Saturday, November 26, 2011

Shell မြန်မာပြည်ပြန်လာချင်

ဘန်ကောက်အခြေစိုက် နေးရှင်းသတင်းစာ၏ ဖော်ပြချက်အရ မြန်မာနိုင်ငံတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေမှုကို ၁၈ နှစ်ကျော် ရပ်ဆိုင်းထားခဲ့သည့် အင်္ဂလန်-ဒတ်ခ်ျ နိုင်ငံတကာ ရေနံကုမ္ပဏီကြီးဖြစ်သည့် Shell က  ပြန်လည်ရင်းနှီးမြှုပ်နှံရန် စဉ်းစားနေသည်ဟု သိရှိရသည်။ Shell က ထိုင်းနိုင်ငံပိုင် ရေနံရှာဖွေရေးနှင့် ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သည့်  PTTEP နှင့် အကျိုးတူပူးပေါင်းရန် စဉ်းစားလျက်ရှိနေပြီး မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးလာသော ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများတွင် ပြန်လည်ဝင်ရောက် လုပ်ကိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု နေးရှင်း သတင်းစာက ရေးသားခဲ့ခြင်း ဖြစ်သည်။ PTTEP အနေဖြင့် ၎င်းတို့ပိုင်ဆိုင်သည့် မြန်မာနိုင်ငံအတွင်းရှိ ရေနက်ကမ်းလွန်လုပ်ကွက် M11 တွင် Shell ကုမ္ပဏီက ပူးပေါင်းဆောင်ရွက်ရန် ကြိုးစားနေကြောင်း သိရသည်။ လွန်ခဲ့သည့် သြဂုတ်လက PTTEP ဥက္ကဋ္ဌနှင့် အမှုဆောင် အရာရှိချုပ်ဖြစ်သူ Anon Sirisaengtaksin က ဘန်ကောက်ပို့ သတင်းစာသို့ ပြောကြားရာ တွင် M11 လုပ်ကွက် အနေအထားအရ ရှာဖွေရန်ခက်ခဲသည့် နေရာတွင် ရှိသဖြင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် ကုမ္ပဏီတစ်ခု အလိုရှိနေသည်ဟု ဆိုခဲ့သည်။ “လုပ်ကွက်က ပင်လယ်ရေအောက် (၁) ကီလိုမီတာ အနက်မှာ ရှိနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ မိတ်ဖက်လိုအပ်ပါတယ်” ဟု ပြောဆိုခဲ့ခြင်း ဖြစ်သည်။ M11 လုပ်ကွက်သည် (၇၂၇၈) စတုရန်း ကီလိုမီတာရှိပြီး ဧရာဝတီ မြစ်ဝကျွန်းပေါ်တောင်ဘက် မုတ္တမပင်လယ်ကွေ့တွင် တည်ရှိသည်။ Shell ကုမ္ပဏီသည် ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေးတွင် ထိပ်တန်းကုမ္ပဏီတစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံသို့ ၁၉၈၉ ခုနှစ် အောက်တိုဘာလတွင် လာရောက်ခဲ့ပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့များကို ရှာဖွေခဲ့သည်။ ၁၉၉၃ ခုနှစ် မတ်လတွင် Shell ၏ မြန်မာနိုင်ငံ ကုမ္ပဏီခွဲဖြစ်သည့် Myanmar Shell B.V ကုမ္ပဏီသည် ပဲခူးရိုးမဒေသရှိ ကုန်းတွင်း ရေနံရှာဖွေရေးလုပ်ငန်းမှ ရလဒ်မကောင်းသည့် တူးဖော်တွေ့ရှိမှုများကြောင့် ရှာဖွေတူးဖော်ခြင်းများ ရပ်ဆိုင်းခဲ့သည်။ Shell ကုမ္ပဏီသည် ၁၉၉၃ခုနှစ်တွင် မြန်မာနိုင်ငံမှ ထွက်ခွာသွားချိန်၌ နိုင်ငံခြား ရေနံကုမ္ပဏီ (၉) ခုတို့သည် မြန်မာနိုင်ငံတွင် ရှာဖွေတူးဖော်မှုများ ဆက်လက် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ယခုအခါ ကမ္ဘာပေါ်တွင် ထင်ရှားသည့် အင်္ဂလန်-ဒတ်ခ်ျ နိုင်ငံတကာ ရေနံကုမ္ပဏီကြီး Shell သည် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများတွင် ပြန်လည်ရင်းနှီးမြှုပ်နှံရန် စဉ်းစားနေပြီဖြစ်ကြောင်း သိရသည်။
                                                      သတင်းရင်းမြစ် www.thithtoolwin.com

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More