Wednesday, January 25, 2012

"ဖြတ်ကာသွားတယ် မနားတယ် / စိုင်းထီးဆိုင်၊ စိုင်းခမ်းလိတ်"

by Soe Min on Wednesday, December 14, 2011 at 12:04pm
          တစ်ခေတ်မှာ တစ်ယောက် ပေါ်ထွန်းခဲ့တဲ့ အနုပညာရှင်တွေထဲမှာ ဆရာစိုင်းခမ်းလိတ်ကိုလည်း ချန်ထားလို့ ရမှာမဟုတ်ပါဘူး။ ရှေးရှေ့က ရေးခဲ့လေသမျှ သီချင်းကလေးတွေရဲ့ ဖန်တီးရှင်အများစုဟာ ကွယ်လွန်သွားနှင့်ပြီဖြစ်ပေမယ့် ဒီတခါတော့ သက်ရှိထင်ရှားရှိနေဆဲ တေးပြုစာဆိုကြီးတစ်ယောက်အကြောင်း ရေးခွင့်ရလို့ ၀မ်းသာမိပါတယ်။ မကြာသေးခင်က စိုင်းခမ်းလိတ်ဖောင်ဒေးရှင်းပွဲ လုပ်သွားတယ် ဆိုတာ သိလိုက်ရတော့ စိတ်ထဲမှာ သွားချင်လိုက်တာများလေ။ လူကိုယ်တိုင်မြင်ဖူးဖို့ဆိုတာထက် သူ့သီချင်းလေးတွေထဲက ဘယ်ဟာတွေကိုများ ဘယ်သူတွေက ပြန်လည်ဖော်ထုတ်သီဆိုကြမှာပါလိမ့်လို့ သိချင်၊ နားထောင်ချင်၊ ခံစားချင်တာကိုး။ အားလုံး တစ်မျိုးစီ ကောင်းခဲ့တာတွေချည့်ပဲလေ။ ဒါပေမယ့် သူနဲ့ ဖွားဘက်တော်လို့ ဆိုရမလောက် လမိုင်းကပ်၊ တစ်သားတည်းကျအောင်ဆိုနိုင်တဲ့ ကိုထီးကြီးတစ်ယောက် မရှိတော့တဲ့အတွက် စိတ်ထဲမှာ `ဟာတာတာ ရင်မှာကျန်သလိုပဲ မောင်မနေတတ်ဘူး´ လို့ တတပြီး ငိုရလောက်အောင် သတိရမိပါတယ်။ ဆရာ့သီချင်းတွေကို သူ့လောက်ကောင်းအောင် ဆိုနိုင်တဲ့သူ မရှိခဲ့သလို သူဆိုတဲ့သီချင်းထဲမှာလည်း ဆရာလိတ်လောက် ကောင်းအောင် ရေးပေးနိုင်ခဲ့သူ မရှိသလိုပဲနော်။ နှစ်ယောက်စလုံးဟာ မြန်မာ့ဂီတသမိုင်းမှာ မှတ်တိုင်ခိုင်ခိုင်မြဲမြဲ စိုက်သွားနိုင်တဲ့ တိုင်းရင်းသား အနုပညာရှင်ကြီးတွေဖြစ်ပါတယ်။ ငယ်သူငယ်ချင်းအရင်းကြီးတွေလည်း ဖြစ်မှာပေါ့နော်။ မွေးသည်ကနေ သေသည်အထိ
ဖြတ်သန်းရာဘ၀လမ်းတစ်လျှောက်မှာ ရှစ်ပါးသောလောကဓံတရားတွေကို ဟိုဘက်စွန်းကပ်လိုက် ဒီဘက်စွန်းကပ်လိုက်နဲ့ ကျင်လည်လာခဲ့ရင်းကနေ ချန်ရစ်သူနဲ့ ကျန်ရစ်သူ အဖြစ် စည်းခြားသွားခဲ့ပေမယ့် အတူတူ ဖန်တီးခဲ့တဲ့ အနုပညာလက်ရာမွန်တွေ အမှတ်တရထားရစ်ခဲ့နိုင်တာကိုတွေးကြည့်ရင် လူဖြစ်ရကျိုးနပ်ပါပေတယ် လို့ ဆိုရမလောက်ပါပဲ။
               ကလေးဘ၀ကတည်းက သူတို့သီချင်းကလေးတွေနဲ့ ကြီးပြင်းခဲ့ရလို့ ဘာကိုဆိုလိုမှန်းမသိပဲ အလွတ်ရလာတဲ့ သီချင်းကလေးတွေဟာ လူလားမြောက်ရာကနေ လူအိုလူမင်းအရွယ်တောင် ရောက်တော့မယ်။ ခုထိ တစတစ သဘောပေါက် နားလည် နှစ်ခြိုက်လို့ မဆုံးသေးဘူး။ ရေးတဲ့သူကလည်း သူ့အသက်အရွယ် အတွေ့အကြုံအလိုက် ရေးခဲ့သလို ကိုယ်ကလည်း ကိုယ့်အသက်အရွယ် အတွေ့အကြုံအလိုက် ခံစားနားလည် သဘောပေါက်လာရတာကတော့ ထူးခြားတယ်လို့ ပြောရမလားပဲ။ `မာကျူရီမီးလုံးအောက်မှာ ကိုယ်အိပ်ထဲလက်နှိုက်ရှာကြည့်၊ ငွေရယ်ဆိုလို့ တစ်ဆယ်တန်နဲ့ အကြွေတချို့ ရင်ခွင်မှာတော့ မျှော်လင့်ချက်ကြီးတစ်ခု´ ဆိုတာလည်း ခိုက်ခဲ့တာပဲ။ `အပျံသင်စ တဖြစ်လဲတဲ့အခါ ကိုယ်လည်းပဲ အတွဲလေးနဲ့ငြိ၊ မဒီ၊ ကိန္နရီ စံချိန်မမီပေမယ့် ဟာနေတာကို မဟာအောင် သူဖြည့်ပေး´ ဆိုတာလည်း ဟတ်ထိတာပဲ။ အခုလက်ရှိတောင်မှပဲ `ဒီအရွယ်မှာမှ ကိုယ်ဘာကောင်မှန်းမသိရင် ကိုယ်ထင်တာထက် ကိုယ်ဟာ ပိုအ ပေါ့´ ဆိုတာအထိ တည့်တိုးတုန်းပဲ။ တွတ်တောင်မဟုတ်ဘူး။ ဟိုတလောဆီက အလုပ်ကိစ္စနဲ့ ခရီးသွားရင်းလည်း `ခေါင်မိုးက မလုံတော့ မိုးဒဏ်ကို ကိုယ်ခံနေရတာအမှန်ပဲ။ ဒါပေမယ့် မိုးရွာတဲ့အကြောင်းဟာ ကိုယ်တစ်ယောက်တည်းကြောင့်တော့ မဟုတ်ဘူး´ လို့ နားထဲမှာ အပ်ကြောင်းထပ်လာပါတယ်ဆို။ (အဲလောက်ဆို ဘယ်ကိုသွားမှန်း သဘောပေါက်တော့)
             ဆရာ့သီချင်းကလေးတွေဟာ အကြောင်းအရာပိုင်းမှာသာ လက်တွေ့ဘ၀နဲ့ နီးစပ်တာ မဟုတ်ပါဘူး။ သံစဉ်ကလေးတွေ ယူတဲ့အခါမှာလည်း `ရိုးရင့်ရွက်ရှည်၊ တိုးမြင့်ကျက်သရေ၊ ဂိုးဂွင့်ဂွက်ဂွေ´ ဆိုတာမျိုး ကာရံကိုငဲ့ပြီး စာသားတွေရွဲ့ကုန်တာမျိုး မရှိဘူးဗျ။ `လက္ခဏာဆရာကပြောတယ် မေရယ်။ နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေတယ်။ မိန်းမနဲ့ပတ်သက်လာရင် အမြဲတမ်းပဲ ကံဆိုးမယ်တဲ့။ အခန့်မသင့်ရင် အချစ်ရေးအတွက် ကိုယ့်အသက်တောင် ရန်ရှာလိမ့်မတဲ့။ မျက်ကန်းအချစ်သမားတဲ့။´ ဆိုတဲ့ စကားပြောအရှည်ကြီးကိုတောင် သာယာနာပျော်ဖွယ် တေးသံဖြစ်အောင် သီကုံးနိုင်ပါတယ်။ ရှမ်းအမျိုးသားစစ်စစ်ကြီးတွေဖြစ်ပေမယ့် အသံတွေဝဲရုံသာရှိပြီး မြန်မာစကားစစ်စစ်ကို အသံပီပီ စာဘောင်ပဲ့ပဲ့ ရေးနိုင်ဆိုနိုင်တာလည်း ထူးခြားတာပဲ။ `ခင်မင်တယ်။ အားလုံးကိုလေ လာလည်ရှေရှင်ဒဲ..´ ဆိုတဲ့ အသံမျိုး၊ `တူ့အတံလေး ကြားယောင်ဒယ်။ ညို့မမောင်ရဲ အနားမှာကွယ်´ ဆိုတဲ့ အသံမျိုးလည်း မဟုတ်ဘူးဗျ။ (ဒါကတော့ ဆိုတဲ့သူကို ချီးမွှမ်းရမှာပ) `ပျော်နိုင်မှာလား။ ကြားဖဲလေး တစ်ချပ်တည်းကိုရွေးပြီး စောင့်ရတဲ့ဘ၀၊ ဖြေသာမှာလား။ ရှားဖဲလေး တခြားတစ်ယောက်ထဲပါတာ မသိလိုက်တဲ့ဘ၀´ ဆိုတာမျိုးကျတော့လည်း ဘ၀စုံမှန်း သိသာလိုက်တာ။ ဆေးကျောင်းသား ဘ၀လေ။ `ကိုယ်ခေါ်ချင်တယ် အို … လိုက်ခဲ့တော့ မိန်းကလေးရာ သာယာလို့ ငြိမ်းချမ်းတဲ့ကမ္ဘာ ဘာမှ မဝေးဘူး အနီးလေးမှာ´ ဆိုတာကျတော့ ဆရာဝန်ဘ၀ ဖြစ်မှာပေါ့နော်။ လူနာအနေနဲ့ တွေ့ရတာကိုး။ (အလျှောက်မကောင်းရင် ဆရာမဒေါ်နွဲ့တင် နဲ့ တွေ့သွားဦးမယ်)
            တချို့သီချင်းတွေမှာတော့ အနက်ရင်းအပြင် ဆိုလိုချင်တဲ့ အနက်ပွားကလေးတွေကို လိုက်ပြီး ခံစားရတာက အရသာပါ။ အင်မတန်မုန်းစရာကောင်းတဲ့ ပါပီမဇာတ်ကားထဲမှာ ကျောင်းသားတွေ တောခိုကုန်တော့ သဘာဝရဲ့ရင်သွေးငယ်များ သီချင်းကို ပလေးဘက်ဖွင့်ပြတာ မျက်ရည်တောင်လည်ပါတယ်။ ဒါကတော့ ဆင့်ပွားခံစားသူအပေါ် တည်ချင်တည်မှာပါလေ။ တချို့လူတွေက ဘီးကလေးကိုစီး သီချင်းနားထောင်ပြီး သူတွေးချင်တာတွေ လျှောက်တွေးတော့ တွေးတဲ့သူအပြစ်လား ရေးတဲ့သူအပြစ်လား စဉ်းစားကြည့်ပေါ့။ ဆရာ့သီချင်းကလေးတွေကို ခံစားမိသလောက်တော့ သူကိုယ်တိုင် သိမိမှတ်မိတဲ့ အတွေးစကလေးတွေ သင်ခန်းစာကလေးတွေကို သီချင်းနားထောင်ခံစားတဲ့သူတွေလည်း သူ့နည်းတူ ခံစားနားလည်လာစေဖို့ အရိုးရှင်းဆုံး ဖွဲ့နွဲ့ထားတယ်လို့ မြင်ပါတယ်။ သူရည်ရွယ်တဲ့ ပရိသတ်ထဲမှာ သူ့ချစ်ဇနီးသည်ရော သမီးငယ်ပါ ပါနေတာဖြစ်တဲ့အတွက် နားထောင်သူကို အဆိပ်အတောက်ဖြစ်စေတဲ့ အတွေးအမြင်တွေကိုတော့ ဘယ်ရေးဖွဲ့ပါ့မလဲ။ `အပင်ထက်မြင့်တဲ့ တစ်ပွင့်ပန်းကို ပန်ဆင်ချင်လာတတ်တဲ့ တစ်နေ့ကျရင် မင်းကမ္ဘာဟာ တဖြေးဖြေး ရှုပ်ထွေးလို့လာမယ်´ ဆိုတဲ့သီချင်းကို နားထောင်မိရင် သူ့သဘောထား ဘယ်လောက်ဖြူစင်သလဲ သိနိုင်ပါတယ်။
          အခုရေးတဲ့ သီချင်းကလေးကတော့ ကြားဖူးကြလိမ့်မယ် မထင်ပါဘူး။ မူရင်း ကိုထီးဆိုခဲ့တယ်ဆိုပေမယ့် အခုရထားတာက ပြန်ဆိုမူပါတဲ့။ စာသားကလေးတွေက ဆိတ်စာသာ လွတ်ချင်လွတ်လိမ့်မယ်။ အ၀ှာတော့ ပြုလိမ့်မယ် မဟုတ်ဘူးနော့။ သေချာ တစ်ခေါက်ပြန် နားထောင်ကြည့်လိုက်ပါဦး။ ပေါက်ပြီ။ ပေါက်ပြီ။ ဒီသီချင်းလေး ဖွင့်ပြပြီး ခါတိုင်းပြောနေကျဟာကိုပဲ ထပ်ပြောဦးမလို့လား ဆိုရင်တော့ လွဲပြန်ပြီ။ အကြောင်းအရာကတော့ အဲဒီအကြောင်းအရာပါပဲ။ ဒါပေမယ့် တွေးမိတာကတော့ အဲဒါနဲ့ မဆိုင်ပြန်ဘူး။ ဒီတခါပြောချင်လာတာက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအကြောင်းပါ။ `ဘယ်လိုကောင်လေးတစ်ယောက်ပါလဲ။ ဇွတ်တရွတ်ဆိုးပုံ ကမ်းကုန်ဖွယ်..´ ဆိုပြီး ´ပေါက်နေပြီ။ ပေါက်နေပြီ။´ လို့ သောင်းသောင်းဖျဖျ အားပေးခံရတော့မှာ သေချာတယ်နော်။ နောက်ထပ်တစ်ခေါက်လောက်
ပြန်နားထောင်ကြည့်လိုက်ရင်တော့ ရေးတေးတေးလေး မြင်လာပါလိမ့်မယ်။ ကိုထီးကို ခနမေ့ထားလိုက်။ ဦးလိတ်ကိုလည်း ခနဖျောက်ထားလိုက်။ ရှမ်းတိုင်းရင်းသားလေးနှစ်ယောက်က သူတို့ခံစားချက်ကလေးတွေကို သီချင်းအဖြစ်ဆိုပြနေတယ်လို့ သဘောထားလိုက်ကြရအောင်။ `မြန်မာ့အသံမှ အသံလွှင့်နေပါတယ်ရှင်´ ဆိုတာချည့်ပဲ တစ်သက်လုံး နားစွဲလာခဲ့ကြတာမဟုတ်လား။ ဘီဘီစီ၊ ဗွီးအိုအေ၊ အာရ်အက်ဖ်အေ တွေလည်း မဖွင့်နဲ့ဆို မဖွင့်ပါဘူး။ ဒါပေမယ့် ပြည်ထောင်စုတိုင်းရင်းသားတေးသံကလေးတော့ နားထောင်ကြည့်ကြပါစို့။
          ဟိုးအရင် ကမ္ဗောဇ သီချင်းကလေး အကြောင်းရေးတော့ ရှမ်းတိုင်းရင်းသားတွေအကြောင်း၊ ကောင်းချီးသင်္ခါ သီချင်းရေးတော့ မွန်တိုင်းရင်းသားတွေ အကြောင်း၊ တို့တောင်ယာတော မှာ ကရင်တွေ အကြောင်း၊ သာစွဌာနီ ရခိုင်ပြည်မှာ ရခိုင်တွေ အကြောင်း ရေးဖြစ်တော့ ကိုယ်နဲ့ တမြေတည်း ကြီးပြင်းခဲ့ကြတဲ့ သူတို့တွေ အကြောင်းတွေကို တီးမိခေါက်မိရှိအောင် ဖတ်ဖြစ် မှတ်ဖြစ် လေ့လာဖြစ်ပါတယ်။ အဲဒီအခါမှာ ကိုယ့်ကိုယ်ကိုယ် မြန်မာဆိုတာ ခနမေ့ထားပြီး သူတို့အရပ်ဒေသတွေမှာ သူတို့ အတွေးအမြင်နဲ့ အသံတွေကို နားထောင်ဖြစ်ပါတယ်။ စိတ်ထဲမှာ ဘယ်လိုခံစားရသလဲဆိုတော့ အရင်လို ဘာသိဘာသာ မျက်မှန်းတန်းမိရုံမျိုး မဟုတ်တော့ပဲ ထဲထဲဝင်ဝင် ခင်မင်ရင်းနှီးလာသလိုပါပဲ။ လျှာအရိုးမရှိတိုင်း ပါးစပ်ကြီးနဲ့ စားကောင်းသောက်ကောင်း ပြောပြီး ညာတာပါတေးနဲ့ နှပ်ချလာခဲ့တာတွေ များလွန်းလို့ စောဖေတို့က
နောကျေနေပြီ။ ပြည်ထောင်စုစိတ်ဓါတ် ပြည်ထောင်စုစိတ်ဓါတ်နဲ့လည်း အပ်ကြောင်းထပ်ခဲ့ပြီ။ ပါတီနံမည်တောင် တသွေမတိမ်း ထည့်မှည့်ထားကမင့်ဟာ ပြောတိုင်းယုံတဲ့ ပုတ်သင်ညိုလိုချင်ရင် အေဇက်ဂျီကိုကြွ လို့ ပြန်ဘုတောကြလိမ့်မယ်။ ဒီစကားစုဟာ ကိုယ့်ကိုယ်ကိုယ်ကလွဲလို့ ဘယ်သူ့ကိုမှ မရည်ရွယ် မစောင်းမြောင်းထားဘူးနော်။ အပြောတွေကို ခနရပ်ပြီး အလုပ်တွေနဲ့ သက်သေပြမှ ဖြစ်တော့မယ်လို့ ထင်ရှားစေချင်လို့။ တမြေတည်းနေ တရေတည်းသောက်လို့ ရှေးဦးမဆွကတည်းက
အတူတကွ ယှဉ်တွဲနေထိုင်ကြသူချင်း စိတ်ဝမ်းမကွဲပြားဖို့ဆိုတာ အပြန်အလှန်လေးစား ယုံကြည်မှုကို အခြေခံရမှာ မဟုတ်ပါလား။ အဲဒီသဘောတရားအတိုင်း သူတို့ဘက်ကရှိပါ့မလား။ ကိုယ့်ဘက်ကရော ရှိလို့လား။ အဲဒါမပါပဲနဲ့ ရွှေဘုန်းတော်ရှိန်ကြောင့် အမင်းမင်းခယလို့ သမီးကညာ ပဏ္ဏာဆက်သွင်းသမျှ လက်ခံပြီး သစ္စာရေကလေး တိုက်လွှတ်လိုက်တယ်ဆိုတဲ့ အလေ့အထ အတွေးအခေါ်ဟောင်းတွေကို မစွန့်ပစ်နိုင်သေးသရွေ့တော့ ရာဇ၀င်ထဲမှာပဲ မောင့်ဘာသာနေရစ်ပါတော့မောင်။ ကိုယ်တို့ဆရာဝန်တွေ လူနာကုတဲ့အခါမှာတောင်မှ ဒီဟာငှက်ဖျားလူနာ၊ တီဘီလူနာဆိုပြိး အလုပ်သဘောအရ သိမှတ်ဆက်ဆံတာထက်စာရင် ဦးတန်ဦး ဒေါ်တန်ဒေါ်၊ ကာယကံရှင်တစ်ဦးချင်းစီကို  အမည်နာမနဲ့ မှတ်မှတ်သားသား ပြောဆိုကုသတာက ဆေးပိုစွမ်းတယ်လို့ လူနာဘက်က ခံစားရပါလိမ့်မယ်။ ဒီဆရာကလေးဟာ သူ့ကို မှတ်မိသားပဲ။ အမှတ်တမဲ့နဲ့ မေ့မထားလေဘူးဆိုတဲ့ လုံခြုံမှုရတာပေါ့။ အရီးရယ် အဘရယ် ရင်းရင်းနှီးနှီးဆက်ဆံရင်တော့ နွေးထွေးမှုကိုလည်း ခံစားကြရမှာပဲ။ အဲဒီနောက်မှာတော့ သူ့အတွက် အထိရောက်ဆုံးကုထုံးကို စေတနာနဲ့ ဂရုတစိုက်ကုသပေးတယ်ဆိုတာကို လူနာဘက်က ခံစားလာရပြီဆိုရင်တော့ ယုံကြည်မှုကိုပါရလို့ သဘောရှိပါမောင် ဖြစ်သွားမယ်လေ။ တိုင်းရင်းသားအရေးတွေမှာလည်း အဲသလိုပါပဲ။ သူတို့တွေကို ဂရုတစိုက် တလေးတစားနဲ့ ထဲထဲဝင်ဝင် ဆက်ဆံကြည့်ဖို့က ပထမ၊ မတူကွဲပြားတဲ့ ရေမြေသဘာဝ ယဉ်ကျေးမှုတွေကို နားလည်ပေးဖို့က ဒုတိယ၊ သူတို့အကျိုးစီးပွားနဲ့ ကိုယ့်အကျိုးစီးပွားဟာ တစ်ဘက်ကဖဲ့ယူလိုက်ရင် ကျန်တစ်ဘက်က ပဲ့ပါသွားတာမျိုး မဟုတ်ပါဘူး။ နှစ်ဦးနှစ်ဘက် အပြန်အလှန် အကျိုးရှိစေမယ့် အမှုတို့ကိုသာ ဦးစားပေးကြပါစို့ လို့ နားလည်မှုရလာတာက တတိယ။ ဒီနည်းနဲ့ တစ်လှမ်းချင်းတက်သွားမယ်ဆိုရင် ဘာခရီးမရောက်စရာရှိသလဲ။
         နောက်ထပ်နားလည်လွယ်အောင် ဥပမာတစ်ခုထပ်ပေးရဦးမယ်ဆိုရင်တော့ ခန္ဓာကိုယ်ရဲ့ ရောဂါပြီးကာကွယ်မှုစံနစ်ကြီး တစ်ခုလိုပေါ့။ ကိုယ့်ခန္ဓာက ထုတ်လုပ်ထားတဲ့ အရာမှန်သမျှ မှတ်မိတတ်တဲ့ မှတ်ဥာဏ်အဖွဲ့အစည်းကြီးဟာ ကိုယ်မြင်တွေ့နေကျ ကိုယ့်ဆီကမဟုတ်ဘူးဆိုတဲ့ အရာတွေနဲ့ ထိတွေ့လာရရင် ချက်ချင်း လက်ခံလေ့မရှိပါဘူး။ `ယူသန် .. ယူသန်´ လို့ အော်ပြီး တိုက်ဖျက်ရေးတပ်သားတွေနဲ့ ချေမှုန်းပလိုက်ပြီးမှ အဲဒါဘယ်လိုအရာမျိုးလဲဆိုတာကို မှတ်သားထားသတဲ့။ နောက်တခါ ဒါမျိုးနဲ့ ပြန်တွေ့ရတဲ့အခါ `သြော် အစောက လူကြီးပဲ။ ဒဏ်ငွေဆောင်ပြီးသားလေ´ လို့ ပြောလို့မရပဲ အသစ်လာရင် အမှုသစ်နဲ့ ထပ်ဆွဲပြန်ပါတယ်။ သူ့ဆီမှာ လူဆိုးစာရင်း ၀င်ပြီးသားရှိတော့ ဒိကောင်လာရင် ဘာမှုဖြစ်မလဲ တန်းသိတာပေါ့။ သို့သော်လည်းပဲ ကိုယ့်ဆီက မဟုတ်သော်ငြား ကိုယ်နဲ့ တစ်သက်လုံး အတူနေလာကြသူတွေ ဆိုရင်တော့ အဲဒီမှတ်ဥာဏ်စံနစ်ကြီးက ဒါတွေဟာ တစိမ်းတွေ မဟုတ်ဘူး။ ကိုယ်ချင်းကိုယ်ချင်းတွေ ဆိုတာမျိုးဖြစ်အောင် ပြောင်းလဲမှတ်သားလက်ခံရပါတယ်။ ဒီလိုမှ လက်မခံရင်  စစ်ခင်းလို့ ဘယ်ခါပြီးမှာတုန်း။ မသေမချင်း အတူတူနေပြီး သေတော့လည်း အတူတူသေကြရမယ့်ဟာ။ တိုင်းရင်းသားအရေးဟာလည်း သည်သို့ပဲ ရှိပေလိမ့်မယ်။ သူသူကိုယ်ကိုယ် အတူတူပဲလေ ဆိုတဲ့ စိတ်ထားနိုင်မှ တစ်ဘက်နဲ့တစ်ဘက် သည်းညည်းခံနိုင်မှာပေါ့။ မယုံရင် တောင်ကြီးသား မြိတ်သားများကိုကြည့်။ ရန်ကုန်ရောက်ရောက်၊ မန္တလေးရောက်ရောက်၊ အဲဒါ သူ့အိမ်သူ့ယာပဲ။ ဘယ်သွားသွား စိမ်းတယ်လို့ မရှိဘူး။
        `ကိုယ့်ပြည်နယ်ကထွက်တဲ့ အဆီအနှစ်တွေကို ၀ါးမြိုပြီး ကြီးပွားချမ်းသာနေတာ ကိုယ့်ကိုကြီးတွေပဲလေ´ လို့ သဘောထားကြီးခိုင်းရအောင် ရွှေပြည်အေးတရား လာဟောနေတာကတော့ မတရားရာကျမှာပေါ့လေ။
ပြည်နယ်ပဲဖြစ်ဖြစ် ပြည်မပဲဖြစ်ဖြစ် မတရားမှုတစ်ခုနဲ့ အနိုင်ကျင့်ခံလာရရင် အတူတကွလက်တွဲပြီး တွန်းလှန်ရမှာပေါ့။ ပြည်နယ်ကဟာမို့ လုပ်ချင်သလို လုပ်လို့ရတယ်။ ပြည်မကဟာမို့ လာမထိနဲ့မခံဘူး ဆိုတဲ့ ခွဲခြားခွဲခြားစိတ်တွေကိုပဲ လျှော့ခိုင်းတာပါ။ ပြည်နယ်ကလူတွေ ခံစားနေရတဲ့ ဆင်းရဲဒုက္ခမျိုးကို ပြည်မကလူတွေကရော မခံစားရလို့လား။ ဒါကြောင့်မို့လို့ ပြည်မသားတွေက
ပြည်နယ်ကလေးတွေအပေါ် အနိုင်ကျင့်တယ်လို့ ခွဲခြားမမြင်ပဲ ပြည်မရော ပြည်နယ်ပါ အတူတူ ခံစားနေရတဲ့ မတရားမှုတွေကို အတူလက်တွဲတိုက်ဖျက်သင့်တယ်ဆိုတဲ့စိတ်ပဲ မွေးရတော့မှာပေါ့။ လက်သည်းဆိပ်တာပေမယ့် လက်ထိပ်က မနာချင်ယောင်ဆောင်နေရင် မကြာခင် လက်တစ်ချောင်းလုံး ပုပ်လိမ့်မယ် မဟုတ်လား။
           ဒီတခေါက် ဒီအကြောင်းတွေ ရေးရတာ ဂုတ်ပေါ်ဓါးမိုးထားသလိုပါပဲ။ အတိမ်းအစောင်းရှိသွားရင် ပုဒ်မကြီးလွန်လွန်းလို့။ ကိုယ်ဥာဏ်မမီတဲ့ အုပ်ချုပ်ရေးပိုင်းတွေ နိုင်ငံရေးပိုင်းတွေကို လက်ရှောင်ပြီး ကိုယ်နဲ့တိုက်ရိုက် ထိတွေ့ပတ်သက်ရတဲ့ ရှုထောင့်ကပဲ သုံးသပ်ကြရအောင်နော်။ (ဂလောက်ပြောပြီးမှများ။ လာလာချည်သေး) ဟိုးမိုးပေါ်မှာ သိကြားနဲ့အသူရာတို့ စစ်ပွဲကြီးတွေကတော့ ကိုယ်လည်း မိုးပေါက်ကလေးတွေ လျှပ်စီးကလေးတွေကတဆင့် မြင်ယုံကြားကာမျှ ရှိတာပါ။ မြေကြီးပေါ်မှာ တိုင်းရင်းသားလေးတွေနဲ့ မြန်မာကလေးတွေ တွေ့ကြဆုံကြရတာကတော့ အစိုးရ၀န်ထမ်းဘ၀နဲ့
စေညွှန်ရာ ရောက်သွားကြရတဲ့အခါမှာပေါ့။ များသောအားဖြင့်တော့ မြန်မာဝန်ထမ်းကလေးတွေ ဒေသခံတိုင်းရင်းသားလေးတွေနဲ့
တွေ့ဆုံ ခင်မင်ကြရတာပေါ့။ အဲဒီဆက်ဆံရေးကလေးတွေဟာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် လက်တွေ့ကျတဲ့ အခြေခံအုတ်မြစ်ကလေးတွေလို့ မြင်ပါတယ်။ ရိုင်းပင်းချစ်ကြည်စွာ ဆက်ဆံဖို့ လိုအပ်တဲ့နေရာဟာလည်း အဲဒီနေရာပါပဲ။ `ဒီမြေမှာ ရွှေကျင်မယ်။ ရသလောက် သဲ့ယူမယ်။ ရေလာတဲ့နေရာရောက်ဖို့ ရေလောင်းထားရတာ အရင်းကျေရုံနဲ့ ဘယ်ဖြစ်ပါ့မလဲ´ ဆိုတဲ့ စိတ်တွေ မမွေးစေချင်ပါဘူး။ (သူဖြင့်လာကျွေးထားမှာ မဟုတ်ပဲနဲ့။ အာလူးကောင်ကြီးလေ) တစ်ယောက်တည်းပဲလာလာ၊ မိသားစုကလေးနဲ့ပဲလာလာ၊ အပြန်အလှန်မေတ္တာနဲ့ နေထိုင်ရတဲ့အရပ်မှာ လုံခြုံတယ်။ စေတနာနဲ့ စားရသောက်ရတဲ့အစာဟာ ချိုမြိန်တယ်။ စစ်အင်အားဗိုလ်ခြေသိန်းသောင်းရှိဦးတော့ ပြည်သူတရပ်လုံး မေတ္တာမဲ့တဲ့ဘ၀မှာတော့ ဘယ်နေရာသွားသွား သူ့စိတ်နဲ့သူကို မလုံခြုံလို့ ပြေးစရာတောင် မြေမရှိဘူး။ (ကဒါဖီးကြီးကိုပြောတာနော်။ လျှောက်မတွေးကောင်းဘူး။ ငရဲကြီးတတ်တယ်။) အဲဒီသဘောတရားတွေကို ဖောင်ကြီးမှာ သင်ကြားပေးလိုက်ရင် အကောင်းသားဗျ။ အထက်တန်းကျောင်းမှာတော့ သင်တယ်လေ။ နီတိ လို့ခေါ်သတဲ့။ စာမေးပွဲမှာ မမေးတော့ ဘယ်မှတ်မိပါတော့မလဲ။
           ဒီသီချင်းကလေးကို နားထောင်မိတဲ့အခါ ကိုယ်လည်းပဲ အမှောင်မှာနေတာ ကျင့်သားရသူချင်းမို့လို့ စာနာနားလည်တဲ့စိတ်ကလေး ခံစားမိပါတယ်။ စေတနာစိတ်ရင်းနဲ့ ဖိတ်ခေါ်နေတဲ့သူကလေးတွေကို အားနာခင်မင်စွာနဲ့ပဲ တထောက်တနား စကားပြောဆို ဘာအကူအညီလိုပါလိမ့်လို့ ဖေးမချင်တဲ့စိတ်လည်း ဖြစ်မိတာပဲ။ ကျွန်တော့်မှာတော့ ဖယောင်းတိုင်လေးတွေပါတယ်။ လိုရင်ယူထားဦမလား လို့ မျှဝေချင်တဲ့ သဒ္ဒါလည်း ပေါက်လေရဲ့။ `ကြည့်စမ်း ကြည့်စမ်း။ ငါတို့ကို ဝေဖန်ပုတ်ခတ်ထားတယ်။ အကြည်ညိုပျက်အောင်လုပ်တယ်။ ငါ့ကို ဘာမှတ်သလဲ။ ဟွင်းဟွင်း..´ ဆိုတဲ့ အတွေးနဲ့တော့ ဘယ်လိုလုပ် ရင်ကြားစေ့ရပါ့မလဲနော်။ ပြောခွင့်ပေးပါ။ နားထောင်ပါ။ စာနာပါ။ မကူညီနိုင်တောင်မှ သူ့အတွက် အဖော်ကလေးတော့ ရသွားပါစေလား။ စေတနာတွေကို အပြန်အလှန် ခံစားသိရှိ လာနိုင်တဲ့တစ်နေ့။ ဘာမှ ဖြစ်မလာခဲ့ရင်တောင်မှ ဘာအရေးလဲ နော့။ လာလေ။ အတူတူ ဆက်ဆိုကြရအောင်။

တောင်ကိုကျော်လို့ တောကိုဖြတ်ကာရယ် နေခြည်မှာ ငွေရည်သောက်တဲ့ဘိနပ်နဲ့ ဘယ်ဆီကို ခရီးသွားလည်မယ် ကြံသလဲ။ ရှမ်းပြည်သား အိုဘယ့် ခရီးသည်။
အိမ်မှာ ခနလေးဖြစ်ဖြစ် နားပါကွယ်။ ဖြူစင်စေတနာ စိတ်ထား ဖိတ်မိခဲ့။ တွင်တွင်သာ သူခေါင်းခါကာ ဖြေတယ်။ ဖြတ်ကာသွားတယ် မနားတယ်။
အရှေ့ဘက်က ထွက်တဲ့ကုန်တွေ ပါရင်ဝယ်ဦးမယ်။ မလောင်ပေမယ့် တောက်တဲ့မီးစာရယ်။ ရောင်းခွင့်မရသေးရင်လည်း နေပစေတော့ကွယ်။ အမှောင်မှာနေတာ ကျင့်သားရပြီပဲ။
တောင်ကိုကျော်လို့ တောကိုဖြတ်ကာရယ် နေခြည်မှာ ငွေရည်သောက်တဲ့ဘိနပ်နဲ့ ဘယ်ဆီကို ဘုရားဖူးလည်မယ် ကြံသလဲ။ လောပိတ အိုဘယ့် ခရီးသည်။
အိမ်မှာခနလေးဖြစ်ဖြစ် နားပါကွယ်။ ဖြူစင်စေတနာ စိတ်ထား ဖိတ်မိခဲ့။ တွင်တွင်သာ သူခေါင်းခါကာ ဖြေတယ်။ ဖြတ်ကာသွားတယ် မနားတယ်။
(အရှေ့ဘက်ကထွက်တဲ့ကုန်တွေ ပါရင်ဝယ်ဦးမယ်။ မလောင်ပေမယ့် တောက်တဲ့မီးစာရယ်။ ရောင်းခွင့်မရသေးရင်လည်း နေပစေတော့ကွယ်။ အမှောင်မှာနေတာ ကျင့်သားရပြီပဲ) ၂ ။

မှတ်ချက်။   ။ ဒီသီချင်းကလေးကို ကလေးဘ၀က ပထမဆုံးကြားဖူးခဲ့တဲ့အခါ ကိုထီးဆိုပြီး ဆရာလိတ် ရေးတယ် လို့ ခေါင်းထဲမှာ စွဲနေပါတယ်။ ကိုဆိုင်မောဝ် ဆိုတဲ့ ဖြတ်သာသွားမယ် မနားတယ် ကတော့ ဆရာလိတ်လက်ရာဖြစ်ပြီး သံတူကြောင်းကွဲသီချင်းပါ။ တကယ်လို့များ ဆိုသူရေးသူတွေက မဟုတ်ပါဘူး ဆိုလာရင်တော့ သားသားရဲ့ မှတ်ဥာဏ်တွေ ချွတ်ချော်တိမ်းပါးလို့သာ ဖြစ်ပါလိမ့်မယ်။

သီချင်းနားထောင်ရန်။     ။
http://soundcloud.com/winmyat-nyein/khit-lar-hom-s-videos
ကို စိုးမင်းSoe Min (facebook)ထံမှ ကူးယူဖော်ပြပါသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More