Wednesday, January 25, 2012

“နေ၀င်မြင်သည် ရခိုင်ပြည်”

by Soe Min on Monday, December 12, 2011 at 7:36pm
          မြန်မာရာဇ၀င်တွေ၊ ပုံပြင်တွေထဲမှာ နေထွက်ဘုရင်၊ နေ၀င်ဘုရင်လို့ ပြောခဲ့ကြပုံထောက်ရင် ရခိုင်ပြည်ဆိုတာ နေ၀င်ဘုရင်ကြီးများရဲ့ တိုင်းပြည်ဖြစ်ပေလိမ့်မယ်။ ကျန်းဂန်ထဲကလို ဂေါ်ရာကျွန်းကို မယွန်းပေမယ့် ဘင်္ဂလားပင်လယ်အော်ကြီးထဲကိုတော့ နေလုံးကြီးက နေ့တိုင်းဆင်းဆင်းသွားတာ မဟုတ်လား။ ပထ၀ီအနေအထားအရ အနောက်ရိုးမတောင်တံတိုင်းကြီး ပိုင်းခြားထားတာကြောင့် ခေတ်အဆက်ဆက် ကိုယ့်မင်းကိုယ့်ချင်းစိုးစံခဲ့ကြပြီး ဘိုးတော်ဘုရားလက်ထက်ရောက်မှ သားတော်အိမ်ရှေ့မင်းက ရခိုင်ကို သိမ်းယူနိုင်ခဲ့ပါသတဲ့။ အဲဒီမတိုင်ခင် ပဝေသဏီကာလကတည်းက ရခိုင်မြန်မာ အပြန်အလှန် ကူးလူးဆက်ဆံမှုတွေ၊ စစ်မက်ကစားတာတွေ၊ စစ်ကူအားပြိုင်တာတွေလည်း ရှိတော့ ရှိခဲ့တာပေါ့။ ဒါပေသိ စစ်ပြီးရင် သမီးကညာ ပဏ္ဏာလက်ဆောင်လေးဆက်လိုက်ရင် ကြည်စေအေးစေဖြစ်ပြီး ကိုယ့်အိမ်ကိုယ်ပြန်ကြရော။ သူတို့လည်း ကိုယ့်ဆီ အမြဲမနေနိုင်၊ ကိုယ်တွေလည်း သူတို့ဆီ ကြာရှည်မပျော်နိုင်တဲ့ ဓလေ့ကိုး။ အခုရောက်နေတဲ့ အမ်းဆိုတဲ့အရပ်တောင် သားတော်အိမ်ရှေ့ဥပရာဇာ စစ်ကြောင်းသုံးကြောင်းးနဲ့ ရခိုင်ကို စစ်ချီတဲ့အခါ စစ်သူကြီးသတိုးမင်းစော ချီခဲ့တဲ့ လမ်းကြောင်းဆိုပဲ။ စမ်းချောင်းကလေး ဝေ့ဝေ့၀ိုက်ဝိုက်နဲ့ တောင်ကြားလမ်းကလေးဆိုတော့ သာတောင့်သာယာရှိမှန်း သိကြပါလိမ့်မယ်။ အဲဒီကနေ ဟိုးအနောက်ဘက်ကို ဆင်းလိုက်ရင် အင်မတန် စိတ်ဝင်စားစရာကောင်းတဲ့ ရခိုင်ရွှေပြည်ကြီးကို ရောက်တော့တာဆိုတော့ စူဠလိပ်ကလေးလည်း ခနခန ရေထဲဆင်းဖြစ်ပါတော့တယ်။ ကဲ .. ဒါကြောင့် အခုတစ်ခေါက်တော့ အများစောင့်မျှော်နေကြတဲ့ အာရကန်သွားတောလားကလေး ရေးဖြစ်ရပြန်ပါပေါ့။
          မြန်မာပြည်ရဲ့ ကမ်းမြှောင်ဒေသနှစ်ခုရှိရာမှာ ရခိုင်ကမ်းမြှောင်ကတော့ တနင်္သာရီလို ကိုယ့်ဘက်က ခြေခင်းလက်ခင်းသာတဲ့ အပွင့်ဘက်မဟုတ်ပဲ ရိုးမတောင်တန်းကြီး တစ်တန်းလုံး ကာရံထားလေတော့ တသီးတခြား အနေဝေးနေရတာပေါ့လေ။ ပင်လယ်အော်ကြီးရဲ့ အရှေ့ခြမ်းဒေသမို့ မိုးသက်မုန်တိုင်းများ ဦးတည်ရာလည်း ဖြစ်ပေသကိုး။ ဒီလိုကြမ်းတမ်းတဲ့ ပင်လယ်ပြင်ကြီးမှာ ရခိုင်သားတွေ ကျက်စားလာခဲ့ကြတာ ရာစုနှစ်ပေါင်း မနည်းတော့ပြီတဲ့။ ရခိုင်ရာဇ၀င်တွေကို လိုက်ဖတ်ရင် မြန်မာအစ တကောင်းက လို့ ပြောကြတဲ့ တကောင်းအဘိရာဇာကြီးရဲ့ သားတော်နှစ်ပါး ရှိရာမှာ ညတွင်းချင်းဘုရားမတည်နိုင်လို့ နန်းမရခဲ့တဲ့ ကိုကိုကံရာဇာကြီးက ရခိုင်ပြည်မှာသွားပြီး ထီးစိုက်နန်းတည်ပြုခဲ့တာတောင် ရခိုင်ရာဇ၀င်ရဲ့ သုံးပုံနှစ်ပုံလောက်ကျိုးမှ ၀င်ကရတဲ့ နောက်ပိုင်းမင်းသားကြီးဘ၀ပဲ ရရှာတယ်။ သူတို့မင်းဆက်တွေက ဘုရားရှင်ပွင့်တော်မူစဉ် အခါကတည်းက ဝေသာလီပြည်ဘီလူးကျခဲ့တာနဲ့ တဆက်တည်း စထားတာ။ ရခိုင်ဆိုတဲ့နံမည်တောင်မှ ရက္ခိုင်ဆိုပြီး ရက္ခိုက်ကဆင်းသက်လာတယ် လို့ ဆိုတယ်။ သရေခေတ္တရာ ရာဇ၀င်လိုပဲ ရသေ့ကြီးတွေ၊ ဆတ်မတွေ၊ မျောက်တွေ နဲ့ ဘီလူး ရက္ခိုက်တွေလည်း ပါတယ်။ ယုံချင်ယုံ မယုံချင်နေ။ နဒီ လေးနဒီ၊ ၀တီ လေးဝတီရှိခဲ့တာတော့ သေချာတယ်တဲ့။ မေဃ၀တီလို့ခေါ်တဲ့ မာန်အောင်၊ ဓည၀တီလို့ခေါ်တဲ့ မြောက်ဦး၊ ကျောက်တော်၊ ဒွာရာဝတီလို့ခေါ်တဲ့ သံတွဲ နဲ့ ရမ္မာဝတီ လို့ခေါ်တဲ့ ရမ်းဗြဲ လို့ဆိုတယ်။ မြန်မာတွေ စိတ်ကူးနဲ့ဖန်တီးရင် ပဉ္စရူပလောက်က တော်တော်ကြီး ဆန်းကျယ်နေပြီ။ ဒါပေမယ့် ရခိုင်ရိုးရာက န၀ရူပ ဗျာလ ဆိုတာနဲ့တွေ့ရင် နောက်ကောက်ကျသွားမယ်။ ဒီလိုဆိုပြန်တော့ ရခိုင်ဆိုတာ သေးသေးတင်တတ်တဲ့ အမျိုးမဟုတ်ဘူး။ လုံးကြီးတင်လိုက်ရမှ ကျေနပ်တာလို့ ထင်စရာပ။ အမှန်တော့ အဲလို မဟုတ်ပါဘူး။ တမူထူးခြား ကွဲပြားတဲ့ စရိုက်နဲ့ စိတ်နေစိတ်ထားကလေးကြောင့် အထင်မှားစရာဖြစ်နေတာပါ။
          ဘယ်လိုမှ သတိမထားမိပဲ မနေအောင် ထူးခြားတဲ့ စရိုက်စိတ်ထားတစ်ခုကတော့ အမျိုးအနွယ်ကို တလေးတစား စောင့်ရှောက်တတ်တာပါ။ ရခိုင်တွေက ရခိုင်ချင်းပဲ ပေါင်းလို့ရတယ်။ အပြင်လူနဲ့ မတူဘူးလို့ မဆိုနိုင်ပေမယ့် သားရေးသမီးရေးအိမ်ထောင်ရေးကိစ္စတွေမှာ ရခိုင်လူငယ်တွေက မြန်မာလူငယ်တွေထက် မိဘစကားနားထောင်ကြတာများပါတယ်။ အဲဒီစိတ်ဓါတ်ကြောင့်လည်း ခေါင်းတစ်လုံးမက တစ်ကိုယ်လုံး အမျိုးအဆွေတွေပါ တိုးဝှေ့ဝင်ရောက်လာသူတွေနဲ့ သွေးမနှောပဲ ကြံ့ကြံ့ခံထားနိုင်တာပေါ့။ `ရှမ်းတရုတ်သာ ရှိလိမ့်မယ်` လို့လည်း ဂုဏ်ယူစွာ ပြောတတ်လိမ့်ဦးမယ်။ လူမျိုးခြားတွေ ငွေဘယ်လောက်ရှိရှိ ရခိုင်သားပျို သမီးပျိုလေးတွေကို ၀ယ်ယူဖို့ မစဉ်းစားလေနဲ့။ သူတို့ကသာ ကိုယ့်ရခိုင်မျိုးနွယ်မပျက်ဖို့အတွက် ရခိုင်အမျိုးကောင်းသား အမျိုးကောင်းသမီးကလေးတွေကို ရွှေနဲ့ ငွေနဲ့ တန်ဖိုးစက်ပြီး ၀ယ်ယူတတ်ကြတာ။ မျိုးရိုးဇာတိကို ရွှေငွေဥစ္စာထက် တန်ဖိုးထားတယ်လို့ ပြောရင် ရတာပေါ့။ လူငယ်တွေအကြားမှာတောင် `ငါတို့ရခိုင်သား´ `ငါတို့ရခိုင်ပြည်´ ဆိုတဲ့ သီချင်းမျိုးတွေ အားရပါးရ ဆိုတတ်တာ ကြားရပါလိမ့်မယ်။ တခါမှ မမြင်မတွေ့ဖူးကြတဲ့သူချင်းတောင်မှ ရခိုင်အချင်းချင်း ပါလားလို့ သိလိုက်ရင် လည်ပင်းပြေးဖက်ဖို့ ၀န်မလေးဘူး။ (ပြီးကျမှ မူးပြီး သတ်ရသတ်ရ) စည်းလုံးလိုက်ကြတာ လို့ ပြောရင် ရတယ်။ မြန်မာလို ပီပီကြီးပြောနေတဲ့သူကလည်း ရခိုင်ချင်းတွေ့လို့ကတော့ `ဇာလူခွေးခွေး ငရို့မကွေး´ တွေ မိုးမွှန်နေအောင် ပြောတော့တာ။ အဲဒီတော့မှ သူ့လျှာအစစ်ကို ပြန်ရသွားသလိုပဲ။ ငရုတ်သီးတောင် ရခိုင်ငရုတ်ကမှ ပိုစပ်သတဲ့။ (အဲဒါတော့ ကိုယ်တွေ့) ကိုယ့်မျိုးနွယ်၊ ဘာသာ၊ စာပေ ယဉ်ကျေးမှုကို စောင့်ရှောက်တယ်ဆိုတာ ကမ္ဘာကြီးပြန်ပြားသွားတဲ့ ဒီကနေ့ခေတ်ကြီးမှာ ဘယ်လောက် အဖိုးတန်လိုက်သလဲ။
          စီးပွားရေးတို့ ဖွံဖြိုးတိုးတက်မှုတို့နဲ့ ကြည့်မယ်ဆိုရင်တော့ သူ့နောက်မှာ ချင်းပြည်နယ်တစ်ခုသာ ကျန်တော့သတဲ့။ ဟုတ်ချင်လည်း ဟုတ်ပေမပေါ့။ ပင်လယ်ပြင်ကျယ်ကြီးကမှ မသွားဘူးဆိုရင် သွားရေးလာရေးက ခက်ခဲပေသကိုး။ ပြတ်တောင်းပြတ်တောင်း ကားလမ်းကလေးတွေ တို့ထိတို့ထိပဲ ရှိတယ်။ ရန်ကုန် စစ်တွေ ကားလမ်းမကြီးဆိုတာတောင် ပေါ်တာ ဘာမှ မကြာသေးဘူး။ ပြည်မကြီးနဲ့ဆက်ချင်ရင် အမ်းတောင်ကြားလမ်းရယ်၊ ပန်းတောင်း တောင်ကုတ်လမ်းရယ်၊ ဂွ ငါးသိုင်းချောင်းလမ်းရယ်ပဲ ရှိတယ်။ ဟိုးအရင်ကဆို ကြယ်ငါးပွင့် သင်္ဘောကြီးတွေ တမေ့တမောစီးမှ ရောက်တယ်တဲ့။ စစ်တွေ သံတွဲကတော့ လေယာဉ်ဆင်းတာပေါ့။ အခုဆို ကျောက်ဖြူ နဲ့ အမ်း တောင် လေဆိပ်ကိုယ်စီနဲ့ဆိုတော့ အိုမဝေးဘု ရောက်လုပါပြီနော့။ ဒါပေမယ့် အဲဒါ ရန်ကုန်နဲ့သာ မဝေးတာလေ။ ဂွကနေ စစ်တွေကိုသွားချင် အနီးဆုံးခရီးက ရန်ကုန်ထိ လေယာဉ်စီး၊ ပြီးမှ ရန်ကုန်စစ်တွေပြန်စီး။ သူ့ပြည်နယ်ထဲမှာတော့ တစ်နေရာက တစ်နေရာ တစ်ညဆိုလည်းဟုတ်၊ နှစ်ညဆိုလည်းဟုတ်၊ လမ်းစားရိတ်ကလည်း မသက်သာလိုက်တာများ။ မူဆယ်သွားချင် ရွှတ်ကနဲ၊ ရန်ကုန်ပြန်ချင်ဘွတ်ကနဲ၊ ဟိုနားဒီနားဆိုရင်သာ အမြင်နီးသလောက် ခရီးဝေးသည့်တောင် ဆိုတာမျိုး။ ငါး၊ ပုဇွန်၊ ဂဏန်းတွေက လူထက်များ ဘုန်းကြီးနေရော့သလား မဆိုနိုင်။
          သို့သော်လည်း ရခိုင်သားတွေဟာ အနေဆင်းရဲချင်သာ ဆင်းရဲမယ်။ အစားကတော့ ဆင်းရဲစရာမရှိပါဘူး။ ပင်လယ်ကြီးက ၀အောင်ကျွေးထားနိုင်သပ။ ရိုးမတောင်ကြီးပေါ်ကလည်း အမဲဟင်းလျာတင်မကဘူး။ သစ်တောထွက်ရိက္ခာတွေ ဖူလုံအောင် ရတာပဲ။ ဆန်ရေစပါးကျပြန်တော့ မြေပုံ၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းက ထွက်သတဲ့။ မိုးလာမှ ပျိုးသာတဲ့အရပ်မဟုတ်ပဲ မိုးကောင်းလွန်းလို့ တစ်နှစ်ပတ်လုံး ရေတွင်းရေကန်လျှံနေအောင် ရွာတာမျိုးမို့ အလေ့ကျပေါက်ပင်များတောင် ခုတ်သိမ်းမနိုင်အောင် အမြဲစိမ်းနေတဲ့ တောကြီးတွေဖြစ်နေတာပေါ့။ ဆင်းရဲတယ်ဆိုတာကို မငြင်းနိုင်သော်ငြား ရှားပါးချို့ငဲ့တဲ့အထဲတော့ မပါလေဘူး။ ဆရာဝန်လစာနဲ့ မိသားစုလိုက် ထမင်းဝအောင်စားလို့ရတာ အမ်းမှာပဲ ရှိမလား မပြောတတ်။ စစ်တွေမှာဆို မြို့ဟိုဘက်ထိပ် ဒီဘက်ထိပ် ဆိုက်ကားပတ်စီး သုံးရာလောက်ပဲ ကုန်မယ်။ ခေါက်ဆွဲကဘား ငါးရာဖိုးလောက်ဆို တစ်နပ်စာဝတယ်။ မုန့်တီဆို နှစ်ရာပဲ ကုန်မှာ။ ရန်ကုန်မှာ မုန့်ဟင်းခါးတစ်ခါစား တစ်ထောင်။ မီးမရှိ၊ ရေမလာ၊ အင်တာနက်မရတာတွေ ဖယ်လိုက်ရင် ဘာမှ လိုလေသေး မရှိသလိုပဲနော်။ ဒါကြောင့်မို့လည်း ရပ်ပြစ်ရှစ်ပါးမကင်းသောအရပ်ကလူတွေ ၀င်လာမစဲတသဲသဲ ဖြစ်နေတာနေမှာ။
          သဘာဝပတ်ဝန်းကျင် သာယာပုံတွေကတော့ ကိုယ်တိုင်လာကြည့်မှသာ ပြည့်စုံပေလိမ့်မယ်။ ဘင်္ဂလားဆည်းဆာဟာ စစ်တွေကကြည့်တော့ တစ်မျိုး၊ ကျောက်ဖြူကကြည့်ရင်တစ်ဖုံ၊ ချောင်းသာကမြင်တော့ တစ်နည်း၊ မတူပြန်ဘူး။ နွေ၊ မိုး၊ ဆောင်းမှာလည်း အဆင်ကွဲသေးတာပဲ။ မအီကနေ ကျောက်ဖြူကိုသွားတဲ့ ကားလမ်းဟောင်းကလေးဆို အင်္ဂလိပ်တွေကိုက နံမည်ပေးထားတာ အိပ်မက်လမ်းတဲ့။ ပင်လယ်ကမ်းခြေနဲ့အပြိုင် ကတ္တရာလမ်းကလေးဟာ တစ်ဘက်မှာ တောင်နံရံတွေ ရှိတဲ့အခါရှိမယ်။ လယ်ကွင်းစိမ်းကလေးတွေ တွေ့တဲ့အခါတွေ့မယ်။ အုန်းတောညို့ညို့ကလေးတွေ မြင်တဲ့အခါ မြင်ရမယ်။ ဇင်ချောင်းဆိုတဲ့ ရွာကလေး ရောက်ရင်တော့ ကားလမ်းကို မျက်နှာပြုထားတဲ့ တံငါတဲကလေးတွေအနောက်မှာ ပင်လယ်ပြင်ကျယ်ကြီးကို ရင်သပ်ရှုမော တွေ့ရမယ်။ တစ်ခါကတစ်ဘ၀ ရုပ်ရှင်ထဲက စက္ကနဲ့လုလု တို့နေတဲ့ အိမ်ကလေးတွေ အတိုင်းပဲ။ ပင်လယ်ကြီးကို အိမ်နောက်ဖေးက စမ်းချောင်းကလေး အမှတ်နဲ့ ကျောပေးထားလေရော့သလား။ လှေကလေးတွေပြန်လာတာကို မိန်းမနဲ့ကလေးတွေက အပြေးလေးကြိုလို့။ မြေပုံထဲမှာ တသီးတခြားတွေ့ရတဲ့ ရမ်းဗြဲကျွန်းကြီးဟာ အပြင်မှာတော့ ကားလမ်းတစ်ဆက်တည်းနဲ့ ရောက်သွားမှာ။ လတာပြင် ဒီရေတောကြီးပေါ်မှာ ဟနုမာန်ကျောက်စီတဲ့နည်းနဲ့ လမ်းဖောက်ထားပါသတဲ့။ အဲဒီကျွန်းပေါ်မှာမှ ကျောက်ဖြူကတစ်မြို့၊ ရမ်းဗြဲကတစ်မြို့။ ရမ်းဗြဲက တောင်ကုန်းတောင်မြင့် မြစ်ချောင်းကလေးနဲ့ ပိုလှပါတယ်။ ကိုယ်ရံတောင်ပေါ်မှာဆို အိမ်အကြီးကြီးတစ်လုံးစာမကတဲ့ ညောင်မုတ်ဆိပ်ပင်ကြီးတွေရှိတယ်။ ကျောက်ဖြူမှာတော့ ကျောက်တစ်လုံးဘုရားရယ် ကံကော်တောဘုရားရယ် ရှိတယ်။ မာန်အောင်ကတော့ သူ့ဟိုဘက် စက်လှေနဲ့သွားမှ ရောက်သတဲ့။
ဗာတဲလို့ခေါ်တဲ့ ပြင်သစ်စားတော်ကဲကြီးဟာ လူဝီ၁၄ ကို ထမင်းစားပွဲနဲ့ ဧည့်ခံရတော့ ရေနတ်သမီးရဲ့ဟင်းလျာများနဲ့ တည်ခင်းဧည့်ခံပါသတဲ့။ သူမှာထားတဲ့ ပင်လယ်စာ ငါးပုဇွန်များဟာ မုန်တိုင်းမိလို့ တစ်ရက်နောက်ကျပြီးမှ လှေတွေဝင်လာတာကြောင့် ရေခဲရိုက်တွေနဲ့ ချက်ပြုတ်တည်ခင်းလိုက်ရသတဲ့။ မင်းပရိသတ်အလုံးစုံတို့က အံချီးမကုန် ထောပနာ ချီးမွမ်းကြသော်ငြား မလတ်ဆတ်တဲ့ ငါးပုဇွန်တွေနဲ့ ချက်ပြုတ်တည်ခင်းရတာ သူလိုချင်တဲ့အရသာ မပေါ်လေခြင်းဆိုပြီး သူ့ကိုယ်သူ သတ်သေသွားရှာသတဲ့။ `အဲသလောက် အကဲပါတာဖြင့် သေတာတောင်နည်းသေး´ လို့ထင်ရင် ကျောက်ဖြူရောက်တဲ့အခါ ကျောက်ပုဇွန် လတ်လတ်ဆတ်ဆတ်၊ ပင်လယ်ငါးမုတ် လတ်လတ်ဆတ်ကလေးတွေ မြည်းကြည့်လိုက်ကြပါဦးလေ။ ကိုယ်ချင်းစာနိုင်သွားပါလိမ့်မယ်။ မတူတာတော့ အမှန်ဗျ။ အမ်းမြို့က နံမည်ကျော် ၀ါးတုတ်လို့ခေါ်တဲ့ မျှစ်ဟာ ကြွေဇွန်းကလေးနဲ့ ဖဲ့လိုက်ရင်တောင် ဆတ်ကနဲကျိုးသွားအောင် နုပါတယ်။ မှိုရာသီဆိုရင်လည်း လေးလေးပင်ပင် ချိုတဲ့မှိုကလေးတွေ စားရပြန်တာပဲ။ ဘာမဆို ရန်ကုန်မှာ အကုန်လုံး ၀ယ်လို့ရနိုင်ပေမယ့် လတ်ဆတ်မှုက ပါမလာတော့ဘူး။ မောင်မင်းကြီးသား ကျုပ်တို့ဆီမှာ လူလာဖြစ်ခဲ့ရင်ဖြင့် အခါခါ သေလို့ကို ဆုံးမှာ မဟုတ်တော့ဘူး။
          `စစ်တွေနဲ့ မြောက်ဦးကရော မလှလို့လား´ ဆိုရင်ဖြင့် ကိုဝင်းဦးလက်ရာ `တိမ်လွှာမို့မို့လွင်´ ကို ပြန်ကြည့်ဖို့ ညွှန်းပါမယ်။ စစ်တွေမြို့ကို အင်္ဂလိပ်တွေက အကိရတ် လို့ခေါ်ပြီး တည်ခဲ့တဲ့အခါ မြို့ကွက်၊ အိမ်ခြေ၊ လမ်းပန်းကစလို့ သူတို့စိတ်ကြိုက် ခင်းကျင်းသွားခဲ့တာမို့ ကိုလိုနီခေတ်အရိပ်အငွေ့ လက်ရာကလေးတွေ မြင်နိုင်ပါလိမ့်မယ်။ စစ်တွေရဲစခန်းက နာရီစင်အဟောင်းကြီးဆို သီပေါမင်းလက်ထက်တော်ကတည်းက ရှိခဲ့ပါသတဲ့။ ခင်လေးဆွေ နဲ့ မြင့်မြင့်ခင်ကြီး ကိုဝင်းဦးအလောင်းကို သွားပစ်ကြတဲ့ အုန်းတောကလေးလည်း ရှိသေးတယ်။ သူတို့တည်းတဲ့ စစ်တွေကအိမ်ကြီးလည်း အရင်အတိုင်းပဲ။ အပါ့ဆီက ယုန်ကလေးထွက်ပြေးတဲ့ ပွိုင့်ကလည်း ရှေးမူမပျက်။ ရေတပ်ဝတ်စုံအဖြူဆွတ်ဆွတ်နဲ့ လူချောလူလှ ကိုဝင်းဦးကြီးရိုက်ပြခဲ့တဲ့ စစ်တွေမြို့ကြီးဟာ ကိုကိုနေတိုးတို့ ခေတ်မှာလည်း အရင်အတိုင်း လှနေဆဲပါပဲ။ ရခိုင်ပြည်ကြီးရဲ့ အလှအပနဲ့ ယဉ်ကျေးမှုတွေကို အကောင်းတကာ့အကောင်းတွေကိုသာ ကြိုက်တတ်တဲ့ ကိုဝင်းဦးက မျက်စိမလျှမ်းခဲ့ပါဘူး။ မိန်းမလှအမုန်း ၀တ္ထုထဲမှာလည်း မြောက်ဦးကို ရာဇ၀င်မကျန်အောင် လှန်ထားခဲ့တယ်။ မြောက်ဦးကဘုရားတွေကို ရုပ်ရှင်ထဲမှာ လှလှပပရိုက်ပြတာ သူအရင်ဆုံး ဖြစ်ပေလိမ့်မယ်။ အင်းဝခေတ်လောက်ကမှ ဖြစ်ပေလိမ့်မယ်လို့ ခန့်မှန်းကြပေမယ့် ပုဂံခေတ်က လက်ရာများနဲ့တောင် တမူခြားနားပါတယ်။ ကျောက်စိုင်ကျောက်သား အခိုင်အမာနဲ့ ခံတပ်ကြီးတွေလို ထင်ရတယ်။ မြန်မာတွေမှာ ပုဂံသာသနာ ထွန်းကားခဲ့သလိုမျိုး၊ မွန်တွေမှာ ပဲခူးသာသနာ စည်ပင်ခဲ့သလိုမျိုး၊ ရခိုင်တွေမှာလည်း ဓည၀တီသာသနာတော်ကြီး ဖွံ့ဖြိုးခဲ့တာ အထောက်အထား ခိုင်မာပါတယ်။ ဒီနေရာမှာလည်း ရခိုင်သားတို့က ရှင်တော်ဗုဒ္ဓကိုယ်တော်တိုင် သူတို့ဆီကြွလာပြီး ကိုယ်စားတော် ကိုယ်ပွားတော် ထားခဲ့လေတယ်ရယ်လို့ မော်ကြွားကြပြန်တာပါပဲ။ ဒဂုံဆံတော်ရှင်လို မဇ္ဇိမက ပင့်ဆောင်လာရတာမဟုတ်ဘူးလေ။ သားတော်အိမ်ရှေ့မင်း ပင့်ဆောင်သွားတဲ့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးတောင် `အဲဒါ အတုကြီးပေးလိုက်တာ။ အစစ်က ရေထဲမှာ ၀ှက်ထားလိုက်တယ်´ ဆိုတာမျိုး ပုံပြင်ကလေးတွေနဲ့ ကလေးတွေကို ဖြေသိမ့်ကြပါတယ်။ သံခင်းတမန်ခင်းအားနည်းလို့ ထီးနန်းစွန့်ရတဲ့ ရခိုင်ဘုရင် မဟာသမ္မတမင်းအကြောင်းကလည်း သိဖွယ်မှတ်ဖွယ်ပါပဲ။ ခါတိုင်းလို သမီးကညာဆက်လို့ စစ်ပြေငြိမ်းစကားဆိုတဲ့အခါမှာ ရာဇ၀င်အဆက်ဆက် မြန်မာမင်းတို့ကသာ ရခိုင်မင်းတို့ထံ ကညာဆက်ရရိုးရှိသတဲ့။ သူတို့ဘက်က နန္ဒဘုရင်လက်ထက်မှာ ဘုရင့်နောင်ရဲ့သမီး ကို ရထားဖူးတာကိုး။ သူ့လက်ထက်ကျမှ ရခိုင်က ကညာဆက်ရရင် ရာဇ၀င်ရိုင်းလိမ့်မတဲ့။ `သင်းတို့ ငရို့မြေကို ဖဲ့ယူသယ်ဆောင်၍မရ။ အချိန်တန်က ပြန်ရမည်သာ။´ လို့ဆိုပြီး သံတွဲဘက်ကို တိမ်းရှောင်ပါသတဲ့။ စစ်ရှုံးဖို့မြင်တဲ့အခါ ငြိမ်းချမ်းရေးလေသံပစ်ရတယ်လို့ သဘောမပေါက်ရှာဘူးနော်။
         ရခိုင်သမချေလေးတွေမှာတော့ စစ်တွေသူတွေက ညိုပြာညက်ကလေးတွေများပြီး မာန်အောင် ကျောက်ဖြူသူကလေးတွေကမှ ဖြူဖြူဖွေးဖွေး ရေဆေးငါးလို လှနိုင်ရှာသူလေးတွေပါတဲ့။ ရှမ်းမကလေးတွေ ဖော်ရွေခင်မင်တတ်ပုံနဲ့ မတူပေမယ့် ရခိုင်သူကလေးတွေကလည်း အပြုံးမပျက် သည်းညည်းခံ စိတ်ရှည်တတ်ကြပါတယ်။ ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့ဟန်ရှိပေမယ့် သတ္တိကတော့ မခေပေါင်။ တချို့အရပ်တွေမှာ လင်သည်လုပ်သူကို ရွာလယ်ခေါင် ညီကလေး ရန်ဖြစ်နေလေရဲ့ လို့ သူများက လာခေါ်လို့ ထွက်သွားတာမြင်ရင် နောက်ကနေ အပြေးကလေး လိုက်ခေါ်တတ်တာ။ `သူများတကာ ရန်ဖြစ်ပါတယ်ဆိုမှ လက်ချည့်ပလာ မသွားနဲ့လေ။ ဓါးလေးဘာလေးယူသွား´ ဆို လိုက်ပေးတယ်ဆိုပဲ။ စိတ်တွေဆိုးလို့ သူတို့ကိုယ်တိုင် ဓါးနဲ့အလိုက်ခံရတော့မယ်။ အလကား စတာနော်။ အင်းဝက ရှင်မဟာရဌသာရကြီးတောင် `သျှင်သာရခိုင်တန်ဆောင်လော´ လို့ စာဖွဲ့ယူရတဲ့ ဣနြေ္ဒရှင်ကလေးတွေပါ။ လတ်လျားလတ်လျား လမ်းသလားလေ့မရှိဘူး။ ကိုယ့်အိမ်ထဲမှာတင် ဆံပင်တွေ မီးပူတိုက်၊ အရောင်ဆိုး၊ ခြေသည်းလက်သည်း ဆေးချယ်ပြီး ၀ါးလုံးခေါင်းထဲ လသာတတ်တဲ့အမျိုး။ နို့မို့ ဆုန်သင်းပါရ်တို့ သက်မွန်မြင့်တို့လောက်တော့ ကျော်ဦးမှာ။
          ရခိုင်သားကလေးတွေကတော့ နှုတ်ဖျားမှာ တေးသံ၊ လက်ဆံမှာ ကကြိုး၊ ပုဆိုးကြားကဟာ ပုလင်း လို့ ပြောရမလားမသိဘူး။ သီတင်းကျွတ်လပြည့်ညတုန်းက စစ်တွေသားတွေ ကလိုက်ခုန်လိုက်ကြတာ အုန်းအုန်းကိုဆန်လို့။ တက်တူးလေးတွေ နားဋောင်းကလေးတွေ ကိုယ်စီနဲ့ အမဲခြောက်ကလေးတွေ မီးပြထားသလိုပဲ လူးလူးလွန့်လွန့် ကတတ်လိုက်ပုံများ။ ရန်ကုန်သင်္ကြန်တောင် အရှုံးပေးရမယ်။ ရခိုင်မှာလည်း ဟစ်ပ်ဟော့ပ်တွေ ရက်ပ်တွေ ရှိတာကလား။ မြန်မာလိုဆိုတာတောင် နားမလည်လိုက်တာတွေ ရခိုင်လို ကြားရတော့ မွှတ်ကရော။ အိမ်ရှေ့မှာ ဆောင်းဘောက်ကြီးတွေချ၊ လက်တော့ပ်ကလေးတွေနဲ့ ရွက်ပုန်းသီး ဒီဂျေဆရာလေးတွေ အများကြီး တွေ့ခဲ့တယ်။ ပိုင်အိုးနီးယားလောက်တော့ အချဉ်ပဲ။ ကားတွေနဲ့လည်ပြီး ကကြတာလည်း ရေမပက်တဲ့သင်္ကြန်ပါပဲလေ။
          အခါကြီးရက်ကြီးမို့ဆိုရင် ဘုရားကျောင်းကန်တွေမှာလည်း ကြိတ်ကြိတ်တိုးစည်ပါတယ်။ အထူးသဖြင့် ရခိုင်ရဟန်းပျိုများဟာ ဘာသာရေးပွဲတော်တွေမှာ တော်တော် တက်တက်ကြွကြွ ဦးဆောင်ကြပါလိမ့်မယ်။ ပခုက္ကူ၊ မန္တလေး ပြီးရင် ရခိုင်သံဃာတော်များရဲ့အားဟာလည်း ဗုဒ္ဓသာသနာတော်ကြီးအတွက် တော်တော်အထောက်အကူဖြစ်ပုံပါ။ ရခိုင်သက်ကြီးဝါကြီးများကလည်း ဘုရားကျောင်းကန် နေ့တိုင်းရောက်ကြတာကိုး။ အလှူအတန်းလည်း မွေ့လျော်ကြပါပေတယ်။ သည်လိုဆိုတော့လည်း ဘယ်မှာ ဆင်းရဲလို့တုန်းနော်။ ရှေ့စကားနောက်စကား မညီလိုက်တာလေ။ ဟိုးတခါ ရွာတွေဆင်း ဆေးကုဖြစ်တုန်းက ချီဂွေဗားရားပဲ လုပ်တော့မလို ရေးခဲ့ပြီး။ ဒါနဲ့ ဘာတွေဘယ်လိုဖြစ်ကုန်တာပါလိမ့်လို့ ပြန်စဉ်းစားကြည့်တဲ့အခါ တိုင်နဲ့ခေါင်းနဲ့သာ ပြေးပြေးဆောင့်ချင်မိတော့တယ်။ ဟုတ်ပါတယ်။ ဆင်းရဲတယ်။ မွဲတယ်။ မတိုးတက်ဖူး။ ဒါပေမယ့် ငတ်တော့ မငတ်ဘူး။ တစ်ဝမ်းတစ်ခါးကျောင်းရတာ သိပ်မပင်ပန်းလှပါဘူး။ တစ်ခုပဲ။ နာရေးဖျားရေး ရှိလာတဲ့အခါမှာတော့ တုန်းလုန်းစာက တယ်စားရိတ်ထောင်းလှသကိုး။ ဆရာဝန်ရှိတဲ့အရပ်ကို ရောက်အောင်သွားရင်းနဲ့တင် စုဆောင်းထားတာလေးတွေ ပြုတ်ပြုတ်ပြုန်းလို့ ဆေးဖိုး အနိုင်နိုင်၊ အဲဒီက ထပ်လွှဲလို့ကတော့ အိမ်ပြုတ်ယာပြုတ်ဖြစ်တော့မယ်။ အပြီးသတ်တော့ ရန်ကုန်ရောက်လည်း `ဆရာဝန်က လက်လျှော့လိုက်ပြီ။ ပြန်တော့´ လို့ဆိုရင် လူနာတင်သေတာမဟုတ်ဘူး။ ကျန်ခဲ့တဲ့သူတွေလည်း သေလုမျောပါး ဒုက္ခရောက်ကျန်ရစ်ခဲ့တာ။ တကယ်လို့များ ထိုက်သင့်တဲ့အတတ်ပညာရှင် ဆရာဝန်ကလေးတွေ လက်လှမ်းမီရာမှာ ရှိနေရင် သူတို့ဘ၀က အဲလောက်ဆိုးစရာ အကြောင်းမရှိဘူးနော်။ ကဲ.. မြင်ပြီမဟုတ်လား။ သူများကို အပြစ်တင်ရမှာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရမှာ။ ဆရာဝန်တွေက ရန်ကုန် မန္တလေးက အပြင်ကို ပို့ရင် ထွက်စာအရင်တင်ကြတာလေ။ သူတို့စိတ်ထဲမှာရှိတာ ဘွဲ့တွေတသီကြီး ရအောင်ကြိုးစားမယ်။ နိုင်ငံခြားမှာ ပညာသွားသင်မယ်။ အထူးကုဆေးခန်းအကြီးကြီးတွေမှာ နံမည်အကြီးဆုံး ဆရာဝန်ကြီးဖြစ်အောင် ကြိုးစားမယ်။ အဲဒါ အကုန်ပဲ။ `မင်းဘာသာ သေတဲ့အထိ ကိုယ့်ဘာသာ အဲဒီမှာပဲ နေပေါ့ကွာ´ လို့ မပြောရင် ဇက်လာဖြတ်လှည့်။ ညောင်မြစ်တူးမိတာ ပုတ်သင်ဥတွေတော့ ပေါ်ကုန်ပါပြီ။ တကယ်တော့ အမ်းကလွဲရင် ကျန်တဲ့ ရခိုင်မြို့တွေမှာ စီးပွားရေး ဒီလောက် အဆိုးကြီးမဟုတ်ပါဘူးတဲ့။ အမ်းကတော့ အိမ်ဖော်ခေါ်လို့တောင် မလိုက်နိုင်ဘူး ငြင်းတဲ့မြို့။ တခါက တောင်ကုတ်ကခေါ်လာတဲ့ ကလေးထိန်းလေးကို `အမ်းကလား´ လို့မေးမိလို့ ဆတ်ဆတ်ခါ နာတယ်ဗျား။ ဆရာဝန်တွေ မလာတာ ဘာမှ မဆန်းဘူး။
           ဘယ်သူလာလာ မလာလာ၊ ကိုယ်ကတော့ နိုင်ငံတော်ရဲ့ ကျေးဇူးနဲ့ ကိုးကန့်မိတ်ဆွေတွေ၊ ဘူတန်သူငယ်ချင်းတွေတင် မကဘူး။ ဒီတခါတော့ ရခိုင်အသိအကျွမ်းတွေပါ ရလိုက်လို့ ၀မ်းသာပါသလေ။ ဘတ်စကားတွေဟာ ရန်ကုန်မှာပဲ ဂိတ်စဂိတ်ဆုံးချင် ဆုံးပါစေ။ ဘ၀ဆိုတာကြီးဟာ ရန်ကုန်မှာတင် ဂိတ်စဂိတ်ဆုံးမယ်ဆိုရင် ဘယ်လောက် ပျင်းစရာကောင်းလိုက်မလဲ။ ဘယ်မှ မရောက်လို့ ဘာမှ မသိရင် ဒီလိုပေါက်တတ်ကရစာတွေ ဘယ်သူမှ ဖတ်ရမှာ မဟုတ်ဘူးနော်။ ဒီ့ထက်ဆန်းကျယ်တဲ့ အင်္ဂလန်သွားတောလားတို့၊ ပြင်သစ်ပြည်မှာ ခဏတာတို့၊ ဂျပန်ပြည်မှာ ခုနစ်ရက်တို့ ဖတ်ချင်ရင်တော့ ဒီစာတွေကို `ဖိုးလနတ်သား တိမ်ကြားက ဖတ်စေသားလို့ ဆုတောင်းရမလား သတိထား တော်တော်ကျယ်…´ လို့သာ ဟစ်လိုက်ကြပါစို့။ ဆရာကြီးလူထုဦးလှလို ထောင်နှင့်လူသား မရေးရရင် တော်လှပေါ့။ ဟုတ်ဘူးလား။ ကဲ.. မုဒ်ဝင်နေတုန်း အရှိန်ကလေးနဲ့ ဆက်လိုက်ကြရအောင်လေ။

`မောင်ရယ် … နှစ်ယောက်တည်းဆိုရင်မောင်ရယ်.. ဧ၀ရက်တောင်ထိပ်… နေချင်ရင် ခုသွား..။ ရေ … ရှားတဲ့ သဲကန္တာရ ဆာဟာရ မရှောင်တယ်။ နေ .. မမြင် .. ရေပြင်ခဲတဲ့ မြောက်ဝင်ရိုးစွန်းကိုပဲ ခေါ်ခေါ် ပျော်ပါမယ်။ သည်းသည်းမည်းမည်း ဇွဲနဲ့ .. နှစ်ယောက်တည်း နေ ချင်…. တယ်။´
(အသူနန့် လားဖို့ဗျာယ် လို့တော့ မမေးနဲ့။ ဇွဲနဲ့လို့ပါဆို။ ဇွတ် … )
ကို စိုးမင်းSoe Min (facebook)ထံမှ ကူးယူဖော်ပြပါသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More