This is default featured post 1 title

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ သမ္မတနှင့် ဒုသမ္မတကြီးများ

This is default featured post 2 title

သမိုင်းဝင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း

This is default featured post 3 title

ဒေါ်အောင်ဆန်းစုကြည်

This is default featured post 4 title

သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပထမဆုံး တွေ့ဆုံ ဆွေးနွေး ဓါတ်ပုံ (MRTV4)

This is default featured post 5 title

စည်းလုံးခြင်းသည် အင်အား

Wednesday, December 28, 2011

ဇာဂနာ ပါတီဝင်ရန် ဦးဝင်းတင် ဖိတ်ခေါ်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဦးဝင်းတင်က နာမည်ကျော် လူရွှင်တော် ဇာဂနာအား  NLD ပါတီဝင်ရန် ဖိတ်ခေါ်လိုက်သည်။
NLD တွင် ပညာတတ်လူငယ်ကင်းမဲ့နေကြောင်း မကြာသေးခင်က ပေါ်ပေါက်လာသည့် ဇာဂနာ၏ အငြင်းပွားဖွယ် ပြောဆိုချက်နှင့် ပတ်သက်ပြီး ဧရာဝတီက အင်္ဂါနေ့က ဆက်သွယ် မေးမြန်းစဉ် ဦးဝင်းတင်က ထိုသို့ တုန့်ပြန်လိုက်ခြင်း ဖြစ်သည်။

ဒီဇင်ဘာလ ၁၈ ရက်နေ့က ဘန်ကောက်မြို့ သတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရသော လူရွှင်တော် ဇာဂနာ (ဓာတ်ပုံ - ဧရာဝတီ)
“ကိုဇာဂနာကို ဖိတ်ချင်တယ်။ လာပါ ကိုဇာဂနာ။ ကိုဇာဂနာတို့ ၀င်လုပ်ကြပါ။ NLD မှာ ၀င်လုပ်ပါ။ ဒီပွဲကြီးဟာ ကျနော်တို့ တမျိုးသားလုံးနဲ့ ဆိုင်တဲ့ပွဲ ဖြစ်ပါတယ်” ဟု ဦးဝင်းတင်က ဆိုသည်။
“နည်းတယ်၊ များတယ်ဆိုတာက အထင်အမြင်ကို ပြောတာပေါ့ဗျာ၊ ကျနော်က နည်းတယ်တို့၊ များတယ်တို့၊ အတိုင်းအတာတွေကို မပြောချင်ဘူး။ နည်းတယ် ပြောနေသူတွေ များများ ၀င်ပြီးဆောင်ရွက်ဖို့ လိုတယ်” ဟု ဦးဝင်းတင်က ဆက်ပြောသည်။
ဒီဇင်ဘာလ ၁၈ ရက်နေ့က ဘန်ကောက်မြို့ သတင်းစာ ရှင်းလင်းပွဲတွင် လူရွှင်တော် ဇာဂနာက မြန်မာလူငယ်များ အတွက် အလုပ် လုပ်မည်ဖြစ်ကြောင်း၊ မြန်မာ လူငယ်အများစုမှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ ဗဟုသုတ မရှိကြောင်း၊ NLD တွင်လည်း အသက် ၄၀ အောက် ပညာရှင်၊ ပညာတတ်များ  မရှိကြောင်း ပြောဆိုခဲ့သည်။
ဇာဂနာ ထိုင်းနိုင်ငံသို့ ခေတ္တရောက်ရှိစဉ် ထိုသို့ မှတ်ချက်ချလိုက်ခြင်းကို  အင်တာနက် လူမှု ကွန်ရက် စာမျက်နှာများ၊ မြန်မာ့နိုင်ငံရေး စိတ်ဝင်စားသူများကြားတွင် ငြင်းခုန် ဆွေးနွေးနေကြသည်။
NLD  ခေါင်းဆောင် ဦးဝင်းတင်ကမူ ပါတီတွင် ပညာတတ်၊ ပညာရှိများ သာမက အလွှာ အသီးသီး ပါဝင်နေသည်ဟု ဆိုသည်။
“ဘွဲ့ ၂ ထပ်ကွမ်း၊ ၃ ထပ်ကွမ်း၊ ပါရဂူဘွဲ့ ရတဲ့လူတွေလည်း လိုတယ်။ အရေးကြီးတာက ဘွဲ့ရခြင်း၊ မရခြင်း၊ အင်္ဂလိပ်လို တတ်ခြင်း၊ မတတ်ခြင်း၊ ဒါကို ပြောတာ မဟုတ်ဘူး။ လိုတာက ပညာတတ်တွေ လိုတာ။ ပညာတတ်တယ် ဆိုတာက  လူထုအကျိုးကိုပြုနိုင်တဲ့၊ ပညာတွေ အမျိုးစုံ တတ်တဲ့သူတွေ လိုတာ။ ဒါပေမယ့်လို့ အဲဒီ ပညာတတ်တွေနဲ့ချည်း လုပ်လို့ မပြီးပါဘူး”ဟု သူက ဆိုသည်။
နိုင်ငံခြားတွင် ပညာ သွားရောက် သင်ယူပြီး ပြန်မလာသူများရှိကြောင်း၊ ပညာတတ်များ  ပါတီ ၀င်ရုံသာမက အမှန်တကယ် အလုပ်လုပ်ရန် လိုအပ်ကြောင်း  ဦးဝင်းတင်က ပြောသည်။
NLD သည် သောကြာနေ့က ရွေးကောက်ပွဲ ကော်မရှင်တွင် ပါတီအဖြစ် မှတ်ပုံတင်ခဲ့ပြီး  ပါတီ ၀င်လိုသူများကို ဖိတ်ခေါ်လျက်ရှိသည်။ NLD တွင် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သူများလည်း ပါတီဝင်ဖြစ်ရေးအတွက် ပြန်လည် လျှောက်လွှာတင်ရမည်ဟု NLD က ဆိုသည်။
အနာဂတ် NLD တွင် လူကြီးပိုင်းက နာယက နေရာများတွင်သာ တာဝန် ယူသွားမည်ဖြစ်သည်ဟု ဦးဝင်းတင်က ပြောသည်။
“လူငယ်ပိုင်းတွေကို တိုးတိုးပြီး နေရာပေးသွားဖို့ ကျနော်တို့ သဘောထားရှိတယ်။ လူငယ်ပိုင်းတွေ ၀င်ဦးဆောင်ကြတဲ့ အခါ လူကြီးပိုင်းတွေကလည်း ဖယ်ပေးသွားကြမှာဖြစ်တယ်” ဟု သူက ဆိုသည်။
ထိုသဘောထားသည် ပြီးခဲ့သည့်နှစ်ကုန်ပိုင်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်စဉ် ပထမဆုံး ပြုလုပ်သည့် NLD ထိပ်တန်း ခေါင်းဆောင်များ အစည်းအဝေးတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်ဟု ဆိုသည်။
ဤအတောအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန် အစိုးရတို့၏ ဆက်ဆံရေး ကောင်းမွန်လာပြီး ပါတီအား ကော်မရှင်တွင် မှတ်ပုံတင်လိုက်သဖြင့် အလွှာအသီးသီးမှ လူထုက ကြောက်ရွံ့မှု မရှိကြတော့ဘဲ လာရောက် ထိတွေ့ ဆက်ဆံနေကြကြောင်း၊ NLD   ပိုမို အားကောင်းစေရန် မည်သူ့ကို မဆို တံခါးဖွင့်ထားကြောင်း ဦးဝင်းတင်က ဆက်ရှင်းပြသည်။
ဝန်းရံလာသူများထဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဓာတ်ပုံတွဲရိုက်လိုသူများ၊ ကိုယ်ကျိုးရှာသူများ၊ အမတ်ဖြစ်လိုသူများလည်း ပါလာနိုင်ကြောင်း သူက ဆိုသည်။
“ကျနော်တို့ပါတီကို အပြင်လူတွေ ၀င်လာနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်က အလွန် အင်မတန်အားကောင်းတဲ့၊ ဆွဲဆောင်အား ရှိတော့ လူတွေလည်း ပိုပြီး ၀န်းရံလာကြတဲ့ အခါကျတော့ ဒီလို ၀န်းရံလာတဲ့သူတွေကို တွန်းဖယ်တာတို့ ကျောခိုင်းတာတို့ ကျနော်တို့ မလုပ်ချင်ဘူး” ဟု သူက ဆိုသည်။
NLD ပါတီကို ၀န်းရံသူ များလာခြင်းသည်  နိုင်ငံအတွက်လည်း အကျိုးရှိစေသည်ဟု သူက ပြောသည်။
သတင်းရင်းမြစ် - ဧရာဝတီ

Tuesday, December 27, 2011

မြန်မာတွေဘာကြောင့်ဆင်းရဲသလည်း

မေတ္တာရှင် - ငါ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ကို တရားဟောကြွတော့ ဆစ်ဒနီက
ဗုဒ္ဓဘာသာ လူငယ်တွေက မြန်မာတစ်မျိုးသားလုံး သိသင့်တဲ့ မေးခွန်းတစ်ခု
မေးတယ်။ အဲဒီမေးခွန်းက -

မြန်မာတွေဟာ အမြင့်မြတ်ဆုံးဖြစ်တဲ့ ဗုဒ္ဓဘာသာကိုလည်း ကိုးကွယ်ခွင့်ရတယ်။
ဒါနကုသိုလ်လည်း အများကြီးပြုကြတယ်။ အဲဒီနှစ်ချက်ကို ထောက်ကြည့်ရင်
မြန်မာတွေဟာ ကမ္ဘာမှာ အချမ်းသာဆုံး ဖြစ်သင့်တယ်။ ဒါပေမယ့် ထင်သလောက်
မချမ်းသာဘူး။ အဲဒါ ဘယ်အကြောင်းတွေကြောင့်လဲ တဲ့။

သန်း - ဟာ သိပ်ကောင်းတဲ့ မေးခွန်းပဲ ဘုရား။ ဆရာတော်က ဘယ်လိုဖြေလိုက်လဲ ဘုရား။

မေတ္တာရှင် - အကျဉ်းချုပ် ဖြေလိုက်တာက မြန်မာတွေဟာ ဗုဒ္ဓစကားကို
နားမထောင်ကြလို့ ဆင်းရဲနေကြတာလို့ ဖြေလိုက်တယ်။

သန်း - အဲဒီလောက် ကျဉ်းလွန်းအားကြီးတော့လည်း ဘယ်နားလည်ပါ့မလဲ ဘုရား။
နည်းနည်းအကျယ်ချဲ့ ဖြေဦးမှပေါ့ ဘုရား။

မေတ္တာရှင် - မြန်မာအများစု မကြီးပွါးခြင်း အကြောင်း ၁၁ ချက်ကို တွေ့ရတယ်။
အဲဒီ ၁၁ ချက်ကို ပြင်လိုက်လျှင်တော့ ကြီးပွါးချမ်းသာလာကြမှာ။ အဲဒီ ၁၁
ချက်က -

၁။ တကယ် လိုအပ်သော နေရတွင် မလှူဘဲ နာမည်ကြီးမည့် နေရတွင်သာ
စုပြုံလှူကြခြင်း။ ဥပမာအားဖြင့် စာသင်တိုက်တစ်တိုက်မှာ ကုဋီ (အိမ်သာ)
လိုနေတယ်။ ဒါပေမယ့် လှူမယ့်သူ မရှိဘူး။ ဘာကျတော့ လှူသလဲ ဆိုတော့
ဘုရားခန်းထဲမှာ ရုပ်ပွါးတော်တစ်ဆူ ရှိပြီးဖြစ်လျက်နဲ့ နောက်ထပ်
ရှစ်ဆူလောက် ထပ်လှူတော့ ဘုရားကိုးဆူဟာ ကျပ်ကျပ်တည်းတည်း
စံနေတော်မူကြရတယ်။

ဗုဒ္ဓဘာသာအများစုဟာ ဘုရားဒကာ၊ ဘုရားအမသာ အမည်ခံချင်ကြတာ။ အိမ်သာဒကာ၊
အိမ်သာအမ အမည်မခံချင်ကြဘူး။ လှူတယ်ဆိုတာ ကိုယ့်အတွက် မဟုတ်ပါဘူး။
အလှူခံအတွက်ပါ။ ဒါကြောင့် အလှူခံ လိုအပ်တာကို ရွေးချယ်ပြီး လှူသင့်တယ်။
ကိုယ်လှူချင်တာကို ရမ်းပြီး မလှူသင့်ဘူး။

၂။ မြတ်စွာဘုရားက အင်္ဂုတ္တိရ်ပါဠိတော် ဇဏုသောဏိသုတ်မှာ သမ္မဒါလေးပါးနဲ့
ပြည့်စုံရင် ကြီးပွါးချမ်းသာမယ်လို့ ဟောခဲ့တယ်။ ဗုဒ္ဓဘာသာအများစုဟာ
တစ်ပါးမှ မပြည့်စုံဘူး။

၃။ ဘာသာရေးအပေါ်မှာထားတဲ့ မေတ္တာ စေတနာမျိုးကို စီးပွါးရေးအပေါ်မှာ
မထားကြလို့လည်း မြန်မာအများစုဟာ ကြီးပွါးသင့်သလောက် မကြီးပွားကြဘူး။

၎။ ပျင်းရိခြင်း အကုသိုလ်ကို ရောင့်ရဲခြင်းကုသိုလ်လို့ အထင်မှား
ကျင့်သုံးနေတဲ့အတွက်လည်း မြန်မာတွေဟာ ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။

၅။ အတ္တသမာပဏီဓိ မင်္ဂလာချို့တဲ့လို့ တစ်နည်းအားဖြင့် မိမိကိုယ်မိမိ
ကောင်းတဲ့အလုပ်မှာ ဆောက်တည်နေနိုင်စွမ်း မရှိလို့လည်း မြန်မာအများစုဟာ
ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။

၆။ အချိန်တန်ဖိုးကို မသိကြတဲ့အတွက်လည်း ကြီးပွါးသင့်သလောက်
မကြီးပွါးကြဘူး။ အချိန်တန်ဖိုး သိတဲ့သူများဟာ ဥစ္စာစည်းစိမ်ကို ရခြင်း၊
ကုသိုလ်တရားကို ရခြင်း၊ ပညာဗဟုသုတကို ရခြင်း အမျိုးမျိုးနဲ့ အချိန်ကို
တန်ဖိုးရှိစွာ အသုံးချတယ်။ အချိန်တန်ဖိုး မသိတဲ့သူများကတော့
မြူးထူးပျော်ပါးကစားခြင်း၊ ငြင်းခုံခိုက်ရန် စကားများခြင်း အချိန်ကို
တန်ဖိုးမဲ့စွာ အသုံးချတယ်။

၇။ ကိုယ့်ထက်သာလျှင် မနာလိုဖြစ်ပြီး သူတစ်ပါးအကျိုး ပျက်စီးအောင်
ဖျက်ဆီးတတ်ကြတယ်။ ဒီအချက်ဟာလည်း မြန်မာအများစု မကြီးပွါးခြင်းရဲ့
အကြောင်းတစ်ခုပဲ။ ကိုယ့်ထက်သာလို့ ဝမ်းသာရင် မုဒိတာလို့ ခေါ်တဲ့
ကုသိုလ်တရားဖြစ်တယ်။ ကိုယ့်ထက်သာလို့ မနာလိုဖြစ်ရင် ဣဿာဆိုတဲ့
အကုသိုလ်တရား ဖြစ်တယ်။

ပညာရှိ ပညာမဲ့ဆိုတာ ဒီနေရာမှာ ကွဲသွားတာပဲ။ ပညာရှိက ကိုယ့်ထက်သာတဲ့
လူကိုတွေ့ရင် ဝမ်းမြောက်ခြင်းဆိုတဲ့ မုဒိတာကုသိုလ်ကို အရယူတယ်။ ပညာမဲ့က
ကိုယ့်ထက်သာတဲံသူကို တွေ့ရင် ဣဿာလို့ခေါ်တဲ့ အကုသိုလ်ကို အရယူတယ်။
ဒေါက်တာဘွဲ့ကြီး ရထားပါစေ၊ မနာလိုတတ်တဲ့သူဟာ ပညာမဲ့ပါပဲ။ ဘာအတန်းပညာမှ
မတတ်ရင် နေပါစေ၊ ကိုယ့်ထက်သာတဲ့ သူအပေါ်မှာ ဝမ်းမြောက်ရင် ပညာရှိပဲ။

ဣဿာဖြစ်နေသလား၊ မုဒိတာဖြစ်နေသလား ဆိုတာ သူ့ရဲ့နှုတ်က ထုတ်ဖော်
အစီရင်ခံပါလိမ့်မယ်။ တော်တာကို တော်ပါတယ်လို့ လှိုက်လှိုက်လှဲလှဲ
ချီးမွမ်းစကားပြောရင် သူ့သန္တာန်မှာ မုဒိတာတရား ဖြစ်နေတယ်လို့ သိနိုင်တယ်။
မချီးမွမ်းဘဲ နှုတ်ဆိတ်နေခြင်း၊ မပြောပလောက်တဲ့ အားနည်းချက်ကို
ထောက်ပြပြီး အပြစ်ပြောနေခြင်းဟာ သူ့သန္တာန်မှာ ဣဿာဖြစ်တယ်လို့ ပြတာပါပဲ။

ပညာမဲ့က သူ့သန္တာန်မှာ ဣဿာတရားဖြစ်နေတယ် ဆိုတာကို သူတစ်ပါးရဲ့ အပြစ်ကို
အတုံးလိုက် အတစ်လိုက်ပြပြီး ထင်ထင်ရှားရှား ပြတယ်။ ပညာတတ်တွေကျတော့
သူတို့သန္တာန်မှာ ဖြစ်နေတဲ့ ဣဿာကို ထင်ထင်ရှားရှား မပြဘူး။ မသိမသာဘဲ
ပြတယ်။ ပညာတတ်က သူတို့သန္တာန်မှာ ဣဿာဖြစ်နေတာကို သူတစ်ပါး
သိသွားမှာကိုလည်း စိုးရိမ်တယ်။ အဲဒီတော့ ပညာတတ်က အောင်မြင်နေတဲ့
လူတစ်ယောက်ရဲ့ မပြောပလောက်တဲ့ အပြစ်ကလေးကို ခပ်ပါးပါး ထောက်ပြပြီး
အမှတ်ယူတတ်တယ်။ အပေါ်ယံ ကြည့်ရင်တော့ အောင်မြင်နေတဲ့ လူရော၊
သူ့နောက်လိုက်တပည့်တွေကိုပါ မှားမှာစိုးလို့ သတိပေးတဲ့ ပုံစံမျိုးပေါ့။
အမှန်က မိမိရဲ့ဣဿာကို သူတစ်ပါး မသိအောင် ခပ်ပါးပါး လှစ်ပြတာပါပဲ။

၈။ မြန်မာအများစု မကြီးပွါးခြင်းရဲ့ နံပါတ်ရှစ် အကြောင်းကတော့ စာပေဗဟုသုတ
မရှိတာပါပဲ။

၉။ နံပါတ် ၉ အကြောင်းကတော့ ဒေသန္တရဗဟုသုတ မရှိတာပါပဲ။ ဒါကြောင့်
စာပေဗဟုသုတရှိအောင် စာမျိုးစုံ ဖတ်သင့်ပြီး တစ်နှစ် တစ်ကြိမ်
ဒေသန္တရဗဟုသုတခရီးကို သွားသင့်ပါတယ်။

၁၀။ နံပါတ်တစ်ဆယ် အကြောင်းကတော့ ခေါင်းဆောင်စိတ် နည်းပါးတာပါပဲ။
ကောင်းတဲ့ အလုပ်ဆိုရင် မခိုင်းဘဲ လုပ်တာ။ အလုပ်ကို အများကြီး လုပ်ပြီး
အခွင့်အရေးကို နည်းနည်းယူတာတွေဟာ ခေါင်းဆောင်စိတ်ပါပဲ။
ဆန့်ကျင်ဘက်အားဖြင့် ခိုင်းမှ လုပ်တတ်တာ။ အလုပ်ကို နည်းနည်းလုပ်ပြီး
အခွင့်အရေး အများကြီးယူတာဟာ နောက်လိုက်စိတ် ခေါ် ကျွန်စိတ်ပါပဲ။

၁၁။ မြန်မာအများစု မကြီးပွါးခြင်းရဲ့ ၁၁ ခုမြောက် အကြောင်းကတော့
ကိုယ့်အားကိုယ်ကိုးလိုစိတ် နည်းပါးတာပါပဲ။ အနောက်တိုင်းနိုင်ငံ အများစုက
အရှေ့တိုင်းနိုင်ငံ အများစုထက် ချမ်းသာကြွယ်ဝနေရခြင်းရဲ့ အဓိကအကြောင်းဟာ
၁၈ နှစ်ပြည့်တာနဲ့ ကိုယ့်အားကိုယ်ကိုးပြီး စီးပွါးရေး အလုပ်လုပ်ကြလို့ပဲ။
အနောက်နိုင်ငံက လူငယ်တွေဟာ ၁၈ နှစ်ပြည့်ပြီးတာနဲ့ လူကြီးဖြစ်ပြီလို့
သတ်မှတ်ပြီး စီးပွါးရေးလုပ်ငန်း၊ တစ်နည်း ငွေဝင်တဲ့ လုပ်ငန်းတစ်ခုခုကို
မဖြစ်မနေ လုပ်ကြတော့တာပဲ။

မြန်မာအမျိုးသမီးတစ်ဦး နယူးဇီလန်နိုင်ငံကို ပညာတော်သင် ရောက်သွားတယ်။
တစ်နေ့ ကိစ္စတစ်ခုရှိလို့ တက္ကစီ ငှားစီးသွားတယ်။ ကားမောင်းသမားလေးက အသက်
ငယ်ရွယ်သူလေး ဖြစ်နေလို့ ကျောင်းမတက်ဘူးလားလို့ မေးကြည့်တဲ့အခါ
ဆေးတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသားဖြစ်နေတယ်။ မြန်မာအမျိုးသမီးဆိုတော့
မြန်မာပြည်ရဲ့ အလေ့အထအတိုင်း မိဘက မတတ်နိုင်လို့ တက္ကစီမောင်းနေရတာလို့
ထင်သွားတာပေါ့။

သန်း - အဲဒီအတိုင်း ဟုတ်ပါသလား ဘုရား။

မေတ္တာရှင် - ဘယ်ဟုတ်ရမှာလဲ။ မေးလိုက်တဲ့အခါ ဟိုက ဘယ်လို ပြောသလဲဆိုတော့
ကျွန်တော်တို့ နိုင်ငံရဲ့ အလေ့အထက အနောက်တိုင်းဆန်ပါတယ်။ ဒါကြောင့် ၁၈
နှစ် ပြည့်ပြီးတာနဲ့ မိဘကို အားကိုးပြီး မနေကြပါဘူး။ ကိုယ်ပိုင်လုပ်ငန်း
တစ်ခုခုလုပ်ပြီး ငွေရှာပါတယ်။ အဲဒီငွေနဲ့ ကျောင်းတက်ပါတယ်။ ၁၈ နှစ်
ပြည့်ပြီးရင် လူကြီးဖြစ်ပြီလို့ သတ်မှတ်ပါတယ်။ လူကြီးဘဝ ရောက်နေပြီ
ဖြစ်ရက်နဲ့ မိဘလုပ်စာ ထိုင်စားရမှာ မိဘလုပ်စာနဲ့ ကျောင်းတက်ရမှာကို
အင်မတန် ရှက်ကြပါတယ်။

၁၈ နှစ်ပြည့်ပြီး သူငယ်ချင်းတွေ တွေ့ကြတဲ့အခါ ဘယအလုပ် လုပ်သလဲလို့
မေးမြန်းနှုတ်ဆက်တတ်ပါတယ်။ ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ရက်နဲ့ စီးပွါးရေး
အလုပ်တစ်ခုမှ မလုပ်တဲ့သူကို လူရာမဝင်သူလို့ သတ်မှတ်ပြီး ဘယ်သူမှ
အပေါင်းအသင်း မလုပ်ကြပါဘူးလို့ အားရပါးရ ပြန်ပြောတယ်။

သန်း - တပည့်တော်တို့ မြန်မာလူငယ်တွေနဲ့ ကွာလိုက်တာ ဘုရား။ ဒီမှာတော့
ကိုယ့်ကျောင်းစရိတ် ကိုယ်ရှာပြီး ကျောင်းတက်တဲ့လူကို ဆင်းရဲသားဆိုပြီး
ဝိုင်းအထင်သေးကြတယ်။ မိဘလုပ်စာစား၊ မိဘအိမ်က ကားနဲ့ စတိုင်ကျကျ
ကျောင်းတက်နိုင်သူကိုမှ သူဌေးဆိုပြီး အထင်ကြီးကြတယ်။

မေတ္တာရှင် - အေး ဟုတ်တယ်။ မြန်မာ အများစုဟာ ဂုဏ်မယူသင့်တာတွေကို
ဂုဏ်ယူပြီး ဂုဏ်ယူသင့်တာကို ဂုဏ်မယူတဲ့အတွက် ကြီးပွါးသင့်သလောက်
မကြီးပွါးကြတာဘဲ။

~~~
မေတ္တာရှင်(ရွှေပြည်သာ)၏ လူငယ်များအတွက် ဂမ္ဘီရဝိပဿနာ - 
ဆောင်းပါးမှကူးယူဖော်ပြပါသည်။

ကျွန်တော် လူကက်ဆက်

တလောက သန်းဂျီးမတွေ အကြောင်း ရေးလိုက်တော့ တချို့လည်း သဘောတွေ့ကြ တချို့ကလည်း ပူပန်ကြ အသံမျိုးစုံ ကြားခဲ့ရပါတယ်။ ဒီတခါတော့ တမျိုးပြောင်ပြီး “ပိုး” တွေအကြောင်းရေးမယ် စိတ်ကူးမိပါတယ်။ ပိုး က ရိုးရိုးပိုးမျိုး မဟုတ်ပါဘူး ဂီတပိုး၊ အနုပညာပိုးများ အကြောင်းပါ။ သန်းဂျီးမ တွေကို ရေနွေးတွေကြိုထားတဲ့ ဒယ်အိုးထဲထည့်လိုက်တော့ အားလုံးကြွကုန်ပေမယ့် ဒီအနုပညာပိုးက ရေနွေးအိုးထဲ ထည့်လည်း မသေ၊ လျှပ်စစ်နဲ့ တို့လို့လည်း မသေ၊ အင်မတန် ချိုးရ နှိမ်ရခက်တတ်ပါတယ်။

၁၉၉၈ နေ ၂၀၀၄ နှစ်ကုန်ပိုင်းထိ အင်စိန်ထောင်၊ မန်းထောင်နဲ့ မြောင်းမြထောင် သုံးထောင်ကို ဂန္ဓာရီလှည့်လည် စံမြန်းစဉ် ကာလ ခြောက်နှစ်ခွဲ အတွင်း ထောင်အာဏာပိုင်နဲ့ အရှင်းရဆုံးအမှုဟာ ထောင်တွင်း သီချင်းအော်ဆိုမှု အများဆုံးပါ။ တခါကဆို စိတ်နဲ့ ရေးပြီးစ သီချင်းအသစ်တပုဒ်ကို ထ အသံစမ်း ဆိုကြည့်တော့ထောင် ၀န်ထမ်းတွေ နံပတ်တုတ်တွေ တိုက်ထဲကို အလန့်တကြားပြေးဝင်လာ ကြပါတယ်။ နောက်တော့ ကျွန်တော် သီချင်းဆိုတာ ဆိုလည်းသိရော ဆဲလိုက်ဆိုလိုက်တာ မိုးမွှန်သွားတော့တာပါပဲဗျာ။ သူတို့ အဆိုအရ ကျွန်တာ့်သီချင်းဆိုသံဟာ ခွေးဟောင်သံထက်ကို ဆိုးတယ်လို့ဆိုပါတယ်။ အဲဒီလောက်ထိ ပါရမီ ထူးခြားပါတယ်။ အဲဒီကြားထဲက ကိုထိန်လင်းက စိတ်ကူးလွဲနေတာ ပန်းချီဆွဲရမှာ မဟုတ်ဘူးဗျ သီချင်းဆိုရမှာလို့ တခါတလေ ကာရာအိုကေမှာ တစုံတယောက် ပြောလာရင်တော့ ကျွန်တော်လက်ထဲက မိုက်ကရိုဖုန်းဟာ ဆွဲပြီး လုမယူခဲ့ရင် တခြားလူရဘို့ မမြင်တော့ပါဘူး။ အဲလောက် ရူးပါတယ်။


ရှူးတဲ့ အထဲမှာတော့ ကာလတခုမှာ လူကက်ဆတ် ဖြစ်သွားတဲ့အထိပါ။ အဲဒီကာလက စီဒီတွေ မပေါ်သေးတဲ့ ကတ်ဆတ်ခေတ် ဖြစ်တာမို့ လူကတ်ဆတ် ဖြစ်သွားရတာပါ။ ခုလို စီဒီခေတ်၊ အိုင်ပေါ့ ခေတ်ဆိုရင်တော့ လူစီဒီ၊ လူအိုင်ပေါ့တို့ ဘာတို့ ဖြစ်သွားနိုင်ပါတယ်။ လူကတ်ဆက်က ဘယ်တုန်းက ဖြစ်ခဲ့ဘူးပြန်တာတုန်းဟု မေးသော် ၁၉၉၁ စက်တင်ဘာ နောက်ပိုင်း ကနေ ၁၉၉၂ မိုးလယ်ပိုင်း အတွင်း ကချင်ပြည်နယ် ပါဂျောင်ဒေသ ABSDF (NB) ထပ်ဖွဲ့၏ အကျဉ်းသား ဘ၀ကဟု တိတိကျကျ ပြောမှဖြစ်ပါလိမ့်မယ်။

အဲဒီလိုပြောရတဲ့ အကြောင်းကတော့ တောင်ပိုင်း ထိုင်းနယ်စပ်မှာ ABSDF တပ်ဖွဲ့ဟာ တော်လှန်ရေး တပ်ဖွဲ့တခုအဖြစ် ဆက်လက် ရပ်တည်နေပြန်ပါတယ်။ အဲဒါကြောင့် မဆီမဆိုင် အလကားနေရင်း မတ်တတ်က တချို့က ဒီတပ်ဖွဲ့က ရဲဘော်တွေကို ဒီပြသနာတွေနဲ့ ဆက်စပ်ပတ်သတ် နေသယောင် ထင်ယောင်ထင်မှား မဖြစ်ရဘို့ တိတိကျကျ ကြိုပြောထားရခြင်း ဖြစ်ပါသဗျ။ ပြသနာက တောင်ပိုင်းတပ်ဖွဲ့ ဦးဆောင်သူ တွေထဲမှာက ကိုမျိုးဝင်း နာမည်တူက ရှိနေတော့ အလကားနေရင်း ကိုမျိုးဝင်း အိပ်ယာအောက် ရေ၀ပ်တဲ့ကိန်း ၀င်နိုင်တာ မြင်ယောင်မိလို့ပါ။

ကျွန်တော်အနေနဲ့ ဒီအကြောင်းအရာကို ရေးသားဘို့ လက်တွန့်တဲ့အထဲမှာ အဓိက အချက်တခုကတော့ နှစ်ပေါင်း (၂၀) ကျော်လာတဲ့ ကျောင်းသား တော်လှန်ရေးသမိုင်း အလံတော်ကို မည်သို့ပင်ဖြစ်စေ ချစ်နေဦးမည် ဆိုတဲ့ စာသားလို ဒုက္ခအပေါင်း ခါးစည်းခံပြီး စွဲစွဲမြဲမြဲ လုပ်နေတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိနေသေးတယ် ဆိုတာကိုလည်း သိနေတဲ့အခါ အတော် လက်တွန့်မိတယ်ဆိုတာ ရိုးသားစွာဝန်ခံပါတယ်။

ပြည်ပကို ထွက်ခွင့် စပြီးရတော့ ချင်းမိုင်ကို ပန်းချီပြပွဲ ကိစ္စနဲ့ လာတဲ့အချိန်မှာ လက်ရှိ အေဘီခေါင်းဆောင် (ကို)သံခဲက သမီးလေးနဲ့အတူ ဆိုင်ကယ်လေးနဲ့ လယဉ်ကွင်းမှာလာ ကြိုသဗျ။ ကျွန်တော်တို့ တောစခိုကာစက အိန္ဒိယ လေခွန်းစခန်းမှာ ကျွန်တော့်အနွံအတာ အများကြီး သည်းခံနားလည်မှု ပေးခဲ့တဲ့သူငယ်ချင်း ဖြစ်လို့ပါ။ ပန်းချီပြပွဲ ဖွင့်ပွဲအပြီး နောက်တရက်မှာတော့ သံခဲက မင်းကို ဒီနေ့ စပါယ်ရှယ်ဒင်နာ ကျွေးမယ်ဆိုပြီး လာခေါ်ပါတယ်။ သိတဲ့အတိုင်း လက်ရှိ အေဘီဥက္ကဋ္ဌ တဦးက တည်ခင်းမယ့် ညစာဆိုတော့ တော်တော်လေး စိတ်ဝင်စားပြီး သူ့ဆိုင်ကယ်လေး နောက်ကနေ လိုက်သွားပါတယ်။ လမ်းမှာ စမူဆာတို့၊ နံပြားတို့၊ ဒန်ပေါက်တို့ရတဲ့ ကုလားဆိုင်တဆိုင်ကို ၀င်ပြီး ပဲဟင်းနဲ့ ကြက်သားဟင်း (၂) ထုပ် ၀င်ဝယ်သဗျ။ ပြီးတဲ့အခါကျတော့ သူတို့မိသားစု ငှါးထားတဲ့ အခန်းလေးကို သွားကြပါတယ်။

သူတို့မိသားစု သုံးယောက်နေတဲ့ အခန်းလေးထဲ ရောက်တော့ မဒမ်သံခဲက ကွန်တော့်အတွက် အထူးစီမံထားတဲ့ ဟင်း တခွက်နဲ့ စောင့်နေပါတယ်။ တခြား ဟုတ်ပါရိုးလားဗျာ။ ကျွန်တော်တို့ အိန္ဒိယမှာ နေခဲ့စဉ်က ရွှေလှံဗိုလ်လို့ နာမည်ကြီးတဲ့ ကုလားအော်ငြုပ်သီးကို ငပိနဲ့ ထောင်းထားသဗျ။ ပြောစရာတခု ရှိတာကတော့ မဒမ်သံခဲ (ကျွန်တော်တို့အခေါ် ဒေါ်လှိုင် (ခေါ်) မခင်ဆွေလှိုင်) ဟာ ကျွန်တော်တို့ မြောက်ပိုင်းပြသနာတွေဖြစ်တဲ့ ပါဂျောင်ရဲ့ တထိတ်ထိတ် တလန့်လန့်နဲ့ ဖြစ်ပျက်သွားတဲ့ အနိဌာရုံ မြင်ကွင်း အားလုံးကို မြင်တွေ့ခဲ့ရတဲ့ မျက်မြင် တဦးလည်း ဖြစ်ပါသဗျ။ ဒီလိုနဲ့သုံးဦးသား ရှေးဟောင်းနှောင်းဖြစ်တွေ ပြောရင်း မျက်ရည်ဖြိုင်ဖြိုင် ကျရပါတယ်။ (ရွှေလှံဗိုလ် ငြိုပ်သီး ကြောင့်ပါ။ ဒီငြုပ်သီးက စားတဲ့သူတိုင်း မျက်ရည်ကျအောင် စပ်ပါတယ်။)


ထမင်းစားပြီးတော့ စကားပြောကြရင်း ကိုထွန်းအောင်ကျော်တို့တွေ ထောက်လှမ်းရေးအဖြစ် စွပ်စွဲခံခဲ့ရပြီး ကျဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး လက်ရှိတောင်ပိုင်း ABSDF ကနေ အဲဒီ ကိစ္စမှာ ကျဆုံးသွားတဲ့ ကျောင်းသား ရဲဘော်တွေဟာ တော်လှန်ရေးသမား ကျောင်းသား ရဲဘော်တွေသာ ဖြစ်တဲ့အကြောင်း ကြေညာချက်ထုတ်ပေးဘို့ သင့်၊ မသင့်ကိစ္စ စကားပြောမိကြပါတယ်။ ဒီတော့ သူက ခပ်ရှင်းရှင်းပဲ ဒီလိုပြောပါတယ်။

"သူငယ်ချင်း မင်းစဉ်းစားကြည့် ဒီကိစ္စ ဖြစ်နေချိန် ငါက အနောက်ပိုင်း (အိန္ဒိယ) ဘက်မှာပဲ ရှိသေးတာ၊ မျက်စိနဲ့ တပ်အပ်မြင်ခဲ့တာလည်း မဟုတ်ဘူး။ ပြီးတော့ ဒီကိစ္စမှာ တိုက်ရိုက်ပါဝင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ သက်ရှိထင်ရှား ရှိနေပါရက်နဲ့ ဘာသဘောထားမှ မပေးဘဲ ရေငုံနေကြတာကို ငါက သဘောထားထုတ်ပေးဘို့ ဘာမှ မလိုဘူးထင်တယ်လို့ ပြောပါတယ်။"
သူပြောတာ အမှန်ပါပဲ။ အမှန်ကတော့ ကျွန်တော်တို့ မသေဘဲ ကျန်နေသူတွေ လုပ်ရမယ့် အလုပ်ပါ။ ကျွန်တော်တို့တွေရဲ့ အားနည်းချက်။ ကျွန်တော်တို့တွေရဲ့ တာဝန်ပျက်ကွက်မှု သက်သက်ဖြစ်ပါတယ်။

ပြီးတော့ ဆက်ပြောတာက "ငါတို့က အခုလက်ရှိ ရှိနေတဲ့ အခြေအနေကို ထိမ်းထားနိုင်ဘို့ကို မနည်းရုန်းကန် နေရတာ။ အပြင်ရောက်နေတဲ့ ကိုယ့်မြန်မာတွေ ကူညီနေလို့ ဒီလောက်ထိ ရပ်တည်နေနိုင်တာ။" ဒါလည်းအမှန်ပါ။ လောလောဆယ် ကျွန်တော်တို့ သုံးယောက် ထမင်းစားနေရတာကိုက သူတို့မိသားစု အိပ်ခန်းထဲမှာ စားနေရတာပါ။ အိပ်ခန်း၊ မီးဖိုချောင်နဲ့ ထမင်းစားခန်းကို ပေါင်းထားတဲ့ သရီး အင်န် ၀မ်း အခန်းလေးကို ကြည့်ပြီး လက်ရှိ အေဘီအတွက် စခန်းပြင်ထွက်ပြီး လှုပ်ရှားနေတဲ့ ခေါင်းဆောင်တဦးတောင် ခုလို ကြပ်ကြပ်တည်းတည်း ချို့ချို့တဲ့တဲ့ နေရရင် အထဲမှာ ရုန်းနေရတဲ့ ရဲဘော်တွေခမြာ ဘယ်လောက် ခက်ခဲကြမလဲဆိုတာကို ခန့်မှန်းမိပြီး စာနာမိပါတယ်။ ဒီလို အကြပ်တည်းကြား ခရီးဆက်နေတဲ့ သူတို့စိတ်ဓါတ်ကိုလည်း လေးစားမိသွားပါတယ်။ ဒါကြောင့် အခုရေးသားမယ့် လူကတ်ဆက် အဖြစ်အပျက်များမှာ လက်ရှိ ABSDF တပ်ဖွဲ့မှာ တာဝန် မရှိပါကြောင်း ကြိုတင် ပြောထားရပါတယ်။

ရိုးရိုးသားသား ပြောရရင် ခုလို ကြိုတင် ရှင်းလင်းထားရတာကလည်း သတင်းတွေထဲမှာ အမြဲ ပါပါလာတတ်တဲ့ ရဲဘော်သံခဲဆိုတဲ့ ဒီပုဂ္ဂိုလ်ကို နည်းနည်းလန့်တာလည်း ပါပါတယ်။ မလန့်လို့လည်း မရဘူးဗျ။ ကျွန်တော်ရဲ့ ငယ်ကျိုး ငယ်နာအားလုံးကို ဒီငတိက သိထားတာ။ မတော် အိန္ဒိယစခန်းမှာ နေခဲ့တုန်းက ကျွန်တော်ကြောင်ခဲ့တဲ့ ကသည်းမတွေထဲက တယောက်ယောက်နာမည်ကို မှားရိုက်သလိုနဲ့ အွန်လိုင်းကနေ ကျွန်တော့်မိန်းမ မေးလ်ထဲ ရိုက်ထည့်လိုက်တာမျိုးပေါ့ဗျာ။ ဆောရီး တလုံးထဲနဲ့တင် ကျွန်တော့် စပွန်ဆာ ပျောက်သွားနိုင်တဲ့ အကွက်လေးတွေက ရှိနေတော့ ကြိုခင်းရ ကျင်းရ တင်ရ မြောက်ရ တာလေးတွေတော့ ရှိတာပေါ့ဗျာ။ ကျွန်တော်တို့ လူပြက်တွေ ပြက်လုံးပြက်တာတောင်မှ မပြက်ခင်မှာ ရပ်ရွာ အခြေအနေကြည့်ပြီး ပဏာမ အမှုနဲ့ ဂါရ၀ပြုပါသည် ဆိုတာလေးတွေက လုပ်ရသေးတာကိုး။ နို့မဟုတ်ရင် ပွဲခင်းထဲ ဖါးခုန်ဝင်လာတာကနေ ကျားခုန်ဝင်လာတယ် ဖြစ်လို့ ပြေးပေါက်တွေ မှားခဲ့ရဘူးတဲ့ ကိုယ်တွေ့တွေက ရှိခဲ့တာကိုး။

နောက်ပြဿနာတခုကတော့ ကိုထွန်းအောင်ကျော် နာမည်တူ ပြဿနာပါ။ ခက်တာက ၂ ယောက်စလုံးက အေဘီ ဥက္ကဋ္ဌ တွေချည်းဖြစ်နေတာပါ။ ခုလောလောဆယ် အမေရိကားမှာ ရှိနေတဲ့ ကိုထွန်းအောင်ကျော်က တောင်ပိုင်းက ဥက္ကဋ္ဌဟောင်းဖြစ်ပြီး ကျွန်တော်တို့ရှေ့က ၁၉၇၄ မျိုးဆက်က ဖြစ်ပြီး ကျွန်တော်တို့ထက် အရင် ထောင်ပုံစံထမင်းကို စားခဲ့သူပါ။

ဒီလောက် နိဒါန်းပျိုးပြီးပြီ ဆိုရင်ဖြင့် ကျွန်တော့် လူကက်ဆက်ဖက်ကို လှည့်လို့ရပြီ ထင်တယ်ဗျာ။ ပြောမယ့်သာ ပြောရတာ အွန်လိုင်းမှာ စာရေးရတာလည်း မလွယ်ဘူးဗျ။ အများပြောကြသလိုအင်မတန် ၀ဋ်ကြွေးမကင်းတဲ့ လူတွေ လုပ်တဲ့အလုပ်ဗျ။ ရေးတဲ့စာမူက စာရိုက်လို့ မပြီးသေးခင် ကွန်မင့်က အောက်က အရင်တက်လာတဲ့ ခေတ်ကြီးကိုး။

ကျွန်တော်တို့ ပါဂျောင်မှာ ဖြစ်ပွါးခဲ့တဲ့ သန်းဂျီးမ အတွေ့အကြုံကို ဖတ်ပြီးကြတဲ့ နောက်မှာ အမျိုးမျိုး တုန့်ပြန်လာတာ တွေ့ရပါတယ်။ ကျွန်တော့်ကိုလည်း ဒီပြသနာကို ဘယ်သူတွေ ကျူးလွန်တယ်။ ဘယ်သူတွေ ဘယ်ပုံ သေဆုံးခဲ့ရတယ်။ ဘယ်သူတွေ အသက်မသေပဲ ကျန်နေတယ် … စသည်ဖြင့်ပေါ့ဗျာ။ ပြောရရင် ကျွန်တော်နဲ့အတူ ထွက်ပြေးလာကြတဲ့ ရဲဘော် (၅၀) လုံး ပြည်တွင်းမှာ အသက်ရှိထင်ရှား ရှိနေကြသလို တိကျတဲ့ စာရင်းဇယားနဲ့ ထုတ်ဘို့ကိုလည်း လုပ်နေကြတယ်ဆိုတာ ကြားရပါတယ်။

နောက်တကယ်ကြုံခဲ့ရတဲ့ ရဲဘော်တွေရဲ့ ပြောကြားချက်တွေက တဆင့် အချက်အလက်တွေကို ဖေ့ဘွတ် စာမျက်နှာပေါ် တက်လာတာလည်း တွေ့နေရတာမို့ အချက်အလက်တွေ သိချင်ရင်တော့ အဲဒီ စာမျက်နှာတွေကိုပဲ ညွန်းဆိုရပါတယ်။ ကျွန်တော် အဓိက ရေးချင်တာက အဲဒီ ကာလဆိုးကြီးမှာ ကျွန်တော်တို့ ဘယ်လိုခံစားရသလဲ၊ ဘယ်လို အသက်ရှင်အောင် မွေးခဲ့ကြသလဲ၊ ဘယ်လို အမှားတွေ ရှိခဲ့သလဲဆိုတဲ့ အချက်တွေကိုပါ။

ဒီလိုဗျ ဒီပြသနာတွေ မဖြစ်ခင်က ABSDF(NB) အဖွဲ့ရဲ့ ဥက္ကဋ္ဌက ကိုထွန်းအောင်ကျော်ပါ။ ဥက္ကဋ္ဌ အပါအ၀င် ဗဟိုကော်မတီဝင် အားလုံးလိုလိုကို ထောက်လှမ်းရေးတွေ ဆိုပြီး ဖန်းဆီးခဲ့တဲ့ အဖွဲ့မှာ ဥက္ကဋ္ဌ လုပ်ခဲ့သူက ကိုအောင်နိုင်။ အတွင်းရေးမှုးက ကိုမျိုးဝင်း ပါ။ စစ်ရေးတာဝန်ခံက ကိုသံချောင်း ပါ။ ကျွန်တော်တို့ကို ဖမ်းဆီးနှိပ်စက် စစ်ဆေးတဲ့ ကိစ္စတွေကိုတော့ ကျောင်းသားတပ် ထောက်လှမ်းရေးတပ်ဖွဲ့က ဆောင်ရွက်ပြီး ကိုမျိုးဝင်းက ဦးစီးသဗျ။

အဲဒီကာလမှာတော့ ထောက်လှမ်းရေးတပ်ဖွဲ့ဟာ ထင်တိုင်းကြဲခွင့် ရှိပါတယ်။ ကျွန်တော်တို့ကိုလည်း အချိန်မရွေး ထောင်ကနေ ခေါ်ထုတ်ပြီး အချက်အလက် လိုချင်သည်ဖြစ်စေ မလိုချင်သည်ဖြစ်စေ ခေါ်ယူပြီး ကြိုက်တဲ့နည်းနဲ့ စစ်ဆေးလို့ရပါတယ်။ ညှင်းပန်းနည်း မျိုးစုံကိုလည်း တီထွင်ခွင့် ရှိပါတယ်။ ဒီလိုပြောရတာကတော့ တကြိမ်မှာ ကျွန်တော့်ကိုခေါ်ပြီး ပါးစပ်ထဲကို ၀ါယာကြိုး ၂ ပင် ပူးထည့်ပါတယ်။ ပြီးပါးစပ်ကို တိတ်နဲ့ ပိတ်လိုက်ပါတယ်။ ပြီးတော့ ၀ါယာစကို လက်နဲ့ လှည့်ခေါ်ရတဲ့ တယ်လီဖုန်းနဲ့ဆက်ပြီး လျှပ်စစ်ဓါတ် ထွက်လာတဲ့အထိ လှည့်ပြီး ညှင်းဆဲပါတော့တယ်။ အမှန်တော့ စမ်းသပ်တာပါ။ အဲဒီကထွက်လာတဲ့ လျှပ်စစ်ဓါတ်ကြောင့် ကျွန်တော့် ခေါင်းတ၀ိုက်မှာ လျှပ်စစ်စီးနေတာကို မျက်လုံးမှိတ် အော်နေတဲ့ ကျွန်တော့်အာရုံမှာ မြင်နေရတဲ့ အထိပါပဲ။ စစ်နေတဲ့ ချာတိတ်တွေက ကျွန်တော့်ကိုကြည့်ပြီး တခွီးခွီး သဘောကျ ရယ်ပါတယ်။ အကြောင်းကတော့ ကျွန်တော့ မျက်နှာဟာ လျပ်စစ် စီးဆင်းမှုကြောင့် တွန့်လိမ်ရှုံ့တွ နေတဲ့ကြားက ကြွက်သားတွေ တဆတ်ဆတ် ဖြစ်သွားပုံဟာ တော်တာ် ရယ်စရာ ကောင်းနေပုံ ရပါတယ်။ အဲဒါကိုပဲ ထပ်ခါထပ်ခါ လုပ်ပြီး တခွိခွိ ဖြစ်နေပါတယ်။


နောက်တော့ သူတို့ရဲ့ ရှာဖွေတွေ့ရှိချက်ကို ဥက္ကဋ္ဌကို ခေါ်ပြီး ပြလိုက်ပါသေးတယ်။ ကြည့်ကြည့် နည်းနည်းလေး လှည့်ရင် နည်းနည်းလေး ရွဲ့တယ် များများလှည့်ရင် များများရွဲ့တယ် စသည်ဖြင့် ပေါ့ဗျာ။ အဲဒီချိန်က ကျွန်တော့်ကို နှိပ်စက်နေတဲ့ထဲက ဖိုးနှောင်းဆိုတဲ့ ကောင်လေးဆိုတာကလည်း (၁၈) နှစ်လောက် ရှိပါဦးမယ်ဗျာ။ တခါကျတော့လည်း ကျွန်တော့်ကို ထင်တိုင်း လှိမ့်ရိုက်နေရာက သူတို့ တစ်ချက်ရိုက်ရင် ကျွန်တော်က ဒူဝေေ၀လို့ အော် ပေးရမယ်လို့ ပြောလာပြန်သဗျ။ အဲဒီတော့ ကျွန်တော့်လိုကောင်မှာလည်း ပေါကြောင်ကြောင်နဲ့ ဒူဝေေ၀ ရတာပေါ့ဗျာ။ နောက်တော့ နာလွန်းမက နာတော့လည်း ဒူဝေေ၀ တင်မက ဒူဝေးဝေးဝေးဝေး ထိကွန့်ရတဲ့ အထိ ပေါ့ဗျာ။
အဲလို ထောက်လှမ်းရေး နှိပ်စက်ချိန်ကလွဲလို့ ကျန်တဲ့ အချိန်တွေကတော့ ကျွန်တော်တို့တွေဟာ အကျဉ်းထောင် တာဝန်ကျတဲ့ အဖွဲ့ရဲ့ လက်ထဲမှာပဲ နေရသဗျ။ အဲဒီ ထောင်ကုန်း တာဝန်ခံဆိုတဲ့ အဖွဲ့ကလည်း သူတို့ ခေါင်းဆောင်ပိုင်းနဲ့ ထောက်လှမ်းရေးအဖွဲ့က အယုံကြည်ရဆုံးထဲမှာမှ လက်ရဲဇက်ရဲ နာမည်ရသူတွေကို တပ်ဖွဲ့ ဖွဲ့ပေးထားတာမို့ ထောင်လုံခြုံရေးအဖွဲ့က ဒုတိယ တန်ခိုးထွားဆုံးပေါ့ဗျာ။

အဲဒီလုံခြုံရေးလက်မှာ ကျွန်တော်တို့အသက်ကို ၀ကွက် အပ်ထားရတာမို့ သူတို့ပြုသလို နုရပါတယ်။ သူတို့ကလည်း သူတို့ခန့်ထားတဲ့ တာဝန်နဲ့လျော်ညီစွာ လက်စွမ်းလက်စ အပြိုင်ပြရပါတယ်။ တညမှာတော့ ကျွန်တော်တို့ကို မျက်နှာတွေ စည်းထားပြီး အိပ်ယာထဲ လှဲခါနီးမှာ လူကက်ဆက် အထူးဖျော်ဖြေရေး အစီအစဉ် ဖြစ်ပေါ်လာပါတယ်။ အဲဒါကတော့ "မင်းတို့အထဲက ဘယ်သူ သီချင်းကောင်းကောင်းဆိုတတ် သလဲကွ" တဲ့။ အားလုံး တိတ်ပြီးနေပါတယ်။ ဘာများ လုပ်ဦးမလို့လဲ ပေါ့လေ။ "လုပ်ပါကွ တို့က ဒီကုန်းပေါ်မှာ နေ့နေ့ညည စောင့်နေရတာ။ ပျင်းစရာကြီး အပျင်းပြေ သီချင်းဆိုတဲ့ အစီအစဉ်လေး လုပ်ရအောင်" ဆိုတော့ ကိုဘောကြီး ဆိုတတ်တယ်ဆိုပြီး ကျွန်တော့်ဆီကို ကျွန်တော်တို့ထဲက တယောက်က ချွန်တွန်းလုပ် လွှတ်လိုက်ပါတယ်။

ကျွန်တော် အဖမ်းမခံရခင်မှာ အူကျသလို ဖြစ်လို့ ခွဲစိတ်မှုတခု လုပ်ခဲ့တာကို စွဲပြီး ကျွန်တော့်ကို ဖမ်းတဲ့အခါမှ "မင်းလို ထောက်လှမ်းရေးက မတန်မရာ ဗိုလ်ချုပ် ငယ်နာမည် မှည့်ရကောင်းလား" ဆိုပြီး နောက်နာမည်တခုရှိလား မေးပါတယ်။ အဲဒီမှာ တယောက်က တလောလေးက ဒီကောင် ဘောခွဲထားတာ ဘောကြီးလို့ ခေါ်ရအောင် ဆိုပြီး နံနှိမ်လိုက်ပြီးတဲ့နောက် ကျွန်တော့်နာမည်ဟာ ဘောကြီးဖြစ်လာပါတယ်။

နောက်ဆုံးတော့ ကျွန်တော်က တတ်သည့်ပညာ မနေသာဆိုသလို ဓနုဖြူစိုးသိန်းရဲ့ "လူပျိုကြီး" သီချင်းကို ခပ်နောက်နောက်လေး ဆိုပြလိုက်ပြီးတဲ့ နောက်မှာတော့ ကျွန်တော်ဟာ ထန်းပင်တက်လက်မှတ်ရတဲ့လူ တယောက် ဖြစ်သွားပြီး မကြာခဏဆိုသလို ဒီသီချင်းကို ဆိုပြရတဲ့ ဘ၀ ရောက်ပါတော့တယ်။ အဲဒီနောက်တော့ စောစောက သီချင်းဆိုခိုင်းတဲ့ လူက ကျွန်တော့်မျက်နှာနား လာရပ်ပြီး ပါးစပ်ဟလို့ ဆိုပါတယ်။ ကျွန်တော်ပါးစပ် ဟ လိုက်တော့ သူသောက်နေတဲ့ ဆေးပေါ့လိပ်ကို လာတပ်ပေးပြီး သောက်လို့ ပြောပါတယ်။ ဘယ်ပြောကောင်းမလဲဗျာ ကျွန်တော်ဟာ နေရင်းထိုင်ရင်း လူ (၇၀) ကျော်လောက်ထဲမှာ ဆေးပေါ့လိပ် ပထမဆုံး စသောက်ခွင့်ရတဲ့ ကံထူးသူ ဖြစ်သွားတာပေါ့။ သောက်တယ်ဆိုတာကလည်း သူ့စေတနာရှိသလောက် သုံးလေးဖွါပေါ့ဗျာ။ လက်ပြန်ကြိုး ချည်ထားတဲ့ အပြင် မျက်လုံးကလည်း စီးထားသေးတာကိုး။

ဒီလိုနဲ့ ကျွန်တော်တယောက် ဆေးလိပ်ကလေး သောက်ခွင့်ရပြီး ထောင်စောင့်တဲ့ ကောင်တွေရဲ့ မျက်နှာသာ ရတာလေး ကြားတဲ့အခါ နောက်ဘယ်သူ သီချင်း ဆိုချင်သေးလဲ ဆိုတဲ့အခါ နောက်ထပ် ဖိုးဆိုချင်လေးတွေ ပေါ်လာပါတယ်။ တယောက်က ဆိုနေချိန်မှ ကျန်တဲ့လူတွေက လှဲနေကြရပါတယ်။ သီချင်းဆိုတဲ့ သူကပဲ ထ ထိုင်ပြီး မျက်နှာ စည်းထားရက်က ဆိုပြရပါတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီညလေးဟာ ကျွန်တော်တို့ ဘ၀မှာတော့ လက်ရှိခံနေရတဲ့ ဒဏ်ရာတွေ ဒုက္ခတွေထဲကနေ အပြန်အလှန် ဆိုပြကြတဲ့ သီချင်းလေးတွေထဲ စီဆင်းမျောပါ သက်သာခွင့်လေး တခဏရခဲ့တဲ့ ညလေးတည အစဖြစ်ခဲ့ပါတယ်။

ရာသီဥတုတွေ ပြောင်းလဲသလိုပဲ ကျွန်တော်တို့ လုံခြုံရေးတပ်ဖွဲ့ရဲ့ သဘောထားကလည်း အမျိုးမျိုးပြောင်း နေတာမို့ တညမှာတော့ လုံခြုံရေးတာဝန်ခံတဲ့ အဖွဲ့ရော ထောက်လှမ်းရေး တာဝန်ခံတဲ့ အဖွဲ့တွေရော တပ်ဖွဲ့ကို ခေါင်းဆောင်တဲ့ လူတွေပါ ထောင်ကုန်းအောက် တနေရာရာမှာ သောက်ကြပြီး တော်တော်ရေချိန် မှန်လာတော့မှ တက်လာကြတာပါတယ်။ ဒီလိုညမျိုးတွေဟာ ကျွန်တော်တို့တွေအတွက်တော့ မြိုင်ရာဇာတွတ်ပီ စကားကို ငှါးပြောရမယ်ဆိုရင်တော့ "ဒီည ကံမကောင်းပါလား" လို့ ပြောရမယ့် ညတွေပါ။ ထုံးစံအတိုင်း တရားခံတွေ ထ ဆိုတော့ ထ ထိုင်နေရပြီး မျက်နှာတွေ စည်းထားတဲ့ ကျွန်တော်တို့ရှေ့က အလာလမ်းပေါ်မှာ လူတွေ လမ်းလျာက်နေကြသံ ဆဲဆိုကြိမ်းမောင်းသံတွေပဲ ကြားနေရပြီး သူတို့ကိုတော့ ဘယ်မြင်ရမလဲဗျာ။ တယောက်က ဟာ ဒီကောင်တွေ သီချင်းဆိုကောင်းတယ်ဗျ ဆိုပြီး စလာပါတော့တယ်။


အဲဒီ အချိန်မှာ ထောင်မှူးလုပ်တဲ့ ကောင်က အားလုံးနားထောင် ခုချိန်က စပြီး မင်းတို့က လူကက်ဆက်တွေ လုပ်ရမယ်။ မင်းတို့ကို ဘယ်ဘက်ပါးကို ရိုက်လိုက်ရင် အဲဒါ ကက်ဆက်ဖွင့်တာပဲ။ မင်းတို့ရတဲ့ သီချင်းကို ဆိုရမယ်။ ညာဘက်ပါးကို ရိုက်လိုက်ရင် stop ပဲ နားလည်လားလို့ အော်လိုက်တော့ အားလုံးကလည်း နားလည်ပါတယ်လို့ ပြန်ဖြေလိုက်ရတာပေါ့ဗျာ။ အဲဒီလို ပြန်ဖြေပြီး သူတို့ကြားမှာ ဘယ်ကက်ဆက်ကို စဖွင့်ရင် ကောင်းမလဲဆိုတာ နည်းနည်းကြိတ်ပြောသံ တိုးတိုးကြားနေရပြီး ဘောကြီး၊ ဘောကြီး ဆိုတာလဲကြားရသဗျ။ စက္ကန့်ပိုင်းအတွင်းမှာပဲ ဖြန်းကနဲ ကျွန်တော့်ဘယ်ဘက်ပါး ပူကနဲ ဖြစ်သွားတာမို့ ကောက်ကာငင်ကာနဲ့ "လူပျိုကြီး" သီချင်းရဲ့ အင်ထရိုတီးလုံးလေး ပြာပြာသလဲကောက်ပြီး ပါးစပ်နဲ့ဆိုရင်း လူကက်ဆက်ဘ၀ အရှင်လတ်လတ် ကျရောက်သွားပါတော့တယ်။


ပြောရရင်တော့ အဲဒီညက ကျွန်တော်ကနေ အစပြုပြီး သီချင်းဆိုတတ်တဲ့ အကျဉ်းသား ရဲဘော်တော် များများဟာ လူစင်စစ်ကနေ လူကက်ဆက်ဘ၀ ရောက်သွားခဲ့ရသဗျ။ ပါးရိုက်တဲ့ လက်ဆတွေကတော့ အမျိုးမျိုးပေါ့ဗျာ။ တချို့ကျတော့လည်း ဆိုနေရင်းက ညာဘက်ပါးကို ပြင်းပြင်းရိုက်ပြီး ပိတ်လိုက်တော့ အူကြောင်ကြောင်နဲ့ ဘာဆက်လုပ်ရမယ်မသိ ဖြစ်နေချိန်မှာ ပြန်အိပ်တော့လေဆိုပြီး ရင်ဝကို ဘိနပ်နဲ့ ဆောင်ကန်လိုက်တာခံ ရပြီးမှ လန်ကျသွားတဲ့သူတွေလည်း ရှိပေါ့ဗျာ။

တကယ်စေ့စေ့တွေးကြည့်တော့ ဒါဟာ အကြီးအကျယ် စော်ကားတဲ့ကိစ္စပါ။ ဒါပေမဲ့ ကျွန်တော်ဆိုတဲ့ ကောင်က ဘယ်လောက်ထိ ရူးသလဲဆိုတော့ အဲဒီ အစီအစဉ်ကို စပြောပြ နေတုန်းက တော်တော် ဆန်းပြားတဲ့ စိတ်ကူးလေးပဲ တော်တော် စိတ်ကူးကောင်းတဲ့လူလို့ စိတ်ထဲက တွေးမိနေသေးဗျာ။ ပါးရိုက်ချလိုက်တော့မှ ဘုရားတမိတာဗျ။ အဲဒီနောက်ပိုင်းက စလို့ ကျွန်တော်တို့ အားလုံးဟာ ဒီ လူကက်ဆက် တွေအဖြစ် အစောင့်တွေနဲ့ ထောင်ကုန်းပေါ်တက်လာတဲ့ ဗွီအိုင်ပီတွေကို ဖျော်ဖြေရတာဟာ အစဉ်အလာတခု ယဉ်ကျေးမှုတခုဖြစ်လာ ပါတော့တယ်။

ကျွန်တော်အတွက်တော့ စောစောကလို လူက ၀မ်းတွင်းရူး ဖြစ်နေကြောင့်လည်း ဖြစ်လို ဒီသီချင်းသီဆိုတဲ့ အစီစဉ်မှာ ပါဝင်ရတဲ့ လုံလောက်တဲ့ နောက်အကြောင်းတခု ရှိပါတယ်။ သီချင်းဆိုခိုင်းတဲ့ လူက ကျွန်တော်တို့ကို နှိပ်ကွပ်နေတဲ့ ထောင်အာဏာပိုင်တို့ ထောက်လှမ်းရေးတို့ ဖြစ်ပေမယ့် နားထောင်နေတဲ့ လူအများစုကတော့ ထောက်လှမ်းရေးရဲ့ နှိပ်စက်မှု ဒဏ်နဲ့ သေလုမြောပါး ဖြစ်နေရသူတွေ၊ ဘယ်နေ့ထုတ်ပြီး သတ်မလဲဆိုတာ တထိတ်ထိတ် ဖြစ်နေရတဲ့ ဘ၀တူ တော်လှန်ရေး ရဲဘော် တွေဖြစ်နေလို့ပါ။ တကယ်လည်း နေ့မြင် ညပျောက် သွားတာတွေကလည်း မနည်းမနောကိုးဗျ။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် အသက်ရှင်ခွင့် ရတဲ့အချိန်လေးတခုမှာ စိတ်လေးခဏ အနုပညာကြောင့် သက်သာရာရလည်း မနည်းဘူးဆိုတဲ့ စိတ်နဲ့ ပါးရိုက်ရိုက် မရိုက်ရိုက် သီချင်းဆိုကြချိန်တွေတိုင်း အရိုက်ခံပြီး ၀င်ဆိုခဲ့တဲ့အပြင် နောက်ပိုင်းမှာ တကိုယ်တော် အငြိမ့်ပြက်လုံး အစီအစဉ်လေးတွေပါ ဆောင်းပြီး တင်ဆက်ဖြစ်ပါတယ်။



ဒီလောက် ဖြစ်နေတဲ့ကြားမှာ ၀င်ပြီး ရီစရာ ပြက်လုံးထုတ်ရတာ တော်တော်အန္တရာယ် များသလို စိန်ခေါ်ချက်လည်း များပါတယ်။ နားထောင်နေတဲ့ လူတွက ကိုယ့်ကိုမှ မမြင်နိုင်တာကိုး ထိုင်နေရင်း ကနေ လုပ်ရတာ ဖြစ်သလို ကိုယ့်မျက်နှာကိုလည်း ပတ်စကြီးနဲ့ စည်းထားတာဆိုတော့ နောက်ဆုံးမှာ ရေဒီယိုကလာတဲ့ ရေနံချောင်း ဖေကံကောင်းဆိုတဲ့ ဦးဓါတ်ဆီ၊ ဦးဓါတ်ဆံတို့ ပြက်လုံးကို အစအဆုံး ရနေတာမို့ အဲဒီ ပြက်လုံးကို အခြေအနေ ကြည့်ပြီး တိုက်ရိုက်ပြက်တဲ့အခါ ပြက်၊ နည်းနည်း လစ်ရင် လစ်သလို ကိုယ် ထည့်ပြောချင်တာလေးတွေကိုလည်း ထည့်နဲ့ ထောင်တွင်း ပျော်တော်ဆက်တယောက်ဖြစ်ခဲ့ပါတယ်။

သီချင်းဆိုဘို့ တောင်းဆိုခံရတဲ့သူအတွက် တခုကောင်းတာက သူများတွေ မြေပေါ် မသက်မသာ လှဲအိပ် နေရချိန်မှာ သူက ထိုင်နေခွင့်ရတာ၊ နာေးထာင်နေတဲ့ အစောင့်က စေတနာရှိရင် ဆေးလိပ်လေး တဖွါ နှစ်ဖွါ သောက် ခွင့်ရတာတို့ဖြစ်ပြီး အင်မတန် အန္တရာယ်များတာကတော့ မူးပြီးတက်လာတဲ့ လူတွေရဲ့ အဓိက ပစ်မှတ်ဖြစ်သွား တတ်တာ၊ ကိုယ်ရွေးလိုက်တဲ့ သီချင်းမှားလို့ နားထောင်နေတဲ့ ကောင်က နားကြားမြင်းကပ်ပြီး ဆောင့်ကန်တာတို့ ခံရတတ်ပါတယ်။ ဥပမာ ထူးအိမ်သင်ရဲ့ "ညီလေးရေ" ဆိုတဲ့ သီချင်းမျိုးပေါ့ဗျာ။ "အောင်မာ ထောက်လှမ်းရေးက ရာစစ မှန်ရာလုပ်၊ ဟုတ်တာပြောဘို့ မမေ့နဲ့ လုပ်နေသေးတယ်။ ငါတို့ကို ရိနေတာပေါ့ ဟုတ်လား။" ဆိုတဲ့နောက်မှာ နှစ်ရက်၊ သုံးရက်လောက် အစာတောင် မြိုမရတဲ့ အခြေအနေမျိုးကို ကျရောက်သွားနိုင်လို့ပါ။


မှတ်မှတ်ရရကတော့ အမရပူရဘက်လာတဲ့ အေဘီယူဂျီလောကမှာ မုန်တိုင်း (၃) လို့ သိထားကြတဲ့ စံလွင်လေး (ခေါ်) စံစံက ခေတ်ဟောင်းတေးတွေ တော်တော်ရသလို အသံကလည်း တော်တော်ကောင်းပါတယ်။ သူမကြခဏ ဆိုလေ့ရှိတဲ့ သီချင်းကတော့ ဆရာမြို့မငြိမ်းရေးတဲ့ "ရေချိုးဆိပ်နဲ့ နပန်းဆံ" သီချင်းပါ။ ဒါကြောင့် မကြာခဏ သူ့ ပါးကလည်း လက်ဝါးတောင်းတတ်ပါတယ်။ "ဖြန်း" ကနဲ ပြီးတာနဲ့ လုပ်ပါဦးကွ။ "အိပွဲ့၊ အိပွဲ့" ပြောလိုက်ရင် သူက စဆိုပါတော့တယ်။ "အိပွဲ့ အိပွဲ့ ငှက်သမ္မာန် ခတ်သွားတယ်....."

ကိုစံလွင်လေးကို စစ်ဆေးတဲ့ အချိန်မှာ ဓါးမြောင်ကို မီးဖုတ်ပြီး ခြေသလုံးထဲ ထိုးထည့်တဲ့ ဒဏ်ရာကို တော်တော်ကြာကြာ ခံစားရ ရှာပါတယ်။ နောက်ပိုင်း စခန်းက ထွက်ပြေးကြတဲ့ထဲမှာ ကျွန်တော်တို့နဲ့ အတူပါလာပြီး၊ ၁၉၉၈ ကျွန်တော်တို့ နိုင်ငံရေး ပြန်လည်လှုပ်ရှားတဲ့ စွဲချက်တွေနဲ့ စစ်အစိုးရက ထောင်ပြန်ချတော့လည်း ကျွန်တော်တို့နဲ့အတူ ပျော်ပျာ်ကြီး ပါလာပါတယ်။ ၅ ည နဲ့ (၇) နှစ်ပါ။ မန်းလေးထောင်ထဲမှာ ကျွန်တော်တို့နဲ့ ဆက်ပြီး "အိပွဲ့၊ အိပွဲ့" သီချင်း ဆက်ဆိုကြပါတယ်။ ခုတော့ ထောင်က ပြန်လွတ်လာပြီး အထဲမှာ စ ဖြစ်ခဲ့တဲ့ ခုခံအားနည်းရောဂါကြောင့် တောင်မြို့မှာ ကွယ်လွန်ပြီလို့ ကြားရပါတယ်။

နောက် အဆိုကောင်း တယောက်ကတော့ စမ်းချောင်း အခြေခံပညာသမဂ္ဂ ကျောင်းသားလေးဘ၀က တောခိုလာတဲ့ ဘိုဘို (ခေါ်) မိုးကျော်သူ ပါ။ ငယ်ငယ်လေးနဲ့ တောခိုလာလို့ လူတကာ ချစ်ကြတဲ့ ဘိုဘို တယောက်ဟာလည်း အသက်မသေရေးအတွက် ကျွန်တော် NIP က ပါလို့ ထွက်ဆိုချက် ပေးပြီး အကျဉ်းသား ဖြစ်လာရရှာပါတယ်။ ဘိုဘိုက ကျောင်းသားတပ်ဖွဲ့ရဲ့ တီးဝိုင်းမှာ ပင်တိုင် အဆိုတော်ဖြစ်ပြီး အခမ်းအနားတွေမှာ တော်လှန်ရေးသီချင်းတွေ အမြဲ ဆိုရတာမို့ ကျောင်သားတပ်ထဲသာမက ကေအိုင်အေဖက်က မိသားစုတွေက အစ ချစ်ကြခင်ကြသူပါ။ သူတပါးကို အမြဲကူညီတတ်ပါတယ်။ သူက အမြဲတမ်း “သဘာဝရဲ့ရင်သွေးငယ်” သီချင်းကို ဆိုတတ်ပါတယ်။

ဒီလိုနဲ့ တညမှာတော့ အစောင့်တာဝန်ကျတဲ့ သူက ဘိုဘိုရဲ့ "သဘာဝရဲ့ရင်သွေးငယ်" အပြီးမှာ ကျောင်းသားတော်လှန်ရေး တပ်ဖွဲ့ သီချင်းတပုဒ်ကို ဆိုဘို့ တောင်းဆိုပါတယ်။ ဘိုဘိုက ဒီသီချင်းတော့ မဆိုပါရစေနဲ့ အကိုရယ်ဆိုပြီး တောင်းပန်ပါတယ်။ အဲဒီလို အချီအချ ဖြစ်နေကတည်း ဘိုဘို့ ဘေးမှာကပ်ပြီး လှဲအိပ်နေတဲ့ ကျွန်တော် စိတ်ထဲမှာ ပြဿနာတော့ စပြီဆိုတာ သိနေပါတယ်။ နောက်ဆုံးတော့ ဘိုဘိုဟာ မငြင်းသာတော့ပဲ “ပျံသာပျံပါခွပ်ဒေါင်းနီ” ဆိုတဲ့ သီချင်းကို လွမ်းလွမ်းဆွတ်နဲ့ စ ဆိုပါတော့တယ်။ ဒီလို အခြေအနေမျိုးမှာ ထွက်လာတဲ့ ဘိုဘိုရဲ့ သီချင်းသံကြောင့် ဒဏ်ရာကိုယ်စီနဲ့ မြေပေါ်မှာ မျက်နှာကို စည်းပြီး လှဲအိပ်နေကြရတဲ့ ကျွန်တော်တို့ အားလုံးဟာ စူးနစ်တဲ့ ဝေဒနာနဲ့ အတူ သီချင်းစာသားတွေနောက်မှာ မျောပါနေပါတော့တယ်။
…… ပျံသာပျံပါ ခွပ်ဒေါင်းနီ မုန်တိုင်း မိုးသက်ချီ.... တဲ့။

ကျွန်တော်တို့ဟာ ခွပ်ဒေါင်းနီသီချင်းမှာ သိပ်ကြာကြာ မနစ်မျောလိုက်ပါဘူး “ဖုန်း .. ခွပ် .. အင့်” ဆိုတဲ့ အသံနဲ့အတူ ဘိုဘိုရဲ့ တကိုယ်လုံး ကျွန်တော့် အပေါ်ပုံကျလာပါတယ်။ အကြောင်းကတော့ သူသီချင်းဆိုတဲ့ အချိန်မှာ အင်မတန် လက်ယဉ်ပြီး သွေးဆာတတ်တဲ့ လက်သီး ဆိုတဲ့ နောက်တန်း လုံခြုံရေးတာဝန်ကျ တယောက်ဟာ အရက်မူးဝင်လာပြီး သီချင်းဆိုနေတဲ့ ဘိုဘို့ မျက်နှာကို စစ်ဘိနပ်နဲ့ ဆောင့်ကန်ချလိုက်လို့ပါ။ ပြီးတော့ ပြန်ထခိုင်းပါတယ်။ ထောက်လှမ်းရေးက လူပါးဝလို့ ကျောင်းသားတော်လှန်ရေး သီချင်း ဆိုရကောင်းလားဆိုပြီး ပါလာတဲ့ M22 မောင်းပြန်သေနတ်ဒင်နဲ့ ခေါင်းကိုရိုက်ချလိုက်တဲ့ အခေါက်မှာတော့ ဘိုဘို့ခေါင်းက သွေးတွေ ကျွန်တော် မျက်နှာပေါ်ကို ပေါက်ပေါက် ပေါက်ပေါက် ကျလာပါတယ်။ အဲဒီမှာ မရပ်သေးပဲ ပြန်ထခိုင်းလိုက် ရိုက်ချလိုက်နဲ့ အကြိမ်ကြိမ် ထင်တိုင်းကြဲနေပါတော့တယ်။


ခံရတဲ့သူမှာတော့ မသိပါဘူး ကျွန်တော့်စောင်နဲ့ အင်္ကျီတွေကတော့ သွေးနဲ့ ရွဲနစ်နေပေမယ့် ကျွန်တော်လည်း မလှုပ်ရဲပါဘူး။ ဘယ်သူ့ဆီကမှလည်း ဘာအသံ ထွက်မလာပါဘူး။ အမှန်တရားကို ချစ်လွန်းလို့ တောခိုလာတဲ့ ကျွန်တော်တို့ အားလုံးဟာ ကိုယ့်နားထဲမှာ အတိုင်းသား ကြားနေရတဲ့ ဒီမတရားမှုကြီးအတွက် တားမြစ် ကန့်ကွက်ဘို့ နေနေသာသာ နားရွက်တောင် မခတ်ရဲပဲ ငြိမ်စင်းနေရတဲ့အဖြစ်ကို စေ့စေ့ပြန်တွေးကြည့်တိုင်း မိမိကိုယ် မိမိ စက်ဆုပ် အော့နှလုံးနာရပါတယ်။

တကြိမ်မှာတော့ မူးနေတဲ့ လက်သီးဟာ ဘိုဘို့ကို ပြန်ထခိုင်းပြီး မျက်နှာကို သေနတ်ပြောင်းနဲ့ ဆောင့်ထိုးချလိုက်ပါတယ်။ ကံဆိုးချင်တော့ သေနတ်ပြောင်းဟာ ဘိုဘို့ကို ချော်ပြီး အိပ်နေတဲ့ ကျွန်တော်နံကြားထဲကို အရှိန်နဲ့တိုးဝင် ဆောင့်ပါတော့တယ်။ နံရိုးတော့ ကျိုးပြီလို့ စိတ်ထဲမှာ ခံစားလိုက်ရပါတယ်။ နောက်ဆုံး အားရအောင် နှိပ်စက်နေတဲ့ တချိန်လုံး ဘယ်သူတဦး တယောက်ကမှ တားမြစ်ခြင်း မရှိပါဘူး။ တနာရီလောက်ကြာတော့ သူနာပြုအဖွဲ့ ရောက်လာပြီး ခေါင်းကကွဲ နေတာတွေကို အစိမ်းချုပ် ချုပ်နေကြတာ အားလုံးနားမှာ ကြားနေခဲ့ရပါတယ်။

ဒီဘိုဘို (ခေါ်) မိုးကျော်သူ ဟာ ၁၉၉၈ ခုနှစ် ကျွန်တော်နဲ့ အတူ စစ်အစိုးရက ဖမ်းဆီးထောင်ချတဲ့ အထဲမှာ အမှုတွဲဖြစ်ပြီး ကျွန်တော်တို့က ၅ည နဲ့ (၇) နှစ် သာကျပေမယ့် မိုးကျော်သူကို ၁၂၂ ပုဒ်မနဲ့ နှစ် (၂၀) ချလိုက်ပါတယ်။ မန်းထောင် ရဲ့ ညချမ်း ဂီတ ဆည်းဆာတွေ ဆိုရင် အမြဲပွဲတောင်းခံရပြီး မကြခဏ “ပျံသာပျံပါခွပ်ဒေါင်းနီ” သီချင်းကို ဆိုလေ့ရှိပါတယ်။

၂၀၀၀ ခုနှစ် မန်းထောင် ထောင်တွင်း တိုက်ပွဲတွေမှာ ကျွန်တော်တို့ကို ရိုက်နှက်ပြီး မြောင်းမြထောင်ကို ပို့လိုက်ချိန်မှာ ဘိုဘို တယောက်က မန်းထောင်မှာ ဆက်ကျန်နေရပြီး အဲဒီနေ့က နားကို ပိတ်ရိုက်ခံ လိုက်ရတဲ့အတွက် နားလေးသွားတယ်လို့ နောက်ပိုင်းကြားရပါတယ်။ ဟိုတလောကတော့ ဘိုဘို တယောက် ပြန်လွတ်လာပါတယ်။ အွန်လိုင်းပေါ်မှာ တနေ့က တွေ့တော့ ခုထောင်က လွတ်လာပြီး ဘာတွေလုပ်နေလဲဆိုတော့ (၈၈) က စပြီး ဒီမိုကရေစီတော်လှန်ရေး နှစ် (၂၀) ကာလ အတွင်း ထင်ရှားခဲ့တဲ့ တိုက်ပွဲဝင် တော်လှန်ရေး သီချင်းတွေကို ခုလူငယ်တွေ ကြားဖူးရအောင် ပြန်ဆိုမယ့် စီးရီးတခုကို လုပ်နေတယ်။ အခု အတီးပိုင်း ပြီးပြီ အဆိုတွေပဲ ကျန်တော့တယ်တဲ့။ ဘယ်သူဆိုမှာလဲလို့မေးတော့ …..
“အဟီး ကျွန်တော်ပဲပေါ့” ….. တဲ့။

လူငယ်တွေ ပြောလေ့ရှိတဲ့ စကားနဲ့ ပြောရရင်တော့ “အင်း...မနိုင်ပါလား” လို့ တွေးမိပါတယ်။

လူကက်ဆက် ဒုတိယပိုင်းဆက်လက်မျှော်ပါ ….. ။

ပန်းချီထိန်လင်း

http://www.kaungkin.com မှ ကူးယူဖော်ပြပါသည်။

ကျွန်တော် သန်းကြွယ်သူဌေး ဖြစ်ခဲ့စဉ်က..

များသောအားဖြင့် ဒီလိုခေါင်းစဉ်မျိုးဟာ ကျဖမ်း စကားပြောပြိုင်ပွဲတွေမှာ မဲပေါက်တတ်တဲ့ ခေါင်းစဉ်မျိုးပါ။ ဟုတ်တာ မဟုတ်တာအပထား စိတ်ထဲရှိတာ လျောက်ပြီး အချိန် မစေ့မချင်း ပြောရတော့တာပေါ့။ ဒါပေမယ့် အခုကတော့ စိတ်ကူးတည့်ရာ မဟုတ်ဘဲ တကယ်ကို သန်းကြွယ် သူဌေး ဖြစ်ခဲ့တုန်းက အကြောင်းကို ပြောမလို့ပါ။


ပန်းချီထိန်လင်း တယောက် သန်းကြွယ် သူဌေး ဖြစ်ခဲ့တုန်းက ဘ၀ ဆိုတော့ သစ်ကုန်ကူးတဲ့ အကြောင်းပဲ ပြောပြမှာလား၊ ကျောက်အောင်ခဲ့တာပဲ ဖတ်ရမလားလို့ စာဖတ်သူက တွေးကောင်း တွေးမိနိုင်ပေမယ့် ကျွန်တော့်အကြောင်း သိကြတဲ့ အများစုကတော့ ပေါက်တတ်ကရ၊ ကမောက်ကမတွေ ဖြစ်ခဲ့တဲ့အထဲက တခုခုကို ဘာလုပ်ဇာတ် ခင်းလာဦးမလဲ မသိဘူးလို့ ကြိုတင် တွေးနေလောက်ပါပြီ။ ဟုတ်ပါတယ် ခုပြောပြမယ့် အကြောင်းကတော့ ပိုက်ဆံ သန်းချီချမ်းသာတဲ့ သန်းကြွယ် သူဌေးတယောက် ဘ၀မဟုတ်ပဲ ကိုယ့်ချစ်ဦးခေါင်းမှာ သန်းလေးတွေဝေ ဆိုတဲ့ နောက်တီးနောက်တောက် သီချင်းလို သန်းဂျီးမတွေ ကြွယ်ဝခဲ့တဲ့ တခါက ဘ၀လေး တခုကို ရေးပြမလို့ပါ ခင်ဗျ။ ကျွန်တော်ကိုယ်က သန်းတွေအကြောင်း မပြောခင် သန်းရှာခြင်း ယဉ်ကျေးမှု အကြောင်း ပထမ ပွါးချင်ပါ သဗျ။

လွန်ခဲ့တဲ့ ခြောက်လလောက်က စာရေးဆရာမ ခက်မာရေးတဲ့ အက်ဆေးလေးတခုမှာ ခေါင်းမှာတွယ်တဲ့ သန်းတွေအကြောင်း ဖတ်ခဲ့ရကတည်းက ဒီစာလေးကို ရေးချင်ခဲ့တာပါ။ ပြောရရင်တော့ သူရဲ့ သန်းတွေအကြောင်း ဖတ်ရင်း ကိုယ်ပါ ယားလာတယ် ဆိုပါတော့ဗျာ။

ကမ္ဘာကသိတဲ့ မြန်မာပန်းချီဆရာကြီး ပေါ်ဦးသက်ရဲ့ ရေဆေး ကာတွန်းပန်းချီကားလေးတွေထဲမှာ ရှေ့နောက် တန်းစီပြီး သန်းထိုင်ရှာနေတဲ့ မိန်းမတွေကို မကြာခဏ ဆွဲပြခဲ့ဘူးတာ အမှတ်ရသဗျ။ ကျွန်တော်တို့ ငယ်ငယ် ရုပ်ရှင် ဇာတ်ကားတွေထဲက အတင်းပြောတဲ့ ဇာတ်ဝင်ခန်းတွေမှာ မိန်းမတွေ (တချို့လည်း ရင်ရှားနဲ့) တန်းစီပြီး သန်းရှာကြ၊ သန်းတုပ်ကြရင်း၊ အတင်းပါ တုပ်ကြတဲ့ပြကွက်မျိုးတွေလည်း မကြာခဏ ကြည့်ခဲ့ဘူးကြပါလိမ့်မယ်။

ငယ်ငယ်က ရွာမှာ နေ့လည်၊ နေ့ခင်းဆိုရင် အရိပ်ကောင်းတဲ့ မန်ကျဉ်းပင်ကြီးအောက်မှာ မိန်းမကြီးတွေဟာ သူတို့ ဘီးဆံထုံးတွေ ဖြေချပြီး ဆံပင်ဖါးယားကြီးတွေနဲ့ တန်းစီထိုင်ပြီး တယောက်ခေါင်းကို တယောက်ဖွပြီး သန်းရှာ သန်းတုပ်ေ

Monday, December 26, 2011

ကျင့်ဝတ်၊ သိက္ခာနှင့် တန်ဖိုး





Written by မောင်တင်ဦး(မြောင်းမြ)   
Sunday, 27 December 2011 
w84_04
AddThis Social Bookmark Buttonကျင့်ဝတ်ကျင့်ကြံရမယ့်ဝတ္တရားလို့ဆိုရင် မှားမယ်မထင်ပါဘူး။ လူတစ်ယောက် ဖြစ်လာမှတော့ လူ့ကျင့်ဝတ်နဲ့အညီ နေထိုင်ကျင့်ကြံရတာဟာသဘာဝပါ။
ရိုးရိုးလေးတင်ပြပါရစေ။
မနက်အိပ်ရာမှထထချင်း လူတိုင်းလိုလိုဟာ မျက်နှာသစ်ကြ၊ သွားတိုက်ကြပါတယ်၊ ဘယ်ဥပဒေကမှ အိပ်ရာမှထထချင်း သွားမတိုက်လျှင် မျက်နှာမသစ်လျှင် ထောင်ဒဏ်၊ ဘယ်နှနှစ်၊ ဒဏ်ငွေဘယ်လောက် ရိုက်မယ်လို့ အရေးယူမယ်လို့ ပြဋ္ဌာန်းမထားပါဘူး။ ဒါပေမဲ့ လူတိုင်းလိုက်နာကြပါ တယ်။ အဲဒီလို ဥပဒေမထုတ်ပြန်ဘဲ အသိတရားအရ လိုက်နာကျင့်ကြံမှုတွေဟာ ရေရှည်တည်တံ့ပါတယ်။ လိုက်လုပ်ဖို့ ၀န်မလေးတတ်ကြပါဘူး။ ၀န်ထုပ်ဝန်ပိုးလို့ မမြင်ကြပါဘူး။ မခံစားကြပါဘူး။
စာရေးသူတို့နိုင်ငံမှာ စည်းကမ်းသတ်မှတ်ချက် တော်တော်များများကို ကားပေါ်မှာ၊ လမ်းဘေး မြေစိုက်ပိုစတာတွေမှာ၊ အဆောက်အဦးတွေမှာ တွေ့နေရပါတယ်။
ကားပေါ်မှ အမှိုက်မပစ်ရ။
ကားပေါ်မှ ကွမ်းတံထွေး မထွေးရ။
ဤနေရာတွင် အပေါ့အလေး မစွန့်ရ။
ထိုင်ခုံအပြည့်သာ လူတင်ပါသည်။  စသည် စသည် တွေ့ဖူးကြမှာပါ။ အဲဒီဖော်ပြချက်တွေကို ဘယ်သူတွေက ဘယ်လောက် လိုက်နာကြပါသလဲ။ ကားပေါ်မှာ အိမ်ကဲ့သို့လိုက်ပါနေထိုင်နေရတဲ့ ကားမောင်းသူ (ဒရိုင်ဘာ)၊ ကားနောက်လိုက် (စပယ်ယာ)တွေက အဲဒီစာရွက်တွေကို ကားရဲ့လူမြင်ကွင်းမှာ အသေအချာ ကပ်ပါတယ်။ ကပ်နေရင်းပါးစပ်ထဲက ကွမ်းတံထွေးကို ကားပြတင်းပေါက်မှ သူတို့ကိုယ်တိုင် တဗျစ်ဗျစ် ထွေးချနေပါတယ်။ ကားမီးပွိုင့်၊ ကားမှတ်တိုင်တစ်ဝိုက်မှာ မည်းနက်နေတဲ့ ကတ္တရာရောင်က ကွမ်းတံထွေးတွေကြောင့် အနီရောင်ပြောင်းနေပါတယ်။
ဒါဘာကိုပြနေသလဲ။ လိုက်နာသင့်တဲ့ကိစ္စသည်ပင်လျှင် အမိန့်လို ဥပဒေတွေ ထုတ်ပြန်လာရင် လူတွေရဲ့အတွင်းစိတ်က ဆန့်ကျင်ဘက်တုံ့ပြန်လာတတ်တာကို ပြနေတာပါပဲ။
တစ်ခါက ဧရာဝတီမြစ် ရေကြီးလာတာကို ဘိုးတော်မင်းတရားက ရေကိုတားဖို့ ကြိမ်စကြာနဲ့ ရိုက်လာတာ ရေကကျမသွားဘဲ ပိုကြီးလာပါတယ်။ ဒါကို ဦးပေါ်ဦးက ဘိုးတော်ရွှေကြိမ်လုံးနဲ့ ရိုက်လိုက်လို့ ဘုန်းတော်ကြောင့် ရေရောင်(ရေကြီး)လာတာပါဘုရား လို့ လျောက်ခဲ့တာကို ဖတ်ဖူးခဲ့ပါတယ်။
ခုလည်း ထိုအလားတူဖြစ်ရပ်မျိုးပါပဲ။ မြို့တွင်းကို လာမယ့်သူတွေက ကွမ်းယာကို ပလတ်စတစ်အိတ် သေးသေးလေးတွေနဲ့ ထုပ်ပြီးယူလာကြပါတယ်။ ရောင်းသူတွေကလည်း ပလတ်စတစ်အိတ်သေးသေးလေးတွေနဲ့ အသင့်စားနိုင်အောင် ထုပ်ပိုးရောင်းချကြပါတယ်။ ဒီလိုနဲ့ ကွမ်းယာကို တိုးတိုးတိုးတိုးနဲ့ ပိုလို့တွင်တွင်ကျယ်ကျယ် စားသုံးလာကြပါတယ်။ ကွမ်းကြိုက်တတ်တဲ့သူရဲ့ ခါးပိုက်ထဲမှာ အိတ်ကပ်ထဲမှာ ကွမ်းယာကို ကိုယ်နဲ့မကွာ ဆောင်ထားကြပါတယ်။

တန်ဖိုးထားတတ်တဲ့ လူမှုပတ်ဝန်းကျင်ဖြစ်လာမှ သိက္ခာရှိတဲ့ လူတွေနဲ့ဖွဲ့စည်းထားတဲ့ လူ့အဖွဲ့အစည်း ဖြစ်လာမှာပါ။ အဲဒီလိုမျိုး လူ့အဖွဲ့အစည်း ပေါ်ထွန်းလာတာနဲ့အမျှ ဥပဒေကိုကျင့်ဝတ်လိုက်နာတတ်တဲ့ တရားဥပဒေစိုးမိုးတဲ့ ဒီမိုကရေစီကျင့်စဉ်နဲ့ လိုက်လျောတဲ့ အဆင့်မြင့်လူ့ဘောင်ကြီး ပေါ်ပေါက်လာမှာ  . . .

ဒီအခါ ကွမ်းမစားတတ်သူကလည်း သူများစားတာအလွယ်မြင်တော့ အလွယ်ယူစားရာက ကွမ်းစွဲသွားကြပါတယ်။ ဒီလိုနဲ့အခုအခါ ကွမ်းစားသူဦးရေက ကြောက်စရာကောင်းလောက်အောင် မြင့်မားလာပါတယ်။
ပေါ့စေလိုလို့ကြောင်ရုပ်ထိုး ဆေးကြောင့်လေးသွားရပါပြီ။
ဥပဒေတွေထုတ်ပြန်ပြီး လိုက်နာစေတာထက် လူထုပါဝင်မှုလူထုအသွင် လူကျင့်ဝတ်အသွင်အဖြစ် ပြုပြင်ဆောင်ရွက်တာက ရေရှည်တည်တံ့ အကျိုးရှိနိုင်ပါတယ်။
နိုင်ငံအချို့ အရက်ဆိုင်တွေထဲမှာ လူငယ်တွေကို လုံးဝမတွေ့ရပါဘူး။ လမ်းပေါ်မှာနေရာတိုင်းမှာ လူငယ်တွေ စီးကရက်သောက်တာ မတွေ့ရပါဘူး။ ဒါနဲ့ဆေးလိပ်ရောင်းတဲ့ဆိုင်ကို စာရေးသူ စပ်စုလိုက်ပါတယ်။
''ခင်ဗျားတို့ဆိုင်ကို ကလေးတွေ ဆေးလိပ်လာမ၀ယ်ဘူးလား''
''မ၀ယ်ပါဘူး'' ''၀ယ်ရင်ရော ရောင်းမှာလား''
''မရောင်းပါဘူး''
အဲဒီမှာကျင့်ဝတ်ဆိုတာကို တွေ့ရပါတယ်။ သူတို့နိုင်ငံမှာ ၁၈ နှစ်အောက်လူငယ်တွေကို ကလေးလို့ သတ်မှတ်ပါတယ်။ သူတို့ကို အရက်၊ ဆေးလိပ် လုံးဝမရောင်းပါဘူး။ ပိုက်ဆံရပြီးရော။ ဘယ်သူတွေ ဘာဖြစ်ဖြစ်ဆိုတဲ့ စိတ်ဓာတ်မျိုးသူတို့ မကျင့်သုံးကြပါဘူး။ အဲဒီအရွယ်လူငယ်တွေကလည်း အရက်ဆိုင်၊ ဆေးလိပ်ဆိုင်ယောင်လို့တောင် မသွားကြပါဘူး။ ဒီလို အပြန်အလှန် ထိန်းကျောင်းပေးခြင်းဖြင့် ဥပဒေကို အလိုလို လိုက်နာပြီးသား ဖြစ်နေပါတယ်။
ဆိုတော့ ဥပဒေတစ်ရပ်ဟာ ကျင့်ဝတ်တစ်ခုအသွင်ဆောင်နေရင် ရေရှည်တည်တံ့နိုင်ပါတယ်။
သိက္ခာနှင့် တန်ဖိုး
အဲဒီမှာ ကျင့်ဝတ်ကိုမဖောက်ဖျက်ရဲဖို့က သူ့ရဲ့ဂုဏ်သိက္ခာအပေါ် မူတည်ပါတယ်။ ကိုယ့်ဂုဏ်သိက္ခာကို ကိုယ်တန်ဖိုးထားရင် ကိုယ့်ကျင့်ဝတ်တစ်ခုကို ဖောက်ဖျက်ဖို့ မလွယ်ကူတော့ပါဘူး။ သိက္ခာရှိတဲ့လူက သူ့ကိုယ်သူ တန်ဖိုးထားတဲ့လူပါ။
ဒရိုင်ဘာက ဒရိုင်ဘာတန်ဖိုး ထားရပါမယ်။ ဈေးသည်က ဈေးသည်တန်ဖိုးထားရပါမယ်။ ကျောင်းဆရာက ကျောင်းဆရာ တန်ဖိုးထားရပါမယ်။ ၀န်ထမ်းက ၀န်ထမ်းတန်ဖိုးထားရပါမယ်။ ကျောင်းဆရာမှာမှ တန်ဖိုးရှိတာ မဟုတ်ပါဘူး။ ဈေးသည်မှာလည်း တန်ရာတန်ကြေး တန်ဖိုးရှိပါတယ်။ ဒရိုင်ဘာမှာလည်း တန်ဖိုးရှိပါတယ်။ တံငါသည်မှာလည်း တန်ဖိုးရှိပါတယ်။ စစ်ဗိုလ်ကြီးမှာလည်း တန်ဖိုးရှိပါတယ်။
လူတိုင်းမှာ တန်ဖိုးရှိပါတယ်။
ဖိုးလမင်းလည်း သူ့အဆင်းနှင့် အလင်းနှင့်ပါ။ တကယ်တော့ လူသာမက သတ္တ၀ါတွေ၊ သစ်ပင်တွေ၊ ရေ၊ လေ၊ မြေ၊ နေ၊ ကမ္ဘာစသည့် သက်ရှိ သက်မဲ့ အလုံးစုံဟာ သူ့တန်ဖိုးနဲ့သူ ရှိနေကြတာချည်းပါပဲ။ တန်ဖိုးမထားဘဲ မလေးစားခဲ့လို့ ခုဆိုသဘာဝကြီးက သူ့ကိုတန်ဖိုးထားတတ်အောင် ပညာပေးနေပါပြီ။ သူ့ရဲ့တန်ဖိုးကိုထိပါး၊ သူ့သိက္ခာကိုစော်ကားလို့ သူ့ကျင့်ဝတ်တွေလည်း ဖောက်ပြန်ကုန်ပါပြီ။ မိုးကိုရွာသင့်တာထက် ပိုရွာတယ်။ လေကိုတိုက်သင့်တာထက် ပိုတိုက်တယ်။
သည်လိုနဲ့ မိုးလေ၀သတွေလည်း ကမောက်ကမ ဖြစ်ကုန်ပါပြီ။ ချောင်းတွေရေလျံ ကန်တွေရေ တိုးစည်းရိုးတွေကျိုးပေါက် သဘာဝကြီးဖောက်ပြန်လို့ လူတွေဒုက္ခရောက်ကုန်ကြပါပြီ။
သည်လိုပါပဲ။ ဒရိုင်ဘာတစ်ယောက်မှာ သူ့တန်ဖိုးနဲ့သူ ရှိနေပါတယ်။ သာမန်လူတစ်ယောက်တန်ဖိုးထက် ပိုတန်ဖိုးရှိနေပါတယ်။ ဒရိုင်ဘာဆိုတာနိမ့်ကျတဲ့ တန်ဖိုးမဲ့လူမဟုတ်ပါဘူး။ အတတ်ပညာတစ်ခု တတ်မြောက် ထားရပါတယ်။ ခရီးသည်တွေသွားလိုရာကို သူ့ရဲ့ကျွမ်း ကျင်မှုနဲ့ ပို့ဆောင်ပေးနေပါတယ်။ လူ့အသက်ပေါင်းများစွာရဲ့အသက်ကို ကာကွယ်စောင့်ရှောက်ပေးနေရပါတယ်။ အလွန်အဖိုးတန်တဲ့လူအဖြစ် အသိအမှတ်ပြု ရပါမယ်။ သူ့ကိုလည်း လူတွေက အထင်သေးသလို အဖက်မတန်သလို ဆက်ဆံကြည့်ပါလား။ သူ့လက်ထဲက စတီယာရင်(လက်ကိုင်ဂွေ)နဲ့ ချောက်ထဲဆွဲချပြီး လူတွေရဲ့အသက်ကို အန္တရာယ်ပြုနိုင်ပါတယ်။
ဒါကြောင့် လူတိုင်း၊ အရာရာတိုင်းကို တန်ဖိုးထား အသိအမှတ်ပြုပေးရပါမယ်။

အသိအမှတ်ပြုပါ

အသိအမှတ်ပြုပုံပြုနည်း သုံးမျိုး ရှိနေပြန်ပါတယ်။ တစ်နည်းက ပတ်ဝန်းကျင်က ၀ိုင်းဝန်းအသိအမှတ်ပြု တန်ဖိုးထားပေးဖို့ ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့တန်ဖိုးကို မနှိမ့်ချဖို့၊ ၀ိုင်းမပယ်ဖို့၊ အထင်သေးသလိုမပြုမူဖို့ လိုအပ်ပါတယ်။ လူအချို့က ဒရိုင်ဘာဆိုရင် မတူသလို၊ မတန်သလိုဟန်အမူ အရာအရဖြစ်စေ၊ လေသံဟန်ပန်နဲ့ဖြစ်စေ ဆက်ဆံတတ်ကြပါတယ်။ အဲဒါရဲ့အကျိုးဆက်က ဒရိုင်ဘာကို တန်ဖိုးမထားသလိုဖြစ်သွားပြီး လူ့ယဉ်ကျေးမှု ၀န်းကျင်ထဲက ဖယ်ထုတ်လိုက်သလို ဖြစ်သွားမှာပါ။ အဲဒီလိုပြုမူ လိုက်သူ ကိုယ်တိုင်ကလည်းပဲ တန် ဖိုး မသိတတ်သူ၊ တန်ဖိုးမရှိသလို ဖြစ်သွားမှာပါ။
နောက်တစ်နည်းက ကာယကံ ရှင်ကိုယ်တိုင် မိမိတန်ဖိုးကိုသိမြင်ဖို့ တန်ဖိုးထားဖို့၊ မိမိတန်ဖိုးအမှန်ကို လူတွေသိမြင်လက်ခံလာအောင် နေထိုင်ကျင့်ကြံတတ်ဖို့ လိုအပ်ပြန်ပါတယ်။ မိမိတန်ဖိုးအမှန်ကို သိဖို့ဆိုတာ သိပ်လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။
 နောက်ဆုံးတစ်နည်းက အပြန်အလှန် တန်ဖိုးထားဖို့ ဖြစ်ပါတယ်။ ပတ်ဝန်းကျင်ကလည်း သူ့ကို တန်ဖိုးထားမယ်။ကာယကံရှင်ကလည်း သူ့ကိုသူ တန်ဖိုးထားတတ်မယ်ဆိုရင် ရှိနေတဲ့ 'အမှန်တန်ဖိုး'ဟာ ပေါ်ထွန်းလာမှာပါ။ အဲဒီလိုမျိုးတန်ဖိုးထားတတ်တဲ့ လူမှုပတ်ဝန်းကျင်ဖြစ်လာမှ သိက္ခာရှိတဲ့လူတွေနဲ့ ဖွဲ့စည်းထားတဲ့ လူ့အဖွဲ့အစည်း ဖြစ်လာမှာပါ။ အဲဒီလိုမျိုး လူ့အဖွဲ့အစည်း ပေါ်ထွန်းလာတာနဲ့အမျှ ဥပဒေကိုကျင့်ဝတ်လိုက်နာတတ်တဲ့ တရားဥပဒေစိုးမိုးတဲ့ ဒီမိုကရေစီကျင့်စဉ်နဲ့လိုက်လျောတဲ့ အဆင့်မြင့်လူ့ဘောင်ကြီး ပေါ်ပေါက်လာမှာ မလွဲ ဧကန်ဖြစ်ကြောင်းပါ။

from elevenmedia

ဒေါ်အောင်ဆန်းစုကြည်၏ မိခင် ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း ၂၃ နှစ်ပြည့်ပြီ..။

                 ဒေါ်အောင်ဆန်းစုကြည်၏ မိခင် ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း ၂၃ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ယနေ့နံနက် ၁၀ နာရီခွဲ အချိန်တွင် ရွှေတောင်ကုန်း သာသနာ့ ရိပ်သာမှ ဆရာတော် ဦးပဏ္ဍိတ ၀ံသ၊ ချမ်းမြေ့ဆရာတော် ရှင်ဇနကာဘိဝံသ အပါအ၀င် သံဃာတော် ၁၀ပါးခန့်ကို ပင့်ဖိတ်ကာ ဆွမ်းဆက်ကပ်လှူဒါန်းကြောင်း သတင်းရသည်။
နေ့လည်တွင်လည်း ခရစ်ယာန်၊ အစ္စလမ်ဘာသာနှင့် ဟိန္ဒူ စသည့် ဘာသာပေါင်းစုံဝတ်ပြုဆုတောင်းပွဲကိုလည်း ဆက်လက် ကျင်းပမည်ဟုသိရသည်။
ဒေါ်ခင်ကြည်အား ရွှေတိဂုံ ခြေတော်ရင်း တောင်ဘက်မုခ် အနီးရှိ သီပေါမင်း ၏ မိဖုရား စုဘုရားလတ်၊ ငြိမ်းချမ်းရေးဗိသုကာ ဆရာ ကြီး သခင်ကိုယ်တော် မှိုင်း၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် စသည့် ပုဂ္ဂိုလ်ကြီးများ၏ ဂူဗိမာန်များအနီးတွင် ဂူသွင်း သဂြိုဟ်  ထားသည်။



Sunday, December 25, 2011

မျက်နှာလွဲရန် မစွမ်းသာ သောကြောင့်








ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ ကချင်လွတ်လပ်ရေး တပ် မတော်(KIA ) စခန်း ဘယ်နှစ်ခု ကျသွားတယ်။ စစ်တပ်က အကျအဆုံးများ နေတယ် ဆိုတဲ့ သတင်းတွေကို လူမှုကွန်ယက် Facebook မှာ တစ်မျိုး.. သတင်း ဂျာနယ်တွေမှာတစ်ဖုံ အမျိုးမျိုး ကြားသိနေရပေမယ့်စစ်ရေးစစ်ရာ အရှုပ်အထွေးများကို နားမလည်သောကြောင့် ဘယ်သူမှားသည် ဘယ်သူမှန်သည်ဆိုတဲ့ မှတ်ချက် တစ်ခုတစ်လေ တောင် ခုထိ ကျွန်မပေးခဲ့ပါ.။

သို့သော် ပြည်တွင်းထုတ် Flower News ဂျာနယ်တွင် ကချင်ငြိမ်းချမ်းရေးပုံရိပ် ကော်မတီ ဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာနှင့် တွေ့ဆုံမေးမြန်းခန်းကို ဖတ်မိသည့် နောက် ပြောချင်ရေးချင်တာလေးတွေ ရှိလာသည်.။

ဒေါ်ဘောက်ဂျာက " တိုင်းရင်းသားတွေက ထိုးစစ်မဆင်ဘူး ခုခံကာကွယ် တာ ပဲ ရှိတယ် " ဆိုတဲ့စကားနဲ့ ပတ်သတ်ပြီး ဥာဏ်မှီသလောက် တွေးမိသည်။ ကချင်ဒေသခံများ၏ ပြောစကား၊ ဖြစ်ပျက်သွားသည် အဖြစ်အပျက်တချို့နှင့် နှိုင်းယှဉ် သုံးသပ်ကြည့်မိသောအခါ အနည်းငယ်ကွဲလွဲနေသည်ဟု ထင်မိသည်။

မကြာသေးမီကပဲ ကချင်ပြည်နယ်တွင် ကားတစ်စီးလမ်းတွင် မိုင်းထိပြီးကားမောင်းသူ နှင့် ခရီးသည်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည့်သတင်း ၊ ကချင်ပြည်နယ် အခြေစိုက် စီးပွားရေးလုပ်ကိုင်နေသော လုပ်ငန်းရှင်တစ်ဦုး့၏ ကားများ ဖျက်ဆီးခံရခြင်းသတင်း ၊ ပြည်သူများ သွားလာနေသော ရထားလမ်းများကို မိုင်းခွဲဖျက်ဆီးရန် ကြံစည်မှု များသည်အစိုးရ တပ်များ၏ ထိုးစစ်ကို ခုခံကာကွယ်ရန်အတွက်လား ။ ထို့ကြောင့် အပြစ်မဲ့ပြည်သူတွေ အကြောင်းမဲ့ စတေးဖို့ လိုအပ်ပါသလား။

ထို့ပြင် မြစ်ကြီးနားမှ ကျွန်မမိတ်ဆွေ ကျောက်လုပ်ငန်းလုပ်ကိုင်နေသူတစ်ယောက်ကလည်း သူတို့ လုပ်ငန်းတွင် KIA မှာ ဆက်ကြေးတောင်းကြောင် သိန်းရာချီပြီး ပေးလိုက်ရကြောင်း ၊ တစ်ချို့ နာမည်ကြီး သူဌေးများဆိုလျှင် သိန်းပေါင်းထောင်ချီပေးရကြောင်း ပြောပြရာအံ့သြရပြန်သည်.။
သိန်းပေါင်းများစွာ ဆက်ကြေးပေးမှ ကိုယ့်နယ်မြေအတွင်း လုံခြုံစွာသွားလာနိုင်မည် ။ ဒါတောင် တိုက်မိုင်း ၊ မြေမြုပ်မိုင်းတွေ မထိနိုင်ပါဟု အာမမခံနိုင် ။

ဤလုပ်ရပ်များဟာ ကိုယ့်ဒေသ ကိုယ်နယ်မြေကို တကယ်ကာကွယ်လိုတဲ့ သူတွေ၏ ကိုယ့်နယ်မြေ ဒေသ လုံခြုံရေးအတွက် လုပ်ငန်းလားဆိုတာကျွန်မ အနည်းငယ် စဉ်းစားရဦးမည်..။

စစ်တပ် ယူနီဖောင်းနှင့် ကားကြုံလိုက်လာတဲ့ စစ်သား ၃ ယောက်ကို ချုံခိုတိုက်ခိုက်ရာ ကားမောင်းသည့် ဒရိုင်ဘာရော ၊ စပယ်ယာရော ထိခိုက်ခဲ့တဲ့ အဖြစ်တွေက ထိုးစစ်မဟုတ်ပဲ ခုခံကာကွယ်ခြင်းတွေလား။ ထို့ပြင် ကျောက်မဲမြီု့က ပစ်ခတ်မှုမှာ အပြစ်မဲ့ ပြည်သူတွေ သေကြေခဲ့ရတာရော ထိုးစစ်မဟုတ်တဲ့ ခုခံမှုတွေလား။
မငြိမ်းချမ်းသည့်နယ်မြေမှ လေယာဉ်ကွင်းထဲကို သံဃာ အယောင်ဆောင်ကာ ဖောက်ခွဲရေးပစ္စည်းများဖြင့် ၀င်ရောက်လာခြင်းက မည်သို့သော ရည်ရွယ်ချက်တွေဖြင့်လဲ။ ကျွန်မ မတွေးတတ်ပါ..။

၁၇ နှစ်လုံးလုံး ငြိမ်းချမ်းရေး အပစ်အခတ် ရပ်စဲရေးအတွက် မျှော်လင့်ခဲ့ရသည့် ကချင် ပြည်နယ်က ဒေသခံတွေကိုလည်း ကိုယ်ချင်းစာသည်။ ဥယျာဉ်ခြံတွေ ၊ မြေယာတွေ အသိမ်းခံခဲ့ရသည့်အတွက် နေရာအသစ်တွင် ဘ၀သစ် ပြန်စနေရသည့် အခက်အခဲတွေကို ကိုယ်ချင်းစာမိသည်။

ယနေ့ ခရစ်စမတ်နေ့တွင် ခရစ်ယာန်ဘာသာဝင်အများစုနေထိုင်သော ကချင်ဒေသတွင် မည်သို့သော ငြိမ်းချမ်းမှု လုံခြုံမှုတို့ဖြင့် စိတ်ချစွာ ပျော်ရွှင်နိုင်မည်နည်း..။ စစ်ပြေးဒေသမှ ခရစ်ယာန်ဘာသာဝင် ကချင်တိုင်းရင်းသားများသည်လည်း ၄င်းတို့၏ ဘာသာရေးအထွတ်အမြတ်ပွဲကို ပျော်ရွှင်စွာ ဆင်နွှဲလိုကြပေမည်.။ ထို့သို့ ပြုလုပ်နိုင်ဖို့ ဒေသတွင်း ငြိမ်းချမ်းမှ အပစ်အခတ်များ ရပ်စဲမှသာ ဖြစ်နိုင်ပေလိမ့်မည်..။ လက်ရှိအခြေအနေအရဆိုလျှင်တော့ မျှော်လင့်ချက်တွေ အသက်ဝင်ဖို့သာ ဆုတောင်းနေကြပေလိမ့်မည်။

ငြိမ်းချမ်းရေးကို ပြည်သူအားလုံး လိုလားနေကြပြီ.။ အပစ်အခတ် ရပ်စဲဖို့လည်း ငြိနှိုင်းဆွေးနွေးမှုတွေ လုပ်စေချင်လှပြီ.။ ဒီအတွက် ဆွေးနွေးပွဲတွေ ဟောပြောမှုတွေကိုလည်း လုပ်နေကြပြီ.။
ဒါပေမယ့် အဲလို ဆွေးနွေးနေတဲ့သူတွေကိုယ်တိုင် အစွန်း၂ ဖက်မှ လွတ်ကင်းစေချင်သည်.။
ဝေဖန် ဟောပြောမှုတွေတွင် ၂ ဦး ၂ ဖက်ကိုလည်း မြင်အောင်ကြည့်စေချင်သည်..။


ထိုအင်တာဗျူးမှ ကျွန်မတွေး၍ရသလောက် ကျွန်မရေးဖြစ်သည်..။ ဆက်လက်၍လည်း အဖြေရှာကြည့်ပါဦးမည်.။


မေခ
(25.Dec.2012)
God Bless U !




Photo Credit by - http://jinghpawkasa.blogspot.com

Saturday, December 24, 2011

အိပ်မက်ဆိုးမှ နိုးထချိန်

ကျောင်းဘောလုံးကွင်းထဲတွင် ပြည့်ညပ်လျှက် ရှိနေပြီ၊ နေကလည်းပူ၊ ရေကလည်းဆာ၊ ကျောင်းသား ကျောင်းသူ တွေနဲ့ ပြည့်ကြပ်လျှက် ရှိနေပြီ၊ ခုထိမထွက် နိုင်ကြသေး။ ဘာဖြစ်နေသလဲ ... ဘာဖြစ်နေကြပြန်တာတုန်း။ ကြားရပါပြီ ... ကျောင်းသား ခေါင်းဆောင်များ (၀ါ) ကျောင်းကောင်စီ ခေါင်းဆောင်များ အမာခံ လက်ပတ် လုနေကြပါသတဲ့။ လက်ပတ် မရတဲ့ ကျောင်းသားတွေက လက်ပတ် ရတဲ့ကျောင်းသားတွေကို ပြသနာရှာ ရန်ဖြစ် စကားများ နေသဖြင့် လက်ပတ်လုပွဲပြီး ၀ှဲချီး ကျင်းပကြရာ လူထုတော်လှန်ရေးကြီးသို့ ချီတက်အံ့ဆဲဆဲ ကျောင်းသားများသည် ကျောင်းသားခေါင်းဆောင်များ လက်ပတ်လု နေသောကြောင့် ကျောင်းဘောလုံးကွင်းထဲတွင် ပိတ်မိလျှက် နေကြခြင်းဖြစ်သည်။ ရဲရဲတောက် လူထုတော်လှန်ရေးကြီးကို ပါဝင်ကြမည့် ကျောင်းသားများကို ဦးဆောင်မည့် ကျောင်းသားခေါင်းဆောင်တို့သည် ဒီမိုကရေစီကို တောင့်တ ငတ်မွတ်သော ကျောင်းသား ခေါင်းဆောင်တို့သည် လူသိရှင်ကြား ရဲရဲတောက် စကားများကြလျှက် လက်ပတ် များကို လု ကြ၏။ အို ..လက်ပတ် လုပွဲကြီးပါတကား......................

ထိုသို့ထိုနှယ် ပြသနာ ဗလပွဖြစ်လျှက် လမ်းမပေါ်ချီတက်ကြသော် ရှေ့ဆုံးမှအော် သူကအော် နောက်က အော်သူကအော် သူ့ဟာနှင့်သူ အတိုင်အဖောက် ညီလျှက် ရှိရာ တစ်နေရာရောက်သော် ကျောင်းသားခေါင်းဆောင်က အော်လေသည် မှာ ----
“ပါတီစုံ စနစ် ကျဆုံးရေး”
“ဒို့အရေး ဒို့အရေး ဒို့အရေး“
သူ့ဟာနဲ့ သူတော့ ဟုတ်နေသည် ဖြစ်သည်။ သို့သော်လည်း လက်တို့ ပြောမှ သိရသည်။ ဟိုကောင် မှားအော်တယ်ကွ “တစ်ပါတီစနစ် ကျဆုံးရေး ကနေ ဘယ်လို ကနေ ဘယ်လို ပါတီစုံစနစ် ကျဆုံးရေး ဖြစ်သွားတယ် မသိဘူး ..နောက်ကလည်း စွတ်ထောက်ခံ တာပဲ ဒို့အရေး ချည်းပဲ ဟစ် ဟစ် ဟစ်”

ထို့နောက် ကျောင်းသားတို့သည် တစ်ကျောင်းနှင့် တစ်ကျောင်း ပေါင်းစည်းကြရန် အလို့ငှာ အခြားကျောင်းဝင်းကြီး တစ်ဝင်းသို့ ချီတက်ရာမှ ၀င်ရောက်ကြရာ ယင်း ကျောင်းဝင်းကြီး အတွင်းတွင်လည်း စီနီယာ ခေါင်းဆောင် နှင့် ဂျူနီယာ ခေါင်းဆောင် တို့သည် ဦးဆောင် ဦးရွက် ပြုသည့် မည်သူက ခေါင်းဆောင် ဆိုသော ပြသနာကို တက်ကြပြီးလျှက် ဖိုက်တင် ပလေးနေကြရာ ကျောင်းပန်းရုံအတွင်း ၀င်ပုန်းသူကပုန်း ခဲနှင့် ဆော်ပလော် တီးသူကတီး အမှိုက်ထုပ်များဖြင့် ဆွမ်းကြီးလောင်းသူကလောင်း ၀ရုန်းသုန်းကား ဖြစ်ကြတော့လေသည်။ ခြေကုန်သုတ်ပါမှ ဘေးကင်းရမည် ဖြစ်သဖြင့် ပြေးကြ လွှားကြ ရသည်မှာကား လွန်စွာမှ ၀ရုန်းသုန်းကား ဖြစ်ကြလေသည် ဟူသတည်း။ ရဲရဲတောက် လူထုတော်လှန်ရေးကြီးတွင် ကျောင်းသားခေါင်းဆောင်တို့ ခေါင်းဆောင် နေရာလုလျှက် ရန်ဖြစ်ကြသည်မှာ လက်ဖျား ခါဖွယ် တည်း။ အို ... ဒီမိုကရေစီကိုငတ်မွတ်တောင့်တသော ကျောင်းသားခေါင်းဆောင် တို့သည် တစ်ကယ့် ခေါင်းဆောင် ဆိုသော နေရာကိုလည်း လုကြ၏ ..ခေါင်းဆောင် လုပွဲကြီးပါတကား .......................။

နံနက်ခင်း တစ်ခင်းလုံး လမ်းမပေါ်တက် လူထုတော်လှန်ရေး ဆင်နွဲရသဖြင့် မောပန်း ဗိုက်ဆာ ညောင်းညာ လျှက်ရှိကြရာ နေ့လည်စာ ထမင်းထုပ် များကိုင်လျှက် ကျောင်းဝင်းကြီးအတွင်း စားသုံးကြရန် ပြင်ဆင်ကြရာ ဘာသာခြား တစ်ယောက် ၀က်သားဟင်း ထမင်းထုပ် ကိုပိုက်လျှက်စတိုင်ပျက် စိတ်ညစ်လျှက် ရှိသည်ကို တွေ့ရ၏။ ထမင်းထုပ် လဲရန် ထမင်းထုပ် စီမံခန့်ခွဲသော ကျောင်းသားခေါင်းဆောင်များ အခန်းသို့ သွားလေရာ အခန်းကို ပိတ်လျှက် ကောင်းပေ့ ညွန့်ပေ့ထမင်းထုပ် များဖြင့် အသားကုန် လွေးနေကြသော ကျောင်းသားခေါင်းဆောင်များကို မြင်ရလေ၏။ ၀က်သားဟင်း ထမင်းထုပ် ကိုကား လဲမပေးချေ။ တော်လှန်ရေး ကာလတွင် အစားအသောက်ကို မက်မော နေရမည် မဟုတ်။ တော်လှန်ရေး စိတ်ဓာတ်သာ အဓိကဟုဆိုချေ၏။ အို .......ကျောင်းသား ကျောင်းသူ လေးများ လူထုလှုပ်ရှားမှုကို တစ်တပ် တစ်အား ပါဝင်ကြသည့်အတွက် အရပ်ထဲမှာ မရှိ ရှိတာလေး နှင့် ချက်ပြုတ် ပေးသော ထမင်းထုပ် များကို သိမ်းဆည်း  သိုလှောင် တတ်သည်လည်း ခေါင်းဆောင် မည်၏ ။

သို့နှင့် လမ်းမပေါ်တက် လက်သီး လက်မောင်းတန်းလျှက် လူထုလှုပ်ရှားမှုကြီးကို ပူးပေါင်း ဆောင်ရွက်ရသည်ထက် တစ်ဆင့် မြင့်သော အဆင့်အတွက် တက်လှမ်းကြရာ အစာငတ်ခံ ဆန္ဒပြကြသည် ဟူ၏။ အစာငတ် ခံကြ၏။ ရေကိုသာသောက်၏။ အစာကို အငတ်ခံကြ၏။ နာမည်ကြီး၏။ သို့သော် ညပိုင်း နေ့လည်ပိုင်း များတွင် နီးစပ်ရာ လက်ဖက်ရည်ဆိုင်မှ စမူစာ များယူဆောင် စားသုံးကြသည်ကို မြင်ရသည် များလည်း ရှိ၏။ နားလည်ရလည်း ခက်၏။ အစာငတ်ခံသည်လည်း ပြောသေး စမူဆာတွေလည်း ပလုပ်ပလောင်း စားနေသေး ဘယ့်နှယ်ဟာပါလိမ့်ဟု စဉ်းစားမိ၏။ တစ်မျိုးတော့ တစ်မျိုးကြီးပဲ။ အစာငတ်ခံ စမူဆာစား ဆန္ဒပြကြသည်မှာကား မလွဲတည်း။

အထက်ပါ ကိစ္စတို့ကို (၈၈) အရေးတော်ပုံကြီးကို သိလိုက် မှီလိုက် ကိုယ်တိုင်ပါဝင် လိုက်ရသူ မောင်စိုးပေ ၏ ဦးလေး က ပြောပြသောအခါ စိုးပေ စိတ်ထဲတွင် ရှုပ်ထွေးေ၀၀ါးလျှက် ရှိသွား၏။ ဘယ့်နှယ်ကြီးပါလိမ့် ဟုလည်း ထင်မိ၏။

ဟော လာပါပြီ စိုးပေ တို့ ကိုယ်တိုင် ကြုံလိုက်ရသော (စက်တင်ဘာ)အရေးခင်းကြီးတည်း ------

သံဃာတော်များ လူများ လမ်းပေါ် တက်ကြ၏။ ပရိတ်တရားတော်များ ရွတ်ကြ၏။ အော်လံ အသေးစား လေးများကို ကိုင်လျှက် အော်ကြ ဟစ်ကြ၏၊ ကင်မရာမန်းများကလည်း အထက် အောက် ဘေး ဘက်စုံ ထောင့်စုံ မှ ဓာတ်ပုံများကို တစ်ဖျက်ဖျက် ရိုက်ကြ၏။ စည်ကား သိုက်မြိုက်လှသည်လည်း ရှိ၏။ ထို့နောက် ထို့နောက် ......... နာမည်ရ ကဗျာဆြာကြီး တစ်ဦးက “ခင်ဗျားတို့ ဘာမှ မကြောက်ကြပါနဲ့ ဒါဟာ အကြောက်တရားတွေကို အဝေးဆုံးမှာ ထားခဲ့ရမယ့် အချိန် ဖြစ်တယ် ခင်ဗျားတို့ ရှေ့မှာ ကျုပ်က မားမားမတ်မတ်  ရပ်တည်ပေးနေတယ် ခင်ဗျားတို့ရှေ့ကနေ ကျုပ်ရှောက်မယ်” ဟု အားအင် အပြည့်ဖြင့် အင်အား ပါပါ ပြောလေသည်။ ဆက်လက်ပြီး ပစ်ကြ ခတ်ကြ ထုကြ နှက်ကြ ရိုက်ကြ ဆော်ပတော်တီးကြ ပြီးနောက် “ခင်ဗျားတို့ရှေ့က မားမားမတ်မတ် ရပ်နေတယ်” ဆိုသော ကဗျာဆြာကြီးသည် ထိုင်းနိုင်ငံ ချင်းမိုင် မြို့သို့  ရောက်ရှိသွားလေသည် ဟူသတတ်.။ အလို ..... မားမား မတ်မတ် ရပ်သည်တည်း ချစ်ဖွယ်ကောင်းလေစွ .............

ထို့နည်းတူစွာပင် ဘုရားကြီး တစ်ဆူ ရှေ့ ခန်းမကြီးတစ်ခု အနီး ဟောပြောပွဲပြီး ၀ှီးချဲ ကျင်းပသေးရာ “အားလုံးပဲ ထိုင်ကြပါ မတ်တပ်တွေ မရပ်ကြပါနဲ့ ဟိုအစ်ကိုကြီးက ဒီဘက်တိုး ဟိုအစ်မကြီးက ဟိုဘက်သွား ညီလေးတို့က ဒီမှာထိုင် ညီမလေးတို့က ဟိုမှာထိုင်” ဟုဆိုလျှက် ပြောဆိုနေသူ ပန်ချာပီ ကုလား တစ်ဦးလည်းမြင်ရသည်။ ဟောပြောပွဲကြီးပြီး ပစ်ကြ ခတ်ကြ နှက်ကြ ဆော်ကြ ထုကြ ရိုက်ကြ ဖမ်းဟယ် စီးဟယ် ကားပေါ်ဆောင့်ကန်တင် လမ်းမပေါ်တင်တုတ်နဲ့ရိုက် စသည် စသည် များဖြစ်လျှက် ပျက်လျှက် ပြီးကြသော် ယင်းပန်ချာပီ ကုလားကို ဦးဆောင်းများ မုတ်ဆိတ်များေ ပျာက်လျှက် ပြည်ပ သတင်းမီဒီယာကြီး တစ်ခုတွင် အားချင်း မြင်တွေ့ရလေသည်။ သူက ထို အစီအစဉ်တွင် ပြောသည်မှာ သူ၏ ရဲရဲတောက် တော်လှန်ရေးကြီး ဆင်နွဲမှုကို လိုက်လံ ဖမ်းဆီး ကြကုန်လေသဖြင့် သူ့ခမျှာ ပန်ချာပီ ရုပ်ဖျက်လျှက် ထွက်ပြေးလာရသည် ဟူလေသည်..။ အလို... အစ်မကြီးက ဟိုမှာထိုင် အစ်ကိုကြီးက ဒီနားတိုး စသည်ဖြင့် လုပ်သည်လည်း ရဲရဲတောက် တော်လှန်ရေး မည်လေသည် ... ပန်ချာပီ လိုမြင်လိုက်ရသော်လည်း .. ဟိုဘက်မှာ ပန်ချာပီ ရုပ်ဖျက် ထွက်ပြေးရသည် ဖြစ်ပြန်လေသည် ...................... ရဲရဲတောက် လှပေစွ တကား .... ။။။။။ ထောက်လှမ်းရေး တပ်ဖွဲ့သည်ကား လွန်စွာမှ နုံလှပေသည်တကား ..............

ထို့နောက် လမ်းမကြီး တစ်ခုထက် စိုးပေ တို့ ကျောင်းသားများ ပူညံ ပူညံ လုပ်ကြချိန် လက်နက်ကိုင် များနှင့် နီးကပ် လာလေတော့ရာ “ဟေ့ကောင်တွေ ပစ်လိုက်ပါ ပစ်လိုက်စမ်းပါ မင်းတို့ထက် သွေးရဲလို့ လမ်းမပေါ်တက်လာတာကွ သေရဲတယ် အမှန်တရားအတွက်ဆို သေရဲတယ်ကွ” ဟု ခေါင်းဆီးများ လက်ပတ်များ များနှင့် ရဲရဲတောက် လူတစ်စုကိုလည်း တွေ့ရသည်။ တစ်ကယ်တမ်းလည်း ဟိုဘက်က အငွေ့ထွက်သော အလုံး တစ်လုံး ပစ်ထည့်လိုက်တော့ရာ သွေးရဲသော ထိုသူတို့က အရင်ဦးစွာ ပျောက်သွားကြလေသည်။ စိုးပေ တို့ ကျောင်းသား တစ်သိုက်သာလျှင် လမ်းမထက်ဝယ် အူလည် ချာလည် ဖြင့် ကျန်ရစ်ခဲ့ရာ ဟေ့ကောင် ပြေးပြေး ဆိုမှ ရဲရဲတောက်သော စိုးပေ တို့တစ်သိုက်လည်း ဖနှောင့်နှင့် တင်ပါး တစ်သားတည်း ကျအောင် ခြေကုန်သုတ်ရလေသည်တည်း. .. ရဲရဲတောက်သော တော်လှန်ရေးပင်တည်း ................................

ဒါတွေကိုပြန်တွေးကြည့်တော့ ယနေ့ ပြန်တွေးကြည့်တော့ တစ်ကယ် လုပ်ခဲ့ သူတွေကို အလွန်အားနာမိသည်။ တစ်ကယ် ဘ၀ပျက်သွားသူတွေကို သနားမိသည်.။ တစ်ကယ် ရက်စက်ခဲ့သူတွေကို စိတ်နာမိပါသည်..။ ဒါပေမယ့် သေချာ စဉ်းစားကြည့်တော့ တစ်ကယ် စွန့်သွားခဲ့သူတွေ ဘာကို မျှော်လင့်ကြတာလဲ။။ သူတို့ မျှော်လင့်ပြီး စွန့်လွှတ်သွားခဲ့ကြတာ ချင်းမိုင် တို့ အမေရီးကားတို့ ဒေါ်လာ တို့လည်း မဟုတ်..။သူတို့ တိုင်းပြည် သူတို့ လူမျိုး တိုးတက် ကောင်းစားရေးကိုသာ မျှော်လင့် သွားကြသည်သာ ဖြစ်ပါသည်။ သူတို့ အတွက် ဖြစ်ဖြစ် စဉ်းစားပြီး ရင်ထဲက နာကျဉ်းချက်များကို သင်ပုန်းချေပါသည်။

စိုးပေ တို့ တိုင်းပြည်တွင် ၀က်သားဟင်းနှင့် ထမင်းကျွေး ပိုက်ဆံ (၃၅၀၀) ကျပ် နေ့တွက် ပေးရုံဖြင့်လည်း အမျိုးသမီးတစ်ဦးအား ရက်ရက်စက်စက် ရိုက်နှက် သတ်ဖြတ် ဆဲဆို ရန် ၀န်မလေးသူများ အများအပြားရှိကြသည်။ သေရဲသည် အမှန်တရားကို ချစ်မြတ်နိုးသည်ဟုဆိုလျှက် ချင်းမိုင်အထိ မားမားမတ်မတ် ရပ်တည်သွားကြသူများလည်း အများအပြားရှိပါသည်။။ ထို့နည်းတူ ထို့နည်းတူ စွာပင် ........... နေ့တာရှည်လိုက်တာ ညတာရှည်လိုက်တာဟု အခန်းကျဉ်း လေးများထဲမှ ငိုကြွေး နေကြရသူများလည်းရှိပါသည်.။ မည်သို့ ဆိုစေကာမူ ယနေ့ ပြန်ပြောင်းတွေးတော လိုက်သောအခါ စိတ်နာစရာများလည်း ရှိပါသည်။ ခါးသီး စရာများလည်း ရှိပါသည်.။ အိပ်မက် ဆိုးကြီး ကို နှစ်ကာလတာရှည် မက်ရ၏.။ မော ရသည်မှာ ကြာပြီလည်း ဖြစ်ပါသည်။

ရှေ့ဆက်ရမယ့် ခရီးမှာ လက်ပတ်လည်းမလုကြသင့်တော့၊ မားမားမတ်မတ်ရပ်တည်လျှက် ချင်းမိုင်ထိလည်း သွားရန်မသင့်တော့၊ အားလုံး အိပ်မက် ဆိုး ကြီးမှ နိုးထကြသင့်ပြီ ဖြစ်ပါသည်.။

အိပ်မက်ဆိုးကြီးမှ ယနေ့ နိုးထကြလျှင်ဖြင့် မနက်ဖြန်ပေါင်းများစွာသည် အင်နှင့် အားနှင့် သာတည်း ...............

လေပြေစိုး
(၂၅. ဒီဇင်ဘာ. ၂၀၁၁)
၃.၀၈

လူငယ်ဂျာနယ်လစ်တွေ ခြေမကျွံစေချင်လို






photo: NLD
လူထုစိန်ဝင်း

Hot News ဂျာနယ် http://www.hotnewsweekly.com/archives/954 မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါး ဖြစ်ပါတယ်။

လောကမှာ တူသလိုနဲ့မတူတာတွေ ရှိသလို၊ မတူသလိုနဲ့ တူနေတာမျိုးတွေလည်း ရှိတယ်။ သတင်းစာဆရာနဲ့ စာ ရေးဆရာဟာ စာတွေရေးနေကြတာချင်း တူပေမယ့် သဘော သဘာဝကျတော့ အခြေခံကစပြီး မတူကြဘူး။ အတော်လေး ကွဲပြားခြားနားတယ်။

ခံစားမှုကိုအခြေခံ
စာရေးဆရာက အဖြစ်အပျက်တစ် ခု အကြောင်းအရာ တစ်ခုမြင်တွေ့လိုက် ရတဲ့အခါမှာ ရုတ်တရက် သူ့ရင်မှာဖျိုးကနဲ ဖျတ်ခနဲဖြစ်ပေါ်လာတဲ့ ခံစားမှုကိုအခြေ ခံပြီး စာဖတ်သူများကို သူခံစားရသလို ခံစားစေလိုတဲ့ ဆန်္ဒနဲ့ ၀တ္ထုတစ်ပုဒ်ဖြစ် အောင်ရေးသားတယ်။ အဲ့ဒီလိုရေးသား ရာမှာ အဖြစ်အပျက် အကြောင်းအရာကို စာပန်းချီ ချယ်မှုန်းသလို အရောင်အသွေး စုံအောင် ထည့်ရတယ်။ အလင်းအမှောင် ညီညွတ်မျှတအောင်လည်း ဂရုစိုက်ရ တယ်။ အကျယ်ချဲ့သင့်တဲ့ နေရာမှာ ချဲ့ပြီး ချုံ့သင့်တဲ့နေရာမှာ ချုံ့ရတယ်။ ၀တ်္ထု တစ်ပုဒ်ကောင်းမကောင်း ဆိုတာ ဇာတ် လမ်း အဖြစ် အပျက် ကောင်းမကောင်းဆို တာထက် ၀တ္ထုရေးဆရာရဲ့ခံစားမှုစူးရှ ထက်မြက်မှု ရှိမရှိဆိုတာအပေါ် ပိုပြီး တည် တယ်။ ဇာတ်လမ်း ဘယ်လောက် ကောင်း ကောင်း စာရေးဆရာရဲ့ ခံစားမှု စူးရှထက်မြက်မှု မရှိရင် ၀တ္ထုကောင်းတစ်ခု ဖြစ်မလာ နိုင်တော့ဘူး။ ၀တ္ထုရေးဆရာကောင်းတစ်ယောက် ဖြစ်ဖို့အတွက် နက်နက်ရှိုင်းရှိုင်း ခံစားတတ် တဲ့ အလေ့အကျင့် ရှိဖို့ လိုပါတယ်။

ခံစားမှုကိုချိုးနှိမ်
သတင်းစာဆရာကျတော့ အဲဒီလို မဟုတ်ဘူး။ ကိုယ်ပိုင်ခံစားချက်ကို လုံးဝ ချိုးနှိမ်ထားရတယ်။ ဖြစ်တာကိုဖြစ်တဲ့ အတိုင်း၊ မြင်တာကိုမြင်တဲ့အတိုင်း၊ ကြား တာကိုကြားတဲ့အတိုင်း အပိုအလိုမရှိ အတိုအကျဖော်ပြရတယ်။ အဖြစ်အပျက် ကို ပုံကြီးမချဲ့ရသလို ချုံ့ပစ်ဖျောက်ပစ် လည်းမလုပ်ရဘူး။ သတင်းရေးတဲ့အခါ ၀တ်္ထုရေးသလို ဖွဲ့ကာနွဲ့ ကာနဲ့ စာပန်းချီ ချယ်မှုန်းတာမျိုး မလုပ်ရဘူး။ စာမျက်နှာ တိုင်းမှာ စာဖတ်ပရိသတ်အတွက် တန် ဖိုးရှိတဲ့ သတင်းတွေ များများပါအောင် ထည့်နိုင်ဖို့အတွက် အရေးအသားသိပ် သည်း ကျစ်လျစ်ရမယ်၊ လိုတိုရှင်းဖြစ်ရ မယ်။ မလိုအပ်တဲ့ စကားလုံးပိုတွေ မပါလေ ၀ါကျက ခွန်အားရှိလေဖြစ်တယ်။ သတင်းရေးတဲ့အခါမှာ ကိုယ့်အမြင်၊ ကိုယ့် အယူအဆတွေ၊ ကိုယ့်အာဘော် တွေ လုံးဝ ကင်းစင်စေရမယ်။ ကိုယ့်အမြင်၊ ကိုယ့်အယူအဆ၊ ကိုယ့်အာဘော်ကို ဖော်ထုတ်ချင်ရင် ကိုယ့်နာမည်ခံပြီး ဆောင်းပါးအဖြစ်ရေးနိုင်တယ်။ သတင်း မှာတော့ ကိုယ်မြင်တာကို မြင်တဲ့အတိုင်းပဲ ရေးရမယ်။

တိုက်ပွဲတိုင်းရှေ့ကပါ
စာရေးဆရာနဲ့ သတင်းစာဆရာတူ သလိုနဲ့ မတူသလို၊ သတင်းစာဆရာနဲ့ နိုင်ငံရေးသမားဟာလည်း တူသလိုနဲ့ မတူ ကြဘူး။ နိုင်ငံတစ်နိုင်ငံအတွက် နိုင်ငံရေး သမားတွေဟာ အရေးပါတဲ့မရှိမဖြစ်နေ ရာကပါဝင်နေသလို သတင်းစာဆရာ တွေဟာလည်း စတုတ်္ထမဏ္ဍိုင်ရယ်လို့ သတ်မှတ်ရလောက်အောင် အရေးပါသူ တွေဖြစ်ကြတယ်။ အထူးသဖြင့်လွတ်လပ် ရေးအတွက် ဒါမှမဟုတ် ဒီမိုကရေစီရေး အတွက် တိုက်ပွဲဝင်နေရတဲ့ နိုင်ငံတွေမှာ နိုင်ငံရေးသမားတွေနဲ့ တန်းတူသတင်းစာ ဆရာတွေလည်း ရှေ့တန်းက အမြဲတန်း တိုက်ပွဲဝင်ခဲ့ကြတယ်။““မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးတိုက် ပွဲမှန်သမျှမှာ သတင်းစာဆရာတွေ ရှေ့ တန်းက မပါတဲ့ တိုက်ပွဲ တစ်ခုမှမရှိခဲ့ဘူး”” ၀န်ကြီးချုပ်ဦးနုကို ဘ၀ရှင်မင်းတရားကြီး ဖြစ်နေပြီလို့ ဝေဖန်ပြီး ယဉ်ကျေးမှုဝန်ကြီး ရာထူးက ထွက်ခဲ့တဲ့ နေ့စဉ်သတင်းစာ အယ်ဒီတာချုပ် ဆရာဦးထွန်းဖေပြောခဲ့ တဲ့စကားပါ။

ရန်သူတော်နံပါတ်တစ်
ဟုတ်ပါတယ်။ နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲစဉ်တစ်လျှောက်လုံးမှာ သူရိယတို့ မြန်မာ့အလင်းတို့ ဆိုတဲ့ သတင်းစာကြီး တွေဟာ ရှေ့တန်းက ပါခဲ့ကြပါတယ်။ ဖက်ဆစ်တော်လှန်ရေးကာလမှာလည်း ပါခဲ့ပါတယ်။ ဆရာကြီးသခင်ကိုယ်တော် မှိုင်းဆိုရင်နယ်ချဲ့အင်္ဂလိပ်အစိုးရက ရန်သူတော် နံပါတ်တစ် အဖြစ် သတ်မှတ် ခဲ့သလို၊ ဂျပန်ခေတ်မှာလည်း တိမ်းရှောင် ပုန်းအောင်းနေခဲ့ရပါတယ်။ နိုင်ငံရေးကိစ်္စ မှန်သမျှမှာ သတင်းစာဆရာတွေဟာ ခေတ်တိုင်းမှာရှေ့တန်းက ပါခဲ့ကြတာ မှန်ပေမယ့် သတင်းစာဆရာနဲ့ နိုင်ငံရေး သမားဟာ သဘာဝချင်းဖြင့် မတူဘူး။ အများကြီးခြားနားတယ်။

ဒဲ့ဒိုးပြောရတယ်
သတင်းစာဆရာက အထက်မှာရေး ခဲ့သလို ဖြစ်တာကိုဖြစ်တဲ့အတိုင်း၊ မြင် တာကိုမြင်တဲ့အတိုင်း သနပ်ခါးလိမ်း၊ ပန်းပန် မလုပ်ဘဲ အရင်းအတိုင်းဒဲ့ဒိုး (တဲ့တိုး) ပြောရတယ်။ ပြုပြင်ဖာထေးလုံးဝမလုပ် ရဘူး။ နိုင်ငံရေးသမားရဲ့ သဘာဝကျ တော့ အဲဒီလိုမဟုတ်ဘူး။ ဖြစ်တာကိုဖြစ်တဲ့အတိုင်း၊ မြင်တဲ့၊ ကြားတဲ့အတိုင်း ပြောလို့မဖြစ်တဲ့ အခါတွေ ရှိတယ်။ လူအများ လက်ခံချင်အောင် သကာရည် လောင်းပြီးပေးရတဲ့အခါတွေ ရှိတယ်။ သနပ်ခါးလိမ်း၊ ပန်းပန်ပေးရတဲ့အခါတွေ ရှိတယ်။ မချစ်သော်လည်း အောင့်ကာ နမ်းလုပ်ရတာမျိုးတွေ ရှိတယ်။ စိတ်ထဲက ခါးသီးနေပေမယ့်““သံတမန်ပြုံး”” (Diplomatic Smile) ပြုံးပြရတာတွေ ရှိတယ်။ ကတ်္တီပါလက်အိတ်အောက်မှာ သံလက်သီးစွပ်ထားရတာမျိုးလည်း လုပ်တတ်ရ တယ်။

ပါတီဝင်ကောင်းဆိုတာ
နိုင်ငံရေးသမားတွေမကောင်းဘူးလို့ ပြောတာမဟုတ်ဘူး။ နိုင်ငံရေးရဲ့သဘာဝ ကိုက အဲဒီလိုရှိတယ် ဆိုတာကို ပြောတာ ပါ။ အများနဲ့ဆက်ဆံရ၊ နိုင်ငံတကာနဲ့ ဆက်ဆံရတာ ဆိုတော့ ဒစ်ပလိုမေစီဆိုတဲ့ သံတမန်ပရိယာယ်ကို မသုံးမဖြစ် သုံးရ တယ်။ စိတ်ထဲမှာ ရှိတဲ့အတိုင်းပြောလို့ လုပ်လို့ မဖြစ်ဘူး။ ကိုယ်က လက်မခံနိုင်ပေ မယ့် ပါတီထဲမှာ အများစုက လက်ခံတယ် ဆိုရင် အများစု သဘောတူ ဆုံးဖြတ်တာ ကို လိုက်နာ လက်ခံရတယ်။ ကိုယ်မကြိုက် ပေမယ့် အများ ဆုံးဖြတ်တာကို လိုက်လုပ် ရတယ်။ ဒါမှ ပါတီဝင်ကောင်းလို့ ဆိုနိုင် တယ်။ ဒါဟာ ဒီမိုကရေစီရဲ့ သဘော သဘာဝလည်းဖြစ်တယ်။

ရယ်စရာစကား
၂၀၁၁-ခုနှစ်အတွင်းမှာ အပြောင်း အလဲတွေအများကြီးမြင်တွေ့ခဲ့ရတယ်။ နှစ်ပေါင်းငါးဆယ်အတွင်း မတွေ့မမြင်ရ တဲ့ အရာတွေကို မြင်တွေ့လာရတယ်။ မကြားဖူးတဲ့အရာတွေကိုကြားလာရတယ်။ ဒီမိုကရေစီ ဆိုတဲ့ အသံတွေညံနေအောင် ကြားရတယ်။ တချို့က အရိပ်အယောင် ကိုပဲ မြင်တွေ့ရသေးပြီး၊ အကောင်အ ထည်ကို မတွေ့ရသေးဘူး။ တချို့က အသံသာကြားပြီး အရိပ်အယောင်ကိုမတွေ့ရ သေးဘူး။ တစ်လောက မိတ်ဆွေတစ် ယောက်ကနောက်ပြောင်ပြောဖူးတယ်။ ခုချိန်ထိတော့ ဒီမိုကရေစီရတာ ၃ ခုပဲ သူတွေ့တယ်တဲ့။ အဲဒါကတော့ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ သင်္ဃန်း ကျွန်းအမတ်ဦးသိန်းညွန့်ရယ် ဂျာနယ် တွေရယ်ပဲတဲ့။ သူက ရယ်စရာအဖြစ်ပြော ခဲ့တာပါ။

ဘောလုံးပွဲအသံလွှင့်သူလို
သူပြောသလိုပဲ ဂျာနယ်တွေက တော့ လက်တွေ့သိသိသာသာဒီမိုကရေ စီကို ထိတွေ့နေရတယ်။ အရင်ကရေးလို့ မရတာတွေ အခုရေးလို့ရလာတယ်။ ဖြုတ် တာဖြတ်တာ မရှိသလောက်နည်းသွား တယ်။ ရေးခွင့်ရလာလို့ရေးရင်းနဲ့ ဂျာနယ် သမားတွေနိုင်ငံရေးသမားဖြစ်မှန်းမသိ ဖြစ်မသွားအောင်တော့ သတိပြုဖို့ လိုနေတာတွေ့ရပါတယ်။ တချို့ဂျာနယ်သမား တွေက ဘောလုံးပွဲ တိုက်ရိုက်အသံလွှင့် သူတွေနဲ့ တူတူလာတာတွေ့ရတယ်။ ဘောလုံးပွဲ သတင်းလွှင့်သူရဲ့တာဝန်က ကွင်းထဲမှာ ကစားနေတာတွေကို ပရိသတ် မျက်စိထဲရှင်းကနဲ ကွင်းကနဲမြင်လာအောင် ပြောပြရမှာဖြစ်တယ်။ ဒါပေမဲ့ သတင်းကြေညာသူတွေက ကစားပုံတွေ ကို ပြောမယ့်အစား ကစားကွက်နည်းဗျူ ဟာတွေ မှားနေတဲ့အကြောင်း၊ နည်းပြက လူထုတ်ပုံ မမှန်တဲ့အကြောင်း၊ ဘယ်နေရာ မှာဘယ်သူ့ကို ထားသင့်တဲ့ အကြောင်းဝင် ၀င်ပြီး ဆရာလုပ်လေ့ရှိကြတယ်။

ခြေမကျွံစေချင်လို့
ဘောလုံးပွဲသတင်းထောက်ရဲ့အလုပ်က ဘောလုံးကစားပုံတွေကို ပရိသတ်က ကိုယ်တိုင် ၀င်ကြည့်နေရသလို ခံစားရ အောင်ပြောပြဖို့၊ ရေးပြဖို့ပဲ တာဝန်ရှိတယ်။ ဘော လုံးသင်းနည်းပြကို သွားပြီး ဆရာ လုပ်ဖို့မဟုတ်ဘူး။ ဒါက သူ့အလုပ်မဟုတ် ဘူး။ တစ်ချို့ဂျာနယ်တွေက နိုင်ငံရေး သတင်းတွေ အကြောင်း စာဖတ်ပရိသတ် သိအောင်ရေးပြရုံတင် မဟုတ်တော့ဘဲ ဘယ်ကိစ်္စ လုပ်လိုက်တာမှားတယ်။ ဘယ် ဟာကို ဘယ်လို လုပ်သင့်တယ်။ ဘယ်လို တော့ မလုပ်သင့်ဘူး စသဖြင့်၊ စသဖြင့် ၀င်ပြီး ဆရာလုပ်နေတာတွေ့ရတယ်။ တချို့ကျတော့ ပါတီတစ်ခုအတွက် သိသိ သာသာပြောင်ကျကျ ၀ါဒဖြန့်ပေးနေတာ မျိုးလည်းရှိတယ်။ ဒူးနေရာဒူး၊ တော်နေ ရာတော်ဆိုတဲ့ မြန်မာစကားအတိုင်း ဂျာ နယ်သမားက ဂျာနယ်အလုပ် လုပ်၊ နိုင်ငံ ရေးသမားက နိုင်ငံရေး အလုပ်လုပ်၊ သူ့ နယ်နဲ့သူ စည်းခြားမှုရှိဖို့ လိုပါတယ်။ ဂျာနယ်သမား လူငယ်တွေ ခြေမကျွံစေချင်လို့ ပါ။

Friday, December 23, 2011

ထေရ၀ါဒ နှင့် မဟာယာန ကွာခြားချက်များ

မဟာယာနဘာသာကို လူတော်တော်များများ စိတ်ဝင်တစားရှိသော်လည်း အကြောင်းကြောင်း
ကြောင့်မလေ့လာဖြစ်ပဲ အလှမ်းဝေးနေကြတာကို သတိထားမိပါတယ်၊ အထူးသဖြင့် ကိုယ်နဲ့ မဆိုင်ပါဘူးလေ ဆိုပြီး ဖာသိဖာသာနေတာလဲ ပါမှာပါ၊ သို့သော်လည်း တိုင်းတပါးကို ရောက်လာ
တဲ့အခါမှာတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ဘာသာမျိုးစုံ၊ လူမျိုးပေါင်းစုံ၊ နောက်ဆုံး ဘာသာမဲ့ ၀ါဒသမားကအစ တွေ့မြင်နေကြရတာကြောင့် မသိမဖြစ်အနေနဲ့ လိုအပ်လာတယ်၊ စာရေးသူတို့ ဘုရားသားတော် ရဟန်းတွေမှာတောင် မြန်မာပြည်မှာတုံးက မလိုအပ်ဖူးလို့ ထင်ခဲ့မိတယ်၊

အခုတော့ ကိုယ့်ဝန်းကျင်မှာ မဟာယာနဘုန်းကြီးတွေ၊ သီလရှင်တွေ ၊ တရုတ် ကိုးရီးယား ဂျပန်လူမျိုးတွေကို တွေ့လာ၇တဲ့ အခါမှာတော့ သူတို့ဘာသာအကြောင်းကို မသိလို့ မရတော့ဘူး၊ သူ့တို့ဘာသာကို အစအဆုံး ဘုရား တရားက အစ လိုက်မေးနေရတယ် ဆိုရင် ကိုယ့်မြန်မာလူမျိုး သိက္ခာတော်တော်ကျနေပြီ၊ သီတဂူဆရာတော်ကြီး ပြောတဲ့ စကားတခွန်းကို မှတ်သားမိဘူးတယ်၊ ဘယ်ဘာသာကို မဆို လေ့လာထားပါ၊ သူတို့နဲ့ စကားပြောလို့ အနိုင်လိုချင်၇င် သူ့တို့ ဘာသာရဲ့ အားနည်းချက်ကို သိနေတော့ ပြောဆိုရတာ ( နောက်ဆုံး ငြင်းခုံရင်တောင် ကိုယ်က အနိုင်ရမယ် ) သိပ်လွယ်တယ် တဲ့။ အထူးသဖြင့် စာရေးသူတို့ မြန်မာနိုင်ငံမှာ မဟာယာန ဗုဒ္ဓဘာသာ ဆိုတာ တရုတ်ဘုန်းကြီးကျောင်းတွေမှာသာ ရှိတာမို့ ရဟန်းသံဃာတွေရော ဒကာ ဒကာမတွေပါ အလှမ်းဝေးနေခဲ့ကြတယ်။ ဒါကြောင့် လက်လှမ်းမှီသလောက်ကို တင်ပြလိုက်ပါတယ်၊

ထေရ၀ါဒ ဗုဒ္ဓဘာသာ - မည်ပုံ

ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူသော မဟာသက္ကရာဇ် ( ၁၄၈ )ခုနှစ် ကဆုန်လပြည့်နေ့မှနောက် ၃ လလွန်မြောက်ပြီးသောအခါ အရှင်မဟာကဿပဦးဆောင်သော ရဟန္တာမထေရ် ၅၀၀ ဖြင့် ရာဇဂြိုလ်မြို့တွင်ဘုရားရှင်၏ တရားတော်တို့ကို တလုံးတပါဒမျှ ပြင်ဆင် ဖြည့်စွက်ခြင်း၊ ထုတ်နှုတ်ပယ်ရှားခြင်း အလျင်းမရှိခဲ့ပဲ ဟောတော်မူခဲ့သည့်အတိုင်း တသွေမတိမ်း ပထမသင်္ဂါယနာ တင်တော်မူခဲ့ကြသည်။
အချုပ်အားဖြင့် ဘုရားဟောတော်မူခဲ့ပြီးသော တရားတော်တို့ကို ယနေ့အချိန်အထိ တလုံးတပါဒမျှ ပြင်ဆင်ဖြည့်စွက်ခြင်းမရှိပဲ တပည့်သား သာဝက အစဉ်အဆက် လက်ဆင့်ကမ်း သယ်ဆောင်လာသော ၀ါဒကို ထေရ၀ါဒ ဗုဒ္ဓဘာသာ ( တပည့်သား သာဝက မထေရ်အစဉ်အဆက် သယ်ဆောင်လာသော ဘုရားဝါဒ ) ဟု မှတ်နိုင်ပါသည်။

ဒုတိယ သင်္ဂါယနာ
မြတ်ဗုဒ္ဓ လွန်တော်မူပြီး သာသနာနှစ်ပေါင်း (၁၀၀)ကြာပြီးနောက် ၀ဇ္ဇီတိုင်းသားရဟန်းများ (ဒေ၀ဒတ်
တပည့်များ )မှ အဓမ္မ၀တ္ထု (၁၀)ပါးကို တောင်းဆိုခဲ့ကြသည်။ ဥပမာ နေလက်တစ်သစ်လွဲသည့်
အချိန်အထိ ၀ိကာလဘောဇန လုပ်နိုင်တယ်၊ သေနု(အရက်ခပ် ပျော့ပျော့ ယခုခေတ် ထန်းရည်လိုမျိုး )ကို သောက်နိုင်တယ်၊ ရွှေငွေများကို လူတွေလို စိတ်ကြိုက် ကိုင်တွယ်အသုံးပြုနိုင်တယ် -- စသဖြင့် တောင်းဆိုခဲ့ပြီး ထေရ၀ါဒဗုဒ္ဓသာသနာတော်အား ပြုပြင်ပြောင်းလဲရေးလုပ်လာသဖြင့် ထိုရန်သူတို့အား ကာကွယ်ရန် ဒုတိယအကြိမ် သင်္ဂါယနာတင်ရပြန်သည်။

(၂) သာသနာနှစ် (၁၀၀)နှစ်
(၃) နေရာ ဝေသာလီပြည်၊ ၀ါဠုကာရာမကျောင်း
(၄) ခေါင်းဆောင် အရှင်ယသမထေရ် ဦးဆောင်သော အရှင်ရေ၀တနှင့် အရှင်သဗ္ဗကာမိ
(၅) သံဃာဦးရေ ရဟန္တာပေါင်း (၇၀၀)
(၆) မင်း ကာလာသောကမင်း
(၇) ကြာမြင့်ချိန် (၈) လ

အရှင်ယသ၊ အရှင်ရေ၀တ အရှင်သဗ္ဗကာမီ ဦးဆောင်သော ၇ဟန္တာများ ဝေသာလီပြည်၌ သင်္ဂါယနာတင်နေစဉ် ၀ဇ္ဇီတိုင်းသားရဟန်းပျက်များကို သံဃာထု၊ မင်းပရိသတ်ထု၊ ပြည်သူလူထု ပေါင်းပြီး နှင်ထုတ်ခဲ့ကြသည်၊ ထိုရဟန်းပျက် များကာ တစ်သောင်းကျော် ပမာဏ ရှိခဲ့သည် ဟူ၏။

ထိုရဟန်းပျက်တို့ ကို တိုင်းပြည်မှ နှင်ထုတ်လိုက်ရာ ၎င်းတို့သည် ဟိမ၀န္တာတောင်ခြေဖက် သို့ သွားရောက်
ပြီး ရှင်ဘုရင်တစ်ပါးမှ သနားကာ ခိုလှုံခွင့်ပေးလိုက်ရာမှ ထိုရဟန်းတို့သည်လည်း သင်္ဂါယနာစင်ပြိုင် တင်ခဲ့ကြသည်။

ထိုရဟန်းတို့အား တစ်သောင်းကျော်ဟူသော ကြီးမားသော အင်အားရှိသဖြင့် မဟာသံဃိကဂိုဏ်းဟု နာမည် တွင်ခဲ့သည်၊ ထိုဂိုဏ်းမှ မဟာယာန၀ါဒ ဖြစ်လာသည်။
ထိုမှတဖန် ဝေသာလီ၌ ကျန်ရှိခဲ့ကြသော ရဟန္တာ ( ၇၀၀ )အဖွဲ့အား ဟီနယာနဂိုဏ်း သေးငယ် သောဂိုဏ်း ( တနည်းအားဖြင့် သဗ္ဗတ္ထိဝါဒဂိုဏ်း ) ဟု ခေါ်တွင်ခဲ့သည်။ ထိုဂိုဏ်းမှ ထေရ၀ါဒ ဆင်းသက်လာပါသည်။ အမှန်ကတော့ ငါတို့က ရွာရဲ့ မြောက်ပိုင်းမှာ နေတယ် ဆိုရင် သူတို့က တောင်ပိုင်းမှာ နေတယ် ဟု အလိုလို မပြောသော်လည်း ပြောသကဲ့သို့ ထေရ၀ါဒ ကိုလည်း မဟာယာန ၀ါဒီ တို့သည် ဟီနယာန ဟု သုံးစွဲခဲ့ကြလေသည်၊

အိန္ဒိယ တောင်ပိုင်းဒေသမှ စကာ ပြန့်နှံ့ခဲ့သောကြောင့် တောင်ပိုင်းဗုဒ္ဓဘာသာ(ထေရ၀ါဒ) ဟုလည်းအလွယ်တကူ မှတ်နိုင်ပေသည်။ ယခုအချိန်အထိ သီရိလင်္ကာ၊ ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီယား၊ လာအို နိုင်ငံတို့တွင် သာသနာထွန်းကားနေဆဲမို့ ထေရ၀ါဒ ၅ နိုင်ငံ ဟု အများက အသိအမှတ်ပြု လက်ခံထားဆဲဖြစ်သည်။

မဟာယာနမှာတော့ မဇ္ဈိမဒေသ အိန္ဒိယပြည် မြောက်ပိုင်း ဟိမ၀န္တာကနေ ပြန့်ပွားခဲ့သောကြောင့် မြောက်ပိုင်း ဗုဒ္ဓဘာသာ ( မဟာယာန ) ဟု မှတ်နိုင်သည်၊ဘီစီ ၁ ရာစု မှ စကာ အေဒီ ၁ ရာစု အအတောအတွင်း မဟာယာန ၀ါဒ စတင်ဖြစ်ပေါ်လာသည်ဟု သိရသည်၊ မဟာယာနတို့၏ Saddharma Pundarika Sutra သဒ္ဓမ္မပုဏ္ဍရိက သုတ်တွင်မူ အေဒီ ၂ ရာစုမှ စကာ ခေါင်းဆောင်ဖြစ်သော Nagarjuna နာဂဇုန သည် သူ၏ သုညတ၀ါဒကို စွဲကိုင်ကာ အင်အားကြီးမားစေခဲ့သည်၊ အေဒီ ၄ ရာစုလောက်တွင်တော့Asanga အသင်္ဂ နှင့် Vasubandhu ၀သုဗန္ဓု တို့ လက်ထက်တွင် မဟာယာနဘာသာသည် အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိအောင် ပြန့်ပွားခဲ့သည်ဟု ဆိုရပါမည်။
( မဟာ - မြင့်မြတ်သော၊ ယာန - နိဗ္ဗာန်သို့ ပို့ဆောင်ပေးသော အရာ၊ ယာဉ်ဟူသော၊ ၀ါဒ - အယူရှိသူ )

ထိုအချိန်မှစ၍ မြောက်ပိုင်း ဗုဒ္ဓဘာသာ ခေါ် မဟာယာန သည် တရုတ်ပြည်၊ တိဗက်၊ ပါကစ္စတန်၊ မွန်ဂိုလီးယား၊ ဗီယက်နမ်၊ ကိုးရီးယား ဂျပန် စသော တောင် အာရှ နိုင်ငံများအထိ နှစ်ပေါင်းများစွာ ခေတ်အဆက်ဆက် ပြန့်ပွားခဲ့သည်၊ ထိုနိင်ငံတို့တွင် ထေရ၀ါဒ ဘာသာ အားကောင်းစွာ ပျံ့နှံ့သည်ဟူ၍ မကြားဖူးခဲ့ပေ။ အနည်းစုတော့ ရှိခဲ့လိမ့်မည်၊ ထို့ကြောင့် တရုတ် ဂျပန် ကိုးရီးယား တို့၏ ဘာသာရေး အခန်းကဏ္ဍများတွင် တုံးခေါက်ခြင်း၊ ဖယောင်းတိုင် အမွှေးတိုင် ထွန်းခြင်း သေသူအား ရည်စူးကာ စက္ကူများအားမီးရှို့ ပြာချခြင်း စသည်များသည် နိုင်ငံ ဓလေ့ ယဉ်ကျေးမှု့အရ အနည်းငယ် ကွဲလွဲသည်မှအပ တူညီနေကြပေသည်။

ပြိုကျခါနီး အိမ်ကို ကျားကန် ထားရသလိုဖြစ်နေတဲ့ မဟာယာန ဘာသာဟာ နောက်ပိုင်းခေတ်မှာတော့ ဂျပန်နိုင်ငံက စပြီး ရဟန်းတော်များ အိမ်ထောင်ပြုသင့်တဲ့ဂိုဏ်း၊ မပြုသင့်တဲ့ ဂိုဏ်း ဆိုပြီး ကွဲပြားလာတယ်၊ တချို့အရက်သောက်ကြတယ်၊ တချို့က မသောက်ဘူး၊ တချို့သက်သက်လွတ်စားတယ်၊ တချို့က မစားကြဘူး၊ ဒါကြောင့် ယခုအချိန်မှာ ကိုးရီးယား ဂျပန် ဘုန်းကြီးတော်တော်များများဟာ
အိမ်ထောင်ရှိကြတယ်၊ အရက်သောက်ကြတယ်၊ ပါတီ နိုက်ကလပ်တက်ကြတယ် လို့ တဆင့်စကား ကြားဖူးပါတယ်၊ တရုတ်၊ တိဗက် ဟောင်ကောင် ထိုင်ဝမ် စတဲ့ နိုင်ငံတွေမှာ ရှိတဲ့ မဟာယာနဘုန်းကြီး တွေကတော့ အိမ်ထောင်ပြုတယ် လို့ မကြားမိပါဘူး၊ ဒါကြောင့် သူတို့ကတော့ နည်းနည်း သန့်ရှင်းသေးတယ် လို့ ယူဆ၇မှာပါ။ သက်သက်လွတ်ဝါဒကတော့ တော်တော် ကြီးစိုးနေဆဲပါပဲ၊ ဒါကလဲ ဘုရားရှင်လက်ထက်တော်အခါကတည်းက အရှင်ဒေ၀ဒတ်က တောင်းဆု ငါးပါးထဲမှာ ရဟန်းတော်များသက်သက်လွတ် စားဖို့ သိက္ခာပုဒ်ပညတ်တော်မူပါဘုရား - ဆိုပြီး တောင်းပန်ခဲ့ဖူးပေမယ့် ဘုရားရှင်က ခွင့်မပြုခဲ့ဘူး။

အရင်းစစ်တော့ အမြစ်မြေက - ဆိုသလို မြောက်ပိုင်း ဗုဒ္ဓဘာသာခေါ် မဟာယာန၀ါဒ ဟာလဲ ဒုတိယသင်္ဂါယနာ တင်ချိန် ကတည်းက အဓမ္မ၀ါဒက နေ ဆင်းသက်လာတာမို့ အယူဝါဒတော်တော်များများ လွဲနေတာ မထူးဆန်းတော့ပါဘူး။

လွတ်မြောက်ရာ လမ်းများ နှိုင်းယှဉ်ချက်
ထေရ၀ါဒ ဘာသာ တွင် နိဗ္ဗာန် ပန်းတိုင်သို့ -
၁ ။ သမ္မာသမ္ဗုဒ္ဓ အဖြစ်နှင့် ကူးမြောက်ခြင်း၊
၂ ။ ပစ္စေကဗုဒ္ဓါ ဘုရားငယ်အဖြစ် ကူးမြောက်ခြင်း၊
၃ ။ သာဝက ဗောဓိ - ခေါ် ရဟန္တာအဖြစ် ကူးမြောက်ခြင်း ဟု သုံးမျိုးရှိသည်။

မဟာယာန ဘာသာတွင်လည်း -
Bodhisattvayana, ( ဗောဓိသတ္တ ယာန ) ဘုရားအလောင်းယာန၊
Prateka-Buddhayana, ( ပစ္စေက ဗုဒ္ဓယာန ) ပစ္စေဗုဒ္ဓါလောင်း ယာန၊
Sravakayana ( သာဝက ယာန ) သာဝကလောင်း ယာန၊ဖြင့် ကူးမြောက်ခြင်း ဆိုပြီး တူညီသော အမျိုးအစားများ တွေ့ရသည်။

ထေရ၀ါဒ နှင့် မဟာယာန၀ါဒတွင် တူညီသော အင်္ဂါ ( ၆ ) ချက်
(၁) မြတ်စွာဘုရားကို နှစ်ဖက်စလုံးက ဆရာ အဖြစ်လက်ခံကြတယ်။
(၂) သစ္စာ လေးပါး တရားတော်ကို နှစ်ဖက်လုံးက အပြည့်အ၀လက်ခံကြတယ်။
(၃) မဂ္ဂင်ရှစ်ပါး တရားကိုလဲ လက်ခံတာချင်း တူညီတယ်၊

(၄) ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကို လက်ခံတာလဲ တူညီတယ်၊
(၅) ဖန်ဆင်းရှင်ကို နှစ်ဖက်လုံးမှာ လက်မခံပဲ ပယ်မြစ်ပါတယ်။
(၆) အနိစ္စ ၊ဒုက္ခ၊အနတ္တ နဲ့ သီလ၊သမာဓိ ၊ပညာတွေကို နှစ်ဖက်လုံးက လက်ခံကြတယ်။

Mahayana and Theravada
Now, what is the difference between Mahayana and Theravada?
I have studied Mahayana for many years and the more I study it, the more I find there is hardly any difference between Theravada and Mahayana with regard to the fundamental teachings.

1- Both accept Sakyamuni Buddha as the Teacher.
2- The Four Noble Truths are exactly the same in both schools.
3- The Eightfold Path is exactly the same in both schools.
4- The Paticca-samuppada or the Dependent Origination is the same in both schools.
5- Both rejected the idea of a supreme being who created and governed this world.
6- Both accept Anicca, Dukkha, Anatta and Sila, Samadhi, Panna without any difference.

အနတ္တကို နှစ်ဖက်စလုံးက လက်မခံကြပေမယ့် ကွဲပြားချက်က တရားတော်တွေ မဟုတ်ဘဲ ဗောဓိသတ္တ လို့ ခေါ်တဲ့ ဘုရားလောင်း ၊ ဘုရားကျင့်စဉ် အပေါ်မှာ ထားတဲ့ သဘောထား ဖြစ်နေတယ်။
ထေရ၀ါဒ က ဘုရားလောင်း ကို ပုထုဇဉ်ပဲရှိသေးလို့ မကိုးကွယ်ဘူး။ ထေရ၀ါဒဆိုတာ ရဟန္တာ ဖြစ်ဖို့ ကျင့်တဲ့ ၀ါဒဖြစ်ပြီး ၊ မဟာယာနကတော့ ဗုဒ္ဓဖြစ်မယ့် ဘုရားလောင်း ဗောဓိသတ္တကျင့်စဉ်ကို လက်ခံတဲ့ ၀ါဒပါ။
ထေရ၀ါဒမှာ ဗောဓိသတ္တကို လွတ်မြောက်ရာ သစ္စာတရားကို မသိသေးတဲ့ ပုထုဇဉ်မို့ မကိုးကွယ်
သေးပေမယ့် ၊ မဟာယာန မှာတော့ ကိုးကွယ်စရာ ဗောဓိသတ္တတွေ များပါတယ်။ ဘုရားလောင်း ၊ ဘုရားရဲ့ မိခင်၊ ဖခင် အများကြီး ရှိပါသေးတယ်။

ဖားအောက်ဆရာတော်ကြီးရဲ့ ဓမ္မစကြာနှင့် ၀ိပဿနာ တရားတော်ကို နာဖူးပါတယ်၊

မဟာယာန အယူဝါဒမှာ - အရဟတ္တဖိုလ်ရပြီးသား ရဟန္တာပုဂ္ဂိုလ်ဟာ ဒီဘ၀ကနေ နိဗ္ဗာန်ကို မျက်မှောက်ပြုလို့ မရသေးဘူး။ ရဟန္တာအဖြစ်ကနေ အနာဂမ် ၊ သကဒါဂမ် ၊ သောတာပန် အထိ ပြန် လျှောကျသွားတယ်။ ပုထုဇဉ်ပြန်ဖြစ်သွားရမယ် ။ ပြီးမှ ဘုရားဆုပန်ပြီး ဘုရားဖြစ်ဖို့ ပြန်ကြိုးစားကြရမယ်။

ထေရ၀ါဒ မှာတော့ မဟုတ်ဘူး - ပုထုဇဉ်ဘ၀ကနေ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ အစဉ်အတိုင်းဖြစ်ပြီးရင် နိဗ္ဗာန်ကို မျက်မှောက်ပြုရတာပါပဲ၊ နောက်ဆုံးဘ၀ပေါ့၊ သူ့အတွက် ဒီဘ၀ ဒီခန္ဓာကိုယ်ဟာ နောက်ဆုံးပါပဲ၊ ဘုရားဟောထားတဲ့ စကားလေးတခွန်းရှိတယ်၊ ရဟန္တာဖြစ်တဲ့သူ များလဲ ပြောလေ့ရှိကြတယ်၊ အထူးသဖြင့် ဘုရားရှင်ကိုယ်တိုင်ပါ။

(၁) အကုပ္ပါ မေ ၀ိမုတ္တိ = ငါ၏ ရရှိပြီးသော အရဟတ္တဖိုလ် ဥာဏ်သည် ဘယ်လိုအကြောင်း
ကြောင့်မှ မပျက်စီးနိုင်တော့ပေ။
(၂) အယမန္တိမာ ဇာတိ ၊ နတ္ထိ ဒါနိ ပုန ဗ္ဘဝေါတိ = ဒီဘ၀သည် နောက်ဆုံးဘ၀ပဲ။ နောက်ထပ် ဘ၀သစ် ဆိုတာ မရှိတော့ဘူး၊
(၃) နာပရံ ဣတ္ထတ္ထာယာတိ ပဇာနာတိ - ၇ဟန္တာ ဖြစ်ပြီးရင် နောက်ထပ် ကျင့်ကြံစရာ လုံးဝ မရှိတော့ဘူး - တဲ့။

ဒါကို ထောက်သောအားဖြင့် ထေရ၀ါဒဟာ အားလုံး ဘုရားဟောစကားနဲ့ တူညီနေသေးတယ်။
မဟာယာနမှာတော့ ကိုယ်မကြိုက်တာတွေကို ပယ်လိုက်၊ ထုတ်လိုက် ပြန်ထည့်လိုက်၊ အသစ်ထပ်တိုးလိုက်နဲ့ ခေတ်အ ဆက်ဆက် ဖြတ်သန်းခဲ့တာမို့ ဘယ်တရားက ဘုရားဟော တရား အစစ်အမှန်လဲ ဆိုတာ တိတိကျကျ ပြောနိုင်ဖို့ ခက်ခဲတဲ့ အခြေအနေကို ရောက်နေပါပြီ။ စစ်မှန်သော တရားတော်တို့ သည် မိမိတို့ လက်ထဲမှာသာ ရှိနေသေးသောကြောင့် အကျိုးရှိရှိ အသုံးချနိုင်ကြပါစေ ဟုသာ တိုက်တွန်းစကားဆိုရင်း နိဂုံး ချုပ်ပါရစေ --

ကိုးကား --
စူဠ၀ါပါဠိတော်
အနတ္တလက္ခဏသုတ်တော်
ဖားအောက် တရားတော်
အရှင်သုနန္ဒာလင်္ကာရ ၏FB တွင် တင်သောပို့စ်မှ ကူးယူဖော်ပြသည်.။

Twitter Delicious Facebook Digg Stumbleupon Favorites More