Monday, July 9, 2012

တံခါးဖွင့်စဉ် မြင်တွေ့လိုက်ရသည့် ချည့်နဲ့နေသော ပညာရေး


အဆောင်များသည် လူသူကင်းမဲ့နေသည်။ တချိန်က ဝင့်ကြွားခဲ့သော ပါမောက္ခနေအိမ်များသည် ပေါင်းမြက်များ ဖုံးလွှမ်း လျက်ရှိသည်။ စစ်တပ်က ဗုံးဖြင့်ခွဲခဲ့သော ကျောင်းသားသမဂ္ဂ အဆောက်အဦးနေရာတွင် မြက်များသာ ပေါက်နေသည်။

ဤသည်ကား တစ်ချိန်က အာရှ၏ အကောင်းဆုံး ရန်ကုန်တက္ကသိုလ်ကြီးဖြစ်ပြီး၊ ရာစုနှစ် ထက်ဝက်ခန့် စစ်တပ်မှ အုပ်စိုးခဲ့ပြီး ပညာရေး စနစ်ကို ချိနဲ့စေခဲ့ခြင်း၏ ဝမ်းနည်းဖွယ် သင်္ကေတတစ်ခု ဖြစ်သည်။ ယခုအချိန်တွင် ဘွဲ့ရပြီးသော ကျောင်းသားများသာ ထိုနေရာတွင် စာသင်နိုင်သည်။ စစ်အစိုးရသည် ကျောင်းသားများ ဦးဆောင်သည့် ဆန္ဒပြမှုများကို ကြောက်ရွံ့ခြင်း ကြောင့်၊ မကြာခဏ ကျောင်းပိတ်ခဲ့ ပြီး၊ ကျောင်းသားများကို ဝေးလံသော နေရာများတွင် အဆောက်အဦး နည်းပါးစွာဖြင့် ဖြန့်ကျက်ပစ်ခဲ့သည်။

ယခုမြန်မာနိုင်ငံသည် ပြင်ပကမ္ဘာသို့ တံခါး ဖွင့်ခဲ့ချိန်တွင် ထို့အတွက်ကြီးမားစွာ ပေးဆပ်နေရပြီ ဖြစ်သည်။ တက္ကသိုလ်များကို ဖြိုခွဲ ပစ်ခဲ့ခြင်းသည် မျိုးဆက်နှင့်ချီသော ဆုံးရှုံးမှုကို ဖြစ်စေခဲ့ပြီ။ ထို့ကြောင့် ဖွံ့ဖြိုး တိုးတက်မှုနှုန်းသည် နှေးကွေးသွားမည် ဖြစ်သည်။ နိုင်ငံခြား ရင်းနှီးမြှပ်နှံသူများ၊ အလှူရှင်များနှင့် အမြတ်အစွန်းကိုသာ ကြည့်မည့်သူများ မျှော်လင့်ထားသည့်အတိုင်း ဝင်ရောက်လာပါက ပညာရေး ချို့တဲ့သော မြန်မာပြည်သူများသည် ခေါင်းပုံဖြတ် ခံရတော့မည်ဟု ပညာရှင်များက ပြောသည်။

“ကမ္ဘာကြီးကို အမှီလိုက်ဖို့ဆိုရင် အနည်းဆုံး ဆယ်နှစ်လောက်လိုပါမယ်။ ကျွန်တော်တို့ရဲ့ ပညာရေး ယဉ်ကျေးမှုကြီးကို ပြောင်းပစ်ရ ပါမယ်။ ဒါပေမယ့် ဒါလုပ်ဖို့ သိပ်ခက်ခဲနေပါလိမ့်မယ်”ဟု ပညာရေးမြှင့်တင်မှုများ ပြုလုပ်နေသော မင်္ဂလာမြန်မာမှ အကြီးအကဲ ဒေါက်တာဘုန်းဝင်းက ပြောသည်။

ကနဦးခြေလှမ်းများ စတင် လုပ်ဆောင်နေပြီ ဖြစ်သည်။ ယခင်က လုပ်ဆောင်ဖူးခြင်း မရှိသော ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပြီး စစ်တပ်က အာဏာ ဆုပ်ကိုင်ထားမှုကို လျှော့ချနေသော သမ္မတ ဦးသိန်းစိန်သည် ပြီးခဲ့သည့်နှစ် ၎င်းတက်ရောက်လာစဉ်က မိန့်ကြားခဲ့သော မိန့်ခွန်းတွင် ပညာရေး တိုးတက်ရန် နှင့် နိုင်ငံတကာ အဆင့်မြှင့်တင်ရေးအတွက် နိုင်ငံခြားပညာရှင်များ ရှာဖွေရန် ပြောကြားခဲ့သည်။

ပညာရေးဘက်ဂျက်သည် စစ်တပ်သုံးစွဲမှုထက် စာလျှင် နည်းပါးလွန်းလှပြီး၊ လုံလောက်မှုမရှိဟု ကျယ်ပြန့်စွာ ဝေဖန်ခဲ့ကြသည်။ ဧပြီလက ပညာရေးဘတ်ဂျက်ကို ဒေါ်လာသန်း(၃၄၀) မှ သန်း (၇၄၀) သို့ တိုးမြှင့်ပေးခဲ့သည်။ နှစ်ပေါင်းများစွာကပင် ဘတ်ဂျက်၏ ၂၅% ကိုစစ်တပ်အတွက် အသုံးပြုခဲ့ပြီး၊ ပညာရေးအတွက် ၁.၃% သာအသုံးပြုခဲ့သည်။

မြန်မာနိုင်ငံတွင် ဓါတ်ခွဲခန်းပစ္စည်းများနှင့် ကိရိယာများကိုင်တွယ်နိုင်မည့် အင်ဂျင်နီယာများ မဖြည့်ဆည်းပေးနိုင်သည်မှာ ဓါတုဗေဒ ပါမောက္ခ မျိုးဆက်နှစ်ဆက် ရှိပြီဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင် ဦးမိုးကျော်က ပြောသည်။

MBA ဘွဲ့ရများမှ အစပြု၍ ရှေ့နေများနှင့် စာရင်းကိုင်များအဆုံး များစွာ လိုအပ်လျက်ရှိသည်။ ဦးမိုးကျော်က တိတိပပ စိုးရိမ်ရသော အချက်မှာ အကယ်၍ ရင်းနှီးမြှုပ်နှံမှုများ ပုံအော ဝင်လာပါက ကျွမ်းကျင်သော ပညာရှင်များနှင့် လုပ်သားများ မရှိခြင်းဖြစ်ကြောင်း ပြောခဲ့သည်။ မကြာသေးမီက ရန်ကုန်၏ အနာဂတ်နှင့် ပတ်သက်၍ ကွန်ဖရင့်တစ်ခုတွင် အစိုးရ တာဝန်ရှိသူများက တိုင်းပြည်တွင် မြို့ပြဖွံ့ဖြိုးရေးနှင့် ပတ်သက်သော ပညာရှင် (၅၀) ဦး ခန့်သာ ရှိပြီး (၅၀၀) ခန့် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံဟာ အမြတ်ထုတ်ခံရနိုင်တယ်လို့ ပြောနိုင်ပါတယ်။ ပြည်တွင်းမှာ အဆင့်အတန်းမှီတဲ့ လူတွေမရှိတော့ နိုင်ငံခြားသားတွေက သူ့ဘာသာခေါ်လာကြတဲ့အခါ မြန်မာတွေအဖို့ လခကောင်းတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဆုံးရှုံးမှာ ဖြစ်ပါတယ်”ဟု UNESCO မှ ပညာရေးနှင့် ပတ်သက်သော Sardar Umar Alam ကပြောသည်။

“အစိုးရသည် အဆင့်မြင့်ပညာအတွက် ကျောင်းပေါင်း (၁၆၀) ခန့် တိုးမြှင့်ပေးခဲ့သော်လည်း၊ ဘွဲ့ရသူ အများစုက ၎င်းတို့၏ဘွဲ့နှင့် မထိုက်တန်ကြောင်း ကိုယ့်ကိုကိုယ် ပြက်ရယ်ပြုကြသည်။

ယခင် ဗြိတိသျှကိုလိုနီဟောင်းဖြစ်သော မြန်မာနိုင်ငံတွင် အင်္ဂလိပ်စာ အရည်အသွေးများ ပျောက်ဆုံးသွားရခြင်းအတွက် အများက စိတ်ပျက် နေကြသည်။ ၁၉၆၀ ခုနှစ်နှစ်လယ်များက နိုင်ငံခြားသားကြောက်သော ဗိုလ်ချုပ်နေဝင်းက ကျောင်းများတွင် အတန်းငယ်များ၌ အင်္ဂလိပ်စာ သင်ကြားမှုကို ပိတ်ပင်ခဲ့သည်။

“ကျွန်တောတို့ မန္တလေးရုံးမှာ အလုပ်တော်တဲ့ အမျိုးသမီးဝန်ထမ်း တစ်ဦးရှိပါတယ်။ သူက စိတ်ပညာနဲ့ဘွဲ့ရပေမယ့် အင်္ဂလိပ်လို စာလုံးတောင် မပေါင်းတတ်ပါဘူး”ဟု ဦးမိုးကျော်က ပြောသည်။

ပညာရေးအပေါ် ဆင်နွှဲသော တိုက်ပွဲမှာ ၁၉၆၂ ခုနှစ်စစ်တပ်မှ အာဏာသိမ်းပြီးနောက် ရန်ကုန်တက္ကသိုလ်ကျောင်းသား သမဂ္ဂ အဆောက်အဦးကို အစိုးရဆန့်ကျင်သူများ၏ လှုပ်ရှားမှုများ စတင်ရာနေရာ အဖြစ်မှတ်ယူ၍ ဗုံးခွဲခဲ့ရာမှ စတင်ခဲ့သည်။

သို့သော် အမှောင်ဆုံးနေ့ရက်များမှာ ၁၉၈၈ ခုနှစ်က ကျောင်းသားများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်သော ဒီမိုကရေစီ ဆန္ဒပြပွဲများ ရှုံးနိမ့် ခဲ့ရမှုများအပြီးတွင် ထွက်ပေါ်လာခဲ့သည်။ စစ်အစိုးရသည် တက္ကသိုလ်များကို ပိတ်ပစ်ခဲ့ပြီး အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများကို ကာကွယ်သည့်အနေဖြင့် ကျောင်းသားများကို မြို့နှင့် ဝေးရာသို့ ပို့ပစ်ခဲ့သည်။

“တက္ကသိုလ်ကျောင်းသားဘဝတွေဟာ တစ်စစီပြိုကွဲခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ အစိုးရက တက္ကသိုလ်ကျောင်းသားတွေဟာ ငြိမ်ဝပ်ပိပြားနေရ မယ်လို့ ခံယူထားလို့ပါပဲ”ဟု ဒေါ်အောင်ဆန်းစုကြည်က မကြာသေးမီက ဗြိတိသျှပါလီမန်တွင် ပြောခဲ့သော မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

“ပညာရေးစနစ်က လွန်စွာ အားနည်းနေပါတယ်။ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ လိုအပ်နေပါတယ်။ ကျောင်းတွေ၊ သင်ရိုးတွေနဲ့ ဆရာတွေ ကို လေ့ကျင့် သင်ကြားပေးရေးတွေသာမကပဲ ကျွန်မတို့ရဲ့ ပညာရေး အပေါ်ထားတဲ့ သဘောထားကိုလည်း ပြုပြင်ယူရပါမယ်။ လက်ရှိ အားဖြင့် ပညာရေးနှင့် ပတ်သက်ပြီး သဘောထားက အမြင်ကျဉ်းမြောင်းလွန်းပြီး၊ ပြောင်းလဲလိုစိတ် မရှိပါဘူး”ဟု သူက Oxford တက္ကသိုလ်တွင် ပြောကြားခဲ့သည်။

ကျောင်းသားများမှာ ကျေးလက်တွင်ရှိသော ကျောင်းများသို့ တက်ရောက်ရန် အားမရှိကြဘဲ အဝေးသင်ပညာရေးကိုသာ ပို၍ စိတ်အားထက်သန် ကြသည်။ ကျောင်းသားများ၏ ၇၀% မှာ အဝေးသင်ဖြင့်သာ ဘွဲ့ယူကြသည်။ ပုံမှန်အားဖြင့် အဝေးသင် ကျောင်းသားများမှာ တစ်နှစ်လျှင် ၁၀ ရက်ခန့်သာ ကျောင်းတက်ရပြီး၊ အိမ်တွင်လုပ်ရန် အဆိုင်းမင့်များ ပေးခြင်းသာ ရှိသည်။

အသက်လေးဆယ်ကျော် ဝန်းကျင်တွင် ရှိနေသူများသည် အစိုးရထံတွင်သော်လည်းကောင်း၊ စီးပွားရေး လောကတွင် လည်းကောင်း အကြီးတန်း နေရာများတွင် ရောက်နေသင့်ပြီဖြစ်သည်။ သို့သော် ယခု ဤအရွယ်သို့ ရောက်နေသူများမှ ကျောင်းတွင် ပညာပြည့်ဝစွာ မရခဲ့၊ အချို့ကလည်း ရည်မှန်းချက် ပျက်၍ အရည်အချင်း မပြည့်ဝဘဲ အလုပ်အကိုင်ဘဝထဲသို့ ရောက်ရှိခဲ့ရပြီး၊ အချို့ကလည်း နိုင်ငံခြား တိုင်းပြည်များသို့ ထွက်သွားရခဲ့သည်။

အာဏာရှင်စနစ်၏ လက်အောက်တွင်ရှိသော နှစ်များအတွင်း ပညာရေးစနစ်သည် အောက်သို့စိုက်၍ ထိုးဆင်းသွားခဲ့သည်။ စာမေးပွဲ တွင် ခိုးချ ခြင်းများကလည်း ကျယ်ပြန့်လာသည်။ ဆင်းရဲ မွဲတေမှုကြောင့် ကိန်းဂဏန်းမှာ မယုံနိုင်ဖွယ် ကျဆင်းခဲ့ရာ လူဦးရေ၏ ၇၀% သည် မူလတန်း ပညာရေးကိုပင် ပြီးဆုံးအောင် မသင်နိုင်ဖြစ်ရသည်ကို တွေ့ရသည်။ တက္ကသိုလ်များ၏ အဆင့်အတန်းမှာလည်း လျင်မြန်စွာ ကျဆင်းခဲ့သည်။

“မြန်မာနိုင်ငံမှာ ပါမောက္ခတွေဟာ သုတေသန လုပ်ဖို့မလိုပါဘူး၊ စာတမ်းလေးရေး၊ ကွန်ဖရင့်လေး တက်ရုံပါပဲ။ သောကြာနေ့မှာ လျှောက်လွှာတင်၊ တနင်္လာနေ့မှာ ပါမောက္ခဖြစ်ပြီ”ဟု ဒေါက်တာဘုန်းဝင်းက ပြောသည်။

မကြာမီက စစ်တပ်အုပ်ချုပ်ရေးမှ အရပ်သား အုပ်ချုပ်ရေးသို့ ပြောင်းလဲသွားခဲ့ရာ၊ ပြည်သူများသည် ၎င်းတို့၏ ဒေါသများကို ဖော်ထုတ် လာကြသည်။ နာမည်ကြီးသော ဘလောဂ့်တစ်ခုတွင် ဘာမျှ မတက်သော စစ်အရာရှိများသည် ၎င်းတို့၏ အာဏာကို အလွဲသုံးစား၍ ချမ်းသာအောင် လုပ်နေသည်ဟု ပညာရေး တာဝန်ရှိသူများကို စွပ်စွဲပြောဆိုထားသည်။

သို့သော် အစိုးရသည် ၉ သန်းမျှရှိသော ကျောင်းသားများ တိုးတက်မှုရှိရေးအတွက် ကြိုးစားနေပုံတော့ရသည်။

ကျောင်းဆရာများမှာ ဆင်းရဲသည့် အဆင့်တွင်ပင် ရှိနေသေးပြီး လစာ တိုးမြှင့်ပေးထားပြီး တစ်လလျှင် ဒေါ်လာ (၃၀) တိုးပေး ထားသည်။ ကျေးလက်တွင် တာဝန် ထမ်းဆောင်သူများ နှစ်ဆ တိုးသည်။

ယခင်ကတည်းက အဆက်အသွယ် ရှိခဲ့သော နိုင်ငံခြား တက္ကသိုလ်များ ပြန်လည် တည်ထောင်ရန် လုပ်ဆောင်လျက်ရှိသည်။ အမေရိကန်၏ John Hopkins တက္ကသိုလ်သည် ဘွဲ့ရကျောင်းသားများနှင့် ဆရာများ လေ့ကျင့်ပေးရေးအတွက် ရည်ရွယ်၍ ရန်ကုန်တက္ကသိုလ်တွင် Center of Excellence ထူထောင်ရန် စီစဉ်နေသည်။

“သမ္မတကြီးကတော့ ပညာရေးနဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ တကယ်ကို တွန်းအားပေးနေတာပါပဲ။ ဒါပေမယ့် ဒါက အထက်က အောက်သွားတဲ့ပုံစံ(top-down)ဖြစ်နေတော့၊ ညွှ့န်ကြားရေးမှူးချုပ် အဆင့်လောက်မှာတင် ရပ်နေတယ်” ဟု မြန်မာနိုင်ငံ၏ လေးစားရသော ပညာရှင် တစ်ဦးဖြစ်သူ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်မှူးဟောင်း ဦးသော်ကောင်းက ပြောသည်။ “အစိုးရက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ စကားကို နားထောင်နေတာပဲ။ တစ်ခါတစ်ရံ ဝန်ကြီး အဖြေရ ခက်တဲ့ မေးခွန်းတွေတောင် မေးနေကြတယ်” ဟု ၎င်းကဆိုသည်။

မြန်မာပညာတတ် အများစုက သမ္မတအကြံပေးဦးမြင့်၏ ယခု အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသော ရန်ကုန်တက္ကသိုလ် ဘွဲ့ကြို သင်တန်းများ ပြန်လည်ဖွင့်ရန်နှင့် ပြည်သူလူထု အလှူငွေဖြင့် ကျောင်းသားသမဂ္ဂ အဆောက်အဦး ပြန်လည် ဆောက်လုပ်ရန် တိုက်တွန်းထားမှုအား ခေါင်းဆောင်ပိုင်းမှ တုံ့ပြန်မှုကို စိတ်အားထက်သန်စွာ စောင့်ကြည့်လျက်ရှိသည်။ ၎င်းက ရန်ကုန်တက္ကသိုလ်အား အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အရေးကြီးသော မှတ်တိုင်ဟုလည်းကောင်း၊ သမိုင်း စာမျက်နှာသစ် အသစ်စတင်ရန် အကောင်းဆုံးနည်းဖြစ်ကြောင်း ဖော်ပြထားသည်။

ထွက်ပေါ်လာမည့် ရလဒ်သည် အစိုးရက ၎င်း၏ ရည်ရွယ်ချက်အပေါ် အလေးအနက်ထားခြင်း ရှိ-မရှိ အဓိက စမ်းသပ်မှုအတွက် သက်သေဖြစ်မည် ဖြစ်သည်။ သို့တည်းမဟုတ် ကျောင်းသားများ၏ စွမ်းအားကို ကြောက်ရွံ့သော စိတ်၏ အရိပ်ထိုးမှု ခံရဆဲလားဆိုသည်ကို စောင့်ကြည့်ရပေတော့မည်။

မြန်မာသည် ကမ္ဘာကို တံခါး ဖွင့်ပြီးနောက် ချည့်နဲ့သော ပညာရေးစနစ်နှင့် ကျောင်းမတက်နိုင်သော ပြည်သူများ များပြားနေခြင်းအတွက် တန်ဖိုးကြီး ပေးဆပ်ရတော့မည်။

ထွန်းဝေ

(28 June 2012 ရက်စွဲပါ Washington Post မှ Denis d.Gray ရေးသားသော Now opening to world, Myanmar pays price for crippled education system and unschooled citizens ကိုဘာသာပြန်ဆိုသည်။)

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More