Thursday, December 15, 2011

ရွှေညဝါဆရာတော်ကို ဆိုဆုံးမရ ခက်ခဲသော ဒုဗ္ဗစပုဂ္ဂိုလ်အဖြစ် ဆုံးဖြတ်



ရန်ကုန်၊ ဒီဇင်ဘာ ၁၄

၂၀၁၁ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့က အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ ၂၀၁၁ အထိမ်းအမှတ် မန္တလေးတိုင်း ဒေသကြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌ တရားဟောကြား ခဲ့ခြင်းနှင့် စပ်လျဉ်း၍ လူဝတ်လဲ ခံရသည်ဟု သတင်းများ ထွက်ပေါ်နေသော ကြည့်မြင်တိုင် သာဓု ပရိယတ္တိ စာသင်တိုက်ရှိ ရွှေညဝါ ဆရာတော် ဦးပညာသီဟကို နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က ဒီဇင်ဘာ ၁၂ ရက်နေ့စွဲတပ် အချက်သုံးချက်ပါ ထုတ်ပြန်ချက်တွင် သံဃာ့အဖွဲ့အစည်း အဆင့်အဆင့်၏ ဆုံးမညွှန်ကြားသည်ကို မနာခံ၍ ဒုဗ္ဗစပုဂ္ဂိုလ်အဖြစ် ဆုံးဖြတ်ခဲ့သည်။

ဆရာတော်ကို လူဝတ်လဲရန် အတွက် ယနေ့ ညနေပိုင်းက ရဲတပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေး ဆောင်ရွက် ထားသည်ဟု ကြည်မြင်တိုင် မြို့နယ် ကြံ့ခိုင်ရေးပါတီ အဖွဲ့ဝင် တစ်ဦးက ယနေ့ည ၁၁ နာရီက The Voice Weekly သို့ ပြောကြားသည်။

" ညနေ ၄ နာရီ ကျောင်းကနေ ဦပညာသီဟကို အပြီးထွက်သွားဖို့၊ ဘုန်းကြီးဝတ်နဲ့ နိုင်ငံရေး မလုပ်ဖို့ လုပ်ချင်ရင် လူဝတ်လဲဖို့ အတွက် စာထုတ်ထားတာပါ၊ ကျောင်းမှာ ဘုန်းကြီးကျောင်းသားတွေ လူတွေများတော့ ခိုက်ရန် တစ်ခုခု ဖြစ်သွားမှာ စိုးလို့ လုံခြုံရေး ယူထားတာပါ။ အခု ည ၇ နာရီလောက် အထိ ကျောင်းမှာ ရှိနေသေးတယ် " ဟု အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။

ရွှေညဝါ ဆရာတော်ကို မန္တလေးတိုင်း ဒေသကြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် တရားဟောကြား ခဲ့သည့် ကိစ္စနှင့် စပ်လျဉ်း၍ ကြည့်မြင်တိုင် သာဓု ကျောင်းတိုက်မှ ဖယ်ရှားရန်၊ သံဃာ့အဖွဲ့အစည်း အဆင့်အဆင့်၏ ဆုံးမညွှန်ကြား သည်ကို မနာခံသဖြင့် ဒုဗ္ဗစပုဂ္ဂိုလ် အဖြစ် သတ်မှတ်ရန်၊ နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့၏ ခွင့်ပြုချက် မရရှိဘဲ မည်သည့် ပုဂ္ဂိုလ်မျှ သာဓု ကျောင်းတိုက်အတွင်း၌ မည်သည့် သင်တန်းမှ ဖွင့်လှစ်ဆောင်ရွက်ခြင်း မပြုလုပ်ရန် နိုဝင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပသော ဆဋ္ဌအကြိမ် နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့ (၄၇) ပါး စုံညီ အစည်းအဝေးက ဆုံးဖြတ် ခဲ့ကြောင်း နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့၏ ဒီဇင်ဘာလ ၁၂ ရက်နေ့ ရက်စွဲဖြင့် ရန်ကုန်တိုင်း ဒေသကြီး သံဃနာယက အဖွဲ့ ဥက္ကဋ္ဌ ဆရာတော်သို ပေးပို့သော ထုတ်ပြန်ချက် အရ သိရသည်။

ရွှေညဝါ ဆရာတော် ဦးပညာသီဟသည် ဒီဇင်ဘာလ ၁၀ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ရရှိခြင်း အနှစ် (၂၀) ပြည့် ဂုဏ်ပြုပွဲ အခမ်းအနားကို ရန်ကုန်မြို့ သာဓုကျောင်းတိုက်တွင် ကျင်းပပေးခဲ့သည်။


ရွှေညဝါ ဆရာတော် ဦးပညာသီဟ ၂၀၁၁ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့က အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ ၂၀၁၁ အထိမ်းအမှတ် မန္တလေးတိုင်း ဒေသကြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌ တရားဟောကြားစဉ်
သတင်းရင်းမြစ် The voice weekly(facebook) 

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More