Sunday, July 8, 2012

ကစ္ဆပနဒီ ၏ ငိုညည်းသံများ

ပေါ်ပျူလာမြန်မာ



ငြိမ်းချမ်းရေး တေးသံကို မက်မက်မောမော မျှော်လင့်တောင့်တနေတဲ့ မြန်မာပြည်သူ လူထုနဲ့ တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေ အကြားမှာ နားမခံ သာအောင်မြည်ဟီး သွားတာကတော့ နတ် ဆိုးရဲ့ဗိန်းဗောင်းသံတွေပါပဲ။

အဲဒီအချိန်မှာပဲ ပြည်သူ့ ဂုဏ်ရည်ဆုပေး ပွဲက ဖိတ်ကြားလို့ အမေရိကကို ရောက် နေကြတဲ့ အသင်း ဥက္ကဋ္ဌနဲ့အတွင်းရေးမှူး လည်းဖြစ်တဲ့ ကျွန်မရဲ့မောင်နဲ့ညီမ ကိုကျော်သူ နဲ့ မရွှေဇီးကွက် တို့ကလည်း အသင်းကို လှမ်းပြီး ဘာလုပ်ကြမလဲလို့ ကျွန်မဆီကို အီးမေးလ် လှမ်းပို့တယ်။ ကျွန်မခရီးထွက် နေချိန် ကချင်စစ်ဘေး ဒုက္ခသည်တွေ ကိစ္စမှာ လည်း အသင်း အတွင်းရေးမှူး မရွှေဇီးကွက်က ကိုယ်တိုင်သွားပြီး ကူညီလှူဒါန်းခဲ့ပါတယ်။

အခုအချိန်မှာ အသင်းရဲ့ကိစ္စ အဝဝမှာ တာဝန်အရှိဆုံးက ကျွန်မဖြစ်နေတော့ ဒီကိစ္စ ဟာမလွဲမသွေ ဆောင်ရွက်ရတော့မှာဖြစ်ပါတယ်။

ဒါကြောင့် ၂ဝ၁၂၊ ဇွန်လ ၁၄ရက်နေ့မှာ ကျွန်မတို့ နာရေးကူညီမှု အသင်း(ရန်ကုန်)က ရခိုင်ဒေသမှာ ရှိတဲ့ ကယ်ဆယ်ရေး စခန်းတွေ ကိုထောက်ပံ့ ကူညီ လှူဒါန်းဖို့ အ တွက် အလှူ ငွေကျပ်သိန်းနှစ်ရာ မတည်ပြီး ရခိုင်ကို ခရီးထွက်ဖို့ ပြင်ဆင်ကြပါတယ်။ စာကြည့်တိုက်မှူး ကိုစောညီစံနဲ့ အဖွဲ့က မော်တော်ကား အကူအညီပေးတဲ့ ‘ရွှေပြည်သစ်’ ကုန်တင် ယာဉ်ကြီးနဲ့ ခေါက်ဆွဲခြောက်၊ ကွေကာအုပ်၊ ကော်ဖီမစ်၊ ဘီစကွတ် စတဲ့ စားသောက်ဖွယ် အာဟာရများနဲ့ အဝတ်အထည်တွေ တင်ပြီး ည၁၁နာရီ မှာ စတင် ခရီးနှင်ကြပါတယ်။
ကျွန်မနဲ့ စာရင်းအဖွဲ့က ဒေါ်နှင်းနှင်းယု၊ အချိန်ပြည့် အမှုဆောင် ကိုဖြိုးကိုကို တို့က ငွေ နဲ့အတူ ဇွန်လ၁၅ရက် မနက်လေယာဉ်နဲ့ စစ်တွေကို သွားပြီး စစ်တွေနာရေး ကူညီမှု အသင်း နဲ့ ချိတ်ဆက်ဖို့၊ ကယ်ဆယ်ရေး စခန်းတွေသွား နိုင်အောင် ကြိုတင် စီစဉ်ဖို့ အတွက် လေဆိပ်ကို ဆင်းခဲ့ပေမယ့် အဲဒီနေ့က ရာသီဥတု မကောင်း လို့ လေယာဉ် မထွက်ဖြစ်ခဲ့ပါဘူး။ ၁၆ ရက်နေ့ မနက်ကျမှပဲ လေယာဉ် ခရီးစဉ်နဲ့ စစ်တွေကို ရောက်ပြီး လာကြိုနေကြတဲ့ စစ်တွေနာရေး ကူညီမှု အသင်း ဥက္ကဋ္ဌ ဦးသန်းရွှေ၊ အတွင်း ရေးမှူး ဦးအောင်ကျော်ဇံ တို့အဖွဲ့နဲ့တွေ့ပြီး ကယ်ဆယ်ရေး စခန်းတွေကို ဆက်တိုက် ရောက်ဖြစ်တော့တာပါပဲ။

စစ်တွေမြို့ပေါ်မှာ တင် ကယ်ဆယ်ရေး စခန်း ၅၃ ခုဖြစ်နေတာကို စာရင်းနဲ့ တကွ အတိအကျ သိလိုက်ရတော့ ကျွန်မ အတော် ရင်မောသွားပါတယ်။ ဘုန်းတော် ကြီးကျောင်း တွေ၊ မူလတန်းကျောင်းတွေ၊ နီးစပ်ရာနေရာ တွေကို ထွက်ပြေး ခိုလှုံနေကြတဲ့သူတွေ နေရာ အနှံ့ပါပဲ။ မီးလောင်ပြင်တွေ၊ အဆောက်အအုံ အပျက်တွေ၊ ထိတ်လန့် တုန်လှုပ်နေကြတဲ့၊ ဝမ်းနည်း အားငယ်နေကြတဲ့၊ မျှော်လင့်စောင့် စားနေကြတဲ့ မျက်ဝန်းတွေ၊ သက်ကြီး ရွယ်အို တွေ၊ ကလေး လူမမယ်တွေ၊ မိခင်လောင်း ကိုယ်ဝန်သည်တွေ၊ ကလေးမွေးပြီးစ သွေးနု သားနု မိခင်တွေ..နေရာအနှံ့မှာ တွေ့နေရ တော့ ကျွန်မ လူသားချင်း စာနာထောက်ထား တဲ့ စိတ်နဲ့အယူဝါဒ မတူသော် လည်း အပြန် အလှန် လေးစားမှုနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူဝါဒကို ဘာကြောင့်များ ဆန့်ကျင်နေကြပါ လိမ့်လို့ ရခိုင်ဒေသရဲ့ ရှေ့ရေးကို ပိုပြီးတော့ ရင်လေး သွားရပါတယ်။

အဲဒီနေ့မှာပဲ အဓိဋ္ဌာန် ကျောင်းကယ်ဆယ်ရေးစခန်း၊ ဦးရဲကျော်သူကျောင်း၊ ရွာကြီး မြောက်အ.မ.က၊ ဂြစ်ချေကျောင်းတိုက်၊ အာသောကာရုံကျောင်း၊ ထီးဆွဲကျောင်း တိုက်၊ ဆင်ကူး ကျောင်းတိုက်၊ ဂြစ်ဘက် ကျောင်း တိုက်၊ ကျားရုပ်ကျောင်းတိုက်၊ တန်ဂိုးကျောင်းတိုက်၊ ပုသိမ်ကျောင်းတိုက်၊ ရွှေစေတီကျောင်း၊ ဒက်ဂေါင်းကျောင်း၊ပုညာရာမ ကျောင်းစတဲ့ ကယ်ဆယ်ရေး စခန်းတွေမှာ ရှိကြတဲ့ မိသားစု တွေရဲ့ အိမ်ထောင်စု စာရင်းတွေကို တောင်းပြီး တစ်အိမ်ထောင်ကို ငါးထောင်ကျပ်နှုန်းစီ လက်ထိ လက်ရောက် လှူဒါန်းခဲ့ပါတယ်။

ကျွန်မမသွားခင် မြန်မာ စာနယ်ဇင်း သမဂ္ဂက အလှူငွေ ကျပ်တစ်သိန်းကို ကယ်ဆယ်ရေးစခန်းတွေမှာ ရှိတဲ့ ရင်ခွင်ပိုက် ကလေး ငယ်လေးတွေနဲ့ အားကိုးရာ မဲ့နေကြ သူတွေ အတွက် ကလေးမုန့်ဖိုးလေးတွေ ခွဲဝေ လှူခဲ့ပေးပါဆိုလို့ စာအိတ်လေးတွေနဲ့ခွဲ ထည့်ပြီး ‘မြန်မာစာနယ်ဇင်း သမဂ္ဂအလှူငွေ’လို့ စာအိတ်ပေါ် မှာရေးပြီး အသင့်ယူ သွားတာမို့ ကယ်ဆယ်ရေး စခန်းတွေမှာတွေ့တဲ့ ဒုက္ခသည် ကလေးငယ်လေးတွေ၊ ရင်ခွင်ပိုက်ထားတဲ့ မိခင်တွေကို အလှူရှင်ရဲ့ ဆန္ဒအတိုင်း သီးသန့် လှူပေးဖြစ်ခဲ့ ပါတယ်။

စစ်တွေမြို့မှာ ပုဒ်မ၁၄၄ မရုပ်သိမ်းသေး တာကြောင့် ညနေ၆နာရီ မထိုးခင် ကျွန်မတို့ အစီအစဉ်ကို ရပ်လိုက်ရပြီး၊ ၁၇ရက်နေ့ မနက် ကျတော့ ပြန်စရပါတယ်။ ညက တည်း က ရန်ကုန်က ထွက်လာတဲ့ ပစ္စည်းကားက ပုဏ္ဏား ကျွန်းမှာ ညအိပ်ပြီး မနက်စောစော ပြန်ထွက် လာမှာဖြစ်တဲ့ အတွက် ကားအဖွဲ့ကို စောင့် ရင်းမနက်ပိုင်း ပြီး တန်သလောက်ပြီးအောင် အချိန်ကိုက် လှုပ်ရှားရပါတယ်။

စစ်တွေ နာရေး ကူညီမှုအသင်း အတွင်းရေးမှူး ဦးအောင်ကျော်ဇံနဲ့ အဖွဲ့ ကလည်း ကျွန်မတို့ကို ကယ်ဆယ်ရေး စခန်း တွေကို အချိန်မလင့်အောင် ချိတ်ဆက် ကူညီ ပေးတာမို့ အတော် ခရီးရောက်ပါတယ်။ ၁၇ရက်နေ့ မနက် ထွက်ထွက်ချင်းမှာ ကျွန်မတို့ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးမှာ မဆင်းရ သေးတဲ့ လူနာများထံ သွား ကြည့်ပြီးတော့ လူနာတစ်ဦးကို ငွေသုံးသောင်း လှူဒါန်းခဲ့ပါ တယ်။ အကြမ်းဖက်မှုကြောင့် ရရှိလာတဲ့ ဓားဒဏ်ရာ၊ ကျည်သင့် ဒဏ်ရာများနဲ့ ဝေဒနာ ခံစားနေကြ ရရှာတဲ့ ဦးမောင်ညွန့် (၃၉)နှစ်၊ ကိုမောင်မောင်သန်း (၃၉)နှစ်၊ မောင် လှလှရှည် (၃၂)၊ ကိုကျော်မင်းထွန်း (၃၂)နှစ်နဲ့ ကိုအောင်သန်းလင်း (၂၄)နှစ်တို့ပါ။

စစ်တွေနာရေး ကူညီမှုအသင်းက စစ်တွေပြည်သူ့ဆေးရုံကြီးမှာ အရေးပေါ် လူနာတွေကို လိုအပ်တဲ့ ဆေးဝါးနဲ့ ဆေးပစ္စည်းတွေ ဒိုင်ခံထောက်ပံ့နေတာကြောင့် အဲဒီ အတွက် လည်း အလှူငွေကျပ် ဆယ်သိန်းတိတိ လှူဒါန်းခဲ့ကြပါတယ်။ အဲဒီကနေ ကျောင်းတိုက် ကယ်ဆယ်ရေး စခန်းတွေ ဆက်သွားဖို့ ပြင်နေတုန်း ကိုစောညီစံ နဲ့အဖွဲ့ ရဲ့ ပစ္စည်းတွေတင် ထားတဲ့ ကားကြီးဝင်လာပါတယ်။ ရောက် ရောက်ချင်းပဲ သူတို့က ပုဏ္ဏားကျွန်းမှာ ဒုက္ခသည် စခန်းတစ်ခု တွေ့ခဲ့ကြောင်းနဲ့ ကလေးတွေ သိပ်များေ နပြီး နေထိုင်မကောင်း ကြသူများ ဆေးဝါးလိုအပ် လျက် ရှိကြောင်း၊ ဝမ်းပျက်ဝမ်းလျှောစရာ အလားအလာတွေ များကြောင်း စိုးရိမ်တကြီး ပြောပြလို့ ကျွန်မ တို့လူအင် အား လည်း များလာပြီမို့ နှစ်ဖွဲ့ ခွဲပြီး ကူဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

ပုဏ္ဏားကျွန်း အတွက်က အစားအစာ၊ အာဟာရနဲ့ ဆေးဝါးတွေ လိုတာမို့ ဒေါ်နှင်း နှင်းယုက ဆေးဆိုင်သွားပြီး ဓာတ်ဆား၊ ဆေးဝါးနဲ့ ရေသန့်တွေ ဝယ်ပြီး ကိုစောညီစံ တို့အဖွဲ့ က ပုဏ္ဏားကျွန်း သွားဖို့ ကားတစ်စီးငှားပြီး ပစ္စည်းတွေ ခွဲတင်နေတုန်း စောင့်ရတဲ့ အချိန် လေးမှာ ကျွန်မတို့ စစ်တွေမြို့ပေါ်က ကယ် ဆယ်ရေး စခန်း ၆ခုလောက် ထပ်သွား ဖြစ်လိုက်ပါတယ်။ တချို့နေရာ စခန်း အသေးလေးတွေ ကို ကြိုတင် ပြင်ဆင်ပေးတဲ့ အဖွဲ့က နှစ် ကျောင်း၊ သုံးကျောင်းလောက် ပေါင်းပေးထား တာမို့ ပိုပြီး ထိရောက်အောင် မြင်ပါတယ်။

ပစ္စည်းတွေ တင်ပြီးတော့ စစ်တွေမှာနေ တဲ့ ပုဏ္ဏားကျွန်းက ဒေသခံတစ်ဦးက ကျွန်မ တို့နဲ့ အတူ လိုက်ခဲ့ပြီး ကိုစောညီစံနဲ့ အဖွဲ့ကို စစ်တွေမြို့က မရောက်ရသေးတဲ့ ကယ်ဆယ် ရေး စခန်းတွေဆီ ဦးအောင်ကျော်ဇံက ဆက် ပို့ပေးပါတယ်။

ပုဏ္ဏားကျွန်း လောကမာရဇိန် ဘုရား ဝင်း ကယ်ဆယ်ရေးစခန်း ကိုရောက်တော့ စခန်း တာဝန်ခံ ဦးမြင့်ဝင်းလှိုင်၊ ဒေါက်တာ စောမင်းနဲ့ သူနာပြု ဆရာမကြီး ဒေါ်မိုမိုထွန်း တို့နဲ့ တွေ့ပြီး ကျွန်မတို့ဆီမှာပါသွားတဲ့ ဆေးဝါး နဲ့ စားစရာပစ္စည်းတွေကို လှူတော့ ဝမ်းသာ အားရပဲ လက်ခံကြပါတယ်။ ပုဏ္ဏားကျွန်း နာရေးကူညီမှု အသင်း ဥက္ကဋ္ဌ ဦးစံလှဘော် ရောက်လာပြီး စကားပြောကြတော့ ပုဏ္ဏားကျွန်းမှာလည်း ကယ်ဆယ်ရေး စခန်း၁ဝခု ရှိနေတာကို သိရပြန်တယ်။ ပုဏ္ဏားကျွန်းက ဘာပြဿနာ မှမဖြစ် ခဲ့တဲ့နေရာမို့လို့ ကယ်ဆယ်ရေး စခန်းဘာကြောင့် ဒီလောက်ရှိ နေရတာလဲ၊ စခန်းထဲက သူတွေက ဘယ်က သူတွေလဲလို့ မေးကြည့်လိုက်တဲ့ အခါကျတော့ စစ်တွေ ဘက်ကနေ ဘေးလွတ်ရာကို ပြေးလာကြရတဲ့ သူတွေလို့ သိရပါတယ်။ သက်ကြီး ရွယ်အိုတွေ၊ ကလေးတွေ၊ မိန်းမတွေ၊ ကိုယ်ဝန် သည်တွေ၊ ကလေး မီးဖွားပြီးစ ရက် သားလေး တွေ၊ မသန်စွမ်းလေးတွေလည်း တွေ့ရပါ တယ်။ မီးဘေးသင့်လာတဲ့ သူတွေ အတော်များ ပါတယ်။ ပိုက်ဆိပ်၊ ကျေးတော၊ ဗျိုင်းဖြူ၊ဓည ဝတီ၊ နာဇီ၊ မင်းဂံ၊ သဲခုံ၊ ရွာကြီးမြောက်၊ ရွာ သာယာ၊ ရွှေပြည်သာ၊ မင်းဒရော၊ ကန် တော်ကြီး စတဲ့ ရွာတွေ၊ ရပ်ကွက်တွေကသူတွေ ပါ။ လောကမာရဇိန် ဘုရားထဲမှာတော့ ရက်ပိုင်း အတွင်း မွေးဖွားတော့မယ့် ကိုယ်ဝန်သည် လေးဦးကို သူနာပြု ဆရာမကြီးက အနီးကပ် စောင့်ကြည့်ပြီး လိုအပ်တဲ့ အချိန် ဆေးရုံပို့ ဖို့ ပြင်ဆင်ထားတာကို တွေ့ရပါတယ်။ ဒီစခန်း ရောက်ပြီးမှ ကလေးမီးဖွားတဲ့သူ တစ်ဦးကို တော့ ပုဏ္ဏားကျွန်းဆေးရုံမှာ သွားကြည့်ပြီး ငွေကျပ်သုံးသောင်းလှူခဲ့ကြပါတယ်။ စခန်းကို ကျွန်မတို့ လှူလိုက်တဲ့ ဆေးဝါးတွေ ဟာ အလွန် အသုံးဝင်မှာပါ။ ဘာလို့လဲ ဆိုတော့ တစ်နေ့ကို လူ၆ဝလောက် ကုသပေး ရတယ်လို့ သိရ လို့ပါပဲ။
ပုဏ္ဏားကျွန်းမှာ လောကမာရဇိန် ဘုရားဝင်း ကယ်ဆယ်ရေးစခန်း အပြင် ကျွဲထိုး ကျောင်းကယ်ဆယ်ရေး စခန်းနဲ့ စပါထားဘုန်း ကြီးကျောင်း ကယ်ဆယ်ရေး စခန်းတွေ အတွက် လည်း အလှူပစ္စည်းတွေ ပို့ထားခဲ့ပါတယ်။

အဲဒီနေ့က စစ်တွေမှာ မဏိရတနာ ကျောင်း၊ ကောတဏ္ဍကျောင်း၊ ပညာဇောတ ကျောင်း၊ ဇေယျာဘုမ္မိကျောင်း၊ အမျိုးသား ကျောင်းတိုက်၊ ကယုချောင်းကျောင်း၊ ဦးဝါ ယမကျောင်း၊ ပြည်တော်သာ/မြောက်စံပြ ပရိယတ္တိစာသင်တိုက်၊ ဥာဏိကာရာမကျောင်း၊ သုခိတာရုံ ကျောင်းတိုက်၊ တေဇသုခကျောင်းတိုက်၊ စသုံးလုံး ရခိုင်ပြည်နယ် ရုံး၊ ဗုဒ္ဓေါမော်ကျောင်း၊ လမ်းမတော်ကျောင်း၊ ရွှေပြားကျောင်း၊ သဒ္ဒမ္မဇောတိကာရုံကျောင်း၊ စိတ္တသုခကျောင်း  ၊ ပင်းဝါကျောင်း တို့မှာရှိတဲ့ ကယ်ဆယ်ရေး စခန်း ၁၈ခုမှာ လည်း မိသားစု တိုင်း အတွက် တစ်မိသားစုကို ငွေကျပ် ငါးထောင်စီကို လက်ဝယ် အရောက် လှူဒါန်း နိုင်ခဲ့ကြပါတယ်။

နောက်တစ်နေ့ ၁၈ရက်နေ့ မနက်မှာ တော့ မျက်စိအထူးကု ဆရာဝန်ကြီး ဒေါက်တာ မိုးကျော်နဲ့ ဆရာဝန်၂ဝခန့် အလှည့်ကျ ထိုင်ပြီး ကုသပေးနေတဲ့၊ ကယ်ဆယ်ရေး စခန်း လည်းဖွင့်ထားတဲ့ ရွှေကရုဏာ အခမဲ့ကုသိုလ် ဖြစ်ဆေးခန်းမှာ အလှူငွေကျပ် ခုနစ်သိန်း လှူဒါန်းပြီး ကျွန်မနဲ့ ဒေါ်နှင်းနှင်းယု တို့နှစ်ဦး မနက် ၉နာရီ မိနစ်၅ဝ လေယာဉ် နဲ့ ရန်ကုန် ပြန်နှင့်ခဲ့ကြပါတယ်။ ကိုစောညီစံ တို့အဖွဲ့နဲ့ အတူ ကိုဖြိုးကိုကို ကိုပါထားခဲ့ပြီး ကျန် တဲ့ ကယ်ဆယ်ရေး စခန်းတွေကို ဆက်လှူဖို့ စီစဉ်ခဲ့ရပါတယ်။

ပထမ အဆင့်အနေနဲ့ အလှူရှင်တွေရဲ့ စေတနာနဲ့ လှူဒါန်းကြတဲ့ အလှူငွေတွေကို နာရေးကူညီမှု အသင်းရဲ့မူအတိုင်း အလေ အလွင့် မရှိအောင် လှူဒါန်းခဲ့တာ ကျပ်သိန်း နှစ်ရာကျော် ပါတယ်။ ပြန်လည် ထူထောင်ရေး နဲ့အတူ ကယ်ဆယ်ရေး စခန်းမှာ ရှိနေကြတဲ့ ဒုက္ခသည်တွေ၊ အိုးပျောက် အိမ်ပျောက်ဖြစ် ကုန်ကြတဲ့ မီးဘေး သင့် သူတွေ အတွက် လိုအပ်ချက်တွေကို အတော်ဖြည့်ဆည်းရဦး မှာဖြစ်တဲ့ အတွက် နာရေးကူညီမှု အသင်းမှာ လည်း ရခိုင်ဒေသ ကယ်ဆယ်ရေး စခန်းတွေ အတွက် လှူဒါန်းလို သူများအတွက် အလှူ ငွေ လက်ခံပေးပြီး လိုအပ်ချက်တွေကို ဆက် လက် ဖြည့်ဆည်းသွားဖို့ ပြင်ဆင်လျက် ရှိပါ တယ်။

ကျွန်မတို့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲ ရေးကာလမှာ ကချင်ပြည်နယ်ရဲ့ ငြိမ်းချမ်း ရေးကို ကြိုးပမ်းနေကြဆဲမှာပဲ မမျှော်လင့်တဲ့ ဒီအကြမ်းဖက် ဖြစ်ရပ်တွေက အရုပ်ဆိုး အကျည်းတန် လှပါတယ်။ ဘယ်တော့များမှ လှပတဲ့မြန်မာနိုင်ငံ ဖြစ်လာမှာပါလိမ့်။ လူသားအတွေ အတွက် အသက်ဘေးမှ ဝေးအောင်ပြေးနေရတဲ့ ‘ဒုက္ခ’ ဆိုတဲ့ဝေါဟာရ ကြီး ကွယ်ပျောက် သွားမယ့်နေ့ တစ်နေ့ကို ကျွန်မ မျှော်လင့်နေမိပါတယ်။
သန်းမြင့်အောင်

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More