Saturday, November 26, 2011

အကောက်ခွန် ဝန်ထမ်း ၆၇ ဦး အကျင့်ပျက် ခြစားမှုပေါ်ပြီ

အကောက်ခွန် ဝန်ထမ်း ၆၇ ဦး အကျင့်ပျက် ခြစားမှုပေါ်ပြီ
နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်၏ သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေး မူဝါဒအရ အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနက ရန်ကုန် ဆိပ်ကမ်းများ၌ ဖြစ်ပွားခဲ့သော တရားမဝင် ကား ၃၃ စီး တင်သွင်းမှုကို စုံစမ်း စစ်ဆေးခဲ့ရာ အကောက်ခွန်ဝန်ထမ်း ၆၇ ဦး အကျင့်ပျက် ခြစားမှုတွင် ပါဝင် ပတ်သက်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားကြောင်း သက်ဆိုင်ရာမှ စုံစမ်း သိရှိရသည်။

အေးရှားဝေါလ် ဆိပ်ကမ်း၊ မြန်မာ့စက်မှု ဆိပ်ကမ်းတို့တွင် ယခုနှစ်အတွင်း Super Custom ကားများနှင့် တရုတ် ပြည်သူ့သမ္မတ နိုင်ငံမှ ကားများ အစီးလိုက် သော်လည်းကောင်း၊ ပစ္စည်းများ တစ်စစီ ဖြုတ်၍ သော်လည်းကောင်း တင်သွင်းခဲ့ ကြရာ တရားမဝင် လိုင်စင်မဲ့ ကား ၃၃ စီး တင်သွင်းခဲ့မှု ပေါ်ပေါက်ခဲ့ကြောင်း၊ ထိုသို့ ဖြစ်ပွားသည်နှင့် ဘဏ္ဏာရေးနှင့် အခွန် ဝန်ကြီးဌာနက အဖွဲ့ဝင် သုံးဦး ပါဝင်သော အထူး စုံစမ်းစစ်ဆေးရေး ခုံသမာဓိ အဖွဲ့ ဖွဲ့စည်း စစ်ဆေးခဲ့သည့် အပြင် အထူး စုံစမ်း စစ်ဆေးရေး ဦးစီးဌာနကလည်း တရားဝင် စစ်ဆေးခဲ့ကာ အကောက်ခွန် ဝန်ဆောင်မှု ဆိုင်ရာ အေဂျင်စီများ ကိုလည်း စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ စစ်ဆေးချက် ဆိုင်ရာ အစီရင်ခံစာကို ဘဏ္ဏာရေးနှင့် အခွန် ဝန်ကြီးဌာန အပါအဝင် အကြီးအကဲများထံ တင်ပြထားပြီး ဖြစ်ကြောင်း၊ အဆိုပါ အစီရင်ခံစာတွင် အကောက်ခွန် ဝန်ထမ်း ၆၇ ဦး အကျင့်ပျက် ခြစားမှုတွင် ပါဝင်သည်ကို သိရှိရကြောင်း သက်ဆိုင်ရာမှ တာဝန်ရှိသူများက The Voice Weekly သို့ တရားဝင် ပြောဆိုသည်။

" စသုံးလုံးက အပြင်က အကောက်ခွန် ဝန်ဆောင်မှု အေဂျင်စီတွေ ကိုလည်း လိုအပ်တာတွေ ခေါ်ယူ မေးမြန်းတယ် " ဟု ရန်ကုန် မြို့တော် အခြေစိုက် အကောက်ခွန် ဝန်ဆောင်မှု အေဂျင်စီ တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က အကျင့်ပျက် ခြစားမှုများကို တိုက်ဖျက်မည်ဟု မကြာခဏ ဆိုသလို မိန့်ခွန်းများတွင် ထည့်သွင်း ပြောကြားခဲ့ပြီး နိုင်ငံ့စီးပွားရေး တိုးတက်ဖွံ့ဖြိုးရန် လာဘ်ပေး လာဘ်ယူစနစ် ပပျောက်ရန် လိုအပ်ကြောင်း နိုင်ငံတော် သမ္မတ၏ စီးပွားရေး အကြံပေး စီးပွားရေး ပညာရှင် ဒေါက်တာ ဦးမြင့်၊ ဘဏ္ဏာရေးနှင့် အခွန် ဝန်ကြီးဌာန အကြံပေး အဖွဲ့ဝင် ရန်ကုန် စီးပွားရေး တက္ကသိုလ် အငြိမ်းစား ပါမောက္ခချုပ် ဦးမော်သန်း အပါအဝင် စီးပွားရေး ပညာရှင်များက တညီတညွတ်တည်း ထောက်ပြပြောဆို ကြသည်။

The Voice

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More