Sunday, July 8, 2012

 7 July အနှစ် ၅၀ ပြည့် အထိမ်းအမှတ်ပွဲ ပြုလုပ်ရန် ဦးဆောင်ကြိုးပမ်းမှုဖြင့် နေအိမ်အသီးသီးမှ ခေါ်ယူ ထိန်းသိမ်းခံခဲ့ရသော ကျောင်းသာများ ပြန်လည်လွတ်မြောက်လာ

AddThis Social Bookmark Button
ယာယီထိန်းသိမ်းခံရပြီးပြန်လည်လွတ်မြောက်လာသည့်ဗကသအဖွဲ့ဝင်များအား ယနေ့(ဇူလိုင်လ ၇ ရက်) ည ၉ နာရီဝန်းကျင်က ၈၈ မျိုးဆက်ကျောင်းသားများရုံးခန်းတွင် တွေ့ရစဉ်
ဇူလိုင်လ ၆ ရက်နေ့ည ၁၀ ကျော်ခန့်က 7 July အနှစ် ၅၀ ပြည့် အထိမ်းအမှတ်ပွဲ ပြုလုပ်ရန် ဦးဆောင်ကြိုးပမ်းမှုဖြင့် နေအိမ်အသီးသီးမှ ခေါ်ယူ ထိန်းသိမ်းခံခဲ့ရသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ(ဗကသ)မှ  အဖွဲ့ဝင်များဖြစ်သည့် ကိုစည်သူမောင်၊ ကိုဒီငြိမ်းလင်း၊ ကိုရဲမြတ်ဟိန်း၊ မဖြိုးဖြိုးအောင်တို့အား သက်ဆိုင်ရာမှ ဇူလိုင်လ ၇ ရက်နေ့ ည ၇ နာရီကျော်တွင် ပြန်လည် လွှတ်ပေးလိုက်ပြီဖြစ်သည်။
ရန်ကုန်မြို့မှ ပြန်လည်လွတ်မြောက်လာသော ဗကသအဖွဲ့ဝင်များသည် ည ၉ နာရီကျော်ခန့်တွင် ၈၈ မျိုးဆက် ကျောင်းသားများရုံးခန်းသို့ ရောက်ရှိလာပြီး သတင်းမီဒီယာများအား တွေ့ဆုံကာ ၎င်းတို့ ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များအား ရှင်းလင်းတင်ပြခဲ့သည်။
"သူတို့ပြောတာကတော့ ကျောင်းသားသမဂ္ဂဆိုတာ တရားဝင်အဖွဲ့အစည်း မဟုတ်တဲ့အတွက် အခုလိုပွဲမျိုးတွေကို လုပ်ခွင့်မရှိဘူး။ နောက်ပြီး ကျွန်တော်တို့ကို ခေါ်ယူ ထိန်းသိမ်းတယ်လို့ မပြောဘူး။ ခေါ်ယူဆွေးနွေးတာလို့ပဲ ပြောတယ်။ ဒီပွဲအတွက် ခေါ်ယူဆွေးနွေးတာ။ ပွဲပြီးတာနဲ့ ပြန်လွှတ်ပေးမယ်လို့တော့ အာမခံချက်ပေးတယ်။ ဒါပေမယ့် ကျွန်တော်တို့ကို မနက် ၃ နာရီလောက်အထိ တစ်ယောက်ပြီး တစ်ယောက် စစ်ဆေးတာတွေ လုပ်တယ်။ အဓိကကတော့ စိတ်ပိုင်းဆိုင်ရာ ထိုးနှက်မှုတွေ လုပ်တာပါ"ဟု ထိန်းသိမ်းခံရသော ကျောင်းသားတစ်ဦးဖြစ်သူ ကိုစည်သူမောင်က ပြောပါသည်။
ထိန်းသိမ်းခံရသော ကျောင်းသူတစ်ဦးဖြစ်သူ မဖြိုးဖြိုးအောင်က ဖြစ်စဉ်များကို ရှင်းလင်းပြောကြားနေစဉ်
"ကျွန်မတို့ကို စစ်ဆေးတာကတော့ ဒီ 7 July ပွဲအတွက် ဘယ်အချိန်ကတည်းက စ စီစဉ်ခဲ့တာလဲ။ ဘယ်နေရာတွေမှာ စီစဉ်ခဲ့တာလဲ။ အဲဒါမျိုးတွေ မေးတယ်။ ကျွန်မကိုယ်တိုင်တောင် အတိအကျ မမှတ်မိဘူး။ ကျွန်မတို့လည်း ယေဘူယျသဘောလောက်ပဲ မှတ်ထားတာရှိတယ်။ ခေါ်ယူဆွေးနွေးတယ်ဆိုပေမယ့် ကျွန်မတို့ကို အခန်းတစ်ခုထဲမှာ ထည့်ထားပြီး ဘေးမှာ ထောက်လှမ်းရေးက ၅ ယောက်လောက် ရှိတယ်။ အမျိုးသမီးတွေပါပဲ။ ခေါ်ယူဆွေးနွေတယ်ဆိုပေမယ့် တကယ်က ဖမ်းဆီးထိန်းသိမ်းတာပါပဲ။" ဟု ထိန်းသိမ်းခံရသော ကျောင်းသူတစ်ဦးဖြစ်သူ မဖြိုးဖြိုးအောင်က ပြောပါသည်။
အလားတူပင် မန္တလေး၊ လားရှိုး၊ ရွှေဘို၊ မြင်းခြံမြို့များမှ ခေါ်ယူထိန်းသိမ်းခံရသည့် ဗကသအဖွဲ့ဝင်များကိုလည်း ပြန်လည် လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More