Wednesday, January 25, 2012

`အေဘီစီဒီ မတပ်ပဲနဲ့ အရပ်ထဲကိုဝင်´

by Soe Min on Tuesday, January 17, 2012 at 3:25pm
          `ကိုဘီအေ အုပ်ပေါင်းပေါင်းလို့ တုတ်တစ်ချောင်းနဲ့ လမ်းကိုလျှောက်တယ်။´ဆိုတဲ့ မကြည်အောင်တို့ခေတ်ကလို မဟုတ်တော့ပဲ အေဘီစီဒီ တစ်ခုခု တပ်တပ်ပြီးမှ အရပ်ထဲကို ၀င်ဝင်လာတဲ့သူတွေ တွေ့ရတဲ့အခါ `တမျိုးကြီးပါလား အရပ်ကတို့ရဲ့´လို့ တွေးမိတာ ကြာပါပြီ။ အရပ်ဘက်ကလူတွေကတော့ ကျွန်တော် စာလုံးပေါင်းသတ်ပုံမမှားမှန်း သိကြပါလိမ့်မယ်။ `သြော် .. မင်းက ဒီလိုလား။ သွား သွား သွား။ တို့အနားမလာနဲ့ တော်ရာသွားနေ´ လို့ ပြောချင်တဲ့သဘောလား။ ခြေတွေလက်တွေထိခိုက်သွားတဲ့ `ဒီ´ ဆရာတွေလို စောင်မကြည့်ရှုတဲ့သဘောလား တော့ ပြောရခက်ပါတယ်။ တချို့ဆို စောစောစီးစီး စိုင်ကော်သလို ခြုံပေါ်ရောက်သွားကြလို့ အနေကြပ်နေတဲ့သူတွေက `တို့လည်းပဲ အားကျပါရဲ့ မင်းလိုပုံနှယ်´ ဆို အတုကောက်တပ်ရတော့မလိုလည်း ဖြစ်ကြသတဲ့။ ဒါတွေက သတ္တ၀ါတစ်ခု ကံတစ်ခုနဲ့ပဲ ဆိုင်တာလေ။ သို့သော်ငြားလည်း မဆိုင်တဲ့အပေါက် ဂလိုင်နဲ့ခေါက်ဆိုသလို အသိမှား အမြင်မှားလေးတွေက အယူမှားအစွဲမှားကြီးတွေ ဖြစ်လာမှာစိုးလို့ ဒါးခုတ်ရာ လက်ဝင်လျှိုလိုက်ကြပါစို့။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ကိစ္စကိုပဲ ပြောတာနော်။ ကျန်တာတွေ သားသား နားမလည်။
          ကျုပ်တို့ကိုက မယောင်ရာဆီလူးပြီး တလွဲဆံပင်ကောင်း နောက်စေ့ခေါင်းပေါင်း ပေါင်းတတ်တဲ့နေရာမှာ အိတ်စပတ် မဟုတ်လား။ ခပ်ငယ်ငယ်ကလေးဘ၀တုန်းက လက်မှာဝဲတွေ ပေါက်ခဲ့ဖူးပါတယ်။ သူငယ်ချင်းတစ်ယောက်ရဲ့အမေက တွေ့သွားတော့ `ဟယ်.. အဲဒါ ၀ဲတွေ´ လို့ အလန့်တကြားအော်ပြီး ကိုယ့်ရှေ့မှာတင် သူ့သားကို အရက်ပျံတွေနဲ့ ရေပတ်တိုက်ပေးပါတယ်။´ ယားကျိကျိကနေ စပ်ဖျဉ်းဖျဉ်းဖြစ်သွားတာကတော့ အရက်ပျံမသလပ်တဲ့ ကိုယ်ကိုယ်တိုင်ပါပဲ။ ကိုယ့်ထက်စာရင် ကျန်းမာရေး အသိပညာရှိပြီး ကူးစက်ရောဂါတွေကို ကာကွယ်ရကောင်းမှန်းသိလို့ ပညာတတ်၊ အဆင့်မြင့်လူတန်းစားလို့ ဆိုနိုင်ပေမယ့် သူ့အိမ်မှာ ပိုလီယိုရောဂါသည်ကလေးရှိနေပြီး `အဲဒါ ဟိုဆရာဝန် ဆေးထိုးမှားလို့ ဖြစ်သွားရတာလေ´ လို့ ရင်ထုမနာ တဖွဖွပြောတတ်တာကို ကလေးဘ၀တုန်းကတော့ `ဟုတ်မှာပေါ့´ လို့ ထင်ခဲ့မိသား။ အခုပြန်တွေးမိတဲ့အခါ သူ့ခမျာ`ခြင်နဲ့ဆင်ကို ယရစ်နဲ့ ၀လုံးကလေးပဲ ကွာတာပါ´ လို့ မှတ်နေပုံပါပဲ။`သူများအတင်းတွေ ငယ်ကျိုးငယ်နာဖော်ပြီး တုပ်လိုက်ပြန်ပဟ´ လို့တော့ မတွေးစေချင်ပါဘူး။ အဲဒီအမူအကျင့်တွေက အခုအခါ သူသူကိုယ်ကိုယ် ဆရာဝန်ဆရာမ ဆေးလောကသားတွေထဲမှာပါ တွေ့လာရတဲ့အခါ အပြင်လူတွေက သည့်ထက်ဆိုးမှာစိုးလို့ အတွေးစကလေးတွေဖော်ပေးလိုက်မယ်။ ဆက်ဆွေးနွေးတွေးတောကြည့်ရင် မကောင်းဘူးလား။
          ကူးစက်ရောဂါဆိုတာ သီးခြားဆက်ဆံ ကုသမှုပေးရတာ မှန်ပေမယ့် ခွဲခြားဆက်ဆံ တိမ်းရှောင်တာကတော့ ဆရာဝန်တွေအတွက်ဆို တာဝန်ဝတ္တရားပျက်ကွက်မှုတစ်ခုပါပဲ။ ဝေဒနာသည်ဆီကနေ ကိုယ့်ကို မကူးစက်အောင်၊ တခြားသူတွေကို မကူးစက်အောင် သတိပြုဆောင်ရွက်ရတာကတော့ မမေ့မလျော့ မပေါ့မဆ သတိထားရမှာပေါ့။ သို့သော်လည်း ဝေဒနာရှင်အရှေ့မှာ တည်ကြားကြမ်းကြုတ် စက်ဆုပ်အံသြတွေ သိသာစေပြီး `သူ့ကိုဟိုးဘက်ထောင့်က အိမ်သာနားကိုရွှေ့လိုက်´ လို့ စီမံပုံကတော့ ဟုတ်သေးပါဘူး နော့။ ခက်တာက အဲသလိုမှ မထားပြန်ရင်လည်း အဆောင်ထဲမှာ ထားစရာနေရာကမရှိ။ ဆိုးတာက ဆရာဝန်လေးတွေရော၊ ဟောက်ဆာဂျင်လေးတွေရော၊ သူနာပြုကလေးတွေပါ အဲဒီအနားကိုရောက်သွားမိရင် အလကားနေရင်း လူနာကို ညိုညိုညင်ညင်နဲ့ မထိချင်သလို မကိုင်ချင်သလို ထောင်ထဲကထမင်းချက် ပဲဟင်းပုံပေးတဲ့အမူအရာနဲ့ ပြုစုပေးကြတာပါ။ (ကျုပ်ကတော့ ရုပ်ရှင်ထဲမှာပဲ တွေ့ဖူးတယ်။ အပြင်မှာ အဲလိုဟုတ်သည် မဟုတ်သည် ပူပူနွေးနွေး အိမ်ပြန်လမ်းကလူတွေ မေးကြည့်ကြပေါ့။)
          ဝေဒနာသည်တိုင်းဟာ မိုက်ကြွေးမိုက်ပြစ်ကြောင့် မဟုတ်ပါဘူး။ သို့သော်လည်း တစ်ယောက်ယောက် အေကိုက်ပြီဆိုရင် ဟုတ်ဟုတ် မဟုတ်ဟုတ် `အခြောက်ကြီးလား။ ဘိန်းစားလား၊ မကောင်းတာလုပ်စားသလား´ ဆိုတဲ့ သံသယဟာ ဂီလာနရဟန်းများကိုတောင် ချမ်းသာမပေးပါဘူး။ `အရှင်ဘုရား ငယ်ဖြူလား´ လို့တော့ တိုတိုတုတ်တုတ် မေးကြတာချည့်ပါ။ အပြင်လူတွေ ပြောပါနဲ့လေ။ လင်မယားချင်းတောင် ဒီရောဂါရှိလာရင် `အဲဒါ ဘယ်သူနဲ့ ရခဲ့တာလဲ ပြော´ ဆို ထသတ်တတ်ကြလို့ နှစ်ယောက်စလုံးမှာ ရှိနေမှ အိမ်ထောင်မြဲတတ်တဲ့သဘောရှိပါတယ်။ မရှိအတူ ရှိအတူပေါ့ ဟုတ်ဘူးလား။ ရောဂါကြောင့် လူနာမှာ ခုခံအားတွေ ကျဆင်းရတာမှန်ပေမယ့် ဂုဏ်သိက္ခာတွေပါ ကျဆင်းရတာကတော့ အဲဒီဗိုင်းရပ်စ်နဲ့ ဘာမှ မဆိုင်ပါဘူး။ နေမကောင်းနေတဲ့သူလည်းဖြစ်တယ်။ သေလောက်တဲ့ ရောဂါမှန်းလည်းသိတယ်။ သေမင်းကိုရှာဖွေရသမျှ အကူအညီ အထောက်အပံ့ရသမျှ ဆက်ကြေးပေးနိုင်မှ သက်ဆိုးရှည်မယ့်သဘောလည်း ရှိတယ်။ ဒီလိုလူတွေကို နှိမ့်ချခွဲခြားဆက်ဆံတာဟာ ကိုယ့်အတွက် အန္တရာယ်ပိုမကြီးဘူးလား။ ကိုယ်တောင်ဝဲကျော်ဘ၀တုန်းက ´ငါ… တယ်…. သူ့တို့မျက်နှာကို ဟောဒီလက်ကြီးနဲ့ ပွတ်ထည့်လိုက်ရ မကောင်းရှိတော့မယ်´ လို့ တွေးခဲ့မိသေးတာ။ အဲဒီလူတွေဆီမှာ `ဘယ်သူ့အတွက်ကို ဆင်ခြင်နေစရာလိုသေးလို့လဲ။´ လို့ အတွေးဝင်သွားရင် မခက်ပါလား။
          `သတိမထားလို့တော့ ဘယ်ဖြစ်မှာလဲ ဆရာရယ်။ ဒီလခကလေးနဲ့ ရောဂါရသွားရင် ကိုယ့်ဘာသာကိုယ်တောင် ဆေးမကုနိုင်ဘူး။´ လို့ ပြန်အပြောခံရတာ အခါခါ ကြားဖူးပါတယ်။ အဲသလိုပဲ တွေးချင်လည်း တွေးလိုက်ပေါ့။ ဒါပေမယ့် ရောဂါမရအောင် သတိထားကာကွယ်နေတဲ့ နည်းလမ်းကတော့ မှားနေသေးတာပဲ။ ရောဂါရှိမှန်းသိပြီးသားလူတွေကို ကျင်းရှိကွေ့ရှောင် တုန်းမြင့်ခုန်ရှောင် လုပ်နိုင်ပေမယ့် အလတ်ကြီးတွေကျတော့ ဖလန်းဖလန်းကိုထလို့။ အဲဒီထင်ရက်စရာ မရှိဘူးတွေကြောင့် ဒုက္ခရောက်ကုန်ကြတာပါ။ တကယ့်တကယ်က လူတိုင်းကို ရောဂါရှိနိုင်တဲ့သူအဖြစ် သတိထား ဆက်ဆံကြရမှာ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ ကိုယ်လိုသူများအသားကို သွေးစိမ်းရှင်ရှင်ထွက်အောင် လှီးရဖြတ်ရတဲ့ ခွဲစိတ်ခန်းက ဆရာဝန်ဆရာမများပါပဲ။ ခွဲခန်းထဲမှာ အဲဒီလူနာတွေကို ခွဲစိတ်ဖို့ ပစ္စည်းကိရိယာတွေကို သီးသန့်ခွဲထုတ်လိုက်တဲ့အခါ အဆောင်ထဲကနေ ခွဲလူနာတွေကို အေဘီစီဒီ မတပ်ပဲနဲ့ ခွဲခန်းထဲကို မသွင်းဖို့ စီမံလိုက်ပါသတဲ့။ `အပြင်ဆေးခန်းကြီးတွေ အားလုံးမှာ၊ နိုင်ငံခြားမှာလည်း အဲသလိုပဲ လုပ်နေကြတာ မဟုတ်ဘူးလား။ ခွဲခန်းထဲက ကလေးတွေက မိုးလင်းမိုးချုပ် သွေးတွေသံတွေ ကိုင်တွယ်ပြီး အလုပ်လုပ်နေရတာ။ ဘာမှန်းမသိ ညာမှန်းမသိနဲ့ ကူးကုန်မှဖြင့်..´ လို့ဆိုတော့ ဟုတ်သလိုလိုပါပဲ။ ပြဿနာက အဲဒါတွေစစ်တာ အလကားမှ မရပဲနဲ့။ ဆေးဖိုးတောင် အနိုင်နိုင်လူနာတွေဆို ဘယ့်နှယ်လုပ်မတုန်း။ `ဒါဆိုလည်း မစစ်ပဲနဲ့ ဟိုအထုပ်ထဲက ပစ္စည်းတွေနဲ့ပဲ သုံးလိုက်´ ဆိုရင်ကော တရားပါ့မလား။ ဒီ့ထက်ပိုဆိုးတာကတော့ ပိုးရှိတဲ့သူတွေ ခွဲခန်းဝင်ရင် `ထင်ချင်သလိုထင် တို့တော့ မ၀င်နိုင်ဘူး။´ လို့ ပြောင်ပြောင်တင်းတင်း ရှောင်တဲ့သူတွေနဲ့၊ `ဒီဆေးခန်းမှာ ဒီဝေဒနာရှင်တွေ လာခွဲနေရင် အပြင်လူတွေက ကြောက်လို့ ဘယ်လာပါ့မလဲ´ ဆိုပြီး `လေးလုံးတွေ့က ဆေးရုံကြွ´ဆိုတဲ့ အပြင်ဆေးခန်းကြီးများရဲ့ မူဝါဒတွေကို မရှိဘူးလို့များ ထင်ပါသလား။ (ပိုက်ဆံတွေ နင့်နေအောင် ပေးနိုင်ရင်တော့ သူတို့ပဲ တိုးတိုးသားလုပ်ပြီး လက်ခံကြတယ်။) ပိုးတွေ့လူနာတွေကို ခွဲခန်းကို ကြိုတင်အကြောင်းကြားပြီး သီးသန့်ပြင်ဆင်မှုတွေလုပ်ရတာ မှန်ပေမယ့် အဲဒီလို ပြင်ဆင်နိုင်ဖို့ရာ လူတိုင်းကို မဖြစ်မနေ သွေးစစ်ပြီးမှ ခွဲခန်းဝင်ခိုင်းတာကတော့ မှားပါတယ်။ ပိုက်ဆံကြောင့်ချည်း သက်သက် မဟုတ်ပါဘူး။ ဝေဒနာရှင်ရဲ့ဆန္ဒဆိုတာလည်း ထည့်စဉ်းစားရဦးမှာပေါ့။ သွေးမစစ်မီ သွေးစစ်ပြီး အကြံပေးဆွေးနွေးခြင်းရှိရတယ် ဆိုတာကျတော့ အလုပ်ရှုပ်မခံနိုင်ပဲနဲ့။ `ရပ်ကွက်ထဲမှာ သည်လိုပဲ ရှိတယ်` ဆိုတဲ့ နိုင်ငံခြားပြန် သြ၀ါဒများကိုတော့ ဥာဏ်မမီပါဘူး။ ကိုယ်ခန္ဒာမှာ တစ်ရွေးသားမှ လျှော့သွားတာ ပိုလာတာ မရှိပေမယ့် မသိခြင်းနဲ့ သိခြင်းအကြားက စိတ်ဖိစီးမှုက တနင့်တပိုးရှိပါတယ်။ ပတ်ဝန်းကျင်ရိုက်ခတ်မှုလည်း ရှိတာမို့ ဒီစစ်ဆေးမှုတွေကို ကာယကံရှင်ဆန္ဒ မပါပဲ မပြုသင့်ပါဘူး။ သို့သော်လည်း ခွဲနေတုန်း ကိုယ့်လက်ကို အပ်စူးကြည့်ပါလား။ `အခုချက်ချင်း သွေးဖောက်ပို့လိုက်´ လို့ ပြောမယ့်သူချည့်ပဲ။ လူနာတောင် သိလိုက်ရမှာ မဟုတ်ဘူး။ ဒါလည်း `ကျုပ်ဖြစ်သွားရင် ညီးလာကုပေးမှာလား´ တစ်ခွန်းတည်းနဲ့တင် ခွင့်လွှတ်နေရတာပါပဲ။
          `စင်္ကာပူ မလေးရှားမှာ အလုပ်သွားလုပ်ချင် အဲဒါတွေစင်ဖို့လိုတယ်´ ဆိုတာကလည်း တမျိုးကြီးထဲမှာ ပါပါတယ်။ သူတို့ဆီရောက်မှ ပိုးတွေ့လာတာတွေကျတော့ ပြန်မလွှတ်ပဲ ထားလို့လား။ အလုပ်လိုချင်လို့ မဖြစ်မနေ သဘောတူ စစ်ဆေးလိုက်ရတာကို မလှုပ်စိတ်တူ ကြည်ဖြူတယ်လို့ ယူဆကြမှာလား။  အလုပ်လုပ်နေရင်း ပိုးတွေ့ရင် အနားပေးတယ်ဆိုတာကတော့ သူတို့ဆီမှာတောင် တရားစွဲလို့ ကောင်းတုန်းရှိပါသေးတယ်။ လူကုန်ကူးတယ်ဆိုတဲ့ ကိစ္စတွေမှာကတော့ ဘာပြောကောင်းမလဲ။ သူတို့ပဲ ရောဂါမရမချင်း ခိုင်းစားပြီး ရောဂါလည်းရရော `နင့်အိမ်နင်ပြန်ကုချေ´ လို့ ရိုက်မောင်းပုတ်မောင်း မလုပ်ရုံတမယ် ပြန်လွှတ်ကြသတဲ့။ စုစုဆောင်းဆောင်းကလည်း မရှိ၊ မသေခင် နေရေးစားရေး ကုသရေးတွေအတွက် ငွေကလည်း သောက်သောက်လဲကုန်ဦးမှာဆိုတော့ သူတို့လည်း တတ်သည့်ပညာ မနေသာနဲ့ပဲ ဆက်အသက်မွေးကြရတာပေါ့။ ဒီဘက်ကမောင်ကြီးတို့ကလည်း နိုင်ငံခြားပြန် အစင်ကလေး အလန်းကလေးဆို လွှတ်ကြွေတတ်ပါဘိသနဲ့။ အဲဒီမှာကျတော့ သူများကိုယုံလွန်းလို့ ဘာအကာအကွယ်မှ မယူပဲနဲ့ အလုပ်ထဲကျမှ ပဲများနေတာတော့ ဘယ်ကောင်းပါ့မလဲ ဦးလေးရယ်။
လောက်ကိုင်မှာတုန်းကတော့ ပခြုပ်သည်တွေအားလုံးကို ကိုးကန့်ဘက်က ခြောက်လတစ်ခါ အလကား ဆေးစစ်ပေးတယ်။ ဒါတောင်မှ ကလေးမလေးတွေက သူတို့စစ်မှတွေ့ရင် အထုပ်ပြင်ရမှာစိုးလို့ ဆေးစစ်ချိန် စတေးရှောင်လို့ရအောင် ကြိုကြိုတင်ငတ် ဆေးခန်းမှာ အရင်လာစစ်ကြတယ်။ ရာဇာဓိရာဇ်ကြီးတောင် ဇာတာတော် မသန့်တဲ့အခါ ယာယီတဲနန်း ပြောင်းစံရသေးတာပဲ။ မီးအိမ်ပြန်တာ ဘာကြာတာလိုက်လို့။ ဖောက်သည်ပျက်လှ ခဏပေါ့။ ထားပါလေ။ သူတို့အလုပ်က ရောဂါကူးတတ်တဲ့သဘောရှိလို့ စစ်ရတာ။ စီးတီးအက်ဖ်အမ်မှာ ရန်ကုန်ပူရံ မနောရမ္မံရွတ်ဖို့ အဲဒါတွေ စစ်ခိုင်းမယ်ဆိုရင်ကော ဘယ်လိုသဘောရသလဲ။ ဥပမာပြောတာပါ။ အဲဒီပိုးတွေက `လေလှိုင်းကြားက ခွန်းဆင့်ပါရဲ့ အဆွေ´ လုပ်တတ်လို့လား။ အခုဟာက အဲဒီပိုးတွေရှိရင်ပဲ ဗီဇာတောင် မပေးတော့ဘူးလိုလို။ ဇီဇာကြောင်တတ်ပုံများ ပြောပါတယ်။ နောက်ကျတော့ သူတို့ဆီမှာ ရောဂါသည်တွေ အဖတ်တင်နေမှာစိုးလို့ သူ့နိုင်ငံသားတွေအတွက် သူ့ဘာသာကာကွယ်တာ ထင်ပါရဲ့။ ငါ .. တယ် .. မျက်နှာ လက်ကြီး နဲ့ ပွတ်ထည့်လိုက်ရ မကောင်းရှိတော့မယ်။
နောက်ထပ်ပြောချင်တာတစ်ခုကတော့ ပိုးတွေ့တယ်ဆိုတာရယ် ရောဂါရှိတယ်ဆိုတာရယ်က အတူတူ ဖြစ်ချင်မှ ဖြစ်တာပါ။ တချို့ရောဂါတွေဆို ပိုးတွေ့တိုင်း ကူးစက်နိုင်တာတောင် မဟုတ်ဘူး။ သူ့ကိုယ်ထဲကို အဲဒီပိုးကလေး ရောက်ဖူးတယ်ဆိုတာကိုပဲ ပြောနိုင်တယ်။ ဘယ်တော့မှ ရှိလာမယ်မှန်း မသိတဲ့ ရောဂါအတွက် အခုကတည်းက အလုပ်မခန့်ဘူးဆိုတာကတော့ `ကိုကိုရယ် စဉ်းစားစမ်းပါရှင်´ လို့ ပြောရမှာပေါ့။ ကျန်းမာရေးအသိပညာပေးတာတောင် ကာကွယ်လိုတဲ့စေတနာထက် ခြောက်လှန့်ပြီး ဆေးကြော်ငြာတဲ့ စေတနာကဲသွားရင် မကောင်းတော့ဘူး။ ဘီပိုးတွေ့တာနဲ့ `ကျွန်တော် အသည်းကင်ဆာဖြစ်တော့မှာပေါ့နော်။ ဘယ်လောက်ခံနိုင်ဦးမလဲ ဆရာ´ လို့ မုန်းပါတယ်မောင့်ကို ထဲက ၀င်းဦးလို လာမေးတဲ့လူနာတွေ တော်တော်များပါတယ်။ ခုတော့ ကိုသော်တာဆီ မှန်ခေါင်းမှာစရာမလိုတော့ဘူး။ ဒေါက်တာဦးကျော်သူ ဖုန်းနံပါတ်ကလေး မှတ်ထားလိုက်ရင် ရပြီ။ တို့ကတော့ ပဲပြုတ်သည် ဒေါ်စန်းကြီးလို ထီးမရှိလည်း ခမောက်ကလေးဆောင်းပြီး လိုက်ဖွမှာ။ ဖေ့စ်ဘုတ်ပေါ်မှာ။
ကဲ.. လာပြန်ပြီ။ နောက်တမျိုး။ `လျှို့ဝှက်အပ်သည်များကို..´ ဆိုတဲ့ ကျင့်ဝတ်။ ဝေဒနာရှင်က `ဘယ်သူ့မှ မပြောပါနဲ့နော်´ လို့ စကားပိတ်ထားရင် သူ့ဘာသူ ရွာဆော်မောင်းထုလုပ်ကာမှ လုပ်ရော ဆရာဝန်ဆီကတော့ သေတောင်မပြောပြဘူး။ သတ်ရင်သတ် ဖြစ်နေရမှာပါတဲ့။ တရားရုံးက မျက်ကွယ်ထွက်ဆိုဖို့ မဆင့်မချင်း။ ခုတော့ ဘယ်သူမှ ရိုက်စစ်စရာမလိုပါဘူး။ အဖြေထွက်လာရင် ချတ်ပေါ်မှာ မင်နီကြီးနဲ့ ပြူးနေအောင် ရေးထားတာ မမြင်ချင်မှ အဆုံး။ တစ်ဆောင်လုံး `အဲဒီလူနာ ဘာရောဂါဆိုတာ မသိတဲ့သူရှိပါသေးလား ခင်ဗျာ´ လို့ လိုက်မေးကြည့်။ ရှိမှာကို မဟုတ်ဘူး။ ဒါကြောင့်မို့ အရပ်သုံးစကား အေကိုက်တယ်တို့ လေးလုံးငြိတယ်တို့တောင် မသုံးပါဘူး။ အချင်းချင်း နားလည်အောင် R+ လို့ ပြောချင်ပြော၊ Retro လို့ ပြောချင်ပြောတယ်။ တို့ကတော့ မြန်မာဆန်ဆန် ရီရီချိုလို့ပဲခေါ်တယ်။ နံမယ်တူရှိရင် ချိုးချိုးနီ သွေးပုချိ။ `ဒါဖြင့်ရင် အဲဒီလူနာကို နောင်ကျတော့ ဆေးကုမယ့်ဆရာဝန်တွေကရော သိခွင့်မရှိဘူးလား။´ ဆိုတာလာပြန်ရော။ အပြင်လူကိုသာ မသိစေရတာ ဆရာဝန်ဆရာမ အချင်းချင်းကိုတော့ အသိပေးထားရမတဲ့။ ခက်ပဲ ခက်ရချည်သေး။ လျှို့ဝှက်ချက်လည်းဆိုသေး။ အဲဒါကတော့ လူနာကိုယ်တိုင်ကို နောက်နောင် ဆေးကုသမှုခံယူတဲ့အခါ အခုလိုပဲ `ဘယ်သူ့မှ မပြောပါနဲ့နော်´ ဆိုပြီး ကိုယ်တိုင်ဖွင့်ပြောဖို့ မှာထားရပါတယ်။ ဆေးမှတ်တမ်းစာအုပ်မှာ ဆရာဝန်အချင်းချင်း သိတဲ့ စကားလုံးနဲ့ မှတ်သားပေးထားရပါတယ်။ ပြဿနာတစ်ခုက သွေးလှူရှင်တွေကို သွေးစစ်ရင်း ပိုးတွေ့တဲ့အခါ နှစ်သိမ့်ဆွေးနွေးဖို့လိုအပ်တာ၊ လျှို့ဝှက်ထားဖို့လိုအပ်တာမို့ ရောဂါဗေဒဆရာဝန်မရှိတဲ့ဆေးရုံတွေမှာ ဓါတ်ခွဲကျွမ်းကျင်သူက ကာယကံရှင်ကိုတောင် အသိမပေးတော့ပဲ သွေးချင်းဓါတ်မတဲ့လို့လို့ ၀ါးတားတားပြောပြီး ငြင်းလွှတ်လိုက်ကြပါတယ်။ ကိုယ့်ကိုယ်ကို ပိုးရှိမှန်းမသိတဲ့ စေတနာရှင်ကြီးဟာ ဆေးရုံက သွေးလိုတယ်ဆိုတိုင်း လက်မောင်းကြီး လာလာထိုးပေးလို့ ဒိုနာရီဂျက်တွေများရင် လူနာရှင်ဘက်က တစ်မျိုးမြင်ပြန်တာ မဆန်းပါဘူး။ ပါးစပ်က ထုတ်မပြောရင်ပြီးရော။ သူ့ဘာသာ တစ်နည်းနည်းနဲ့ သိအောင်လုပ်ပေးလိုက် ဆိုတာကျနေတာပဲ။ စောစောကပြောတဲ့ `လျှို့ဝှက်အပ်သည့် အတွင်းရေးကိစ္စအ၀၀တို့ကို..` ဆိုတဲ့နောက်မှာ `ဖွင့်ဆိုအပ်သည်တို့မှ လွဲ၍´ ဆိုတဲ့ စကားလေး ကယ်ပေလို့။ တတ်လည်းတတ်နိုင်ကြပါပေတယ်နော်။
ဒါထက် စကားမစပ် ဆရာလေးတို့ ဆရာမလေးတို့ရေ။ ချစ်ကိုကြီးပြောနေတဲ့ စကားလုံးကလေးတွေကို မကြားဖူးသေးသလို အသစ်အဆန်းကြီးတော့ မှတ်မနေကြနဲ့ဦးဗျား။ ဘွဲ့ယူတုန်းက ခေါင်းပေါ်ဆောင်းထားတဲ့ တွဲလောင်းမည်းမည်းကြီးကို ဟိုဘက်ဒီဘက် မပြောင်းခင် ဘလားဘလား ဘလားဘလားလုပ်ခဲ့ကြတဲ့ ကျမ်းသစ္စာထဲမှာ ပါတာတွေပေါ့ကွယ်။ ဟစ်ပိုပိုတေးမပ်စ်အုပ်သ် လို့ပြောဦးမလား။ ဆရာဝန်တွေဆိုရတဲ့ ဟစ်ဟော့ပ်လို့ မှတ်ထားမလားမသိ။ အဲဒါကြီးရဲ့အဆုံးမှာ ပါတာကတော့ `ကျွန်ုပ်တို့သည် ဤကတိသစ္စာကို လိုက်နာစောင့်ထိန်းပါက ကောင်းကျိုးချမ်းသာအဖြာဖြာနှင့် ပြည့်စုံပါစေသား။´ လို့ပါတယ်။ အဲဒါနဲ့ ဆက်စပ်ပြီးပြောချင်တာကတော့ ဟိုတခါ ဖန်ရည်ကျိုဆရာဝန် ရေးခဲ့တုန်းက ကူးစက်ဆေးရုံက ဆရာလေးက သူ့ဆေးရုံမှာ ဝေဒနာသည်တွေကို မရွံမရှာ မညည်းမညူ ကိုင်တွယ်ကုသပေးနေကြတဲ့ ဆရာဝန် ဆရာမ ကျန်းမာရေးလုပ်သားကလေးတွေခမျာ ဘာအကျိုးအမြတ်မှလည်း မရပဲနဲ့ အနစ်နာခံပြီး ကျားရဲရာ ကြမ္မာမယိုးသာ ကုသပြုစုပေးနေတဲ့အကြောင်း မှတ်ချက်ပေးရင်း အတွေးစကလေး ဆွဲထုတ်သွားတယ်။ ပြောအားရှိလိုက်တာလေ။ ဂုဏ်ယူစရာကြီး။ ဟစ်ပိုကရေးတီးစ်ကြီးရဲ့ကျမ်းသစ္စာကိုစောင့်ထိန်းကြတဲ့အခါ ကောင်းကျိုးချမ်းသာအဖြာဖြာနဲ့ ပြည့်ဝလာတယ်ဆိုတာ တကယ်ပါလား။ အဲဒါ မတောင်းပဲနဲ့ ပြည့်တဲ့ဆုခေါ်တယ်။ နိုင်ငံတော်က အသိအမှတ်ပြုပြီး မုန့်ဖိုးပဲဖိုး လစာတိုးပေးမှ မဟုတ်ဘူး။ လူနာတွေက ခိုင်းကောင်းစေကောင်း သဒ္ဒါကြေးကလေးပေးသွားမှ မဟုတ်ဘူး။ နံမည်ရှေ့မှာ သီရိသုဓမ္မ မဏိဇောတဓရတွေ တပ်ပေးလိုက်စရာလည်း မလိုဘူး။ ကျွန်တော့မျက်စိထဲ အတွေးထဲမတော့ အဲဒီလူတွေဟာ အရောင်တ၀င်းဝင်းထွက်နေတဲ့ နတ်သားနတ်သမီးလေးများလို ကျက်သရေရှိလှပါတယ်။ (ထမင်းငတ်သော နတ်မိမယ်လေးများပေါ့) ဒါတောင် မြင်ရတာ မဟုတ်ဘူး။ ကြားရုံပဲ ကြားရတာ။ အားကျမိပါရဲ့။ တကယ်လို့များ အဲဒီဆေးရုံမှာ ရီရီချိုလူနာတွေကို ခွဲစိတ်ကုသဖို့လိုတဲ့အခါ တခြားဘယ်ဆာဂျင်မှ မသွားချင်ရင်လည်း ကျွန်တော်သွားပါ့မယ်ဗျာ။ (မလိမ့်တပါတ်နဲ့ ရန်ကုန်ပြန်တောင်းနေတာ မဟုတ်ပေါင်) လူဆိုတာ သေတစ်နေ့ မွေးတစ်နေ့မဟုတ်လား။ အဲဒီရောဂါနဲ့ သေဖို့ပါလာရင် လကမ္ဘာပေါ်ထွက်ပြေးလို့လည်း မလွတ်ဘူး။ ဘာပဲပြောပြော ကိုယ်က ဆရာဝန်ဆိုတော့ ဖြစ်လာရင် ရမယ်ရှာစရာ ယိုးမယ်ဖွဲ့စရာ ရတာပေါ့။ ဟီးဟီး။ လူနာနဲ့ဆရာဝန်လည်းပဲ မရှိအတူ ရှိအတူဆိုတော့ မကောင်းဘူးလား။ ကဲ .. ရိုးရာမပျက် သီချင်းလေးနဲ့ နှုတ်ဆက်ကြရအောင်။
`မင်းနဲ့တို့ နှစ်ယောက် အကြောင်းများ ရှင်းနေပြီ။ အောင်သွယ်တွေ မလိုဒေါဘီ။ ကြားစကားများ မယုံနဲ့ ဘေးဖယ်ထား..။ ခပ်မိုက်မိုက် ချစ်ကြစို့..။´
ကို စိုးမင်းSoe Min (facebook)ထံမှ ကူးယူဖော်ပြပါသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More