Sunday, November 6, 2011

ဂျပန်ပြည်မှ ဂေးရှားမယ်များ

အေးနူးလူမျိုးတို့နှင့် နယ်မြေစစ်ပွဲများ အမြဲ ဆင်နွှဲနေခဲ့ရသော ဂျပန်လူမျိုးများသည် လယ်သမားတစ်ပိုင်း ၊ စစ်သားတစ်ပိုင်း ဖြစ်၍ လာခဲ့ကြသည်။ မိမိ လူမျိုးကို ကာကွယ်မှုပေးသော စစ်သူရဲကောင်းများကို အားကိုလေးစား၍ ယင်းတို့၏ စကားကို နာခံလိုက်နာကြရာမှ ဆာမူရိုင်း လူတန်းစား ပေါ်ပေါက်လာခဲ့ရသည်။
ယမတို(Yamato) ခေတ်နောက်ပိုင်းတွင် ဆာမူရိုင်းများသည် အလွန်အရေးပါ အရာရောက်၏။ လူတိုင်း ဆာမူရိုင်း ဖြစ်ချင်ကြသည်။ အမျိုးသမီး ဆာမူရိုင်းများပင် ပေါ်ပေါက်ခဲ့သည်။
ကမ္ဘာ့သမိုင်းတွင် ထိုခေတ်မတိုင်မီက ပဒေသရာဇ်ခေတ်၏ ထုံးတမ်းအစဉ်အလာအတိုင်း မြို့ကြီးပြကြီးများ ပြည့်တန်ဆာဟူ၍ ထားလေ့ရှိသည်။ ဘုရားရှင်လက်ထက်က အမပါလီကာနှင့် သီရိမာတို့ ထင်ရှားသည်။
(ပြည့်တန်ဆာ = တိုင်းပြည်၏ အဆင်တန်ဆာ ကချေသည်)
ဂရိနိုင်ငံတွင် ဟေတာအိကု အမျိုးသမီးတို့သည် အလားတူ သဘာဝတူပင်ဖြစ်သည်။ တရုတ်ပြည်တွင်လည်း စားသောက်ဆိုင်၊ တည်းခိုခန်းများတွင် တေးသီချင်းသည်တို့ ရှိကြသည်။
ဂျပန်ဂေးရှားမယ်တို့သည် ယင်းတို့နှင့် အသွင်သဘောတူဟန်ရှိသော်လည်း သဘာဝရင်းမြစ် တူညီခြင်း မရှိပါ။
ဂေးရှားမယ်တို့သည် အနုပညာဂီတတို့နှင့် ယောက်ျားများကို ဖျော်ဖြေကြရသော်လည်း ပြည့်တန်ဆာများ မဟုတ်ကြချေ။
ဂျပန်နိုင်ငံတွင် ဆာမူရိုင်းစစ်သားများကို အဆင့် အမြင့်ဆုံးထားကြ၍ လယ်ပိုင် လယ်သမားများ၊ ဂေးရှားမယ်များ၊ အတတ်ပညာရှင်များ၊ ကုန်သည်များ ၊ ပြဇာတ်ကဇာတ် အနုပညာရှင်များ စသည်ဖြင့် အဆင့်ဆင့် သတ်မှတ် ၍ အနိမ့်ဆုံးအဆင့်မှာ ရိုနင်ခေါ် စစ်ရှုံးလူတန်းစားများနှင့် အီတတားခေါ် သုဘရာဇာ အလုပ်သမားများဖြစ်သည်။
ဂေးရှားမယ်များကို အတတ်ပညာရှင်များ ကုန်သည်များ၏ အထက် နေရာပေးထားသည်ကို သိမြင်နိုင်သည်။
ဂေရှားမယ်များသည် အခကြေးငွေယူ၍ ယောက်ျားများအား ဖျော်ဖြေရသော်လည်း ဂျပန်လူ့အဖွဲ့အစည်းက လေးလေးစားစား ဆက်ဆံလေ့ရှိကြသော ကျွမ်းကျင်သူ အနုပညာရှင် လူတန်းစားတစ်ရပ်ဖြစ်သည်။
အိမ်ထောင်ရှင်အမျိုးသားများသည် အိမ်ထောင်သက်ရှည်ကြာလာသောအခါ မိမိ ဇနီးမယားအား ငြီးငွေ့၍ မေတ္တာဓါတ် ကုန်ခန်းသွားတတ်သဖြင့် ပျော်တော်ဆက်အမျိုးသမီးများနှင့် စိတ်အပြောင်းအလဲ ဖြစ်စေသင့်သည်ဟု ကွန်ဖြုးရှပ်စ် အတွေးအခေါ်တစ်ခုတွင် ဖော်ပြသည် ဟုဆိုသည်။
သို့သော်ဂေးရှားမယ်များသည် ယင်းတို့၏ လှပယဉ်ကျေးသော ရုပ်လက္ခဏာ ၊ သာယာ ချိုပျောင်းသော အသံ ၊ ကျွမ်းကျင်သော တေးဂီတအနုပညာဖြင့်သာ ဖျော်ဖြေရသည် ဖြစ်၍ ခန္ဓာကိုယ်နှင့် ဖျော်ဖြေရသူများ မဟုတ်ကြချေ။
ကြမ်းတမ်းခက်ထန်ပြီး အသက်ကိုရင်း၍ လုပ်ကိုင်ကြရသော ဆာမူရိုင်းလူကြမ်းကြီးများမှာ ဂေးရှာမယ်များနှင့် တွေ့ဆုံ ဖျော်ဖြေမှုကို ခံယူရမှ သဘာဝ၏ အနှစ်အရာသာတို့ကို တွေ့မြင်သိကြရမည်ဖြစ်သည်။
ထိုအရိုင်းအစိုင်းရောဂါဆိုးကြီးမှ ကုသပေးခဲ့သည်မှာ ဂေးရှားမယ်များသာဖြစ်၍ ရိုးရာခွဲစိတ်ပညာရှင်များ (Traditional Psychiatrists) များဟုပင် တင်စားထိုက်ပေသည်။
ထိုခေတ်ဂေးရှားမယ်တို့သည်အလွန်ကြေးကြီးသဖြင့် သာမန်လူတန်းစားတို့ တွေ့ဆုံနိုင်ကြမည်မဟုတ်၊ ထို့ကြောင့် လက်လှမ်းမမီသော ပုဂိုလ်များ၏ ကဲ့ရဲ့ အပုတ်ချခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။
ဂေးရှားမယ် တစ်ဦးနှင့် တွေ့ဆုံနိုင်ခွင့်မှာ ဆာမူရိုင်း ဒိုမီရို(ဒိုင်မျိုး) ၊ ရှိုးဂွန်းစသည့် အထက်တန်းစား ဂုဏ်သရေရှိ ပုဂိုလ်များသာ ရရှိနိုင်ပေသည်။ သာမန်ဆင်းရဲသားများဆိုလျှင် ငွေကြေးအရသော်လည်းကောင်း၊ လူမှုရေးအရသောလည်းကောင်း ၊ အနားသို့ကပ်ရန်ပင် လွယ်ကူသည် မဟုတ်ချေ။
ခေတ်အဆက်ဆက် ဂေးရှားမယ်တို့သည် ဂျပန်ရိုးရား အိုဘိ (Obi) ရင်းစည်းပါသော ကီမိုနိုကိုသာ ၀တ်ဆင်ကြရသည်။ ဆံထိုးကိုလည်း ရှေးရိုးရာမပျက်ထုံးဖွဲ့ရသည်။ ပြိုးပြက်တောက်ပသော ဆံထိုးများကို ၀တ်ဆင်ကြရသည်။ မျက်နှာကို အမြူရောင် မျက်ခမ်းကို ကြက်သွေးရောင်၊ မျက်ခုံးကို အနက်ရောင် ချယ်သကြရသည်။ နှုတ်ခမ်းနီမှာ ရှေးယခင်က ဆေးဆိုးစက္ကူများ သုံးသော်လည်း ယခုအခါ (Lipstick) အသစ်များ အသုံးပြုကြသည်။ ကီမိုနို ပြင်ပတွင် ပေါ်နေသော ပုခုံးသား၊ လည်ပင်းများမှအစ လက်ဖျားများတိုင် အသားအရေကို ဖြူဖွေးလှပအောင်လိမ်းသကြရသည်။ ရှေးကရိုးရာ ခုံဖိနပ်အမြင့်များ စီးကြသော်လည်း ယခုအခါ ဒေါက်မြင့်ဖိနပ်များက နေရာယူလာကြလေပြီ။ သို့သော် ဆန်းသစ်ခေတ်လွန်သော ဒီဇီုင်းမျိုးကို အသုံးမပြုကြချေ။ ဂေးရှားမယ်အဆောင်အယောင်အဖြစ် ပန်းဖောက်ခေါက် ယပ်တောင် အလွှာထပ်များကို ကိုင်ဆောင်ကြရသည်..။ ယပ်တောင် အဖွင့်အပိတ်ကို အလှည့်အပြောင်းနှင့် ကျွမ်းကျင်အောင် လေ့ကျင့်ကြရ၍ ယပ်တောင်ကိုင်တွယ်မှုသည် ဂေးရှားမယ်တို့၏ သိမ်မွေ့ခက်ခဲသော အနုပညာဖန်တီးမှုတစ်ရပ် ( Sensitive Fantastical Art ) ဖြစ်လေသည်။
ဂေးရှားမယ်များသည် ရုပ်ရည်လှပယဉ်ကျေးရသည်သာမက အဆိုအကနှင်ရှမိဆန် (Shamisen) တူရိယာအပါအ၀င် အတီးအမှုတ် အနုပညာဘက်တွင် ကျွမ်းကျင်လိမ္မာရခြင်း၊ မိမိခနာကိုယ်နှင့် အရှက်ကို ကာကွယ်နိုင်ရန် ကိုယ်ခံ အသတ်အပုတ် ပညာများကို ကျွမ်းကျင်ရင်ခြင်းစသည့် ပညာမျိုးစုံကို သင်ကြား တတ်မြောက်ကြရသည်။ ဂေးရှားမယ် တစ်ဦး တတ်ကျွမ်းထားသင့်သည့် ပညာရပ်များမှာ ဖော်ပြ၍ မစွမ်းနိုင်လောက်အောင် များလှပေးသည်။
အချို့သော အကျင့်လွန်( အကျင့်ပျက်မဟုတ်) အသက်မွေးဝမ်းကျောင်း လုပ်ငန်းအဖြစ် အခကြေးငွေယူကာ ယောက်ျားတို့၏ အလိုဆန္ဒကို (ပြည့်တန်ဆာသဖွယ်) ဖြည့်စွမ်းရသူ ဖြစ်လင့်ကစား (ဂျပန်လူမျိုးအားလုံးက လေးစားလိုက်နာသော ဓလေ့ထုံးစံအရ) ကာယကံရှင် မိန်းကလေး (သို့)သူမအား အုပ်ထိန်းသူက ယောက်ျားတစ်ဦးအား မနှစ်သက်၍ (ဖြေဖျော်မှုကို) ငြင်းဆန်မည်ဆိုလျှင် အခကြေးငွေ မည်မျှပင် ပုံပေးစေကာမူ ငြင်းဆန်နိုင်ခွင့်ရှိပေသည်။
၎င်းပြင် ချစ်သူတစ်ဦး လက်ဝယ်ပိုင်ပိုင်ရလာလျှင်ဖြစ်စေ ၊ စီးပွားရေး အခြေအနေမြင့်မားလာလျှင်ဖြစ်စေ ထိုအသက်မွေးဝမ်းကျောင်းလုပ်ငန်းမှ အနားယူ၍ သာယာသော အိမ်ထောင်ရေးဘ၀အသစ်တစ်ခုကို တည်ဆောက်နိုင်ခွင့်လည်း ရှိပေသည်။
ရေးသူ - ခင်သူဇာမျိုး (ဂျပန်ဘာသာဌာန)
(၂၀၀၉ခုနှစ် မန္တလေးနိုင်ငံခြားဘာသာ တက္ကသိုလ် နှစ်လည်မဂဇင်းမှ ကောက်နုတ်တင်ပြပါသည်။)

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More