Wednesday, June 13, 2012

အမျိုးသားရေးဝါဒနှင့် လူမျိုးစုံဝါဒ


အမျိုးသားရေးဝါဒသည် ကမ္ဘာ့ရွာကို ပျက်အောင်လုပ်နေသည်။ ယခင် ယူဂိုဆလားဗီးယားနိုင်ငံဟောင်းမှသည် ချီချင်းညာအထိ ပြိုကွဲအောင်လုပ်နေသည်ဟု နိုင်ငံစုဝါဒသမားတို့ကပြောကြသည်။ လူမျိုးစုများစုစည်းထားသည့် နိုင်ငံများသည် ပြိုလဲပျက်စီးနေကြသည်။ လူမျိုးစုခွဲထွက်ရေးဝါဒသည် အရှိန်ကောင်းနေသည်။
ယင်းမှာ ဆင်းရဲမွဲတေသည့် အာဖရိကတိုက်တွင်သာ မဟုတ်။ ချမ်းသာသည့် ဥရောပတိုက်နှင့် မြောက်အမေရိကတိုက်မှာပင် ရှိနေသည်။ ၂၄နာရီအတွင်း ကွန်ပျူတာဖြင့်အရောင်းအ၀ယ်လုပ်ပြီး အရင်းအနှီးများတင်ပို့နေသည့် အင်တာနက်ခေတ်တွင် ထိုအချင်းအရာသည် မည်သို့ဖြစ်နိုင်စရာ ရှိပါသနည်း။
ကမ္ဘာ့ဝါဒပျံနှံ့ရေးသည် ကျွန်တော်တို့ခေတ်တွင် လွှမ်းမိုးတွင်ကျယ်နေသော ဝေါဟာရတစ်ခု ဖြစ်၏။ ကျွန်တော်တို့၏ အထင်အမြင်သေးသည့် သဘောထားတွင် လူမျိုးစုံဝါဒသည် ယဉ်ကျေးမှုဟူသော အဓိပ္ပါယ်ထွက်နေပြီး အမျိုးသားရေးဝါဒသည် အရိုင်းအစိုင်းဝါဒဟု အဓိပ္ပါယ်ထွက်နေသည်။
လူမျိုးစုံဝါဒသမားတို့အဖို့ အမျိုးသားရေးအုံကြွမှုများသည် နားမလည်နိုင် စရာကောင်းသောအရာများ ဖြစ်နေဟန်ရှိ၏။ အာဏာသည်နိုင်ငံတော်မှ လျှောကျသွားချိန်တွင် အချုပ်အခြာအာဏာအတွက် အဘယ့်ကြောင့် တိုက်ပွဲဝင်နေမည်နည်း။
စင်ကာပူလို မြို့ပြနိုင်ငံ၊ တောင်ပိုင်းတရုတ်ပြည်လို ဒေသ၊ မြောက်အမေရိကတိုက် လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက် စသည့် တိုက်လုံးဆိုင်ရာ ကုန်သွယ်မှု အစီအစဉ်တို့သည် နောက်ရာစုသစ်ကြီးများ၏ ကမ္ဘာ့ပုံစံသစ်အတွက် ဆောက်လုပ်မည့် အုတ်အစိုင်အခဲများ ဖြစ်ကြသည်။ အင်တာနက်လှိုင်းလုံးကို စီးလို့ရပါလျက် ယဉ်ကျေးမှု အချုပ်အချာ တည်ရှိရေးကို အဘယ့်ကြောင့် တိုက်ပွဲဝင်နေဦးမည်နည်း။ ကမ္ဘာ့စီးပွားရေး၏ဆက်သွယ်ရေးဘာသာစကားအဖြစ် အင်္ဂလိပ်ဘာသာစကားရှိနေပါလျက် အငယ်စားဘာသာစကား ကလေးများထိန်းသိမ်းရေးအတွက် အဘယ့်ကြောင့် တိုက်ပွဲဝင်နေဦးမည်နည်း။
ယခုအချိန်တွင်တွင် လူမျိုးစုံဝါဒသမားတို့အဖို့ အမျိုးသားရေးဝါဒသမားတို့ကို အထင်သေးခြင်းမှ ရပ်တန့်ရန် အချိန်ရောက်လေပြီ။ နောက်လေယဉ်တစ်စင်းကို စီးရန် ခပ်သုတ်သုတ် သွားနေကြသည့် နိုင်ငံတကာကုမ္ပဏီအုပ်ချုပ်ရေးမှုးများ အားလုံးသည် ချမ်းသာပြီး တည်ငြိမ်သော လူမျိုးနိုင်ငံများ၏ နိုင်ငံကူးလက်မှတ်များကို ကိုင်ဆောင်ထားကြမည်မှာ သေချာပါသည်။ သူတို့အဖို့ မှာမူ လူမျိုးစုံဝါဒသမားဖြစ်ရန် ကုံလုံကြွယ်ဝပါပေ၏။ နိုင်ငံကူးလက်မှတ် တစ်စောင်နှင့်အတူ အခွင့်အရေးသည် ပါလာတတ်ပါ၏။
အမျိုးသားရေးမာန်ကို ရှုတ်ချခြင်းမပြုမီ ချီချင်းညာလူမျိုးတို့ အကြောင်းကို ကျွန်တော်တို့ စဉ်းစားသင့်ပါသည်။ ချီချင်းညာတို့၏ မြို့တော်ရှိ သမ္မတနန်းတော်ကို ရုရှတင့်ကားများမှ အမြောက်ဖြင့်ထုရန် လူမျိုးစုံဝါဒသမားများ ဘာကြောင့် အလိုရှိနေကြပါသနည်း။
ကမ္ဘာ့ဝါဒီတို့၏ ထိုဝေါဟာရကို သေသေချာချာ စဉ်းစားကြည့်ပါလေ။ ကာလီဖိုးနီးယားပြည်နယ်သားသည် သူ၏ အိမ်သုံးကွန်ပျူတာရှေ့တွင် ထိုင်ကာ တောင်ကိုးရီးယားရှိ မိတ်ဆွေတဦးထံ စာတစ်စောင်ရိုက်နေစဉ်၊ အပြင်တွင် ရပ်ထားသော သူတို့ကားများကို ခိုးသွားမည်လားဟု နှစ်ယောက်စလုံး စိတ်တထင့်ထင့် ဖြစ်နေကြရသည်။ သူတို့၏ ကွန်ပျူတာ အဆက်အသွယ်ကို လုံခြုံမှု ရှိမရှိကို မည်သူ အာမခံပါသနည်း။ ရဲ၊ တရားရုံးများ၊ လက်နက်ကိုင် တပ်ဖွဲ့များနှင့် ခေတ်သစ် လူမျိုးနိုင်ငံများ၏ ပုံမှန်အဆောက်အအုံများက အာမခံချက်ပေးနေပါသည်။ ထိုအဆောက်အအုံများမရှိလျှင် ကမ္ဘာ့ရွာသည် ပရမ်းပတာနေရာကြီးအဖြစ်သို့ရွေ့လျားသွားပေလိမ့်မည်။
ခေတ်သစ်လူမျိုး နိုင်ငံများအား ခေတ်မမှီတော့ဟုဆိုကာ ကျော်လွှား ဖယ်ရှားလို့ မရနိုင်တော့ပါ။ ခေတ်သစ်လူမျိုးနိုင်ငံများကို ပိုပြီးခိုင်မာတောင့်တင်းအောင် လုပ်ရမည်သာဖြစ်ပါသည်။ တတိယကမ္ဘာတွင်မျှသာ မဟုတ်ပါ။ ယင်းမှာ အမျိုးသားရေးဝါဒသမား တစ်ဦး၏ နားလည်ချက် ဖြစ်ပါသည်။
လူမျိုးစုံဝါဒသမားများမှာပင်လျှင် အောက်ခြေပင်မြစ်များ ရှိပါသည်။ ကျွန်တော်တို့၏ ဇာတိအရည်အသွေးသည် ကျွန်တော်တို့ကို ခွဲခြားထားသည့် သင်္ကေတကလေးများပေါ်တွင် မှီတည်နေပါသည်။ ထိုသင်္ကေတ ကလေးများကို စိတ်ပညာရှင် ဖရွိုက်က အသေးစား ကွဲလွဲချက်ကလေးများကို ချစ်ခင်တွယ်တာသော နာစစ်ဆပ်ဝါဒဟု ခေါ်ခဲ့ပါသည်။ ထိုကွဲလွဲချက်ကလေးများသည် အလွန့်အလွန် သေးငယ်ကောင်း သေးငယ်ပါလိမ့်မည်။ အကြောင်းမဟုတ်ပါ။ ထိုကွဲလွဲချက်ကလေးများကိုပင် ကျွန်တော်တို့ ပင်ကိုယ်ဇာတိအ ရည်အသွေး၏ အမြုတေအဖြစ် သုံးနိုင်ပါသည်။
လူမျိုးစုံဝါဒသမားတို့က လီဗိုင်းဂျင်းအ၀တ်အထည်များနှင့် ဘင်နက်တန် ကုန်ပစ္စည်း များ၊ မက်ဒေါ်နယ်ဟမ်ဘာဂါများနှင့် အိုင်ဘီအမ် စက်မှုသိပ္ပံပစ္စည်းများကြောင့် လူမျိုးများကြားတွင်တည်ရှိနေကြသော အသေးစား ကွဲလွဲမှုကလေးများသည် ပျောက်ကွယ်သွားလိမ့်မည်ဟု မျှော်လင့်နေကြပါသည်။ တကယ်ဖြစ်လာသည်မှာ ထိုသို့မဟုတ်။ လူများက ပိုပြီးကြီးမားသော ကွဲလွဲချက်များကို အတင်းဖမ်းဆုပ်ထားကြခြင်း ဖြစ်ပါသည်။
ယူဂိုဆလားဗီးယားတွင် ဆန်းပြားပွေလီသော ဥရောပတိုက်သားများဖြင့် ပြည့်နေပါသည်။ သူတို့သည် မာစီးဒီးကားကြီးများကို မောင်းကာ ဆွစ်ဇာလန်စတိုင် အနားယူဂေဟာများကို ပိုင်ဆိုင်နေကြပါသည်။ အပြင်ပန်းအားဖြင့်ကြည့်လျှင် သူတို့သည် ခရိုအက်များ၊ ဆာ့ဘ်များ ဘောစနီးယား မူဆလင်များ ဖြစ်နေသည်ကိုတွေ့ရပါသည်။ ခေတ်မီရေးလုပ်ငန်းသည် ကျွန်တော်တို့၏ ကြီးမားသော တွယ်တာစွဲလန်းမှုများကို ခွာချပစ်နိုင်ကြောင်း ယူဂိုဆလားဗီးယားများက ပြသနေပါသည်။
အဖိနှပ်ခံလူမျိုးများနှင့် လူမျိုးစုများက သူတို့ကိုယ်သူတို့ ကာကွယ်ခွင့်မရ သေးသမျှ ကာလပတ်လုံး လုံခြုံရေးစိတ်ဓာတ်နှင့် အသိုက်အ၀န်းစိတ်ဓာတ်သည် တည်ရှိဦးမည်သာ ဖြစ်ပါသည်။ ကမ္ဘာ့ပြောင်းလဲမှုသည် ကျွန်တော်တို့ကို နီးစပ်လာအောင် လုပ်ပေးခဲ့သည်မှာ မှန်ပေသည်။
သို့ရာတွင် နီးစပ်လာခြင်းကြောင့်ပင် ကျွန်တော်တို့သည် ကိုယ့်ယဉ်ကျေးမှု ကိုယ့်သမိုင်းနှင့် ကိုယ့်ဘာသာစကား စသည့်ကွဲလွဲချက်များကို ပိုပြီးကာကွယ်ထိန်းသိမ်းလာ ခဲ့ကြပါသည်။ သို့မှ ကာကွယ်ထိန်းသိမ်းခြင်းမပြုနိုင်လျှင် လူအဖြစ်မှလျှောကျ သွားတော့မည်သာ ဖြစ်ပါသည်။
၁၉၈၉ ခုနှစ်တွင် ဘောလ်တစ်ဒေသမှ လူမျိုးစုများ၊ ပိုလန်လူမျိုးစုများ၊ ချက်လူမျိုးများလွတ်လပ်ရေးရလာသည့် အခါတွင် နိုင်ငံစုံဝါဒသမားများသည် မှန်ကန်စွာသြဘာပေးခဲ့ကြပါသည်။ ယင်းတို့မှာ အမျိုးသားရေးဝါဒ တော်လှန်ရေးသမားများ ဖြစ်ကြသည်။  ၁၇၇၆ ခုနှစ်တွင် အမေရီကန်လူမျိုးများ၊ ၁၇၈၉ ခုနှစ်တွင် ပြင်သစ်လူမျိုးများကို နှိုးဆွခဲ့သည့် လွတ်လပ်မှုနှင့် ဒီမိုကရေစီစသော မျှော်မှန်းချက်များကြောင့် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပါသည်။
အမျိုးသားရေးဝါဒတွင် မှားနေသောအချက်မှာ ကိုယ့်အိမ်တွင် ကိုယ်အရှင်သခင် ဖြစ်ချင်သောဆန္ဒ မဟုတ်ပါ။ အိမ်ကို အခြားသူများနှင့်အတူ ရောနှော မနေနိုင်ဟု ငြင်းဆန်နေသည့်ကိစ္စ ဖြစ်ပါသည်။ လူမျိုးတိုင်းတွင် ကိုယ်ပိုင်နိုင်ငံ ရှိရမည် ဆိုသည့် အမှားဖြစ်ပါသည်။ လူမျိုးသန့်စင်ရမည်၊ မျိုးမနှောရဆိုသည့် အမှားဖြစ်ပါသည်။
လူမျိုးစုံဝါဒသမား ဖြစ်စေ၊ အမျိုးသားရေးဝါဒသမား ဖြစ်စေ၊ အရေပြားအောက်က သွေးထဲတွင် မျိုးနှောနေကြပါသည်။ ကျွန်တော်တို့၏ ဘိုးဘေးများသည် အတူဝိုင်းဖွဲ့ပြီး အိပ်ခဲ့ကြခြင်း ဖြစ်ပါသည်။ တကယ်အမှန်ပြောရလျှင် ကမ္ဘာပေါ်တွင်
သွေးမနှောသည့် လူမျိုးသန့်စင်မှုဆိုသည်မှာ မရှိနိုင်ပါ။ ကျွန်တော်တို့သည် ကျွန်တော်တို့နိုင်ငံကို ကျွန်တော်တို့လို မျိုးနှောသူများနှင့် ခွဲဝေမနေနိုင်ပါ ဟုဆိုလျှင် မည်သို့သော ကံကြမ္မာမျိုးနှင့် တွေ့ရတတ်ကြောင်းကို ယူဂိုဆလားဗီးယားက ပြသနေပါသည်။
လူမျိုးစုံဝါဒသမားများသည် အမျိုးသားရေးဝါဒသမားများအား ဘီလူးသဘက်ကြီးတွေအဖြစ်မျိုး ပြောနေခြင်းကို ရပ်တန့်သင့်ပါပြီ။ အမျိုးသားရေးဝါဒသမားများကလည်း မိမိတို့လူမျိုးတွင် မိမိတို့ကိုယ်ပိုင် နိုင်ငံတော် ရှိရမည်ဆိုသည့်အစွဲကို ဖျောက်သင့်ကြပါပြီ။
ခွဲထွက်ရေးသမားတို့၏ စိန်ခေါ်မှုနှင့် ရင်ဆိုင်နေသည့် အခြေခိုင်နေသော နိုင်ငံများသည် အာဏာကို ဖြန့်ခွဲပေးဖို့ လိုပါသည်။ သို့မှသာလျှင် လူမျိုးစုများသည် ခွဲထွက်ခြင်းမပြုဘဲ သူတို့၏ ယဉ်ကျေးမှုနှင့်ဘာသာစကားကို ကာကွယ်
စောင့်ရှောက်နိုင်မည် ဖြစ်ပါသည်။
အမျိုးသားရေးဝါဒသမားတို့၏ စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရသည့် ဒေသများသည် (တူရကီ၊ အီရတ်၊ အီရန်နှင့် ဆီးရီးယား နယ်စပ်တစ်လျှောက်တွင် နေကြသော ကာဒ့်လူမျိုးစုများကဲ့သို့) နယ်စပ်တစ်လျှောက်တွင် တွဲနေကြရသည့် လူမျိုးစုများအား ခွဲထွက်ခြင်းမပြုဘဲနှင့် ကိုယ်ပိုင်အုပ်ချုပ်မှု ပုံသဏ္ဍန်များ ရရှိနိုင်သည့် နည်းလမ်းများကို ရှာဖွေသင့်ကြပါသည်။
အနာဂတ်ကို လူမျိုးစုံဝါဒသမားများကလည်း မပိုင်ပါ။ သူတို့ချစ်သော နေရာများတွင် တိုက်ပွဲဝင်ရန်အဆင်သင့်ရှိသော၊ သူတို့မရောက်ဖူးသော နေရာများမှ သင်ခန်းစာယူရန် အဆင်သင့်ရှိသောလူမျိုးစုံဝါဒသမားများနှင့် လူမျိုးရေးဝါဒသမား နှစ်မျိုးစလုံးဖြစ်ရန် အဆင်သင့်ရှိသော လူထုများကသာ ပိုင်ပါသည်။
ရည်ညွှန်း။ ။Time, Feb 27,1995 မှ Michel Ignatieff ၏ The State of belonging ကို ပြန်ဆိုသည်။
မြသန်းတင့်
http://maukkha.org/index.php/book-store/essay-maukkha/2149-maukkha-nationalism-and-multiculturism

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More