By Yatanarpon
18 June, 2012 - 17:28
ဇွန်လ ၁၈ ရက်။ ။ အစိုးရဝက်ဘ်ဆိုက်အချို့နှင့်
ပြည်တွင်းရှိ ဝက်ဘ်ဆိုက်အချို့အား ဘင်္ဂလားဒေရှ့်မှ Hacker အဖွဲ့နှစ်ခုမှ
ဆိုက်ဘာ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်းအား ၎င်းအဖွဲ့နှစ်ခု၏ Facebook
စာမျက်နှာများတွင် ဇွန်လ ၁၈ ရက်နေ့၌ ကြေငြာထားသည်။ အဆိုပါအဖွဲ့နှစ်ခုမှာ
Bangladesh Cyber Army အဖွဲ့နှင့် Bangladesh Black HAT Hackers
အဖွဲ့တို့ဖြစ်ကြောင်း သိရှိရပါသည်။
Bangladesh Cyber Army အဖွဲ့မှ ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်ထားသည့် အစိုးရအဖွဲ့အစည်းမှ ဝက်ဘ်ဆိုက်များမှာ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ www.construction.gov.mm ဝက်ဘ်ဆိုက်၊ သစ်တောရေးရာဝန်ကြီးဌာန၏ www.myanmarteak.gov.mm ဝက်ဘ်ဆိုက်များနှင့် အခြားဆိုက်များဖြစ်သည့် www.myanmar.gov.mm, www.myancoop.gov.mm, www.csostat.gov.mm, www.moai.gov.mm စသည့် ဝက်ဘ်ဆိုက်များလည်း ပါဝင်သည်။ ပြည်တွင်းရှိ ဆိုက်ဘာတိုက်ခိုက်မှု ခံရသည့် ပုဂ္ဂလိက ဝက်ဘ်ဆိုက်ပေါင်း ၃၀ ကျော်ရှိပြီး ၎င်းဆိုက်များတွင် ခရီးသွားကုမ္ပဏီအချို့၏ ဝက်ဘ်ဆိုက်များ၊ မန္တလေးဆေးတက္ကသိုလ်၏ www.ummdy.org ဝက်ဘ်ဆိုက်၊ ပြည်တွင်းရှိ နာမည်ကြီးဟိုတယ်များ၏ ဝက်ဘ်ဆိုက်များဖြစ်သည့် http://baganhotelriverview.com/, http://royal-ayeyarwaddy.com/ စသည့် ဝက်ဘ်ဆိုက်များလည်း ပါဝင်ကြောင်း သိရသည်။
ထို့အတူ Bangladesh Black HAT Hackers အဖွဲ့မှ မြန်မာနိုင်ငံတော်ဗဟိုဘဏ် (http://www.cbm.gov.mm) ကို တိုက်ခိုက်လိုက်ကြောင်း ၎င်းတို့၏ Facebook မှတစ်ဆင့် ကြေညာခဲ့ပါသည်။ ထို့အပြင် နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးဌာန၏ ဝက်ဘ်ဆိုက် http://www.passport.gov.mm နှင့် အကောက်ခွန်ဦးစီးဌာန၏ ဝက်ဘ်ဆိုက် http://myanmarcustoms.gov.mm တို့ကိုလည်း ဆက်လက် တိုက်ခိုက်ခဲ့ကြောင်း အဆိုပါ Hacker အဖွဲ့၏ Facebook တွင် ဖော်ပြထားပါသည်။
အဆိုပါ ဆိုက်ဘာတိုက်ခိုက်မှုများနှင့် ပတ်သတ်၍ “အင်တာနက်မှာ DDOs (Distributed Denial of service) နဲ့ တိုက်တာတွေကတော့ အမြဲလိုလိုရှိပါတယ်။ မကျေနပ်တဲ့သူတွေက သူတို့ရဲ့ မကျေနပ်ချက်တွေကို အဲလိုနည်းနဲ့ ဖော်ထုတ်ကြတယ်။ ဘာမှထူးခြားတာလဲ မဟုတ်သလို ဘယ်သူ့အတွက်မှလည်း အကျိုးမရှိပါဘူး။ ကျွန်တော်တို့ဘက်က ဒီလိုအတိုက်မခံရအောင် ဆိုက်လုံခြုံရေးအပိုင်းကို အမြဲဂရုစိုက်ရမယ်။ ပြီးရင် DDOs ကို ခုခံနိုင်တဲ့ Router မျိုးတွေ ပိုပြီးများများ သုံးရမယ်။ ဟိုး ၂၀၁၀ တုန်းက DDOs တစ်ခါဖြစ်ပြီးကတည်းကတော့ DDOs ခံနိုင်တဲ့ Router တွေနဲ့ DDOs ခံနိုင်အောင် Network ပုံစံတွေ ပြောင်းထားသေးတယ်။ ဒါပေမယ့် မလုံလောက်သေးဘူး ထင်တယ်။ Bandwidth ကလည်း နည်းနေသေးတာကိုး။ အတိုက်ခံတဲ့ ဆိုက်အများစုက လုံခြုံရေး အားနည်းတာရယ်၊ တစ်ချို့ဆိုက်တွေက ဗိုင်းရပ်စ်ရှိတာကြောင့်ပါ။ လုံခြုံရေးအပိုင်းကို ဂရုစိုက်သင့်ပါတယ်” ဟု Internet Society Myanmar Chapter အဖွဲ့မှ ကိုရာဗီက ပြောကြားသည်။
Ref; Elevin Media Group

0 comments:
Post a Comment