Thursday, January 19, 2012

သာဓုကျောင်းတိုက်မှ ရွှေည၀ါဆရာတော် တစ်လအတွင်း ဖယ်ရှားပေးရန် ဆုံးဖြတ်

by Yangon Press International on Thursday, January 19, 2012 at 5:49pm
ဇန်န၀ါရီ ၁၉၊ ၂၀၁၂ (YPI)

ကြည့်မြင်တိုင်မြို့နယ် သာဓုကျောင်းတိုက်မှ ရွှေည၀ါဆရာတော်အား တစ်လအတွင်းကျောင်းတိုက်မှ ဖယ်ရှားပေးရန် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ရှေ့မှောက်တွင် ယနေ့ ၀န်ခံဂတိပေး လက်မှတ်ရေးထိုးခဲ့ရသည်ဟု တိုင်းသံဃနာယက ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒ န္တဣဒ္ဓိဗလက သတင်းထောက်များအား မိန့်ကြားသည်။

“နိုင်ငံတော်သံဃနာယက အဖွဲ့ကထုတ်တဲ့ ဆုံးဖြတ်တဲ့အချက်တွေကို တို့ကအကောင်အထည် ဖော်ပေးတာ ”ဟု ယင်းဆရာတော်က ၀န်ခံလက်မှတ်ရေးထိုးအပြီးတွင် မီဒီယာများအား မိန့်ကြားသည်။

ယနေ့ ရေးထိုးခဲ့သော ခံဝန်ဂတိအရ ရွှေည၀ါဆရာတော် ဦးပညာသီဟအနေဖြင့် လာမည့် ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့(တနင်္ဂနွေနေ့) ညနေ ၄ နာရီခွဲ နောက်ဆုံးထားကာ ယင်းကျောင်းတိုက်မှ ထွက်ခွာပေးရမည်ဖြစ်သည်။

ဝန်ခံကတိလက်မှတ်ရေးထိုးရာတွင် အချက် ၂ ချက်ပါဝင်ပြီး ပထမ အချက်မှာ နောက်ဆုံးထားထွက်ပေးရမည့် အချိန် သတ်မှတ်ချက်ဖြစ်၍ ဒုတိယအချက်မှာ ယင်းသို့ မထွက်ခွာမီကာလအတွင်း ကျောင်းတိုက်တွင် ပြဿနာတစုံတရာ မဖြစ်စေရန်နှင့် သံဃအဖွဲ့အစည်း ဆိုင်ရာစည်းမျဉ်းစည်းကမ်းများနှင့် အညီနေထိုင်သွားပါမည်ဆိုသည့် အချက်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

“ဆရာတော်ကျန်တဲ့နေရာမှာသွားပြီး သီတင်းသုံးနေကျန်တဲ့ အရေးယူခြင်းဆိုင်ရာ ဘာမှမလုပ်ဘူး အေးအေးချမ်းချမ်း သူ့ကျောင်းတိုက်က ခွာပေးရမယ်” ဟုတိုင်းဥက္ကဋ္ဌ ဆရာတော်က ဆက်လက်မိန့်ကြားသည်။

ယခုကဲ့သို့ အရေးယူရခြင်းမှာ ယမန်နှစ် စက်တင်ဘာလက မန္တလေးတိုင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် တရားဟောပြော ခဲ့ခြင်းကြောင့် ဟု ဒီဇင်ဘာလက ရွှေည၀ါဆရာတော်ထံ ပေးပို့ခဲ့သည့်စာတွင်ဖေါ်ပြခဲ့သည်။

ရွှေည၀ါဆရာတော် သာဓုကျောင်းတိုက်မှ တလအတွင်း ဖယ်ရှားပေးရမည်

ယခုကဲ့သို့ အရေးယူခြင်းနဲ့ပတ်သက်၍ ၂၀၀၇ စက်တင်ဘာ သံဃာ့လှုပ်ရှားမှုကို ဦးဆောင်ခဲ့သူအရှင်ဂမ္ဘီရက “စစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံမှာလွတ်လပ်စွာဟောပြောခွင့် လွတ်လပ်စွာရေးသားခွင့် ရှိရမယ် ဒါတွေကမွေးရာပါအခွင့်အရေးတွေဖြစ်တယ်”ဟု ယနေ့နေ့ခင်း တိုင်းသံဃနာယက အဖွဲ့ကျောင်းတိုက်ရှေ့တွင် မိန့်ကြားသည်။

ရွှေည၀ါဆရာတော်အား ၂၀၁၁ ခုနှစ်ဖေဖ၀ါရီလ ၁၁ ရက်နေ့ကလည်း  နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲမှတရားဟောပြောခွင့် တစ်နှစ်ကြာ ပိတ်ပင်ထား ပြီးနောက် ယခုတဖန် သာဓုကျောင်းတိုက်မှ ဖယ်ရှားစေခဲ့ခြင်းဖြစ်သည်။

ရွှေည၀ါ ဆရာတော်အား အရေးယူမည့် သတင်းကြောင့် ယမန်နေ့ညနေပိုင်းက ကိုမင်းကိုနိုင် အပါအ၀င် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များ သွားရောက်ကာ ဆရာတော်ဘက်မှ ရပ်တည်ကြောင်း အားပေးစကားပြောကြားခဲ့ကြသည်။

ကိုမင်းကိုနိုင် က “ဆရာတော်ဘက်ကရှိနေမယ် နောက်ဆုံးဆရာတော်ရဲ့ဆွမ်းကွမ်းကိစ္စအခက်အခဲရှိနေရင် ကျွန်တော်ကိုယ်တိုင်လမ်းဘေးမှာပိုက်ဆံရှာပြီးတော့ ဆရာတော်ကိုဆွမ်းကပ်မယ် ”ဟုလျှောက်ထားခဲ့သည်။
ယနေ့ ကြားနာပွဲကို ရွှေည၀ါဆရာတော်၏ တပည့်သာဝကများ တကာတကာမများ စုစုပေါင်း လူအင်အား လေးရာဝန်းကျင် လာရောက်စောင့်စားနားထောင်ကြသည်။      ။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More