Sunday, December 11, 2011

နိုင်ငံတော် ငွေရင်းတစ်ဝက် ပုဂ္ဂလိက ငွေရင်းတစ်ဝက်ဖြင့် အရန်ဆန်တန်ချိန် ငါးသိန်းဝယ်ယူမည် တောင်သူများအား ဈေးနှိမ်မပေးနိုင်စေရန် စပါးဝယ်ယူပေးမည့်သူများအား တင်ဒါစနစ်ဖြင့် ၀ယ်ယူခွင့် ချထားပေးရန် အကြိုစီစဉ်ထား

w81_14
နေပြည်တော်ခရိုင်အတွင်း ရိတ်သိမ်းပြီး မိုးစပါးများအား ခြွေလှေ့နေသည့် လုပ်ငန်းခွင်ကို တွေ့ရစဉ်
နိုင်ငံတော် ငွေရင်းတစ်ဝက်၊ ပုဂ္ဂလိကငွေရင်းတစ်ဝက်ဖြင့် အရန်ဆန် တန်ချိန် ငါးသိန်းဝယ်ယူသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ဒီဇင်ဘာလ ၁၁ ရက်နေ့ကကျင်းပသည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲတွင် ပြောကြားခဲ့ပါသည်။
လက်ရှိတွင် စပါးဈေးမှာ ထုတ်လုပ်ကုန်ကျစရိတ်ဝန်းကျင်သာ ပြန်ရပြီး အချို့မှာ ထုတ်လုပ်ကုန်ကျစရိတ်အောက်တွင်သာ ရရှိနေသည့်အတွက် တောင်သူများမနစ်နာစေရန် အရန်ဆန် တန်ချိန်ငါးသိန်းအတွက် ၀ယ်ယူရာ၌ တင်ဒါစနစ်ဖြင့် ချထားပေးရန် အကြို အစီအစဉ်တစ်ရပ် ပြုလုပ်ထားကြောင်းလည်း သိရသည်။
''ဆန်စပါးကဏ္ဍမှာဆိုရင် အခုစပါးဈေးက စိုက်ပျိုးကုန်ကျစရိတ်ပဲ ရတယ်။ တချို့စိုက်ပျိုးကုန်ကျစရိတ်အောက်မှာပဲရတယ်။ စိုက်ပျိုးရတာကိုတောင် စိတ်မပါတော့ဘူး။ ဒါကြောင့် အရန်ဆန်တန်ချိန် ငါးသိန်းဝယ်မယ်။ နိုင်ငံတော်သမ္မတကြီးက ပြောပါတယ် နိုင်ငံတော်က တစ်ဝက် ပုဂ္ဂလိကက တစ်ဝက် အရင်းစိုက်ပြီးဝယ်မယ်။ ၀ယ်တဲ့အခါ တောင်သူတွေမနစ်နာအောင် တင်ဒါစနစ်နဲ့ဝယ်မယ်၊ တင်ဒါစနစ်နဲ့ ရောင်းမယ်။ တောင်သူတွေ မနစ်နာအောင်။ ဂိုဒေါင်ခကိုလည်း နိုင်ငံတော်တစ်ဝက်၊ လုပ်ငန်းရှင် တစ်ဝက်စီပဲ။ တင်ဒါခေါ်တဲ့အခါမှာတော့ စည်းကမ်းချက်တချို့တော့ လောလောဆယ် စီစဉ်ထားတယ်။ နာမည်ကောင်းရှိရမယ်၊ ဆန်စပါးနဲ့ပတ်သက်ပြီး အတွေ့အကြုံရှိရမယ်။ ဂိုဒေါင်ကလည်း အရည်အချင်းရှိရမယ်။ နောက်သယ်ယူလို့ လွယ်ကူအောင် ရေလမ်း၊ ကားလမ်း၊ ရထားလမ်းနဲ့ နီးရမယ်။ နောက် နာဂစ်လိုမျိုးကြုံရင် မဆုံးရှုံးအောင် ရေအလွယ်တကူ မတက်နိုင်တဲ့နေရာ၊ မီးဘေးအန္တရာယ်ကင်းတဲ့နေရာ အဲဒီလိုစည်းကမ်းချက်တွေတော့ ထားရှိတယ်''ဟု ပြည်ထောင်စု ၀န်ကြီးဦးဝင်းမြင့်က အဆိုပါတွေ့ဆုံပွဲတွင် ပြောကြားခဲ့ပါသည်။
''တန်ချိန် ငါးသိန်းအတွက် ဆန်ရော စပါးရော နှစ်မျိုးစလုံးဝယ်ရမယ့် သဘောရှိပါတယ်။ တချို့တစ်ဝက်ကို ဆန်၊ တချို့တစ်ဝက်ကိုစပါးဝယ်ပြီး ၀ယ်တဲ့အခါမှာ တောင်သူတွေလည်း သင့်တင့်တဲ့ဈေးရအောင် တင်ဒါစနစ်နဲ့ အကြိုပြင်ဆင်စီစဉ်ထားတာပါ'' ဟု မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More