Wednesday, January 25, 2012

အရှိန်အ၀ါနှင့် ကြည်ညိုလေးစားခံရမှု

ရေးဖြစ်ခဲ့သော မြားနတ်မောင် တာဝန်ခံအယ်ဒီတာစကား (၁၅)
အရှိန်အ၀ါနှင့် ကြည်ညိုလေးစားခံရမှု
ဒေါက်တာလွဏ်းဆွေ

လူတိုင်းလူတိုင်း မိမိတို့၏ ဘ၀တလျှောက်တွင် ပညာ၊ အသပြာ၊ အာဏာ သုံးခုအနက် တခုခုကို တစိုက်မတ်မတ် ရှာဖွေရယူနေကြသည်သာဖြစ်သည်။ ထိုသို့ ရှာဖွေရယူကြရင်းဖြင့် လူတချို့သည် ပညာအရာတွင် ထူးချွန်ထက်မြက်မှုကြောင့်လည်းကောင်း၊ လူတချို့သည် ဓနအင်အား ကြွယ်ဝချမ်းသာမှုကြောင့်လည်းကောင်း၊ လူတချို့သည် အာဏာလက်ဝယ်ရှိနေမှုကြောင့်လည်းကောင်း … စသည့် စသည့် အရှိန်အ၀ါများကြောင့် လူအများစုအပေါ် သြဇာတိက္ကမကြီးမားကြပြီး လူအများစု၏ ဂရုပြုမှုကို ခံကြရပေသည်။ သို့ရာတွင် အရှိန်အ၀ါတခုခုကြောင့် သြဇာတိက္ကမကြီးမားတိုင်းလည်း ထိုသူများသည် လူအများ၏ ကြည်ညိုလေးစား ချစ်ခင်မှုကို ခံကြရသည်တော့မဟုတ်ပေ။

*****

အောက်တိုဘာလ ၂၂ ရက်နေ့က နိုင်ငံတကာသတင်းတွင် စိတ်ဝင်စားဖွယ်သတင်းတပုဒ်ကို ဖတ်ရှုလိုက်ရသည်။ “ဘရာဇီးနိုင်ငံ၊ စောပေါလိုမြို့တွင်း၌ လက်နက်ကိုင် ရာဇ၀တ်ကောင် လူဆိုးနှစ်ယောက်က ကားတစီးအား အချက်ပြမီးတိုင်၌ ရပ်ထားစဉ် ဓားပြတိုက် လုယူရန် ကြိုးစားခဲ့ရာ အဆိုပါ ကားနောက်ထိုင်ခုံတွင် တချိန်က ထင်ပေါ်ကျော်ကြား လူသိများခဲ့သည့် ကမ္ဘာကျော်ဘောလုံးသမား ပီလီ ထိုင်နေသည်ကို တွေ့ရှိရသဖြင့် လုယက်ရန် ကြိုးပမ်းခြင်းမပြုတော့ဘဲ နောက်ဆုတ် လက်လျှော့သွားခဲ့ကြောင်း၊ ပီလီက ၎င်း၏ ဦးထုပ်ကို ချွတ်လိုက်ရာ လူဆိုးများက ၎င်းအား ကြည့်ပြီး တောင်းပန်၍ ထွက်ခွာသွားခဲ့ကြောင်း” နှင့် “ပီလီကဲ့သို့ ထင်ပေါ်ကျော်ကြား လူသိများသည့် တနိုင်ငံတည်းသား ထိပ်တန်း ဘောလုံးသမား တိုက်စစ်မှူး ရိုမာရီယိုမှာမူ စက်တင်ဘာလအတွင်းက ရီရိုဒီဂျနေရိုမြို့တွင် လက်နက်ကိုင် ဓားပြတဦးက ၎င်းအား မှတ်မိသော်လည်း ကားကို လုယူသွား၍ ကားဆုံးခဲ့ရကြောင်း” တို့ကို သတင်းတပုဒ်တည်းတွင် ယှဉ်တွဲ၍ ဖတ်ရှုလိုက်ရခြင်းဖြစ်သည်။

ပီလီနှင့် ရိုမာရီယိုတို့ နှစ်ဦးစလုံးသည် ဘောလုံးပညာတွင် ထူးချွန်ထက်မြက်မှုအရှိန်အ၀ါကြောင့် လူအများစုအပေါ် သြဇာသက်ရောက်မှု ကြီးမားကြသော်လည်း လူအများစု၏ ကြည်ညိုလေးစား ချစ်ခင်ခြင်းခံရမှုတွင် ပီလီက ပိုမိုရရှိသည်ကို အထက်ပါ သတင်းဖြစ်ရပ်က သက်သေပြသလို ရှိနေပေသည်။ ပီလီက ထိုသို့ လူအများစု၏ ကြည်ညိုလေးစားချစ်ခင်မှုကို ပိုမိုရရှိသည်မှာ အပေါင်းလက္ခဏာဆောင်သော သူ၏ ချစ်စဖွယ်စိတ်ဓာတ်များကြောင့် ဖြစ်သည်ဟု ထင်မြင်မိပေသည်။

ပီလီသည် ဘောလုံးကစားခဲ့သည့် သက်တမ်းတလျှောက်တွင် အားကစားစိတ်ဓာတ်အပြည့်ဖြင့် သန့်ရှင်းစင်ကြယ်စွာ ကစားခဲ့ခြင်း၊ နည်းပြဆရာများ၊ ဘ၀တူ ကစားဖော် ကစားဖက်များကို ချစ်ခင်ရင်းနှီးစွာဖြင့် တလေးတစား ဆက်ဆံနေထိုင်ခဲ့ခြင်း … စသည့် ကောင်းသတင်းများကြောင့် တကမ္ဘာလုံးရှိ ဘောလုံးပရိသတ်၏ ကြည်ညိုလေးစားချစ်ခင်မှုကို ပိုမိုရရှိခဲ့ခြင်းဖြစ်ပြီး ရိုမာရီယိုတွင်မူ ပီလီကဲ့သို့ ထိုအပေါင်းလက္ခဏာဆောင်သော စိတ်ဓာတ်များ အားနည်းသည်ကို တွေ့ရှိရပေသည်။ ထို့ကြောင့်လည်း လူအများစု၏ ကြည်ညိုလေးစားချစ်ခင်မှုကို ပီလီလောက် မရရှိခြင်းဖြစ်ပေသည်။

*****

လက်ရှိ မြန်မာစာပေလောကတွင်လည်း စာဖတ်ပရိသတ်နှင့် စာပေသမား အများစုအပေါ် စာပေအရှိန်အ၀ါအရ သြဇာသက်ရောက်မှု ကြီးမားပြီး အများစု၏ ကြည်ညိုလေးစားချစ်ခင်မှုကို ခံကြရသော စာရေးဆရာကြီး၊ စာရေးဆရာမကြီးတို့ ရှိကြသည့်နည်းတူ စာပေသမားများအပေါ် စာပေအရှိန်အ၀ါအရ သြဇာသက်ရောက်မှု ရှိကြသော်လည်း အများစု၏ ကြည်ညိုလေးစားချစ်ခင်မှုကို မခံကြရသော စာရေးဆရာကြီး စာရေးဆရာမကြီးများကိုလည်း ၀မ်းနည်းဖွယ် တွေ့မြင်နေရပေသည်။

အများစု၏ ကြည်ညိုလေးစားချစ်ခင်မှုကို ခံကြရသော စာရေးဆရာကြီး၊ စာရေးဆရာမကြီးတို့တွင် ကိုယ်ကျင့်သိက္ခာနှင့် ပြည့်စုံခြင်း၊ မေတ္တာ စေတနာ ကရုဏာစိတ် ကြီးမားခြင်း၊ ဘ၀တလျှောက်လုံး ယုံကြည်ချက် ရပ်တည်ချက် ခိုင်မာခဲ့ခြင်း၊ မာန်မာနတရား ကင်းစင်ခြင်း၊ အားလုံးအပေါ် တပြေးညီစိတ်ဖြင့် ဆက်ဆံခြင်း၊ အများအတွက် ကိုယ်ကျိုးစွန့် ပေးဆပ် အနစ်နာခံလိုစိတ် အပြည့်ရှိခြင်း … စသည့် အပေါင်းလက္ခဏာဆောင်သော ကောင်းမြတ်သည့် စိတ်ဓာတ်များကို တွေ့ရှိရပေသည်။

စာပေအရှိန်အ၀ါအရ သြဇာသက်ရောက်မှု ရှိကြသော်လည်း အများစု၏ ကြည်ညိုလေးစားချစ်ခင်မှုကို မခံကြရသော စာရေးဆရာများ၊ စာရေးဆရာမကြီးများတွင်မူ သူတို့ ရေးသားသော စာများထဲ၌ မိမိကဲ့သို့ မည်သူမျှတတ်သည်ဟု မထင်ဘဲ မောက်မာထောင်လွှားသော အရေးအသားများကို ဖတ်ရှုရတတ်ခြင်း၊ တဖက်သားကို အထင်အမြင်သေးသည့် စိတ်ဓာတ်ဖြင့် ရေးသားတတ်ကြခြင်း၊ အားလုံးအပေါ် တပြေးညီစိတ် မထားဘဲ မိမိ၏ တပည့်လက်သားကဲ့သို့ ဆရာလေသံဖြင့် ပြောဆိုရေးသားတတ်ကြခြင်း၊ ယုံကြည်ချက် ရပ်တည်ချက် ခိုင်မာမှုမရှိခြင်း၊ ကိုယ်ကျင့်သိက္ခာနှင့် မပြည့်စုံခြင်း၊ စာဖတ်ပရိသတ်အပေါ် စေတနာထားသည့် စိတ်ထက် သမားဂုဏ်ပြလိုသည့် စိတ်ဖြင့်သာ ရေးသားတတ်ကြခြင်း … စသည့် အနှုတ်လက္ခဏာဆောင်သော စိတ်ဓာတ်များကို ၀မ်းနည်းဖွယ် တွေ့မြင်ရပေသည်။

*****

အချုပ်အားဖြင့်ဆိုရသော် လူတိုင်းလူတိုင်းသည် မိမိတို့၏ ဘ၀တလျှောက်တွင် ပညာ၊ အသပြာ၊ အာဏာ တည်းဟူသော အရှိန်အ၀ါတခုခုဖြင့် လူအများစုအပေါ် သြဇာတိက္ကမကြီးမားအောင် ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်၍ ရယူနိုင်ကောင်း ရယူနိုင်သော်လည်း လူအများစု၏ ကြည်ညိုလေးစားချင်ခင်ခြင်း ခံရမှုကိုမူ အတင်းအဓမ္မ လုပ်ယူ၍ မရနိုင်ဘဲ မိမိတို့ ပြုမူနေထိုင်သည့် အပေါင်းလက္ခဏာဆောင်သော ကောင်းမြတ်သည့် စိတ်ဓာတ်များ၏ ရောင်ပြန်ဟပ်မှုဖြင့်သာ ရရှိနိုင်သည်ဟု ထင်မြင်မိပေသည်။ ။

(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ ဒီဇင်ဘာလ၊ ၁၉၉၉ ခုနှစ်)

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More