Thursday, June 14, 2012

" တစ်နွယ်ငင်တာ တစ်စင်ပါ လို့ ....ထားရင်လည်း နေပါမည် ....သတ်ရင်လည်း သေပါမည် ...ကျွန်မ သည် လည်း ဘင်္ဂါလီ ''

by Swe Myatt Hay Thi on Wednesday, June 13, 2012 at 7:22pm ·
             ကျွန်မ တစ်ခါ မှ မရေးဖူးတဲ့ နိုင်ငံ ၊ လူမျိုး ၊ ဘာသာ နဲ့ ပတ်သက်တဲ့ Note လေး တစ်ခု ကြိုးစားပမ်းစား နဲ့ ရေးပါရစေရှင် ... ......ကျွန်မ ဆိုလျှင် နိုင်ငံရေး ကို နားမလည် တဲ့ အတွက်...အမှားပါ မှာ စိုးလို့ တခါ မှ ၀င်၍ ဆွေးနွေးဖူးခြင်း မရှိပါဘူး....ကျွန်မ တို့ ကိုယ့် အကျိုး ၊ ကိုယ့် မိသားစု အကျိုး စီးပွား အတွက် မိုးလင်း က မိုးချုပ် စီးပွားရှာနေချိန်မျိုး မှာ ကိုယ်ကျိုးစွန့်ပြီး နိုင်ငံအတွက် စွမ်းစွမ်း တမံ ဆောင်ရွက်နေကြတဲ့ အကို အမတွေ အားလုံး ကို အမြဲ ချစ်ခင် ကြည်ညိုလေးစားစွာဖြင့် စိတ်ထဲ ကနေတော့ သူတို့ ကို အမြဲ အားပေးလျှက် ရှိနေပါတယ်...ဖြစ်ချင်တော့ ဒီနေ့ မနက်စောစော Facebook  မှာ ဘာသတင်းထူးသေးလဲ လို့ အလုပ် မစခင် စပ်ကြား ခဏတာလေး ဖွင့်ကြည့်မိစဉ် မှာ ....Facebook  မှာ တင်တဲ့ စာလေးတွေ ၊ သူတကာ ဖန်တီးဖို့ မလွယ်တဲ့ ခက်ခဲစွာ လုပ်ပြ ထား တဲ့ သူ့ အနုပညာတွေ ကို မကြာ ခဏ နှစ်သက် သဘောကျမိဖူးတဲ့ ကိုလဂွန်းအိမ် ရဲ့ http://www.facebook.com/lagoon.eain.7/posts/3387049950686 Notes လေးကို ဖတ်လိုက်မိတဲ့ အချိန်များ မှာ... ဒီအကြောင်းတွေ နဲ့ ပတ်သက် ပြီး စာ အရမ်းရေးချင်နေတာ ဘာရေးလို့ ရေးရမှန်း မသိဖြစ်နေတဲ့ ကျွန်မ ရဲ့ စိတ်နှလုံးအိမ် အစဉ် ကို လှုပ်ဆွ ပေးလိုက်သလို ပါဘဲ .....သူ့စာဖတ်မိပြီး မှ သူ့ ကို အစ္စလာမ် ဘာသာဝင် မှန်းလည်း သိခဲ့ရသလို သူပြောချင်တဲ့ အကြောင်းအရာ ကိုလည်း နားလည်လိုက် ရပါတယ်.... 
                ကျွန်မ ပြောချင်တဲ့ အကြောင်း အရာ ကို မပြောခင် ပထမဆုံး အနေနဲ့ http://www.gingerbeautyland.com/notes_13.html  မှာ '' တွဲမိတဲ့ လက်နှစ်စုံ ''  ဆိုတဲ့ ခေါင်းစဉ် နဲ့ ကျွန်မ ရေးခဲ့ဖူးတဲ့  Notes မှ ကျွန်မ ရဲ့ မိသားစု အကြောင်း ကို အားလုံး သိအောင် အရင်ဆုံးကောက်နှုတ်ပြီး ပြန်ပြောပြပါဦးမယ် ...... ( အညာဇာတိ ဖြစ်တဲ့ ချောက် ဇာတိဖွား ကျွန်မ ရဲ့ ဖခင် နဲ့ ရန်ကုန်မှာမွေးပြီး ရန်ကုန် မှာ ကြီးပြင်းပေမယ့် အင်္ဂလိပ် ကျောင်း က ထွက်သလို ၊ ခေတ်မီ ပြီး အနောက်တိုင်း ဆန်တဲ့ မိသားစု က မွေးဖွားတဲ့ ကျွန်မ ရဲ့ မိခင်တို့ တက္ကသိုလ် မှာ ရေစက် ဆုံ လို့ ( ၇ ) နှစ် ကျော်ကြာ ချစ်ကြိုက်ကြရာမှာ ကျွန်မ အမေ ဘက်က လူကြီး မိဘတွေ က အသွင်မတူ အိမ်သူ မဖြစ်နိုင်မှန်း ကြိုတင် သိမြင်တဲ့ အတွက် သဘောမတူ တဲ့ အဖျက်အမျိုးမျိုး ကြားက လက်ထပ်ပေါင်းသင်းကြပြီး ကျွန်မ တို့ မောင်နှမ သုံးယောက် ကို မွေးခဲ့ ပါတယ် .....အင်္ဂလိပ် ကျောင်း တွေ က ထွက်လို့ ခေတ်မီပြီး အနောက်တိုင်း ဆန်ပါတယ် လို့ ပြောခဲ့မိတဲ့ ကျွန်မ အမေ က ဆိုရှယ်ကျ တယ် ပြောရလောက်အောင် ပါတီ လည်း မတက် ၊ ကလပ် လည်း မသွား ၊ ဘီယာ လည်း မသောက် ၊ ဖဲ လည်း မရိုက်တတ်တဲ့ မိခင် မျိုး ဖြစ်သလို မိုးလင်းက မိုးချုပ် သားသမီး ဝေယျာဝစ္စ နဲ့ နေ့စဉ်အမျှ အချိန် ကုန်နေရတဲ့ အမေ မျိုးဖြစ်ပေမယ့် မက်သဒစ်စ် ( ဒဂုံ - ၁ ) လို ယောကျာ်းလေး ၊ မိန်းကလေး ရောရောရောရော နဲ့ တရုန်းရုန်းနေတဲ့ ကျောင်းက ထွက်တဲ့ ကျွန်မ အမေ နဲ့ အညာသားလို ပုံတုန်းတုန်း ကြီး နဲ့ ရှေးရိုး အင်မတန် ဆန်ပြီး အယူ အင်မတန်သီး တဲ့ အဖေ တို့ အသွင်မတူ လို့ အိမ်သူ မဖြစ်နိုင်ကြတာ သဘာဝ ပါ…
                   အမေ က ကျောင်းနေဘက်. ... ယောကျာ်းလေး သူငယ်ချင်း တွေ တွေ့လို့ တရင်းတနှီး ခင်မင် နှုတ်ဆက်ရင် အဖေ က သ၀န်တို မကြိုက်ပါ ။ ကိုယ့် ယောကျာ်း ရယ်လို့ အသိအမှတ်ပြု မိတ်ဆက်ပေးတော့လည်း အဖေ က ခပ်တည်တည် နဲ့ ဟက်ဟက် ပက်ပက် မရှိလှတဲ့ အတွက်….အမေ က လည်း သူငယ်ချင်း နဲ့ပြန်တွေ့ရင် …မိတ်ဆက် မပေးချင်တော့ပါ ။ အဲဒီ က နေ စ ပြီး ပိုပို ဆိုး လာပြီး တွေ့သမျှ လူ နဲ့ သ၀န်တို ၊ သ၀န်တို ရာ က စွပ်စွဲ ၊ မဟုတ်ဘဲ စွပ်စွဲခံ ရတာများလာတော့ အိမ်ထောင်ရေး က မသာယာ နဲ့ နောက်ဆုံး သ၀န်တိုတာ ဘယ်လောက်အထိဆိုးရွားလာသလဲ ဆိုရင်…ကျွန်မ အမေ နဲ့ ခဏ စကားပြောပြော ၊ ဘယ်မှာတွေ့တွေ့ ၊ အသက်ကြီးငယ် မရွေး ၊ ဖြစ်နိုင်မဖြစ်နိုင် မစဉ်းစား ဘဲ..တွေ့သမျှလူ နဲ့ သမုတ်. .. တော့တာပါဘဲ….အမေ ကလည်း သူငယ်ချင်းတွေ့လို့ ၀မ်းသာ အားရ နှုတ်ဆက် ခင်မင်တတ်တာ က လွဲရင် ၊ ယောကျာ်း ဆို လို့..ကျွန်မ အဖေ တစ်ယောက် ထဲ နဲ့ သာ ချစ်ကြိုက် ယူခဲ့တဲ့ မိန်းမ ဖြစ် သာဖြစ်ပါတယ် …. ကိုယ် လက်ထပ်ထား တဲ့ မိန်းမ ရဲ့ အကျင့် စရိုက် က ကိုယ် ထင်သလို ဖြစ်နိုင် ၊ မဖြစ်နိုင် မစဉ်းစား ဘဲ…. ထင်ရာစွဲတွေး စွပ်စွဲ ၊ ရန်ဖြစ် နဲ့ တော်တော် စိတ်ဆင်းရဲ စရာကောင်းခဲ့ ကြတဲ့ ကျွန်မ အဖေ အမေ ရဲ့ အဖြစ်အပျက်တွေ ပါ…. အခုရေးပြခဲ့ တဲ့ အချက်တွေထက် ပိုပြီး အဆိုးတကာ့ အဆိုးဆုံး ဆိုတဲ့ အခြေအနေ အမျိုးမျိုး ကို ကျွန်မ တထိတ်တလန့် နဲ့ နှစ်ပေါင်း များစွာ တွေ့ကြုံ ခံစားခဲ့ရပါ တယ်.... ကျောင်းသား ဘဲရှိသေးတဲ့ ကျွန်မ တို့ မောင်နှမ စိတ်ချမ်းချမ်း သာသာ နဲ့ အေးအေး ဆေးဆေး စာကျက်ပြီး ဖြေခဲ့ ရတဲ့ စာမေးပွဲ ဆိုတာ လည်း တော်တော် ရှားပါး ခဲ့ရပါတယ်.....
            တဖြည်းဖြည်း နဲ့ ညှိလို့ မရကြလို့ ကျွန်မ တို့ မောင်နှမ သုံးယောက် မျက်နှာ နဲ့ တရားဝင် မကွဲကြပေမယ့် ကျွန်မ အမေ ဆို အဖေ ကို စိတ်နာ လို့သေသည် အထိ စကားမပြောဘဲ…သူအခြေအနေ မကောင်းတာ့ တဲ့ နောက်ဆုံး အချိန် အထိ အဖေ့ ကို မခေါ်ပေးပါ နဲ့ဆိုတာပါဘဲ….ကျွန်မ တို့လည်းကြောက်ကြောက် နဲ့ အမေ ရောဂါ ပိုဆိုးမှာ စိုးတာ မို့ အမေ အသက် မရှိတော့ မှ သာ ..အာရှတော်ဝင် ဆေးရုံရှေ့မှာ ငုတ်တုတ် ကလေး မျက်နှာငယ် နဲ့ ထိုင်စောင့်နေပေး တဲ့ အဖေ့ ကို အသိပေးတွေ့ခဲ့ကြရပါတယ်…. အသက် မရှိတော့ တဲ့ ကျွန်မအမေ ရဲ့ ရုပ်ကလာပ် ကို ပြေးဖက်ပြီး ကျွန်မ အဖေ ရှိုက်ကြီး တငင် ငိုကြွေး ခဲ့တာ ယနေ့ထိ ကျွန်မ မျက်စိထဲ က မထွက်ပါဘူး…..ကျွန်မ တို့ ( ၇ ) တန်း လောက် က နေ တဂျိန်းဂျိန်း ဖြစ်ခဲ့ ကြတဲ့ အဖေ နဲ့ အမေ ရဲ့ ရန်ပွဲ ဟာလည်း ကျွန်မ အသက် ၂၁ နှစ် အရွယ်မှာ အမေ ဆုံး မှ ဘဲ ငြိမ်းအေးသွားခဲ့ ရပါတယ်….
            အဖေ နဲ့ အမေ မသင့် မြတ်တာ သူငယ်ချင်းတွေ သိမှာ ရှက်လွန်းလို့ ၊ တခါတရံ ခရီးသွားရုံ က လွဲပြီး အိမ်မှာ အမြဲရှိတဲ့ အဖေ ကို သူငယ်ချင်းတွေ က မမြင်ဖူးလို့ မေးရင်..တချိန်လုံး ခရီးသွားတယ်လို့ ညာပြောခဲ့တာ ..အမေ ဆုံးတော့ မှ သာ အဖေ ကို ကျွန်မ သူငယ်ချင်း တွေ မြင်ဖူးကြတဲ့ အထိအောင် တစ်သက်လုံး အဖေအရင်း ငုတ်တုတ် ရှိပါလျှက် ဖုံးထားခဲ့မိတဲ့ အထိ အသုံးမကျခဲ့တဲ့ ကျွန်မ သာဖြစ်ပါတယ် ...အမေ အကြောင်း ပြန်ဆက်ပြောရရင်…..အဖေ ကို စိတ်နာ လို့ နှစ်ပေါင်းများ စွာ စကားမပြောသလို သေသည် အထိ အတွေ့ မခံသွားခဲ့ တဲ့ ကျွန်မ အဖေကို အရမ်းမုန်းပါတယ်… စိတ်နာပါတယ်.. ဆိုတဲ့ ကျွန်မ အမေ ရဲ့ ပစ္စည်းတွေ ရှင်းတော့ သူ နောက်ဆုံး သုံးသွား တဲ့ သူ့ပိုက်ဆံအိတ်ထဲ မှာ သမီးရည်းစား ဘ၀ က သူတို့နှစ်ယောက်ရိုက်ထား တဲ့ စုံတွဲ ပုံလေး ကို တွေ့လိုက် ရတာပါဘဲ… .နှစ်ပေါင်းများစွာ စိတ်ဘယ်လောက် နာတယ်ပြောပြော ၊ သံယောဇဉ် ဓာတ်ပုံလေး ကို နောက်ဆုံး အချိန်ထိ အမေ က ပိုက်ဆံ အိတ်ထဲ သိမ်းသွားတယ် ဆိုတာ အဖေ စိတ်မကောင်းမှာ စိုးလို့….ဒီနေ့ ဒီအချိန် ထိလည်း အဖေ့ ကို ထုတ်မပြောဖြစ်ခဲ့တော့ပါဘူး……..) အခု Bowl  လုပ်ထားတဲ့ အထိ က ကျွန်မ ရေးခဲ့ဖူးတဲ့ Note အဟောင်းလေး မှ ပြန်လည် ကောက်နှုတ် ဖော်ပြထားတာသာ ဖြစ်ပါတယ် ..... 
                  ကျွန်မ ဖော်ပြခဲ့တဲ့ အတိုင်း ကျွန်မ မိဘ တွေ ရဲ့ ကံ အကြောင်း မလှခဲ့ရုံ မျှမက ... ကျွန်မ တို့ ငယ်စဉ် ကလေး ဘ၀ က မသိခဲ့ရဘဲ.....ကျွန်မ အမေ ဆုံးပြီးမှ သိရတဲ့ ကျွန်မ ၏ ဖခင် ဘက် မှ ဇာတ်လမ်း အစုံ က လည်း ဒီလိုပါ ....ကျွန်မ အမေ ဘက် က အဖိုး အဖွား တွေ သိရင် ကျွန်မ အမေနဲ့ အဖေ ကို လက်ထပ် ဖို့ ဘယ်လို မှ သဘော မတူ မှာသိတဲ့ အတွက် ကျွန်မ ရဲ့ ဖခင် ဖြစ်သူ ခမျာ မှာ လည်း သူ့ဘ၀  နဲ့ သူ့မိသားစု တစ်ခုလုံး ကို ကျွန်မ အမေ သေသည် အထိ နှစ်ပေါင်း များစွာ ဇာတ်မြှုပ် ပြီး နေခဲ့တယ် ဆိုတာပါ ....အဲဒီ အတွက် လည်း ကျွန်မ အဖေ မှာ အသက်ရှင်ရက် ရှိနေပါလျှက်နှင့် သူ့ မိဘ မိသားစု တစ်ခုလုံး ကို သူ့ဟာသူ အဆက် အသွယ် လုပ်တာ မှ လွဲ၍ ကျွန်မ အမေ နှင့် ကျွန်မတို့ မောင်နှမတွေ ကို လုံးလုံးလျားလျား မမြင်ဖူးစေခဲ့ခြင်းပါ .... ကျွန်မ အဖေ ဘက် က အဖိုး ၊ အဖွားတွေ ၊ ဦးလေးတွေ ၊ အဒေါ်တွေ က သူတို့ ကို ဆွေမျိုး လို့ မိတ်ဆက် မပေးချင်ရင်နေပါ ... ကျွန်မ တို့ မောင်နှမတွေ ကို တွေ့ဖူးချင်လွန်းလို့ အသိ မိတ်ဆွေ ပါလို့ဘဲ မိတ်ဆက်ပေးပြီး တွေ့ဆုံပေးပါ ဆိုခဲ့တာတောင် ...ခေါင်း မာမာနှင့် ကျွန်မ အမေ ဆုံး တဲ့ အထိ သူ့အမျိုး သူ့ အဆွေ တစ်ဦး ၊ တစ်ယောက် နဲ့ မှ တွေ့ဆုံစေခြင်း မပြုခဲ့တဲ့အတွက် ... ကျွန်မ တို့သည် လည်း ဆွေမျိုး မှန်သမျှ အမေ့ ဘက် ကို သာ သိပါတယ်.....ဒါ ငါ့ အဖေ ဘက် က ငါ့ အဖွား ၊ ငါ့ အဒေါ်ရယ် လို့ မသိခဲ့သလို ...သူတို့ ရဲ့ ရုပ် ကို လည်း ဓာတ်ပုံ မှ အစ မတွေ့မမြင်ဖူး ခဲ့ရတာ အမှန်ပါ .....
                  အံ့သြခြင်းများစွာ နဲ့ ကျွန်မ အဖေ ရဲ့ မြှုပ်ထားခဲ့တဲ့ နောက်ကြောင်း ကို မထင်မှတ်ဘဲ သိလိုက်ရတာ ကျွန်မ တစ်ယောက် ထဲ မန္တလေး သွားရင်း အဖေ့ အမျိုး ရှိတယ် လို့ ကြားဖူးတဲ့ နေရာ တစ်ခု ကို စပ်စပ်ဆော့ဆော့ နှင့် ရောက်သွားကာ ကိုယ့် ကိုယ်ကိုယ် ဘယ်သူ့သမီးပါ ရယ်လို့ မိတ်ဆက်မိရင်း.... မှ သာ အချစ်ကြီး ချစ်သော ကျွန်မ အမေ ကို ကျွန်မ အဖေ တစ်သက်လုံး ဖုံးထားခဲ့ တဲ့ လျှို့ဝှက်ချက် ဆိုတာ ဘာလဲလို့ ဘွားခနဲ သိခဲ့ရတာသာ ဖြစ်ပါတယ်.....ကျွန်မ တို့ မောင်နှမ တွေ ရဲ့ ရုပ်ရည်တွေ ကို မြန်မာ အစစ် ရဲ့ ရုပ်နဲ့ မတူဘူး လို့တော့ ရင်းနှီးတဲ့ သူတွေ ပြောတာ မကြာခဏ ကြားဖူးတိုင်း ကုလားသွေး နည်းနည်းတော့ စပ်တယ် လို့ အမေ ပြောဖူး တယ် ....လို့ ...အဖေ ဘယ်လောက် ဖုံးဖုံး ရုပ်သွင် မှာ ညာမရတာမို့ အမေ ပြောပြဖူးတဲ့ အတိုင်း ပြန်ပြောပြခဲ့ဖူးပေမယ့် ...စပ်ရုံလောက် သာ ထင်ခဲ့မိတာ ...အဲသည်လောက် အစစ်ကြီးမှန်း သူ့တစ်ဆွေလုံး ၊ တစ်မျိုးလုံး ကို မြင်ဖူးမှသာ လက်ခံ လိုက်ရသလို ....အမေ ဘက် နှင့် ဓလေ့ စရိုက် က အစ လုံးလုံး ဘယ်လို မှ မဆက်စပ်သည့် မိသားစု မှန်း အဲဒီ အချိန်ကျ မှ သာ သဘောပေါက် လက်ခံ လိုက်ရပါသေးတယ် ...ကျွန်မ တို့ အဖေ က ကုလားသွေးပါတယ် .... မှန်းသိရင် ... အမေ သူ့ကို မယူ မှာ စိုးလို့ ... လူမျိုး ကို ဖုံးထားသလို ....တစ်သက်လုံး ကျွမ်းကျင်စွာပြောတတ်သည့် ဘာသာ စကား ဆိုတာကို လည်း နှစ်ပေါင်း များစွာ ကွက်ဝှက်ထားခဲ့ပါတယ် ......
               ဒီ စာကို ဖတ်မိတဲ့ သူ အပေါင်း က ဒီနေရာလောက် ဖတ်မိပြီ ဆိုရင် အားလုံး က '' ကျွန်မ ကို လူမျိုး မှာ ကုလား / ဘာသာ မှာ အစ္စလာမ် ဘာသာ ''..လား ရယ် လို့ ...အထင် အမြင် မှားလောက်ကြပြီ ထင်ပါတယ်....မှားပါတယ်..... အစ္စလာမ် ဘာသာ လုံးဝ မဟုတ်ပါ ဘူး ..... ကုလား လူမျိုး ၊ ဗုဒ္ဓ ဘာသာ စစ်စစ် ဖြစ်ပါတယ်...ကုလားသွေး စစ်တယ် မှန်းသိရင် ကျွန်မ အမေ မယူမှာစိုးလို့ ...အမေ ဘက် က အဖိုး ၊ အဖွားတွေ သဘော မတူ မှာ စိုးလို့သာ အဖေ က နှစ်ပေါင်းများစွာ ဖုံးကွယ် ခဲ့ခြင်း ဖြစ် ပါတယ် ....တဆက်ထဲ ပြောရလျှင် ကုလား လူမျိုး ဆိုတာ မှာလည်း ယခင် က လူတွေ နှင့် သိပ်မရင်းနှီးခဲ့ဘဲ ...  ရခိုင် အရေးတော်ပုံ ကိစ္စ နှင့် အခု မှ မတွေ့ချင် ၊ မမြင်ချင် ၊ မကြားချင် မှ အဆုံး ကြားနေ ၊ မြင်နေရသည့် ...... ဘင်္ဂါလီ ဆိုတဲ့ ကုလား လူမျိုး အနွယ်စု သာဖြစ်ပါ တယ် .....လူမျိုးတိုင်းမှာ ဗုဒ္ဓ ဘာသာ ကို ကိုးကွယ်တာရှိသလို ၊ အစ္စလာမ် ကိုးကွယ်တာ ၊ ခရစ်ယာန် ဘာသာ ကိုးကွယ် တာ စတဲ့ ကိုးကွယ် ယုံကြည်မှု အလိုက် ဘာသာ ဆိုတာ လည်း အမျိုးမျိုး ကွဲပြားခြားနား စွာရှိကြသလို ....ကျွန်မ ဖခင်ဘက် က ဆွေမျိုးတွေ အားလုံး က လည်း ကုလားရုပ်တွေ ဖြစ်နေကြတာက လွဲလို့ ရိုးသားစွာ လုပ်ကိုင် စားသောက် လျှက် ရှိနေကြပြီး ကျွန်မ အမေဘက်နှင့် လုံးဝ ဆန့်ကျင်စွာ အင်မတန် မှ ရှေးရိုးကျ ပြီး မြန်မာဆန် အယူသီးလှ သည့် မိသားစုဝင် များ သာ ဖြစ်ပါတယ် ..... ကျွန်မ ကျိန်းသေကြီး အထောက်အထား နဲ့ မပြနိုင် ပေမယ့် ကြားဖူးနားဝ နှင့် ကျွန်မ သိခဲ့ဖူးတဲ့ ဘင်္ဂါလီ လူမျိုး ဆိုတာ ကျွန်မ တို့ ငါးတန်း တုန်း က သမိုင်း ဘာသာ မှာ သင်ခဲ့ရတဲ့ မြန်မာ အစ တကောင်း က ဆိုတဲ့ ကံရာဇာကြီး ၊ ကံရာဇာငယ် တို့လူမျိုးဖြစ်တဲ့ မြန်မာကြီး လူမျိုး /ရခိုင်လို အသံ ထွက်ရင် ... မရမာကြီး လူမျိုး က ဆင်းသက်လာတာ ရယ်လို့ သိခဲ့ဖူးသလို ...... ဒီ့ထက် ပိုပြီး ကြားဖူးတာ ပြောရရင် လည်း မြတ်စွာဘုရား ရဲ့ လူမျိုးနွယ်စု တစ်ခု ရယ်လို့ .... တိမ်ကော ကွယ်ပျောက် မှာ စိုးတဲ့အတွက် တစ်ခုသော နိုင်ငံတော် အစိုးရ လက်ထက် ဆီတုန်း က လူမျိုး မပျောက်ကွယ်အောင် ထိန်းသိမ်းကြစေဖို့ ... မိန့်မှာတဲ့ ...အထိ ကြားသိခဲ့ဖူးပါတယ်......
                  ခုချိန်များ မှာတော့ နေရာတကာ မှာ နာမည် အမျိုးမျိုး နဲ့ လူလူချင်း ရက်စက်စွာ သတ်ဖြတ်ထား တဲ့ မြင်မကောင်း လှတဲ့ အနိဌာရုံ ဓာတ်ပုံတွေ အမျိုးမျိုးကြား မှာ....ကျွန်မ အမေ ဆုံး မှ ကြားဖူးရသည့် ကျွန်မ အဖေ ၏ ဘင်္ဂါလီ လူမျိုး ဆိုတာ နဲ့ ကျွန်မ တစ်ခါ မှ မကြားဖူးသည့် ရိုဟင်ဂျာ ကုလား လူမျိုးနွယ် တို့၏ .... အောက်တန်းကျ လူမဆန် ၊ ယုတ်မာ ရက်စက် သွေးအေး စွာ နဲ့သတ်ဖြတ်ထားတဲ့ ပုံတွေ ကို တွေ့လို့ ရေးသားထားတဲ့ မှတ်ချက် အမျိုးမျိုး ကြားမှာ ....ရိုဟင်ဂျာ ဆိုတာ တွေ့ရင် ဘယ်လို မှ မခံစားရပေမယ့် ...အဖေ့ သွေး တ၀က်တိတိ ပါနေရတဲ့ ဘင်္ဂါလီ ဆိုတာ ကြားရတိုင်း ဘုရားတရင်း ရှက်ရွံ့သိမ်ငယ်စွာ နဲ့ ကိုယ့် ကိုယ်ကိုယ် အမေ ဆုံးပြီးတဲ့နောက်ပိုင်း မှ လူတွေ က ဘာစပ်သလဲ မေး ရင် အဖေ ဘက် က ဘင်္ဂါလီ နဲ့ အမေ ဘက် က မြန်မာ ဆိုတာ ကို အခု မှ ရဲရဲဝံ့ဝံ့ ဖြေရဲတာ မှ မကြာသေး ....ယခု ရခိုင် အရေးအခင်း ကြောင့် ....ခေါင်း မဖော်ရဲလှအောင် ....ကိုယ့် ကို ဒီ လူမျိုး နဲ့ သွေးစပ်မှန်း လူသိခံရမှာ ၊ မေးမြန်း ခံရမှာတောင် ရှက်ရွံ့သိမ်ငယ်နေရပြန်ပါတယ်. .....
              ကျွန်မ ပြောချင်တာ မြန်မာ မှာ လည်း ကောင်းတဲ့လူ ၊ ဆိုးတဲ့လူ ၊ ကုလား မှာ လည်း ကောင်းတဲ့လူ ၊ ဆိုးတဲ့လူ ၊ တရုတ် မှာ လည်း ကောင်းတဲ့လူ ၊ ဆိုးတဲ့လူ ရှိသလို / ဘာသာတိုင်း မှာ လည်း ဗုဒ္ဓ ဘာသာ မှ ၊ အစ္စလာမ် မှ ၊ ခရစ်ယာန် မှ ရယ် မဟုတ်ပါ ဘူး  ....သူ့ ကိုးကွယ် ယုံကြည်မှု နဲ့ သူ ယုံကြည်ရာ ကိုးကွယ်နေကြပေမယ့် ..အားလုံးမှာ ကောင်းတဲ့လူ ၊ မကောင်းတဲ့ သူ ဆိုတာ ဒွန်တွဲ နေမှာပါ... ကျွန်မ တို့ မှာ လည်း ကျွန်မ တို့ကို မွေးဖွားပေးမယ့် မိဘ ဆိုတာ ကို ဘယ် လူမျိုး စစ်စစ် ၊ ဘယ် ဘာသာ စစ်စစ် ရဲ့ ၀မ်းမှာ မှ လူဖြစ်ခွင့် ရပါစေလို့ ...ရွေးချယ်ခွင့် မရနိုင်ပေမယ့် .... ကိုယ့် မြန်မာ နိုင်ငံမှာ မွေး ၊ မြန်မာ့ ရေ ကို သောက် ၊ မြန်မာနိုင်ငံ မှာ ကြီးပြင်း ပြီး မြန်မာနိုင်ငံ မှာ ဘဲ ရိုးသားစွာ လုပ်ကိုင် စားသောက်ခွင့် ရနေတဲ့ ...ကိုယ့် တိုင်းပြည် နဲ့ ကိုယ့် နိုင်ငံ ၊ ကိုယ့် ရေ ၊ ကိုယ့် မြေ ကို ချစ်တဲ့ စိတ် ဆိုတာတော့ ..အပြည့် ရှိသလို ....ဘယ် ညီအမ ၊ ဘယ် သူငယ်ချင်း ဘယ် ဆွေမျိုး ကတော့ ဖြင့် ဘယ်လို တိုင်းပြည်မှာ ကြီးပွား ချမ်းသာနေတယ် ဆိုတာ ကြားရရင် အဲဒီ့သူ အတွက် ၀မ်းသာပေးမိတာ ထက် ပိုပြီး ....အားကျစိတ် တစ်ခါ မှ မဖြစ်မိသလို ၊ ကိုယ် မရောက်ဖူးသည့် နိုင်ငံ ရပ်ခြား တိုင်းပြည်များ သို့ အခါ အခွင့်သင့်ရင် အလည်အပတ် လောက် သွားဖူးချင်တာ ထက်ပိုပြီး လည်း အလုပ်လုပ်ဖို့ / နေဖို့ ဆိုတာ .... တခါ မှ စိတ်မကူးခဲ့ဖူးတဲ့ အထိ ကိုယ့် ရေ ကိုယ့် မြေ ၊ ကိုယ့် တိုင်းပြည် ၊ ကိုယ့် လူမျိုး နဲ့ ဒီ နိုင်ငံ မှာ လုပ်ကိုင် စားသောက်နေတဲ့ ကျွန်မ အလုပ်တွေ အားလုံး အပေါ်မှာ သံယောဇဉ်ကြီး တဲ့ လူလည်း ဖြစ်တာမို့ ..... ကုလား ဆို အကုန် မုန်းကြလို့ ....တနွယ်ငင် လို့ တစ်စင်ပါပြီး .... ကျူပင်ခုတ် လို့ ကျူငုတ် ပါ မကျန် ရှင်းပစ်ချင်ကြတဲ့ သူ အမျိုးမျိုးကြား မှာ ... ကျွန်မ မှာ လည်း ဘင်္ဂါလီ သွေး တ၀က် ပါ ပါတယ်...ဆိုတာ ကို ၀န်ခံမိ သလို .... နိုင်ငံရေး အကြောင်း နကန်း တလုံး ရယ် မှ နားမလည် ပေမယ့် ကျွန်မ တို့ ရင်ထဲ မှာ ဗုဒ္ဓ ဘာသာ ကို မိရိုးဖလာ သက်သက် သာ ယုံကြည် ၍ ကိုးကွယ် သည် မဟုတ် ၊ ရင်ထဲ က လှိုက်လှိုက်လှဲလှဲ ယုံကြည် သက်ဝင် သည့် အတွက် ကိုးကွယ်ခြင်း ဖြစ် သည့် အတွက် ကျွန်မ ယုံကြည် စွာ ကိုးကွယ်သည့် ဗုဒ္ဓ ဘာသာ ဆိုတာ ကို အသက် နှင့် လဲ စတမ်း ဆို အသက် ပင် အသေခံပါ မည် ....ဘာသာ နှင့် တော့ မလဲ ပါ ....ထို့ နည်းတူစွာဘဲ ....''ဘင်္ဂါလီ " သွေး ဆိုတာ ပါနေသည့် အတွက် တစ်နွယ်ငင်တာ တစ်စင်ပါ လို့....သိမ်းကြုံးပြီး မကောင်းမြင် ကြတဲ့ သူတွေကြားထဲ မှာ .... ထားရင်လည်းနေပါမည် ....သတ်ရင်လည်း သေ ပါမည် ... ကျွန်မ သည် လည်း ဘင်္ဂါလီ ဖြစ်ပါတယ် ဆိုတာ ....၀န်ခံ ရင်း ..... ဘာ လူမျိုး ရဲ့ သွေး ဘဲ စပ်စပ် ...ကိုယ့် တိုင်းပြည် နဲ့ ကိုယ့် နိုင်ငံ ၊ ကိုယ့် ရေ ၊ ကိုယ့် မြေ ကို ချစ်တဲ့ နိုင်ငံ ချစ် စိတ် ၊ တိုင်းပြည် နဲ့ လူမျိုး ကို ချစ်စိတ် ဆိုတာ ကျွန်မတို့ ရင်ထဲမှာ ...အပြည့် ရှိပါတယ် .... ဆိုတာ ပြောကြားရင်း နိဂုံးချုပ် လိုက်ပါတယ် ရှင် ......

မှတ်ချက် ။     ။  ( ဒီ Post လေး ကို ရေးတာ မှာ ကျွန်မ ရဲ့ ဖခင် ကို လည်း ထိခိုက် ၊ နစ်နာ ၊ ပြစ်မှားလို စိတ် နဲ့ရေးတာ မဟုတ်သလို ...မည်သူ တစ်ဦး တစ်ယောက် ၏ ဘက် မှ ပါပြီး ရေးသားထားခြင်း လည်း မဟုတ်ပေမယ့် ....ကျွန်မ တို့ မိသားစု ဘ၀ ရဲ့ တကယ့် ဖြစ် ရပ်မှန် ကလေး ကို အားလုံး သိအောင် ချပြမိတဲ့ အတွက် ...ဒီ  Post  ကို ပထမ အကြိမ် တင်တင်ခြင်းမှာဘဲ ကျွန်မ မိသားစု ၀င် များ၏ အပြစ်တင် ဝေဖန်ခြင်း အမျိုးမျိုး ကို တခဏ တာ အချိန်တို အတွင်း မှာ တော်တော်လေး ခံလိုက်ရပါတယ်..... ကျွန်မ မှာ လည်း ကျွန်မ ရည်ရွယ်ချက် နဲ့ ကျွန်မ မို့ ခက်ခက်ခဲခဲ ကြိုးစားပြီး မရေးစဖူး ရေးဖြစ်ခဲ့တဲ့ ဒီ Post ကို ကျွန်မ ခင်ပွန်းသည် ၏ အားပေးမှုဖြင့် သူတို့ တားမြစ်တဲ့ ကြားက ...အားလုံး ကို  Block  လုပ်ပြီး မှ ပြန်တင်လိုက်ရပါ တယ်...ရှင် .....

ကျွန်မ တို့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ စစ်ပွဲများ ၊ လူမျိုးရေး ပြသနာများ ငြိမ်းအေးပြီး ကျွန်မ တို့ မြန်မာနိုင်ငံ အမြန်ဆုံး တည်ငြိမ် ငြိမ်းချမ်းမှု ရပါစေကြောင်း .... ဆုတောင်း မေတ္တာ အနန္တဖြင့်  .... )

( စွဲမြတ်ဟေသီ )

.''ဘင်္ဂါလီ " သွေး ဆိုတာ ပါနေသည့် အတွက် တစ်နွယ်ငင်တာ တစ်စင်ပါ လို့....သိမ်းကြုံးပြီး မကောင်းမြင် ကြတဲ့ သူတွေကြားထဲ မှာ .... ထားရင်လည်းနေပါမည် ....သတ်ရင်လည်း သေ ပါမည် ... ကျွန်မ သည် လည်း ဘင်္ဂါလီ ဖြစ်ပါတယ် ဆိုတာ ....၀န်ခံ ရင်း ..... ဘာ လူမျိုး ရဲ့ သွေး ဘဲ စပ်စပ် ...ကိုယ့် တိုင်းပြည် နဲ့ ကိုယ့် နိုင်ငံ ၊ ကိုယ့် ရေ ၊ ကိုယ့် မြေ ကို ချစ်တဲ့ နိုင်ငံ ချစ် စိတ် ၊ တိုင်းပြည် နဲ့ လူမျိုး ကို ချစ်စိတ် ဆိုတာ ကျွန်မတို့ ရင်ထဲမှာ ...အပြည့် ရှိပါတယ် .... ဆိုတာ

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More