Tuesday, January 10, 2012

လာမည့်လွှတ်တော်တွင် ပထမဆုံးအကြိမ် ရသုံးမှန်းခြေစာရင်းကို ဆွေးနွေးမည်

ဇန်န၀ါရီ ၆၊ ၂၀၁၂ (YPI)

ယခုလ ၂၆ ရက်နေ့တွင်ကျင်းပမည့် လွှတ်တော် အစည်းအဝေးတွင် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ရသုံးမှန်းခြေစာရင်းကို အဓိကထားဆွေးနွေးမည်ဖြစ်၍ ဆယ်စုနှစ် များစွာအတွင်း နိုင်ငံရသုံးခန့်မှန်းခြေစာရင်းကို ပထမဆုံးအကြိမ်  လွှတ်တော်တွင် ဆွေးနွေးခြင်းဖြစ်သည်ဟု ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းစိစစ်ရေးကော်မတီဝင် ဒေါက်တာ မြတ်ဉာဏစိုးက ဆိုသည်။

 “အရင်နှစ်ပေါင်းများစွာက နိုင်ငံရဲ့ ဘတ်ဂျက်(ရသုံးမှန်းခြေစာရင်း) ကို ပါတီတစ်ခုကဆွဲခဲ့တယ်။ လူတစ်ဦး၊ အစုအဖွဲ့တစ်ခုကဆွဲခဲ့တယ်။ အခုလာမယ့် လွှတ်တော်အစည်းအဝေးမှာတော့ နိုင်ငံအသုံးစားရိတ်ကို ပြည်သူတွေရဲ့ ကိုယ်စားလှယ်တွေက ရေးဆွဲရတော့မှာပါ” ဟု ဒေါက်တာမြတ်ဥာဏစိုးကဆိုသည်။

ယမန်နှစ်က ပထမဆုံအကြိမ် လွှတ်တော်ခေါ်ယူ မကျင်းပမီ ရသုံးမှန်းခြေစာရင်းကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်မှတ်ဖြင့် အတည်ပြုခဲ့သည်ကို နိုင်ငံတော်ပြန်တမ်းများအရ သိရှိရသည်။ ယခုနှစ်တွင်မူ အရပ်ဘက်ပြောင်းလဲလိုက်ကြသည့် ဦးသိန်းစိန်ဦးဆောင်သော အစိုးရအဖွဲ့က ရသုံးမှန်းခြေစာရင်းကို လွှတ်တော်သို့ တင်ပြကာ အတည်ပြုမည်ဖြစ်သည်။

ဒေါက်တာ မြတ်ဉာဏစိုးက ယခုကဲ့သို့ လာမည့် လွှတ်တော်တွင် ရသုံးမှန်းခြေကို ရေးဆွဲကြရာတွင် တိုင်းပြည်၌ အမှန်တကယ် လိုအပ်လျက်ရှိသော ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးကဏ္ဍများအတွက် ငွေကြေးပိုမိုသုံးစွဲရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပါတီစွဲမထားဘဲ ကြီုးပမ်းကြစေလိုသည်ဟု ၎င်း၏ဆန္ဒကို ထုတ်ဖေါ်ပြောဆိုသည်။

လာမည့် လွှတ်တော်အစည်းအဝေးတွင် ဘတ်ဂျက်ရေးဆွဲမှုအပြင် ယခင်အစည်းအဝေးကျင်းပစဉ်က  အတည်မပြုနိုင်ခဲ့သော သဘာဝပတ်ဝန်းကျင်ဥပဒေ၊ လယ်ယာမြေဥပဒေနှင့် မြေလွတ်မြေရိုင်းဥပဒေတို့ကိုပါ အတည်ပြုပြဌာန်းနိုင်မည်ဖြစ်ကြောင်း ဒေါက်တာမြတ်ဥာဏစိုးက ဖြည့်စွက်ပြောကြားသည်။

ထို့ပြင် ၄င်းက ယခင်လွှတ်တော်အစည်းအဝေးများက ၎င်းတို့ ဥပဒေကြမ်းကော်မတီအနေဖြင့် ဥပဒေကြမ်းနှင့် ပတ်သက်သည့် ကြားနာမှုများတွင်  အစိုးရအဖွဲ့ဝင်များကိုသာ ခေါ်ယူကြားနာခဲ့ရကြောင်း၊ ထိုသို့ကြားနာခြင်းမှာဘက်မမျှကြောင်း၊ ယခုလာမည့် လွှတ်တော်အစည်းအဝေးတွင်မူ ပြည်သူလူထုဘက်ကိုပါ ခေါ်ယူကြားနာနိုင်မည်ဟု မျှော်လင့်ကြောင်းလည်း ၎င်းက ထပ်မံပြောကြားသည်။     ။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More