Thursday, December 15, 2011

ကချင်ပြည်နယ်ရှိ ကေအိုင်အိုအဖွဲ့များနှင့် နိုင်ငံရေးအရ ငြိမ်းချမ်းစွာ ဖြေရှင်းသွားမည်ဖြစ်ပြီး ကေအိုင်အေ တပ်စခန်းများအား တပ်မတော်မှ ချီတက်ထိုးစစ်ဆင် တိုက်ခိုက်ခြင်းများ မပြုရန် နိုင်ငံတော်သမ္မတ ညွှန်ကြားချက်ထုတ်ပြန်



AddThis Social Bookmark Button
b37_05
ကချင်ပြည်နယ်ရှိ ကေအိုင်အေ တပ်စခန်းများအား တပ်မတော်မှ ချီတက်တိုက်ခိုက်ခြင်း မပြုရန် နိုင်ငံတော် သမ္မတရုံးမှ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)ထံ ညွှန်ကြားချက်ထုတ်ပြန် လိုက်ကြောင်း ဒီဇင်ဘာလ ၁၂ ရက် နေ့၌ မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ တွင် ကျင်းပသည့်ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ၏ နယ်မြေ လုံခြုံရေးအရ ခေတ္တပြောင်းရွှေ့လာသော ပြည်သူများအား ထောက်ပံ့ခြင်း အခမ်းအနားတွင် ကချင်ပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်းဆိုင်းက ပြောကြားခဲ့သည်။
ထိုသို့ ကာကွယ်ရေးဦးစီးချုပ် (ကြည်း)ထံ ညွှန်ကြားထားပြီးဖြစ်ကြောင်း ကချင်ပြည်နယ်အစိုးရထံ ဒီဇင်ဘာလ၁၁ရက်နေ့တွင် အကြောင်းကြားလာပြီးနောက် ကေအိုင်အိုအဖွဲ့ နှင့် နိုင်ငံရေးအရ ငြိမ်းချမ်းစွာ ဖြေရှင်းမှုများပြုလုပ်နိုင်ရန်၊ နှစ်ဖက်တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးနိုင်ရန် တွေ့ဆုံဆွေးနွေးမှု ဖြစ်မြောက်ရေးအဖွဲ့မှ တာဝန်ရှိသူများကို ရက်ပိုင်းအတွင်း ကေအိုင်အိုအဖွဲများရှိရာ နေရာများ သို့သွားရောက်ကြမည် ဖြစ်ကြောင်း သိရှိရသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်းဆိုင်း က “ကချင်ပြည်နယ်အတွင်း အမြန်ဆုံး ငြိမ်းချမ်းရေးရရှိအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နိုင်ငံတော်သမ္မတရုံးကနေ ဒီဇင်ဘာလ ၁၀ ရက်နေ့ ၂၀၁၁ ခုနှစ်မှာ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)ထံ ညွှန်ကြားချက်စာတစ်စောင် ပေးပို့ခဲ့ပါတယ်။ စာထဲမှာပါတဲ့ အကြောင်းအရာက ကေအိုင်အေ တပ်စခန်းများအား ချီတက်ထိုးစစ်ဆင် တိုက်ခိုက်ခြင်းများ မပြုလုပ်ရေး ကိစ္စလို့ပါပါတယ်။ ဒီထဲမှာ နံပါတ်(၁) အချက်က ကချင်ပြည်နယ်အတွင်း ကေအိုင်အေအဖွဲ့များနှင့် နိုင်ငံရေးအရ ငြိမ်းချမ်းစွာဆွေးနွေးနိုင်ရန် အကျိုးဆောင်အဖွဲ့များမှ ဆက်သွယ်ညှိုနှိုင်းဆောင်ရွက်လျက် ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် တစ်ဖက်နှင့် တစ်ဖက် ယုံကြည်မှုများရရှိစေရန် အတွက် မိမိတို့တပ်များအနေဖြင့် ခုခံကာကွယ်ရုံမှအပ ပစ်ခတ်တိုက်ခိုက် ခြင်း၊ တပ်များရွှေ့ပြောင်းခြင်း၊ ကေအိုင်အေ တပ်စခန်းများအား ချီတက်ထိုး စစ်ဆင်တိုက်ခိုက်ခြင်းများ မပြုလုပ်ရန် အကြောင်းကြားပါသည် ဆိုပြီး ပို့လိုက်တာတွေ့ရှိရပါတယ်။ ဒါဟာ ဘာဖြစ်လို့ ဒီလိုမျိုးပို့ရသလဲ ဆိုရင် ပြည်နယ်အတွင်းမှာ ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲစေချင်တဲ့ ကိစ္စ၊ပြည်သူများ ဒုက္ခရောက်နေတဲ့ကိစ္စတွေ ဆက်လက်ဒုက္ခမရောက်အောင် ဆိုတဲ့ ဆန္ဒ၊ ပြည်ထောင်စုအစိုးရ အဖွဲ့အနေနဲ့သော်လည်းကောင်း၊ ပြည်နယ်အစိုးရ အဖွဲ့အနေနဲ့သော် လည်းကောင်း ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရအဖွဲ့ ဖြစ်တဲ့အတွက်ကြောင့် ပြည်သူတွေရဲ့ လိုလားချက်တွေ၊ ပြည်သူ တွေရဲ့ဆန္ဒတွေ၊ ပြည်သူတွေဖြစ်နေတဲ့ ဒုက္ခတွေကို အလေးထားပြီး ဆောင်ရွက်ပေးခဲ့တယ်။ အလေးထားပြီး ဆောင်ရွက်ရန် အစီအစဉ်ရှိတယ်ဆိုတဲ့ သဘောထားနဲ့ ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ ဒီစာကို ညွှန်ကြားထား ပြီးပြီလို့ ပြည်နယ်အစိုးရအဖွဲ့ကို အကြောင်းကြားပြီးတဲ့နောက်ပိုင်းမှာ အခုနှစ်ဖက် ပြန်လည်တွေ့ဆုံနိုင်ဖို့ ကြားက စီစဉ်ဆောင်ရွက်ပေးတဲ့အဖွဲ့ က ဒီရက်ပိုင်းအတွင်းထပ်သွားမှာ ဖြစ်ပါတယ်။ ဒါကို ဘာလို့အသိပေးရသလဲဆိုရင် ဒီနေ့ခတ်ဟာ စတုတ္ထမဏ္ဍိုင်က မီဒီယာဖြစ်တယ်လို့ ပြောထားပြီးဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ မည်သည့်ကိစ္စ၊ မည်သည့်အကြောင်းအရာဖြစ်ဖြစ် ဖုံးကွယ်ထားလို့ မရပါဘူး။ ပွင့်လင်းမြင်သာမှု ရှိရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် နောက်ဆုံးအခြေအနေကို ပြောပြရခြင်းဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
b37_05_1
နှစ်ဖက်တွေ့ဆုံဆွေးနွေးမှု ဖြစ်မြောက်ရေးအဖွဲ့သည် ရက်ပိုင်းအတွင်း ကေအိုင်အိုစခန်းများရှိရာ ဒေသများသို့ သွားရောက်ကာ ဆွေးနွေးပွဲပြုလုပ်မည့် နေရာ၊ဆွေးနွေးပွဲပြုလုပ်မည့် အချိန်နှင့် ဆွေးနွေးပွဲဆိုင်ရာ ကိစ္စများကို ညှိုနှိုင်းကြမည်ဖြစ်သည်။
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ပဋိပက္ဓများကို ဖြေရှင်းရာတွင် စစ်ရေးအရ ဖြေရှင်းမှုကို ရှောင်ရှား၍ နိုင်ငံရေးနည်းလမ်းဖြင့် တွေ့ဆုံဆွေးနွေးပေးပါရန် နိုင်ငံတော်သမ္မတထံ ဒီဇင်ဘာလ၉ရက်နေ့က ကချင်ပြည်သူများမှ စာပေးပို့တောင်းဆိုခဲ့ကြောင်း သိရှိရသည်။
၂၀၁၁ခုနှစ် ဇွန်လ ၉ရက် နေ့မှ စတင်ဖြစ်ပွားခဲ့သော ပဋိပက္ခများအတွက် နှစ်ဖက်တာဝန်ရှိသူများ နိုဝင်ဘာလ၂၉ရက်နေ့က တရုတ်နိုင်ငံ ၊ရွှေလီမြို့တွင် တွေ့ဆုံခဲ့သော်လည်း နှစ်ဖက်ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေသဖြင့် ကချင်ဒေသခံပြည်သူများမှ စုပေါင်းကာ နိုင်ငံတော်သမ္မတထံ စာရေးသားပေးပို့ တောင်းဆိုမှုများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
“စစ်ဖြစ်တဲ့အတွက် အဓိက ခံစားရတာကတော့ ဒေသခံပြည်သူ တွေပါဘဲ။ ယခင် လူသွားလမ်းအဆင့် ကနေ ယခုအချိန်မှာ ကုန်သွယ်ရေး လမ်းကြောင်းအဖြစ်ပါ တိုးချဲ့ဖောက်လုပ်ထားပြီးဖြစ်တဲ့ ဗန်းမော်-မြစ်ကြီးနားလမ်း ၊ဗန်းမော်-နမ့်ခမ်းလမ်း၊ မိုးမောက်-လွယ်ဂျယ်လမ်း၊ ၀ိုင်းမော်- ကံပိုက်တီးလမ်း စတဲ့လမ်းကြီးတွေ အကုန်ဖြတ်တာက်ခံရပါတယ်။ ဆက်သွယ်ရေး ပြတ်တောက်ခံရတဲ့အတွက် ကုန်စည်စီးဆင်မှုပျက်ပြီး ကုန်ဈေး နှုန်းတွေ အဆမတန် တက်ခဲ့ရပါတယ်။ မြစ်ကြီးနားမှာတောင် ဗုံးပေါက်တာတွေ၊ သေနတ်သံကြားရတာတွေရှိလာပါ တယ်။ ရွာတွေဘက်မှာဆိုရင် ရွာလုံးကျွတ် မီးရှို့ခံရတာတွေ ရှိလာပါတယ်။ အပြစ်မဲ့ပြည်သူတွေပဲ အဓိကခံစားရတာဖြစ်တဲ့အတွက် ကချင်ပြည်နယ်ကို အမြန်ဆုံး ငြိမ်းချမ်းစေချင်ပါပြီ”ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ပြောကြားခဲ့သည်။
ပဋိပက္ဓဒဏ်ကို အများဆုံးခံကြရသည့် ဒေသများမှာ မြစ်ကြီးနား၊ ၀ိုင်းမော်၊ မိုးမောက်၊ ဗန်းမော်၊ မိုင်းစီး၊ ပူတာအိုစသည့် 
မြို့နယ်များနှင့် အနီးတစ်ဝိုက် နေရာများဖြစ်ကြောင်း သိရှိရသည်။
သတင်းရင်းမြစ် eleven media group 

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More