပ်ပြီး ချေချေငံငံ မဆက်ဆံတတ်လို့ နန်းကျသွားရှာတယ် လို့ သဘောပေါက်ရမှာပါ။ နောက်ပြီး ပိဋကတ်တော်တွေ လာပင့်တာကလည်း ရှင်အရဟံ ကိုယ်တော်တိုင်လေ။
            ခနတဖြုတ်နားပြီး ညနေချိုတော့မှ မြင်းလှည်းလေးနဲ့ ထွက်ရမှာက ဓမ္မရာဇကဘုရားကိုပါ။ ဆည်းဆာကြည့်ရအောင်လေ။ သွားလေသူကြီးတစ်ယောက်ရဲ့ ဘက်စုံပြု့ပြင်ကောင်းမှုတော်မို့ သူမျက်နှာလွှဲသွားချိန်မှာ မှိန်ဖြော့ဖြော့ မပြယ့်တပြယ်ကလေး ဖူးရပါလိမ့်မယ်။ ပုဂံခေတ်က စေတီပုထိုးတော်များတောင်မှ ရေမြင့်ကြာတင့်၊ ရေခန်းကြာနွမ်းဆိုတဲ့ လောကဓံတရားကို မလွန်ဆန်နိုင်ရှာဘူး။ လူသားပုထုဇဉ်များကတော့ ဆိုဖွယ်ရာ မရှိပေါ့လေ။ ပုဂံက ဘုရားတော်တော်များများက အပေါ်ပေးမတက်တော့လို့ နေ၀င်ချိန်အလှကို ခံစားချင်ရင် မင်္ဂလာစေတီရယ်၊ ဒီဘုရားရယ်လောက်ပဲ ရှိတော့တယ်။
နေထွက်ချိန်ကတော့ သူတို့တွေ မီးပုံးပျံစီးပြီး ကြည့်ကြတယ်။ ကိုယ့်ဆီမှာလို မနက်လင်းတိုင်း နေသာတဲ့အရပ်မဟုတ်ပဲ
နေရောင်ခြည်ကို တိုရေရှားရေသာ ရတတ်တဲ့ အရပ်က လာတဲ့သူတွေ အဖို့ကတော့ ဥဒေတယံ အပေတယံ ဂါထာရွတ်သလို
`ဟယ် ကြည့်စမ်းပါဦး။ နေကြီးထွက်လာပြီတော့။ နေကြီးဝင်သွားပြီတော့။´ နဲ့ ရင်သပ်ရှုမောပေါ့လေ။  တကယ်လည်း ရင်သပ်ရှုမောစရာကောင်းလှတဲ့ ပုဂံဘုရားတွေရဲ့ နေ၀င်ဆည်းဆာ မြင်ကွင်းကျယ်အလှဟာ ကမ္ဘာအရပ်ရပ်က ရောက်လာသူတိုင်းကို `ဒါလေးများ´ ဆိုတဲ့ ခံစားမှုမျိုး ဘယ်တော့မှ မပေးပါဘူး။ သူတို့က ကင်မရာအကောင်းစားကြီးတွေနဲ့ ဓါတ်ပုံတွေရိုက်ပြီး
ရောင်းရောင်းစားလို့ရှိရင် စားရိတ်တောင် ကျေသတဲ့။ သူတို့တွေ ပုဂံဘုရားပုထိုးသဘောကျတတ်လွန်းလို့ အဲဒီညက စားတဲ့ ဆင်စိမ်းထမင်းဆိုင်တောင်မှ ဆိုင်ကို ဘုရားကြို ဘုရားကြား ရောက်နေသလို အလှဆင်ထားတယ်။ ဟိုနားအုတ်ပုံ ဒီနားအုတ်ပုံနဲ့ ဆင်းတုတော်တွေ ဆေးရေးနံရံတွေရော။ ထမင်းစားတုန်းတန်းလန်း ဆိုင်ရှင်က မောင်းကြီး အလန့်တကြား ထ ထ တီးလိုက်သေး။ သီဟတင်စိုးကားထဲမှာ သူကြီးအိမ်က ဆင့်တဲ့အတိုင်းပဲ။ မဟာဂီတသီချင်းကြီးတွေကို ဓါတ်စက်ကလေးနဲ့ ခပ်တိုးတိုး ဖွင့်ထားတာလေးကတော့ မဆိုးပါဘူး။
           ထမင်းစားပြီးတော့ လပြည့်ည ထိန်ထိန်သာကို ကြည့်ဖို့ကတော့ လောကနန္ဒာဘုရားကပဲ ကောင်းတယ်လေ။ ဘုရားဖူးဧည့်သည်တွေလည်း ရှင်းသွားပြီ။ ဧရာဝတီမြစ်ကြီးကိုလည်း လရောင်ဖွေးဖွေးအောက်မှာ
လေပြေကလေးအေးအေးနဲ့ တွေ့ရမယ်။ ဟိုမှာဘက်ကမ်း တန့်ကြည်တောင်ပေါ်က စေတီကလေးကလည်း ဆီမီးတွေထိန်လို့။ သမီးကတော့ အဲဒါရေတွေလေ။ ဘာဆန်းလို့လဲ လို့ပဲ တွေ့ရမှာပေါ့။ သူ့ငယ်ဘ၀တွေက အဲဒီမှာမှ မရှိခဲ့ပဲကိုး။ ရန်ကုန်က အဘိုးအဘွားအိမ်မှာနေတဲ့ သမီးရဲ့ကမ္ဘာဟာ အဲဒီအိမ်အပြင် ခြံအပြင်ကို ခြေတစ်လှမ်းတောင်မှ ထွက်မလာသေးဘူး။
ဘာတစ်ခုမှ ကိုယ်ပိုင်မရှိတဲ့ ကိုယ့်ငယ်ဘ၀ကတော့ အကျယ်ကြီးပါပဲ။ ဧရာဝတီမြစ်ကြီးနဲ့လည်း ပတ်သက်ခဲ့တယ်။ ဖုန်အလိမ်းလိမ်းနဲ့ မြေပြင်ကျယ်ကြီးကလည်း ရွာလုံးပတ်ကုံး။ အိပ်ယာဝင်တဲ့အခါ မိုးကောင်းကင်ကြီးကလည်း အကန့်အသတ်မရှိ ကျယ်လွန်းပါဘိ။ မောင်ရင်ဆိုင်းထမ်းလေးကိုကြည့်၊ ဟင်္သာတာရာကလေးကိုရှာ၊ ခုနှစ်စဉ်ကြယ်ပြောင်ကလေး အမြီးမထောင်ခင် အိပ်မောကျသွားရော။ ပိုင်ဆိုင်မှုဆိုတာတွေဟာ ကိုယ့်ကိုယ်ကိုယ် ကန့်သတ်ချုပ်နှောင်ထားတတ်သလား မသိ။ ဘုရားကအပြန် မြင်းလှည်းပေါ်မှာ ခေါက်ခွက်ခေါက်ခွက် ခွာသံကလေးနဲ့ အညာရနံ့ကလေးကို သမီး သတိထားမိပုံမရပါဘူး။ သူ့အမေကတော့ အိမ်ပြန်ချင်လို့ ယိုင်ထိုးကပ်ဖဲ့နေတဲ့ မြင်းမကလေးကို သနားနေပုံရတယ်။ စောစောအိပ်ကြစို့လေ။ မနက်ကျရင် စွယ်တော်လေးဆူ မွန်းမတိမ်းခင် မီအောင် ဖူးကြရဦးမှာ မဟုတ်လား။
ကို စိုးမင်းSoe Min (facebook)ထံမှ ကူးယူဖော်ပြပါသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More