Tuesday, November 8, 2011

မသေသပ်တဲ့ ကားဝါယာစနစ်တွေကြောင့် ဂက်စ်အိုးပေါက်ကွဲမှုနဲ့ ကားမီးလောင်မှုများဖြစ်ပွား



နိုဝင်ဘာလ (၅) ရက်နေ့က ရန်ကုန်မြို့မှာ ကားမီးလောင်မှု ၂ ခု ဖြစ်ပွားခဲ့ပြီး အဆိုပါ ကားမီးလောင်ရတဲ့ အကြောင်းရင်းတွေဟာ မသေသပ်တဲ့ ကားဝါယာစနစ်တွေကြောင့်ဖြစ်တယ်လို့  မီးသတ်ဦးစီးဌာနက ပြန်ကြားခဲ့ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ တစ်ရက်ထဲမှာ ကားမီးလောင်မှု နှစ်ခု ဖြစ်ပွားခဲ့တာဖြစ်ပြီး ရန်ကုန်-သန်လျင် ပြေးဆွဲနေတဲ့  ပါရမီယာဉ်လိုင်းရဲ့ (၁၇၃) ယာဉ်လိုင်းက မော်တော်ယာဉ်ကတော့ မီးသတ်(၅)ဦးပါ ဒဏ်ရာ အပြင်းအထန်ရတဲ့အထိ ဆိုးရွားခဲ့ပါတယ်။
အဆိုပါ (၁၇၃) လူစီးဘက်စ်ကားဟာ နံနက် (၁၀)နာရီခွဲ ၀န်းကျင်ခန့်မှာ သန်လျင်မြို့၊ အောင်ချမ်းသာရပ်ကွက်၊ ကျိုက်ခေါက်ဘုရားလမ်းနဲ့ သရက်ပင်ကျောင်းလမ်းထိပ်မှာ မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးတောက်ထွက်လာလာချင်းမှာပဲ ကားပေါ်က ခရီးသည်တွေ အမြန်ဆင်းပြေးရပါတယ်။ အဲဒီနောက် တာဝန်သိပြည်သူတစ်ဦးရဲ့ သတင်းပေးမှုကြောင့် သန်လျင်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်တွေ အမြန်ရောက်လာပြီး ၀ိုင်းဝန်းငြိမ်းသတ်ပေးခဲ့ကြပါတယ်။ မီးသတ်နေတဲ့အချိန်မှာ ကားပေါ်က ဂက်စ်အိုးကိုမီးကူးပြီး ပေါက်ကွဲမှုဖြစ်လို့ မီးသတ်ဝန်ထမ်း (၅)ဦးလည်း ဒဏ်ရာကိုယ်စီရရှိခဲ့တယ်လို့ မျက်မြင်သက်သေတွေက ဆိုပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့ မီးသတ်တွေထဲက ၃ ဦးကို ရန်ကုန်တိုင်း ဒေသကြီး သန်လျင်မြို့နယ်၊ ပြည်သူ့ ဆေးရုံမှာ တက်ရောက်ကုသပေးနေပြီး အခြား ၂ ဦးကိုတော့ ကန်တော်ကြီး ၊ မျက်စိ ၊ နား ၊ နှာခေါင်း ၊ လည်ချောင်း ဆေးရုံမှာ သွားရောက်ပြသထားရပါတယ်။
အဲဒီကားမီးလောင်မှုနဲ့  ဂက်စ်အိုး ပေါက်ကွဲမှုကြောင့် ကာလတန်ဖိုး စုစုပေါင်း ကျပ်သိန်း (၂၀)ဖိုး အထိဆုံးရှုံးခဲ့ရပြီး လျော့ရဲတဲ့ ကားဝါယာစနစ်တွေက ယာဉ်မောင်းနဲ့ ခရီးသည်တွေရဲ့ အသက်အိုးအိမ်လုံခြုံရေးကို ချိန်းခြောက်နေတယ်ဆိုတာ သတိမူရတော့မှာဖြစ်ပါတယ်။
အဆိုပါ ကားမီးလောင်မှုနဲ့ ပတ်သက်ပြီး ကိုယ်တွေ့ကြုံရတဲ့ ခရီးသည်တစ်ဦးကတော့ ''အခုတော့ ကားမှောက်မယ့် အန္တရာယ်တင်မကဘူး၊ ကားမီးလောင်မယ့် အန္တရာယ်ကိုပါ စိုးရိမ်နေရပြီ။ ကားလုံခြုံရေးစနစ်တွေကို သေချာ စိစစ်ကြစေချင်တယ်။ ဒီကြားထဲ တချို့ခရီးသည်တွေကလဲ စည်းမရှိကမ်းမရှိ ကားပေါ်မှာ၊ ကားနားမှာ ဆေးလိပ်သောက်တာမျိုးတွေ ဆင်ခြင်စေချင်တယ်၊ မဖြစ်ခင် ကာကွယ်မှုတွေ လုပ်ကြစေချေင်တယ်၊ အသက်တွေ ဆုံးရှုံးတဲ့အထိဖြစ်လာရင် မကောင်းဘူးလေ" လို့ 
လို့ YSM ကို ပြောပြသွားပါတယ်။

အဲဒီ နိုဝင်ဘာလ (၅)ရက်နေ့မှာပဲ  ညနေ (၆)နာရီ၊ (၃၀)မိနစ်ဝန်းကျင်မှာလည်း ဒေါပုံမြို့နယ် ၊ ယမုံနာ(၂)ရပ်ကွက် ၊ ဗန္ဓုလ တံတားပေါ် ( ဗိုလ်တထောင်မှ ဒေါပုံသို့ အဆင်း) မှာလည်း ကွန်တိန်နာ ကားတစ်စီးမီးလောင်မှုဖြစ်ခဲ့ပါသေးတယ်။

ကွန်တိန်နာ ယာဉ်ကတော့ ကားခေါင်း အတွင်းရှိ ၀ါယာတွေ ရှော့ဖြစ်ရာကနေ စတင် လောင်ကျွမ်းခဲ့တာ ဖြစ်ပြီး သာကေတမြို့နယ် ၊ ကျောက်တံတား မြို့နယ်တွေက  မီးသတ် တပ်ဖွဲ့ဝင်တွေက ကူညီငြိမ်းသတ်ပေးခဲ့ရပါတယ်။
ကွန်တိန်နာယာဉ်ပျက်စီးဆုံးရှုံးမှုမှာတော့ ကျပ်(နှစ်)သိန်းဖိုးသာ ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ မီးလောင်မှုဖြစ်ခဲ့တဲ့ ကားတွေရဲ့ ယာဉ်မောင်းတွေကတော့ လက်ရှိမှာ  တိမ်းရှောင်နေပြီး သက်ဆိုင်ရာက အရေးယူဖို့ စုံစမ်းနေဆဲလို့ သတင်းရရှိပါတယ်။






 

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More