Friday, December 23, 2011

နံပါတ်ပြား မပါပဲ မော်တော်ယာဉ် အသစ်များ စည်းကမ်းမဲ့ မောင်းနှင်မှုရှိနေခြင်း

                        နိုင်ငံတော်အစိုးရအနေနဲ့ ယာဉ်အိုယာဉ်ဟောင်းတွေ ကိုဖျက်သိမ်းပြီး  ပြည်ပ မှမော်တော်ယာဉ်အသစ်တွေ တင်သွင်းခွင့်ပြုခဲ့တဲ့အတွက် မုဒိတာပွားမိပါတယ်၊ ရန်ကုန် မြို့လမ်းမတွေပေါ်မှာ စုတ်ပြတ်နေတဲ့ ယာဉ်အဟောင်းတွေအစား သစ်လွင်တောက်ပနေ တဲ့မော်တော်ယာဉ် အသစ်လေးတွေ ကိုတွေ့မြင်ရတာဟာ အင်မတန်မှ ကျက်သရေရှိလှပါတယ်။


                          ဘေးပတ်ဝန်းကျင် အိမ်နီးနိုင်ငံတွေမှာတော့ ဒီလိုမြင်ကွင်းတွေ ကို  တွေ့နေရတာ နှစ်ပေါင်း တော်တော်ကြာနေပါပြီ။ သို့ပေမယ့် မုဒိတာပွားလို့မဆုံးခင်မှာပဲ မိမိတို့ရန်ကုန် မှာ နေ့စဉ်မြင်တွေ့နေရတဲ့ မြင်ကွင်းတွေကြောင့် တော်တော်လေးစိတ်မသက်မသာဖြစ်မိပါတယ် ။ အကြောင်းကတော့ တင်သွင်းလာတဲ့ မော်တော်ယာဉ် အသစ်တိုင်းလိုလို မော်တော်ယာဉ်နံပါတ်ပြားမပါပဲ ရန်ကုန် စည်ပင်သာယာ နယ်နမိတ်အတွင်း မြို့တွင်းမြို့ပြင် ပါမကျန် စည်းမဲ့ကမ်းမဲ့ မောင်းနှင်နေတာကိုတွေ့ရလို့ပါပဲ ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံပေါ်မှာ မှ မမြင်တွေ့ဘူးတဲ့ မြင်ကွင်းတွေပါ။ ဒီလိုလုပ်ရပ်တွေ ဟာငွေကြေးချမ်းသာသူလူတစ်ချို့ရဲ့ ငါ့မှာပိုက်ဆံရှိတာပဲကွာ ဘာမဆိုငွေနဲ့ဖြေရှင်းမယ် ဆိုတဲ့စရိုက်ကြောင့်ပေလား. .ငွေကြေးသာချမ်းသာပြီး ကိုယ်ကျင့်တရားနဲ့ စည်းကမ်း ချို့တဲ့နေမှုကြောင့်လား..  ဒါမှမဟုတ် တရားဥပဒေကို မထေမဲ့မြင်ပြုမှုလားဆိုတာကတော့ နံပါတ်ပြားမပါပဲစီးနင်းမောင်းနှင်နေကြတဲ့ ယာဉ်ပိုင်ရှင်တွေ ကိုယ်တိုင်ပဲသိကြမှာပါ။ ထို့ထက် ပိုမိုစိုးရိမ်စရာကောင်းတဲ့အချက် ကတော့ ထိုမော်တော်ယာဉ်အသစ်များဟာ အမျိုးအစားတူ အရောင်အသွေး တူတွေကို တပြိုင်နက်တင်သွင်း လာကြတာများမှုကြောင့် လမ်းပေါ်မှာ စည်းကမ်းမဲ့ မောင်းနှင်ရင်း မော်တော်ယာဉ် အချင်းချင်း တိုက်ခိုက်မိမှု၊ လမ်းသွားလမ်းလာများအား တိုက်ခိုက်မိမှုများပေါ်ပေါက်လာပါက တရားဥပဒေအရ အရေးယူဆောင်ရွက်ရာမှာလည်း အခက်အခဲတွေ အများကြီးတွေ့ကြုံလာနိုင်ပါတယ်။                                            
                           ထို့အပြင် ထိုမော်တော်ယာဉ်များ ကို အသုံးချ၍ ဒုစရိုက်မှုများ ကျူးလွန်လာပါကလည်း အရေးယူဆောင်ရွက်ရန် ခက်ခဲမှာဖြစ်ပါတယ်၊မော်တော်ယာဉ် မှတ်ပုံတင်ကိစ္စများဆောင်ရွက်နေဆဲ ကာလအတွင်း(ဥပမာ-စတိနံပါတ်ပြားများ၊ ယာယီနံပါတ်ပြားများ) တပ်ဆင်ပြီးမောင်းနှင်ခွင့်ပြုသင့်ပါတယ်။ ဒီမိုကရေစီစနစ်ကိုစတင်ဖေါ်ဆောင်ရန် အားယူနေသောနိုင်ငံတစ်နိုင်ငံအနေဖြင့် ပြည်သူတစ်ဦးချင်းစီ၏တရားဥပဒေအားလေးစားမှု၊စည်းကမ်းလိုက်နာမှုသည် အလွန်အရေးကြီးကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများအားတင်ပြအပ်ပါသည် ။
                                                
                                                                                                 (သီရိစု) (facebook)

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More