Friday, December 23, 2011

MBA ဘွဲ့ရရင် ဘာဖြစ်မလဲ?

စီးပွားရေးလုပ်ငန်း ပညာသင်တက္ကသိုလ်များသည် ယခုအခါ၌ MBA သင်တန်းတစ်ခုကို တက်လိုက်လျှင် သေချာပေါက် အောင်မြင်ပြီး လုပ်ငန်းခွင်ထဲတွင် အသာစီးရမည်ဟု ကြော်ငြာလေ့ရှိကြသည်။ အကယ်၍ သင့်တင့်သည့် စီးပွားရေးလုပ်ငန်း ပညာသင်တက္ကသိုလ်တစ်ခုမှ ဘွဲ့ရလျှင် ထိုလုပ်ငန်းခွင်များ၌လည်း ခန့်ထားရန် သင့်တော်ကောင်းမွန်သည်ဟု အဓိပ္ပါယ်ထွက်နေသည်။ ထို့ပြင် အခြား MBA ဘွဲ့ရသူများနှင့် အချိတ်အဆက်မိသွားမည်။ အတန်းထဲ၌ တက်ရောက်သင်ကြားသည့် အတွေ့အကြုံလည်း အနည်းနှင့်အများ ရမည်။ သို့ဖြစ်ရာ ကျောင်းလခ အကုန်ခံပါ။ ထိုအကျိုးကျေးဇူးများကို အရယူလိုက်ပါဟု စီးပွားရေးလုပ်ငန်း ပညာသင်တက္ကသိုလ်များက ကြေညာလေ့ရှိကြသည်။
ပြဿနာမှာ ထိုမျှမလွယ်ပါ။ ကျောင်းသားတွေက စီးပွားရေးပညာသင် တက္ကသိုလ်များ၏ ကတိများသည် အနှစ်မရှိ၊ အကာသက်သက်ဖြစ်ကြောင်း သဘောပေါက်စ ပြုလာကြသည်။ MBA ဘွဲ့သင်တန်းတွင် တက်ရောက်သင်ကြားကာ ရင်းနှီးမြှုပ်နှံခြင်းမှ ရရှိသည့် အကျိုးကျေးဇူးမှာ ဂရိ၊ ပြည်သူ့ကြွေးမြီများလို ဖြစ်နေသည်ဟု ပြောကြသည်။ အသက် အစိတ်၊ ၃၀ အရွယ်၌ လုပ်ငန်းအသင့်အတင့် တစ်ခုရှိလျှင် ကုမ္ပဏီက အကုန်အကျမခံလျှင် MBA ဘွဲ့ရရန် သင်ကြားခြင်းသည် စွန့်စားရမှု ကြီးမားသည်။ သင့်မှာ စီးပွားရေးလုပ်ငန်း အတွေ့အကြုံရှိသည်ဆိုလျှင် အကောင်းဆုံးနည်းလမ်းမှာ ထိုအတွေ့အကြုံများကို ဆက်လက်လေ့လာဆည်းပူးရန်၊ စီးပွားရေးလုပ်ငန်း ပညာသင်တက္ကသိုလ် သွားသည်ထက် ပို၍အသုံးဝင်အောင် လုပ်ငန်းခွင်တွင် ကြိုးစားရန်ဖြစ်သည်။
စီးပွားရေးလုပ်ငန်း ပညာသင်တက္ကသိုလ်များက စီးပွားရေးတိုးတက်မှု နှေးကွေးနေသည့်အချိန်သည် မိမိပညာရေးအတွက် ရင်းနှီးမြှုပ်နှံရန် အကောင်းဆုံးအချိန်ဟု ပြောလေ့ပြောထရှိကြသည်။ သို့သော် ထုတ်ပြောလေ့မရှိသည့် ကိစ္စတစ်ခုမှာ သင့်ငွေကို သူတို့က လိုအပ်နေခြင်းဖြစ်သည်။ သင်၏ချက်လက်မှတ်ကို စောင့်စားနေသည့် စီးပွားရေးပညာသင်တက္ကသိုလ်များ ရှိသည်။ ၄င်းတို့၏ကျောင်းနှင့် သုတေသန လုပ်ငန်းများအတွက် ရန်ပုံငွေ လိုအပ်နေကြသည်။ ဈေးကွက်၏ ဝယ်လိုအားနှင့် ရောင်းလိုအားပေါ်မူတည်ပြီး ခန့်ထားရသည့် စီးပွားရေးပညာသင် ပါမောက္ခများလည်း ရှိသည်။ သို့ဖြစ်၍ ကျောင်းသားလောင်းများအနေဖြင့် သတိထားရသည်မှာ အကယ်၍ MBA ဘွဲ့သည် စွန့်စားရကျိုးနပ်သည်၊ စွန့်စားထိုက်သည်ဟု ယူဆလျှင် အခြားသူများက အဘယ့်ကြောင့် မတက်ဘဲ နေကြသနည်း။ ကိုယ်အထင်ကြီးနေသည့် သူများက MBA ဘွဲ့မရဘဲ၊ မယူဘဲနေကြသည်ကို စဉ်းစားရန်လိုသည်။
ဟားဗဒ်စီးပွားရေးလုပ်ငန်းပညာသင်တက္ကသိုလ်တွင် မကြာမီက ကျောင်းအုပ်ကြီးအသစ် ရွေးချယ်ခဲ့သည်။ သူသည် ကိုယ်ကျင့်တရားနှင့် ခေါင်းဆောင်မှုပညာတွင် ကျွမ်းကျင်သူတစ်ယောက် ဖြစ်သည်။ သူ့ကို ဘလွန်းဘတ် စီးပွားရေးဂျာနယ်က ဂိုမန်ဆက်ခ်ျ်ကုမ္ပဏီက ကွန်ဂရက်လွှတ်တော်တွင် တင်ပြချက်များကို ကြည့်ပါသလားဟု မေးသည့်အခါ သူက “ဟားဗဒ်စီးပွားရေးလုပ်ငန်း ပညာသင်တက္ကသိုလ်ဟာ ဘဏ္ဍာရေးလောကက ဖြစ်ရပ်တွေကို အမြဲတမ်းစောင့်ကြည့်ပါတယ်။ သူတို့ကို သာဓကထားပြီးလည်း အတုယူလေ့ရှိတယ်။ ထွက်လာတဲ့ သတင်းတွေကိုလည်း သေသေချာချာကြည့်တယ်။ အနည်းဆုံး ဒီဘဏ္ဍာရေးလုပ်ငန်းတွေမှာ ဘာတွေဖြစ်နေတယ်ဆိုတာ နားလည်အောင် ကြိုးစားတယ်။ ဂိုမန်ဆက်ခ်ျက ဘာဖြစ်နေတယ်ဆိုတာ တစ်ချိန်ကျရင် လေ့လာပြီးတော့ တင်ပြမယ်။ အဲဒီလုပ်ငန်းကနေ လေ့လာတင်ပြစရာတွေ ရှိတယ် ” ဟုဖြေသည်။ သူသည် ဂိုမန်ဆက်ခ်ျဘက်ကသော်လည်းကောင်း၊ ဂိုမန်ဆက်ခ်ျကို ဝေဖန်သည့်ဘက်ကသော်လည်းကောင်း ရပ်တည်ခဲ့ပုံရသည်။ သူက ကျွန်တော်တို့ခေတ်၏ စီးပွားရေးလုပ်ငန်းတစ်ခုကိုသာ ထောက်ပြသည်။ စီးပွားရေးလုပ်ငန်းလောကကို သူတို့က ထောက်ပံ့ခြင်းမပြုမီ ဦးစွာလေ့လာဖို့ လိုအပ်နေကြောင်း ပြသနေသည်။ လေ့လာရာ၌ နောက်ကျနေသည် နှေးသည်။
အရည်အသွေး မြင့်လွန်းနေသလား?
ယနေ့ခေတ်တွင် တဖြည်းဖြည်း ပြုပြင်ပြောင်းလဲနေသည့် စီးပွားရေးအဖွဲ့အစည်းများကို ကြည့်သည့်အခါ စီးပွားရေးလုပ်ငန်းများ အောင်မြင်ရန်အတွက် MBA ဘွဲ့ရရန် မလိုသည်မှာ ထင်ရှားသည်။ ကမ္ဘာပေါ်တွင် နည်းပညာအရာတွင် ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်သော၊ ဈေးကွက်ပေါက် အရင်းအနှီးပမာဏလည်း ကြီးမားသော Apple သည် မကြာမီက Microsoft ကို ကျော်လွန်၍ သွားခဲ့ရာ Apple ကုမ္ပဏီ၌ ထိပ်တန်းအရာရှိကြီးများသည် MBA ဘွဲ့ရများ ပါဝင်ခြင်းမရှိသည်ကို တွေ့ရသည်။ ကမ္ဘာပေါ်က ထိပ်တန်းအရင်းအနှီး ကြီးမားသည့် ရန်ပုံငွေအဖွဲ့များ၌ အင်ဂျင်နီယာများ၊ သင်္ချာပညာရှင်များနှင့် ရောင်းဝယ်သမားများ၊ အတွေးအခေါ်ကောင်းကာ အစီအစဉ်ဆွဲတတ်သူများကို MBA ဘွဲ့ရများထက် ပို၍ဦးစားပေးတတ်သည်ကို တွေ့ကြရသည်။ ကိုယ်ကျင့်တရား၊ ပညာကြောင့် မဝံ့မရဲဖြစ်နေသည့်သူများထက် ပို၍လိုလားသည်။
ထွန်းသစ်စနိုင်ငံများ၌ ၁၉ ရာစုနှစ်က အမေရိကန်ဓါးပြများကဲ့သို့ ဥစ္စာဓနများ ရှာဖွေစုဆောင်းလာခဲ့ပြီး MBA အစီအစဉ်၌ ပါဝင်သည့် သင်တန်းများ၊ ဘာသာရပ်များကို လုံးဝမသိဘဲ ကြီးပွားလာသူများ ရှိသည်။ စီးပွားရေးလုပ်ငန်း ပညာသင်တက္ကသိုလ်များက သင်ကြားပေးလိုက်သည့် သင်ရိုးများသည် စီးပွားရေးအပြောင်းအလဲကို အမီမလိုက်နိုင်။ ဟောင်ကောင်မှ သူဋ္ဌေးကြီး လီကာရှင်းနှင့် မကာအိုမှ စတန်လ်ီဟို သို့မဟုတ် ရူးပတ်မားဒေါ့တို့သည် MBA ဘွဲ့ရများမဟုတ်ကြ။ သူတို့က MBA ကို စီးပွားရေးလုပ်ငန်း အခွင့်အလမ်းတစ်ခုအဖြစ်သာ မြင်ကောင်းမြင်မည်။ ဤနည်းအားဖြင့်သာ ၄င်းတို့က MBA သင်တန်းကျောင်းများ တည်ထောင်ကာ ရင်းနှီးမြှုပ်နှံကောင်း မြှုပ်နှံမည်။ သူတို့က စရိတ်ကြီးမားတာတွေကိုကြည့်၊ MBA ဘွဲ့ရ တစ်ယောက်နှင့် တစ်ယောက် လခတွေ မညီမျှတာတွေကိုမြင်၊ အထူးသဖြင့် ထိပ်တန်းတက္ကသိုလ်များမှ MBA ဘွဲ့ရပြီး ဘဏ္ဍာရေးလုပ်ငန်းများနှင့် အတိုင်ပင်ခံလုပ်ငန်းများ၌ ရောက်သည့်လူများ လခကောင်းကောင်းရသည်ကို မြင်မည်၊ အများအားဖြင့် MBA ဘွဲ့ရများတွင် အောင်မြင်သည့်လုပ်ငန်းရှင်များ သိပ်မရှိ။
သူတို့က စီးပွားရေးလုပ်ငန်းသည် အခြေခံအားဖြင့် ကိစ္စနှစ်ခုနှင့် ပတ်သက်သည်။ တီထွင်ဆန်းသစ်မှုနှင့် ရောင်းချမှုသာ ဖြစ်သည်ဟု ယူဆသည်။ စီးပွားရေးလုပ်ငန်း ပညာသင်အစီအစဉ် တော်တော်များများ၌ ထိုဘာသာရပ်နှစ်ခုကို သင်ကြားပေးခြင်းမရှိ။ MBA ကွန်ရက်များ အမှန်မည်သို့ဖြစ်နေသည်ကိုလည်း စဉ်းစားရလိမ့်မည်။ ဟိုနေရာ၊ ဒီနေရာမှရောက်လာသည့် စီးပွားရေးလုပ်ငန်း ပညာသင်ကျောင်းသားများဖြင့် ကမ္ဘာအနှံ့ ကွန်ရက်ကြီး တည်ဆောက်နိုင်စရာ အကြောင်းမရှိ။ ကိုယ့်အိမ်မှာကိုယ်၊ ကိုယ့်မြို့၊ ကိုယ့်ရွာ၌သာ နေလျှင် ကမ္ဘာအနှံ့ကွန်ရက်ကို ချိတ်ဆက်စရာလည်းမလို။ အကောင်းဆုံးသော ကွန်ရက်တည်ဆောက်သည့်နည်းမှာ ကျောင်းသွားသည့် နည်းလမ်းမဟုတ်။ အောင်မြင်အောင် လုပ်ရန်သာ ဖြစ်သည်။ ဤနည်းအားဖြင့် ကိုယ်လိုချင်သမျှ MBA ဘွဲ့ရတွေ၊ မိတ်ဆွေတွေ ရနိုင်သည်။ သူတို့က စီးပွားရေးပညာရှင်အချို့နှင့် တွေ့ကောင်းတွေ့မည်။ ထိုပညာရှင်များ၏ လျှောက်လွှာများကို ယူပြီးလျှင် ဘေးဖယ်ပစ်လိုက်မည်။
(အီကောနောမစ်)


ဆရာခင်မောင်ညို၏ ဖေ့ဘွတ်မှ ကူးယူဖော်ပြပါသည်..။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More