Thursday, June 14, 2012

ရမည်းသင်း ရွှေလုပ်သားများ တောင်းဆိုချက် ပြေလည်မှု ရရှိ

မန္တလေး၊ ဇွန် ၁၄

ရမည်းသင်းမြို့ ရွှေမြင်တင် ဘုရားတွင် ရဲအင်အား ၁၀၀၀ နီးပါးဖြင့် ပိတ်ဆို့ တားဆီးခြင်း ခံရသော နေပြည်တော် သမ္မတရုံးသို့ ချီတက် ဆန္ဒပြမည့် ရမည်းသင်း မိုးထိမိုးမိ ရွှေလုပ်သား ၃၀၀၀ တောင်းဆိုနေသော အချက် ခြောက်ချက်ကို အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီ ဥက္ကဋ္ဌ ဦးထွန်းရှိန်က ဇွန်လ ၁၄ ရက် နေ့လည် (၁၂) နာရီအချိန်တွင် လက်ခံခွင့်ပြု လိုက်လျောခဲ့သဖြင့် ဆန္ဒပြမှု ရပ်ဆိုင်းသွားပြီ ဖြစ်ကြောင်း ကမ္ဘာ့အလုပ်သမားအဖွဲ့ (ILO) နှင့် တွဲဖက် လုပ်ကိုင်နေသော အထက်မြန်မာပြည် အလုပ်သမားအဖွဲ့ တာဝန်ခံ ဦးအေးသိန်းက The Voice Weekly သို့ ပြောကြားသည်။

အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီ၏ ဥက္ကဋ္ဌကြီး ဦးထွန်းရှိန် ကိုယ်တိုင် ဇွန် (၁၄) ရက်နေ့က ရမည်းသင်းမြို့ ရွှေမြင်တင် ဘုရားသို့ ရောက်ရှိ လာကြောင်း၊ ရွှေအလုပ်သမားများနှင့် အလုပ်သမား အခွင့်အရေး ကူညီနေသော အဖွဲ့များအား တွေ့ဆုံကာ နှစ်ဦးနှစ်ဖက် ဆွေးနွေးခဲ့ ကြကြောင်း၊ ရွှေလုပ်သားများ ဘက်မှ တောင်းဆိုသော အချက် (၆) ချက်ကို လိုက်လျောပေးမည်ဟု သဘောတူ ခဲ့သဖြင့် ဆန္ဒပြသည့် အစီအစဉ်ကို ရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း ဦးအေးသိန်းက ဆိုသည်။

ရွှေမြင်တင်ဘုရားတွင် ဆန္ဒပြနေစဉ် အတွင်း ရဲအင်အားများနှင့် ပိတ်ဆို့တားဆီးခြင်း၊ ဆန္ဒပြ အလုပ်သမားများ ရှိရာနေရာမှ ကိုက် (၃၀၀) အတွင်း မည်သူမျှ ဝင်ခွင့် မပေးခြင်းတို့ကြောင့် ရွှေလုပ်သမား ၃၀၀၀ ၏ စားသောက်ရေး အခက်အခဲ ဖြစ်သည်အထိ ကြုံတွေ့ခဲ့ ရကြောင်း၊ စားသောက်ရေး အတွက် ရမည်းသင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တာဝန်ယူ ပေးခဲ့ကြောင်း၊ ဆန္ဒပြ အလုပ်သမား ၃၀၀၀ ကျော်တွင် ပါဝင်သော ကိုယ်ဝန်ဆောင်သည် တစ်ဦး ကလေးမွေးဖွား ခဲ့ရာတွင် ကလေး သေဆုံးပြီး မိခင်အား ရမည်းသင်းမြို့ ဆေးရုံကြီးသို့ ပို့ဆောင်ရသည့် အထိ အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း ဆန္ဒပြ ရွှေလုပ်သားများထံမှ သိရသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More