Saturday, November 5, 2011

စိတ်အဖိစီးဆုံး အလုပ်များနှင့် မဖိစီးဆုံး အလုပ်များ စာရင်းထွက်ပေါ်လာ

နောက်ဆုံး ပြုလုပ်ထားသော လေ့လာမှု စစ်တမ်းများအရ လူအများနှင့် ဆက်ဆံနေရသော မီဒီယာလုပ်ငန်းတွင် လုပ်ကိုင်နေသူများသည် စိတ်ဖိစီးမှုကို အများဆုံး ခံရသူများဖြစ်၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် လုပ်ကိုင်နေသူများသည် စိတ်ဖိစီးမှု အနည်းဆုံး ခံရသူများဖြစ်ကြောင်း တွေ့ရသည်။

၎င်းလေ့လာမှု စစ်တမ်းအရ စိတ်ဖိစီးမှု အနည်းဆုံး အလုပ်ဆယ်ခု စာရင်းတွင်ပါဝင်သော အလုပ်အကိုင် တစ်ဝက်လောက်သည် ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍများမှ ဖြစ်နေသည်ကို အံ့ဩဖွယ် တွေ့ရသည်။ “လုပ်ငန်းခွင် အန္တရာယ် နည်းပါးလေ၊ လုပ်ရတာလည်း သက်သာလေ စိတ်ဖိစီမှုလည်း နည်းလေပါပဲ” ဟု ၎င်းလေ့လာမှု စစ်တမ်းကို ပြုစုခဲ့သော အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ ဝက်ဘ်ဆိုက် careercast.com ကို တည်ထောင်သူ တိုနီ လီးက ပြောသည်။ စိတ်ဖိစီးမှု အနည်းဆုံး၊ အလုပ်ချိန်လည်း အနည်းဆုံး၊ လူလည်း အသက်သာဆုံး အလုပ်များ စာရင်းတွင် အာဟာရဗေဒပညာရှင် အလုပ်၊ သွားဆရာဝန် အလုပ်၊ အနှိပ်သည် အလုပ်၊ စိတ်ကျဝေဒနာရှင်များကို နေ့စဉ်လေ့ကျင့်ခန်းများ လုပ်ပေးရသည့်အလုပ်၊ စကားမပီသူများကို ပီသလာအောင် လေ့ကျင့်ပေးရသည့် အလုပ် စသည့် အလုပ်များ ပါဝင်သည်။

လူအများနှင့် ဆက်ဆံရသော PR (Public Relation) အလုပ်မျိုးနှင့် မီဒီယာ အလုပ်မျိုးကို လုပ်ကိုင်နေသူများသည် စိတ်ဖိစီးမှုကို အများဆုံး ခံရသူများဖြစ်ကြောင်း သိရသည်။ လူတစ်ကိုယ် အကြိုက်တစ်မျိုး ဖြစ်သောကြောင့် လူအများနှင့် ဆက်ဆံရသော PR သမားများမှာ အချိန်ပြည့် စိတ်ဖိစီးနေတတ်ကြောင်း သိရသည်။ ထို့အတူ မီဒီယာ လောကမှ လူများသည်လည်း အမြဲလိုလို ပြဿနာများနောက်ကို လိုက်နေရခြင်း၊ အချိန်မီ ပြီးစီးအောင် လုပ်နေရခြင်း၊ လူအများ၏ ဝေဖန်ပြစ်တင်မှုများနှင့်လည်း နေ့စဉ်လိုလို တိုးနေရခြင်းတို့ကြောင့် စိတ်အဖိစီးဆုံး စာရင်းထဲတွင် ထိပ်ဆုံးတန်းမှာ ပါကြကြောင်း သိရသည်။ ရုပ်သံမီဒီယာ သမားများသည်လည်း ပြင်ဆင်ချိန် သိပ်မရဘဲ သတင်း ဖြစ်လျှင်ဖြစ်ချင်း ကြေညာရသူများ ဖြစ်သောကြောင့် ၎င်းတို့၏ အလုပ်ခွင်သည်လည်း စိတ်ဖိစီးမှု အများဆုံး စာရင်းတွင် ပါဝင်လျှက်ရှိသည်။ သတင်းထောက် အလုပ်သည်လည်း စိတ်အဖိစီးဆုံး အလုပ်များ စာရင်းတွင် ပါဝင်သည်။

စိတ်အဖိစီးဆုံး အလုပ်အဖြစ် နံပါတ် တစ် စွဲသွားသည့် အလုပ်ကား လေယာဉ်မှူးအလုပ်ဖြစ်ကြောင်းလည်း တွေ့ရသည်။ အခြား စိတ်အဖိစီးဆုံး စာရင်းဝင် အလုပ်များမှာ ကုမ္ပဏီ အမှုဆောင် လူကြီးအလုပ်၊ ကြော်ငြာ မန်နေဂျာ အလုပ်၊ အင်ဂျင်နီယာ အလုပ်၊ စတော့ရှယ်ယာ အရောင်းအဝယ်အလုပ်များဖြစ်ကြောင်း သိရသည်။

ဆော့ဖ်ဝဲ အင်ဂျင်နီယာ အလုပ်၊ သင်္ချာ ပညာရှင် အလုပ်များသည် စိတ်ဖိစီးမှု အနည်းဆုံး အလုပ်များစာရင်းတွင် ပါဝင်ကြသည်။

ကော်လာပြာလုပ်သားများဟု လူသိများသော ကာယ လုပ်သားများထဲတွင် မီးသတ်သမားများ၊ ရဲ ဝန်ထမ်းများ၊ တက္ကဆီ မောင်းသမားများသည် စိတ်အဖိစီးဆုံး စာရင်း ဝင်ကြကြောင်းလည်း တွေ့ရသည်။ စာအုပ်ချုပ်သမား အလုပ်၊ ဓာတ်ပုံ ဆေးကူးသမားအလုပ်၊ ဂီတ တူရိယာ ပြုပြင်သည့်အလုပ်၊ မော်တော်ကား တပ်ဆင်ရေး အလုပ် စသည်များသည် ကာယအလုပ်များထဲတွင် စိတ်ဖိစီးမှု အနည်းဆုံး အလုပ်များဖြစ်ကြောင်းလည်း တွေ့ရသည်။

စစ်တမ်းပြုစုသူများသည် အလုပ်အကိုင်အမျိုးပေါင်း ၂၀၀ ကျော်ကို လုပ်ကိုင်ရသည့် ပတ်ဝန်းကျင်အခြေအနေ၊ လုပ်ငန်းတွင်း အပြိုင်အဆိုင် အခြေအနေ၊ လုပ်ငန်းတွင်း စွန့်စားရမှု အခြေအနေများအလိုက် စိတ်အဖိစီးဆုံး အလုပ်များနှင့် မဖိစီးဆုံး အလုပ်များဟူ၍ အဆင့် ခွဲခြားခဲ့ကြခြင်း ဖြစ်သည်။

ကိုသန်းထိုက်စိုး၏ Facebook မှ ကူးယူဖော်ပြသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More