Monday, December 12, 2011

ခုံးကျော်တံတားကြီး (၄) ခု တည်ဆောက်ရန် မြေပြင်တိုင်းတာမှု စတင်


ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ လမ်းတံတား ဌာနသည် ယာဉ်အသွားအလာ များပြားပြီး အချိန်ယူ ဖြတ်သန်းရသော မီးပွိုင့်လမ်းဆုံ နေရာများတွင် ယာဉ်သွားလမ်းဆုံ နေရာများတွင် ယာဉ်သွားလမ်း ခုံးကျော်တံတားကြီး (၄) ခု တည်ဆောက်နိုင်ရန်  မြေပြင်တိုင်းတာရေး လုပ်ငန်းများကို ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ (၁) ရက်မှ (၄) ရက်နေ့အထိ မြေတိုင်းပညာရှင်များဖြင့် စတင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ရန်ကုန်မြို့၏ တိုးတက်လာသော လူဦးရေနှင့်အညီ နေ့စဉ် မော်တော်ယာဉ်များ ထူထပ်စွာ ဖြတ်သန်းနေသော အဓိက လမ်းဆုံနေရာများ ဖြစ်သည့် လှည်းတန်းမီးပွိုင့်၊ ဘုရင့်နောင်မီးပွိုင့်၊ ရွှေဂုံတိုင်မီးပွိုင့်နှင့် တာမွေ (ယခင်အဝိုင်း) မီးပွိုင့်နေရာတို့တွင် လွယ်ကူချောမွေ့၊ မြန်ဆန်စွာ သွားလာနိုင်ရန် ယာဉ်သွားလမ်း ခုံးကျော်တံတားကြီးများ မကြာမီ ကာလအတွင်း အမြန်ဆုံး တည်ဆောက်တော့မည် ဖြစ်သည်။ အဆိုပါ တည်ဆောက်ရေး လုပ်ငန်းအတွက် အရေးကြီးသော မြေပြင်တိုင်းတာရေး လုပ်ငန်းများကို ရွှေဂုံတိုင်နှင့် ဘုရင့်နောင် မီးပွိုင့်နေရာတို့တွင် တစ်ဖွဲ့၊ လှည်းတန်းနှင့် တာမွေမီးပွိုင့် နေရာတို့တွင် တစ်ဖွဲ့၊ နှစ်ဖွဲ့ခွဲကာ မြေတိုင်းပညာရှင်များဖြင့် တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့သည်။


ရွှေဂုံတိုင်မီးပွိုင့်ရှိ မြေပြင်တိုင်းတာရေး အဖွဲ့သည် မီးပွိုင့်များရှိရာ လမ်းဆုံဗဟို တည့်တည့်မှ လမ်းမကြီးများ လားရာအတိုင်း ၇၅၀ မီတာ အကွာအဝေးအထိ မြေပြင်အနိမ့်အမြင့် တည်နေပုံကို ခေတ်မီမြေတိုင်း ကိရိယာများဖြင့် Total Station စနစ်ဖြင့်လည်းကောင်း၊ တစ်ဖန် ယုဇနတာဝါ၏ ၁၃ ထပ်ပေါ်ရှိ ခေါင်မိုးနေရာမှ ဂြိုလ်တုဆက်သွယ်ရေး ကိရိယာများဖြင့် ဂျီပီအက်စ်စနစ် (Global Position System) အသုံးပြု၍ တံတားဆောက်မည့် ဧရိယာ၏ မြေပြင်အရှေ့၊ အနောက်စသည့် အရပ်မျက်နှာ တည်ပုံနှင့် လတ္တီတွဒ်၊ လောင်ဂျီတွတ်အညွှန်း စသည့် အချက်အလက် (DATA) များကို ရှာဖွေစုဆောင်း၍ လည်းကောင်း၊ စနစ်နှစ်မျိုး ပေါင်းစပ်ကာ တိကျသေချာသော ကိန်းဂဏန်းများ တွက်ချက်ထုတ်ယူ၍ မြေပြင်အနေအထား ပုံများကို တစ်ပတ်အတွင်း ထုတ်ယူမည် ဖြစ်သည်။ ယင်းတို့ကို အခြေခံ၍ လမ်းတံတား အင်ဂျင်နီယာများမှ အဆင်ပြေဆုံး ယာဉ်သွားလမ်း ခုံးကျော်တံတားကြီး (၄) ခု၏ ပုံစံများ ရေးဆွဲပြီးဖြစ်ကြောင်း သိရှိရသည်။

မိုးမြင့်ဆွေ(ရတနာပုံ သတင်း)

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More