This is default featured post 1 title
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ သမ္မတနှင့် ဒုသမ္မတကြီးများ
This is default featured post 2 title
သမိုင်းဝင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း
This is default featured post 3 title
ဒေါ်အောင်ဆန်းစုကြည်
This is default featured post 4 title
သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပထမဆုံး တွေ့ဆုံ ဆွေးနွေး ဓါတ်ပုံ (MRTV4)
This is default featured post 5 title
စည်းလုံးခြင်းသည် အင်အား
Thursday, January 12, 2012
ဆောင်ရွက်မှု အလေးပေးခေါင်းဆောင်မှု(John Adair)
(ဆရာနေဇင်လတ်ရဲ့ ခေါင်းဆောင်များရဲ့ ခေါင်းဆောင် စာအုပ်မှ ကောက်နှုတ်ရယူချက် ဖြစ်ပါတယ်။)
Adair ၏ ချဉ်းကပ်မှု အဓိကမှာ ခေါင်းဆောင်မှု ၏ ကျွမ်းကျင်ခြင်းမှာ ဖွံ့ဖြိုးတိုးတက်နိုင်သော်လည်း အခြားသော အရည်အသွေးများ ဖြစ်သည့် ကိုယ်ကျင့်သိက္ခာ နှင့် နူးညံ့ သိမ်မွေ့ သော သည်းခံ စိတ်ရှည်ခြင်းများ သည်ကား ထိရောက် စွမ်းရည်ရှိ ခေါင်းဆောင်တို့  ၌ ရှိရမည့် အရည်အချင်းများ ဖြစ်ပါသည်။အ ခြားသော အောင်မြင်သည့် အလုပ်များဖြစ်စေရန် အဆုံးအဖြတ်ပေးခြင်း၊ စီမံခန့်ခွဲမှု၊ ပြဿနာတစ်ရပ် ကို ကိုင်တွယ်ခြင်းနှင့် တီထွင်ဆောင်ရွက် ခြင်းတို့ကို လည်း အလေးပေး ရေးသားခဲ့ ပါသည်။
(Action Centered Leadership)ဆောင်ရွက်မှု အလေးပေးခေါင်းဆောင်မှု သည် စက်ဝိုင်းသုံးခု ကို ကိုယ်စားပြု ပြီး စက်ဝိုင်းတစ်ခု နှင့် တစ်ခု ဆက်လျက်ရှိသည်။ ၄င်းတို့မှာ
(၁)လုပ်ငန်းပြီးမြောက်အောင်ဆောင်ရွက်မှု (Achieving the task)
(၂)လုပ်ငန်းအသင်းကို တည်ထောင်ခြင်းနှင့်ထိန်းသိမ်းခြင်း(Building and maintaining the team)
(၃)တစ်ဦးချင်းတိုးတက်ဖွံ့ဖြိုးမှု(Developing the individual )
Adair က သူ၏ ACL ပုံစံ ကို ရှင်းပြရာ၌ စက်ဝိုင်း (၃) ခုတို့ သည် မျှတစွာ ရှိနေရပြီး ဘောလုံးတစ်လုံး ကဲ့ သို့ တစ်ချိန်တည်းမှာ ပင်ဆက်စပ် သဟဇာတ ရှိနေရမည် ဟု ဆိုသည်။
္ကထိုပုံစံ ၏ ပါဝါ မှာ ရိုးစင်းစွာဖြင့် ယခု ခေါင်းဆောင်မှု က အလုပ်များကို ပြီးမြောက်အောင် လုပ်ဆောင်ပေးနိုင်ခြင်း ဖြစ်သည်။ Adair ၏ ခေါင်းဆောင်မှု ပုံစံသည် လုပ်ငန်းပြီးမြောက်မှု သာမဟုတ်ပဲ ထိရောက်သောစွမ်းဆောင်မှုကို ပေးသည်။ သင် ဘယ်သူဆိုတာ ထက် သင်ဘာလုပ်သည် ကိုသာ အခြေခံသည်။ စက်ဝိုင်းသုံးခု သည် တစ်ခု နှင့် တစ်ခု ချိတ်ဆက်ခြင်းမှ ဖြုတ်ခွာခြင်းမပြုရ။
စက်ဝိုင်းတစ်ခုခြင်းဖြင့် အောင်မြင်အောင်စွမ်းဆောင်၍ မရဟု ဆိုသည်။သီးခြားလည်း စက်ဝိုင်းတစ်ခု ခြင်း မတည်ရှိနိုင်။ ဥပမာအားဖြင့် စက်ဝိုင်းတစ်ခု ခြင်း အနေဖြင့် အလုပ်ပေါ် အခြေခံ သည့် အခါ အလွန်နုံခြာသော လုပ်ငန်းဆောင်ရွက်မှု မျိုးသာ ဖြစ်မည်။  တစ်ဦးချင်း ၏ အရည်အသွေး နှင့် လုပ်ငန်းဆက်စပ်မှု များကို ထိခိုက်စေမည် ဖြစ်သည်။ ထို့ကြောင့် ခေါင်းဆောင်မှု တစ်ခု သည် လုပ်ငန်း အောင်မြင်နိုင်ရန် အရာ (၃)ခု ကို စူးစိုက်ရမည် ဖြစ်သည်။
ခေါင်းဆောင်တစ်ဦး သည် အလုပ်အပေါ်တွင် သာ အာရုံထားမည်ဆိုပါက ရလဒ် အနေဖြင့် ရေတို အောင်မြင်မှု ကိုသာ ရရှိမည် ဖြစ်သည်။ ချဉ်းကပ်မှု မှာ အခြားသော သူများ အတွက် ရှေးရှုခြင်းမဟုတ်ပါက အာဏာရှင် ပုံစံ ဖြစ်လာပေမည်။
ACL ခေါင်းဆောင်မှု ပုံစံ ကို အောက်ပါအတိုင်း အကျဉ်းချုပ် လေ့လာနိုင်သည်။
(၁)အလုပ် ကို သတ်မှတ်ပါ။ အချင်းချင်း ဆက်သွယ်မှု ကို ထက်သန်စွာ ဆောင်ရွက်ပြီး လုပ်ငန်း အောင်မြင်စေရန် လိုအပ်ချက် အသေးစိတ်တို့ ကို စီမံချက် ပြုရမည်။
(၂)ခေါင်းဆောင်များကို တာဝန်ယူနိုင်အောင် ဆောင်ရွက်ရမည်။ ခေါင်းဆောင်ငယ်တစ်ဦးလျှင် (၄) ဦးမှ (၁၅) ဦးအထိ တာဝန်ယူနိုင်ရမည်။ အလုပ်(Task) ၊ အစုအဖွဲ့ (Team)၊ တစ်ဦးချင်း (Individual) ဟူသော ခေါင်းဆောင်မှု ရှုထောင့်များ ဘောင်တွင်း ၄င်း တို့ကို လေ့ကျင့်ပေးရမည်။
(၃)အလုပ်ကို စီမံချက်ရေးဆွဲ ကဏ္ဍများ ကို ကောင်းစွာ သတ်မှတ်၊ လုပ်ငန်းစဉ်များ ကို ကောင်းစွာ သေချာစေပြီး တိုးတက်မှု ကို စစ်ဆေးရမည်။ မိမိ ၏ ကတိတာဝန်များနှင့်တစ်ဦးချင်း အသင်းလိုက် စေ့စပ် သေချာပါစေ။
(၄)၀န်ထမ်းများနှင့် အသေအချာ တိုင်ပင် ဆွေးနွေး ပြီးသော အခါ တစ်ဦးချင်းစီ ၏ ရည်ရွယ်ချက်
သတ်မှတ်ရည်ရွယ်ချက်များ ကို တိကျစွာသတ်မှတ်ပေးရန်၊ အဖွဲ.၀င်တစ်ဦးချင်းစီ ၏ဆောင်ရွက်ချက်များ တိုးတက်မှုရလဒ် ကို ကောင်းစွာ ဆွေးနွေးပေးရမည်။
(၅)ဆုံးဖြတ်ချက်များ ကို တစ်ဦးချင်းစီ သို့ ရောက်အောင် ပို.ဆောင်ပေးရမည်။
(၆)မိမိဆုံးဖြတ်ချက်များနှင့် ပတ်သက်သောသူများကို စောစီးစွာတိုင်ပင်ထားပါ။
(၇)တစ်ဦးချင်း အနေအထားများ၏ အရေးကြီးပုံ ကိုေ ကာင်းစွာရှင်းပြထားပါ။ ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ နားလည်အောင် ကျယ်ပြန့်စွာ ရှင်းလင်းပါ။ လစဉ်တိုင်းမိမိအဖွဲ.သားများကို တိုးတက်မှုနှင့် ပတ်သက်၍ ရှင်းလင်းပါ၊ မူဝါဒ
အပြောင်းအလဲများ အောင်မြင်မှု၊ ဆုံးရှုံးမှု၊ ၀န်ထမ်းမျာ၏ တိုးတက်မှုအခြေနေ၊ အခြားသော အရေးကြီးသည့် အချက်များ
များကို လည်း ကောင်းစွာ ရှင်းလင်း ပြောကြားရမည်။
(ဂ)၀န်ထမ်းများ ကို တစ်သမတ်တည်း၊ စဉ်ဆက်မပြတ်လေ့ကျင့်ပြီး ဖွံဖြိုးတိုးတက်စေရမည်။
(၉)အဖွဲ.၀င်များ၏သာယာဝပြောရေးကို အလေးထား ဂရုစိုက်ရမည်။ အလုပ်ခွင် တိုးတက်ကောင်းမွန်ရေး ကိုဆောင်ရွက်ရမည်။ လုပ်ငန်းနှင့် ပတ်သက်သော အကြံကောင်းညဏ်ကောင်းများ ကို လျင်မြန်စွာမဆိုင်းမတွဆောင်ရွက်ရမည်။
(၁၀)စီမံခန်.ခွဲမှု ဆိုင်ရာအားလုံးကို ထိန်းသိမ်းကြပ်မတ်ပါ။အောင်မြင်မှုနှင့် ဆုံးရှုံးမှုများ မှ ရသောသင်ခန်းစာကို နာယူပါ။
(၁၁)သေချာစွာစူးစမ်းမှု၊နားထောင်မှုလူများကိုချီးမြှောက်မှုဖြင့်လေ့ကျင့်ရင်းစီမံခန့်ခွဲမှုကိုဆောင်ရွက်ပါ။
(၁၂)အလုပ်လုပ်ကြသူများ ပျော်ရွင်ချမ်းမြေ့စေရန် သူတိုအလုပ်ကို သူတို.နှစ်သက်ကြစေရန် မမေ့မလျော.ပါနှင့်။
Wednesday, January 11, 2012
သနားစရာနိုင်ငံသားများ (သို့မဟုတ်) ခေတ်မီနေဆဲသီချင်းတစ်ပုဒ်
ဟယ်လို.......ဟယ်....လို......
ဟယ်...............လို..........................ဟယ်.................လို
အသံတွေ နီးရာက ဝေးသွားပြန်ပြီ။
ဆိုးပ။
ကြည့်စမ်း။
လေထဲက လာပြီး....
လေထဲမှာ ပျောက်သွားတဲ့ ငါးထောင်တန်လေးတွေက
ဟာသဆန်လိုက်တာ။
ဘယ်သူ့ကိုမှတော့ ဖွင့်မပြောပြချင်တော့ပါဘူး
အိမ်နီးချင်းတွေရှေ့မှာ
မျက်နှာငယ်ရတာ အသားကျနေပြီပဲဆိုတဲ့
မချိတင်ကဲ စကားတွေ။
လွတ်ကျ သွားတာ မဟုတ်ဘူးဗျ
ပုတ်ချခံလိုက်ရတာပါ...တဲ့
ကျုပ်တို့ ဆုံးရှုံးလိုက်ရတာ
အဆီနဲ့ တ၀င်းဝင်း အခွင့်အရေးများ။
ပေးတဲ့သူက ပေးချင်တာတောင်
ပိတ်တဲ့သူက ပိတ်နေမှတော့
မရရင်လည်း မယူဘူးပေါ့..လို့ ပြောယုံပဲ
ကျုပ်တို့ တိုင်းပြည်မှာ
ပြိတ္တာတွေ အစားဝတယ်။
ဘာတွေ လွတ်ကျသွားတာပါလိမ့်။
တယ်လီဖုန်းတစ်လုံးလား။
အခွင့်အရေးတစ်ခုလား။
တိုးတတ်ခြင်း တစ်စိတ်တဒေသလား။
လူစဉ်မမီမှုဖြစ်စဉ်လား။
ဒါမှ မဟုတ်....
ခင်ဗျားတို့ ကျုပ်တို့ရဲ့ စိတ်ဓာတ်တွေလား။
အင်း....ရှက်စရာကောင်းလိုက်တာဗျာ။
ထူးဆန်းတယ်နော်..
ကျုပ်တို့တွေ ပုထုဇဉ်ပီသလိုက်ပုံများ
ဘယ်လောက်ပဲ အယုံမှားမှား
မျှော်လင့်ချက်ကတော့ဖြင့် မခါးကြပုံပါပဲ။
တစ်ခါ...နှစ်ခါ....သုံးခါ
အဲဒီတုန်းကလဲ
လွတ်ငြိမ်းချမ်းသာခွင့်မှာ
စိတ်နာခဲ့ကြပြီးပြီ။
နေပျော်တဲ့ဘဝ
ဒါမှမဟုတ်ရင်တော့
သေပျော်တဲ့ဘ၀ဖြစ်လိမ့်မယ်
ဒီတိုင်းပြည်မှာ ရှင်သန်ကြီးထွားဖို့
ဓာတ်မြေသြဇာကောင်းကောင်း မရှိဘူးထင်ရဲ့။
သြော်... လှူချင်သူရှေ့မှာ
ငတ်ပြ နေရတဲ့ တိုင်းသူပြည်သားတွေပါ့လား
အတော်လေးတော့  သနားစရာကောင်းနေပြီ။
မျှော်လင့်ချက်သာ မထားခဲ့ရင်....ဆိုတဲ့.
ထူးအိမ်သင်ရဲ့ သီချင်းကတော့
အခုထိ ခေတ်မီနေတုန်းပဲ။
လင်းရောင်
(5000 ကျပ်တန် ဖုန်းကဒ်သတင်းများ ငြင်းပယ်ခံရပြီးနောက်ကြေကွဲစွာ..ဖွဲ့ဆိုပါသည်)
မှတ်ချက် ။   ။ ရောင်းချပေးရန် ကမ်းလှမ်းခဲ့သော ရွှေပြည်တံခွန်ကုမ္မဏီအား ကျေးဇူးတင်ရှိပါသည်။
              ။   ။  ရောင်းချခွင့် မပြုခဲ့သော နိုင်ငံတော်အစိုးရအဖွဲ့တာဝန်ရှိသူများအား ရှုံ့ချပါသည်။
              ။   ။ သုံးစွဲခွင့် မရရှာသော ပြည်သူများအား.. စာနာပါသည်။
လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးက ပြင်ဆင်ပေးရန် ပျက်ကွက်နေဆဲ
ပညာခေတ်ကို လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးရေး စံနှုန်းများဖြင့် တိုင်းတာလာကြပါသည်။ အသိ၊ အတွေးကြွယ်သော နိုင်ငံသားများကို လေ့ကျင့်ပျိုးထောင် မွေးထုတ်ရန်အတွက် အသေချာဆုံးမှာ ဒီမိုကရက်တစ် စာသင်ခန်းများနှင့် စွမ်းဆောင်ရည်ပြည့်ဝသော
ကျောင်းဆရာထုဖြစ်၏။
၂၀၁၁ ခုနှစ် ကမ္ဘာ့ဆရာများနေ့ကို တကမ္ဘာလုံးမှာ ကျင်းပခဲ့အပြီး ၅ ရက်အကြာ အောက်တိုဘာလ၊ ၁၁ ရက်နေ့မှာ အခြေခံပညာကျောင်းဆရာဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၄၃) ကို အထက်မြန်မာပြည် ဗဟိုဝန်ထမ်းတက္ကသိုလ်မှာ ကျင်းပခဲ့ကြောင်းသိရှိရသည်။ ဆရာဆရာမ ၁၅၀၃ ဦးတို့ တက်ရောက်ခဲ့သည့် အထူးမွမ်းမံသင်တန်းတွင် ပညာရေးကော်မီတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေး တက်ရောက်ပြီး ဖွင့်လှစ်ခဲ့ကြောင်းလည်း သတင်းရရှိပါသည်။ နှစ် ၃၀- နှစ်ရှည် ပညာရေးစီမံကိန်း ရည်မှန်းချက်များအကြောင်းနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် ပညာရေး အရေးကြီးပုံတို့နှင့် ပတ်သက်ပြီး တင်ပြသွား၏။
မှန်၏။ ပညာရေးခေတ်၏ စိန်ခေါ်မှုတို့ကို ရင်ဆိုင်ရန် လူ့စွမ်းအားအရင်းအမြစ် တိုးတက်ရေးမှာ လွန်စွာ အခရာကျပါသည်။ သို့ရာတွင် မြန်မာ့ပညာရေးက လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးရေးအတွက် အမှန်တကယ်ပင် ပြင်ဆင်ပေးနေပါသလော။
သက္ကရာဇ် ၂၀၀၀ - ၂၀၀၁ ခုနှစ်မှ ၂၀၃၀-၂၀၃၁ အထိ အနှစ် ၃၀ ပညာရေးစီမံကိန်းကာလတွင် ပထမ ဆယ်စုနှစ်ကို ကျော်လွန်လာပြီဖြစ်သည့် ၂၀၁၁ အထိ စီမံကိန်းလုပ်ငန်းစဉ် ၁၀ ရပ်တွင် မည်သည့် စီမံကိန်းမျှ အောင်မြင်မှု မရရှိသေးသည်ကို အထင်အရှား လေ့လာတွေ့ရှိနိုင်ပါသည်။ အထူးသဖြင့် တကမ္ဘာလုံးဆိုင်ရာ ထောင်စုနှစ် ရည်မှန်းချက်များလည်းဖြစ်၊ မြန်မာ့ပညာရေးတွင် အရည်အတွက်နှင့် အရည်အချင်း တိုးတက်ရေး အတွက်လည်း အခရာကျနေသည့် လူ့စွမ်းအားအရင်းအမြစ်များ တိုးတက်ရေးတွင် ပြဿနာ ထုနှင့်ထေး ရှိနေဆဲ။ မူဝါဒအားနည်းသည့် အခြေအနေတွင် အာဏာပိုင်တို့၏ နိုင်ငံရေးဆန္ဒ ကင်းမဲ့နေမှုကြောင့်လည်း ဤအရေးကြီးသည့် ကိစ္စရပ်အတွက် အဖြေကိုမည်သို့မည်ပုံ ရှာဖွေကြမည်နည်း။ ပြည်တွင်းရှိ မြန်မာ့ ပညာရေးသမားများ၊ ပညာရှင်များက တိုက်ရိုက်တမျိုး၊ သွယ်ဝိုက်၍တဖုံ စေတနာဖြင့် တင်ပြထားချက်များ၊ သုတေသန ပြုချက်များကိုလည်း အရေးတယူ စဉ်းစားလုပ်ဆောင်ရန် ပျက်ကွက်နေပြန်ပါသည်။
ကိန်းဂဏန်းများက ခြောက်လှန့်နေလေသည်။
အသက် ၃ နှစ်မှ ၁၈ နှစ်အတွင်းကျောင်းနေအရွယ် ကလေးငယ် ဦးရေ ၁၃ သန်းခန့် ရှိသည်ဟု ခန့်မှန်းရသည်။ (၂၀၀၆ ယူနီဆက်ဖ် အစီရင်ခံစာအရ ၁၂ သန်းခန့်ရှိခဲ့ပါသည်။) သို့ရာတွင် ၂၀၁၁ အခြေခံပညာရေးတွင် ကျောင်းအပ်ထားသူဦးရေမှာ ၇.၅ သန်းမျှသာ ရှိလေရာ ကျောင်းနေအရွယ် ကလေးငယ် ၅ သန်းကျော်မျှ ကျောင်းစာသင်ခန်း အပြင်ဘက်တွင် ရှိနေရဆဲဖြစ်၏။ ကျေးရွာ ၅ ရွာတွင်မှ ကျောင်းတစ်ကျောင်းသာ ရှိနေသေးသည်။ ကျောင်းထွက်နှုန်းမှာ ကြောက်ခမန်းလိလိ။
သန်း ၆၀ လူဦးရေ ရှိသည့် အိမ်နီးချင်းထိုင်းနိုင်ငံတွင် ကျောင်းဆရာဦးရေ ၄ သိန်းခန့် ကျောင်း ၃ သောင်း ကျော်တွင် ပညာသင်ကြားပေးလျက်ရှိသည်။ လူဦးရေ မတိမ်းမယိမ်းရှိသည့် မြန်မာပြည်တွင်မူ ကျောင်းဆရာ ဦးရေမှာ ၂ သိန်း ၆ သောင်းမျှဖြင့်သာ စခန်းသွားနေဆဲ ရှိနေလေသည်။ ကျောင်းဆရာ တသိန်းကျော်ခန့် အမှန်တကယ်လိုအပ်နေလေသည်။ အကျိုးဆက်အနေဖြင့် စာသင်ခန်းတစ်ခန်းတွင် ကလေးငယ်ဦးရေ ၄၀ ကျော်- ၅၀ ကျော်ဖြင့် ပြွတ်သိပ်ကျပ်ညှပ်စွာ ကျောင်းတက်နေရလေသည်။ လူမှုစီးပွား မပြေလည်ခြင်းနှင့် ဂုဏ်သိက္ခာကျဆင်းနေခြင်းကြောင့် ဆရာ အလုပ်စွန့်နှုန်း မြင့်မားနေဆဲ အခြေအနေနှင့် အမီ ဆရာအသစ်ကို မဖြည့်ဆည်းပေးနိုင်ပြန်ပါ။ စာသင်ခန်းများစွာမှာ အသိပညာ၊ အတတ်ပညာတို့ ဖွံ့ဖြိုးပြီး ခေတ်၏ လိုအပ်ချက်တို့ကို ရင်ဆိုင်နိုင်မည့် လူသားအရင်းအမြစ်တို့ကို လေ့ကျင့်ပျိုးထောင်ရန် များစွာ အခက်အခဲ ရှိနေပါသည်။
သို့ဖြစ်လေရာ လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက်ဟု ပြည်ထောင်စု ပညာရေးဝန်ကြီး၏ ကြွေးကြော်သံကို ကျောင်းဆရာထု မည်သို့ ခံစားနိုင်ပါမည်နည်း။ ပိုမိုဆိုးရွားသည်မှာ ကလေးငယ်အားလုံး စာသင်ခန်း အတွင်းဘက်သို့ ၀င်ရောက်နိုင်ရေးအတွက် မစီမံနိုင်သေးခြင်းပင်ဖြစ်သည်။ ပညာငတ်မွတ်မှုဖြင့် ရှင်သန်နေရခြင်း၊ ပညာရေး အရည်အသွေး ပြဿနာ ရှိနေခြင်းတို့၏ တရားခံမှာ မည်သူတို့နည်း။ ကျောင်းဆရာထုမှာ စာသင်ကြား ပြသပေးနေသည့် တာဝန်ကို ကျေပွန်ကြပါ၏။ နာ ၃ နာ မတိမ်ကောရန် ရုန်းကန်ကြိုးစားနေရှာကြဆဲ။
သို့ရာတွင် ဒီမိုကရက်တစ် စိတ်ထား၊ ဒီမိုကရေစီ ယဉ်ကျေးမှုအတွက် သင်ရိုးညွှန်းတမ်းကား ပျောက်ဆုံးနေဆဲ။ မည်သို့သော လူသားအရင်းအမြစ်များကို မွေးထုတ်လေ့ကျင့် ပေးနေပါသနည်း။ မြန်မာ့လူ့အဖွဲ့အစည်း၏ မျှော်မှန်းချက် ပန်းတိုင်လည်းဖြစ်သည့် ဒီမိုကရေစီ လူ့အဖွဲ့အစည်းနှင့် ငြိမ်းချမ်းရေးယဉ်ကျေးမှု၊ ဆင်းရဲမွဲတေမှု လျှော့ချရေး၊ အသိ၊ အတွေးတို့ကြွယ်သော နိုင်ငံသားတို့ကို စာသင်ခန်းများအတွင်းက စတင်တည်ဆောက်မှ သာလျှင် ခိုင်မြဲပါလိမ့်မည်။ သေချာပါမည်။
သို့ဖြစ်လေရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးတွင် အခရာ ကျနေသည့် ကလေးငယ်အားလုံး စာသင်ခန်းအတွင်း ရောက်ရှိရေးနှင့် ဒီမိုကရက်တစ် စာသင်ခန်းများ ပေါ်ထွန်းရေးအတွက် ကြိုးစားရန် အထူးလိုအပ်နေသေးကြောင်း တိုက်တွန်းလိုက်ရပါသည်။
မောက္ခပညာရေးမဂ္ဂဇင်း
အောက်တိုဘာ ၂၀၁၁
ငါးထောင်တန် ဖုန်းကတ် ၏ အတွေးဆက်များ
            အခု တစ်လော ငါးထောင်တန် ဖုန်းကတ် ကိစ္စတွေ အသံတွေ တော်တော်ကြားနေရပါတယ်။ သာမန်လက်လုပ်လက်စား လူတန်းစား တွေ အဖို့ ဖုန်းတစ်လုံး ကိုင်ဆောင် သုံးစွဲ နိုင်ဖို့ ဆိုတာ အိပ်မက်တောင် မမက်ဝံ လောက်တဲ့ ဈေးနှုန်းတွေ  တချိန်တုန်း က ဖြစ်ခဲ့ ပါတယ်။ အခု နိုင်ငံ ရဲ့ အပြောင်းအလဲ မှာ ဈေးနှုန်းတွေ ကျဆင်းလာတယ် ဆိုပေမယ့် သာမန် လူတန်းစားတွေ လက်လှမ်းမမှီသေး ပါဘူး။ အဲဒီ အချိန် မှာ ကုမ္ပဏီ တစ်ခု ကနေ ဆင်းကတ် တစ်ကတ် ကို မြန်မာငွေ ငါးထောင် ကျပ်နဲ့ ရောင်းချပေးမယ့် အကြောင်း သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။ အဲဒီ အချိန်မှာတော့ သာမန် အခြေခံ လူတန်းစားတွေ ရဲ့ ဖုန်း ကိုင်ဆောင်ရေး အိပ်မက်တွေ နိုးထ လာပါတယ်။ မျှော်လင့် တကြီး စောင့်စားလာကြပါတယ်။
             အဲဒီ အချိန်မှာပဲ မြန်မာ့ ဆက်သွယ်ရေးမှ တာဝန်ရှိသူ တချို့ ရဲ့ ၅၀၀၀တန် ဖုန်းကတ် ကိစ္စ မဖြစ်နိုင်ကြောင်း အသံတွေ ထွက်လာပါတယ်။ ပြည်သူ လူထုကြားထဲ မှာလဲ ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူး အငြင်းပွားသံတွေ ထွက်ပေါ်လာပါတယ်။ ဒီကိစ္စ မှာ ကျွန်တော့် အမြင် ကတော့ 
ဖုန်းကတ်တစ်ကတ် ကို 5000နဲ့ မရောင်းနိုင်ဘူး ဆိုတာ နည်းပညာ အရ ဖြစ်နိုင်တယ်လို့ ထင်ပါတယ် အရင်းအနှီးမြှပ်နှံနိုင်တယ်ဆိုရင် စက်ပစ္စည်းတွေ ရင်းနှီး ရတဲ့ ငွေ ကို မြှပ်နှံ ထားပြီး ဖုန်းခေါ်ဆို ကနေ ပြန်လည် အမြတ်ယူတာ ဟာ နိုင်ငံတကာ မှ လုပ်နေကြတာ ထုံးစံပါ project တစ်ခု လုံး ရဲ့ ကုန်ကျစရိတ် ကို ဆင်းကတ်ရောင်းတဲ့ အချိန်မှာ ပြန်ရအောင် တွက်ချက်ရောင်းချနေတာ ကြောင့်သာ မြန်မာနိုင်ငံမှာ ဖုန်း ဆင်းကတ် တန်ဖိုးတွေ ကြီးမြင့်နေရတာပါ။
နောက်ပိုင်း ဆက်သွယ်ခတွေ က တော့ အမြတ်အကြီးစားတွေ ပေါ့။ တကယ်တော့ အမြတ်ရယူ ပုံ ပေါ်မူတည်ပြီ ဈေးနှုန်းကွာခြားမှုတွေ ဖြစ်စေတာပါ။ စေတနာ အပေါ်လဲ မူတည်မှာပေါ့ဗျာ။
               မြန်မာ့ ဆက်သွယ်ရေး ကလဲ ၀န်ထမ်းတွေ ဖြစ်တဲ့ အတွက် သူတို့ ကိုင်တွယ်ရတဲ့ ပရောဂျက် ကို ဘယ်စွန့်စားရဲ ပါမလဲ။အပိုင်ချည်ပြီးတုတ်ပြီး ပဲ လုပ်မှာပေါ့ဗျာ ရှုံးရင် သူတို့ရာထူးးတွေ ပြုတ်မှာ ဖြစ်တဲ့ စွန့်စားမှုတွေ ဘယ်လုပ်မလဲ ဗျာ ဒါကလဲ ရှင်းပါတယ်။ အခု ဒီပရောဂျက်သာ လုပ်ပိုင်ခွင့် ပေးလိုက်ရင် ဆက်သွယ်ရေး ရဲ့ သန်းပေါင်းများစွာ သော ရောင်းချမယ့် ဖုန်းတွေ မရောင်းရတော့ ပဲ အမှိုက်တွေ ဖြစ်သွားမှာပါ။ တကယ်တော့ ပွင့်လင်းလာ တဲ့ ဈေးကွက် တံခါးဖွင့် ဈေးကွက်စီးပွားရေး စနစ် ရဲ့ ပြင်းထန်လှတဲ့ ပိုင်ဆိုင်မှု ကို လိုက်ပြုပြင်ပြောင်းလဲမှု မလုပ်နိုင်တဲ့ အစိုးရ ကော်ပိုရှင်းကြီးတွေ ရဲ့ အားနည်းချက် ကို ထိပါးလာတဲ့ ဖြစ်ရပ်တစ်ခုပါ။ 
တကယ်ပွင့်လင်းလာတဲ့ နိုင်ငံရေးစနစ် မီဒီယာတွေ စီးပွားရေး စနစ်တွေ တည်ဆောက်ချင်ရင်တော့ အစိုးရ ကော်ပိုရေးရှင်းကြီးတွေ ရဲ့ လုပ်ထုံးလုပ်နည်းတွေ တွေးခေါ်စဉ်းစားပုံတွေ ကို ပြောင်းလဲ ပစ်မှ ရနိုင်မှာပါ။ မပြောင်းလဲ နိုင်ဘူးဆိုရင်တော့ တိုင်းရင်သား လုပ်ငန်းရှင် တွေ ကို နာမည်ခံပြီး ၀င်လာမယ် နိုင်ငံခြား ကုမ္ပဏီး ကြီးတွေ လက် ထဲ ကို မြန်မာ့ စီးပွားရေး ကို ၀ ကွက် အပ်ရတော့ ပါမယ်။
တကယ်တန်း လိုအပ်နေတာ ငါးထောင်တန် ဆင်းကတ်ရောင်းမယ့် ကုမ္ပဏီ မဟုတ်ပါဘူး။ တိုးတက်နေတဲ့ ကမ္ဘာနဲ့ ရင်ပေါင်တန်း ယှဉ်ပြိုင် နိုင်မယ့် လုပ်ထုံး လုပ်နည်းတွေ အတွေးအခေါ်တွေ ပါ။အခု ငါးထောင်တန် ဆင်းကတ် ကို ရောင်းခွင့်ပေးပြီး ကျန်တဲ့ ပြုပြင် ပြောင်းလဲ ရေးတွေ မလုပ်နိုင်ရင်တော့ နိုင်ငံရပ်ခြား တိုင်းတပါး ကုမ္ပဏီတွေ ကို ဈေးကွက်တွေ ခွဲပေး ရပါမယ်။ တချိန်မှာ စီးပွားရေး ကို လိုသလို ချုပ်ကိုင်ခွင့် ကို ပေးရပါလိမ့်မယ်။ ဒါကြောင့် အခု လတ်တလော အကျိုးအမြတ်လောက်သာ ကြည့်ပြီး လုပ်ကိုင်နေတာ ထက် လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်သင့် နေပြီ ဖြစ်ကြောင်း အသိပေးတင်ပြလိုက်ရပါသည်။
                                                                                                ကိုဖိုးကောင်း
AddThis Social Bookmark Button
၁၉၉၂ခုနှစ်က ဘရာဇီးလ်နိုင်ငံ Rio dejaneiro မှာ ကမ္ဘာမြေထိပ်သီး ညီလာခံတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဒါဟာ သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်ပြီး UN က ကြီးမှူးကျင်းပတဲ့ ၂ ကြိမ်မြောက် ညီလာခံကြီးဖြစ်ပါ တယ်။ UN အဆင့် ပထမဆုံး သဘာဝပတ်ဝန်းကျင် ညီလာခံကြီးကို ၁၉၇၂ ဇွန် ၅ ရက်နေ့က ဆွီဒင်နိုင်ငံမှာ ကျင်းပခဲ့ခြင်းပါ။ ဒီနှစ် ၂၀ အတွင်းမှာ သဘာဝပတ်ဝန်းကျင် ပြဿနာတွေက ပိုမိုရှုပ်ထွေးပြီး လူနေမှုဘ၀တွေကို ခြောက်လန့် လာကြပါတယ်။ ဒါကြောင့်ပဲ Rio မှာ ကမ္ဘာ့ထိပ်သီးတွေစုပြီး အဖြေရှာကြတဲ့သဘောပါ။ အဲဒီညီလာခံမှာ လူအဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ဖို့ ရည်ရွယ်ချက်တွေ ထားရှိခဲ့ကြပါတယ်။ အစည်းအဝေး တက်ရောက်တဲ့ အရေးပါသူ အများစုကလည်း အဲဒီရည်ရွယ်ချက်ကို အောင်မြင်မယ်လို့ ယုံကြည်ထားခဲ့ကြပါတယ်။ ထိရောက်တဲ့ နည်းပညာတွေ၊ ပိုမိုပြည့်စုံတဲ့ ဥပဒေတွေ၊ သဘာတူညီမှုတွေနဲ့ စာချုပ်စာတမ်းတွေရဲ့ ကူညီမှုတွေလည်း ပါမယ်ဆိုရင် ပေါ့။
ဒါပေမဲ့ လက်တွေ့မှာတော့ သူတို့မျှော်လင့်သလို ဖြစ်မလာခဲ့ဘူး။ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဆိုတာ မရနိုင်ခဲ့ဘူး။ ဘာကြောင့်လဲ။ တွေးစရာတောစရာရှိလာပါတယ်။ တကယ်တော့ ညီလာခံတက်ရောက် ဆွေးနွေးခဲ့ကြ သူများဟာ ကမ္ဘာမြေရဲ့ အခန်းကဏ္ဍ၊ ကမ္ဘာမြေရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေရဲ့ သဘောသဘာဝတွေကို မေ့လျော့ထားကြလို့ပါပဲတဲ့။ ဒီနေ့ ကျွန်တော်တို့ရဲ့ လူအဖွဲ့အစည်းမှာ အရေးတကြီး ဖြေရှင်းရမယ့် ပြဿနာတွေ ရှိနေတယ်။ သစ်တောတွေပြုန်းနေတာ၊ မြစ်ချောင်းအင်းအိုင်တွေ တိမ်ကောနေတာ၊ သယံဇာတရင်းမြစ်တွေပြုန်းတီးနေတာ တွေ၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုပြဿနာတွေ ရှိနေကြပါတယ်။ များပြားလှတဲ့ အမှိုက်တွေဟာခုဆိုရင် ဇီဝထုရဲ့ပုံမှန် လည်ပတ်မှုတွေကို ပြောင်းလဲအောင် စတင်တွန်းအားပေးနေပါပြီ။ ဇီဝ ပြောင်းလဲတာနဲ့အမျှ ကျွန်တော်တို့ဟာ ပြောင်းလဲမှုရဲ့ သားကောင်တွေဖြစ်ကြရမှာ မလွဲပါဘူး။ ရာသီဥတု ပြောင်းလဲခြင်းတွေ၊ အိုဇုန်းလွှာပျက်စီးမှုတွေကလည်း ကျွန်တော်တို့ဘ၀တွေကို ထိခိုက်ပျက်စီးစေခဲ့ပါပြီ။
ကျွန်တော်တို့ဟာ မရည်ရွယ်ဘဲ ပတ်ဝန်းကျင်ပျက်စီးရာ ပျက်စီးကြောင်းကို ဦးတည်နေတဲ့ လူ့အဖွဲ့အစည်းတစ်ခု စနစ်တကျ ဖန်တီးမိခဲ့ကြပါပြီ။ စီမံကိန်းနဲ့ ရည်ရွယ်ချက်နဲ့ စနစ်တကျဖန်တီးထားတဲ့ လူ့အဖွဲ့အစည်းတွေမှာ အဲဒီရည်ရွယ်ချက်တွေ အောင်မြင်အောင် ဆောင်ရွက်တဲ့အခါ သံယံဇာတ အရင်းအမြစ်ပြုန်းတီးမှုတွေ၊ သဘာဝအရည်အသွေး လျော့နည်းကျဆင်းသွားတာတွေ၊ စွန့်ပစ်ပစ္စည်းတွေကြောင့် သက်ရှိတွေ အဆိပ်သင့်ခံရတာ တွေနဲ့ ဇီဝထုရဲ့လုပ်ဆောင်မှုကို ထိခိုက်စေတာတွေကို ဘယ်လိုမှ မရှောင်တိမ်းနိုင်ပါဘူး။ ဒီလမ်းကြောင်းကို ပြောင်းလဲပစ်ဖို့ အခြားရွေးချယ်စရာ လမ်းလည်း မရှိဘူး။ ဒါဆို ကျွန်တော်တို့ 'သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရင်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေတဲ့ လူ့အဖွဲ့အစည်း Sustainable Society တစ်ခု' ကို ဘယ်လိုပြောင်းလဲရမလဲ။ ဘယ်လိုပြောင်းလဲနိုင်မလဲ။ ဒီအတွက် အဖြေကတစ်ခုတည်းသာရှိတယ်လို့ ယုံကြည်ပါတယ်။ ဒါက ကျွန်တော်တို့သွားရမယ့်၊ ရှေ့ဆက်ရမယ့်လမ်းကို လေ့လာသင်ယူဖို့ပဲ ဖြစ်ပါတယ်။
စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်တဲ့ လူ့အဖွဲ့အစည်းအသစ်တစ်ခုဆီ သွားတဲ့လမ်းကြောင်းကို လေ့လာတဲ့အခါမှာ သဘာဝတရားကြီးနဲ့ သူ့ရဲ့ဖြစ်စဉ်တွေ၊ နိယာမတွေဟာ ကျွန်တော်တို့ရဲ့ မဟာဂုရုဆရာကြီးတွေ ဖြစ်လာပါ တယ်။ ခုအချိန်မှာ ကျွန်တော်တို့ဟာ တန်ဖိုးထားမှုတွေနဲ့ပတ်သက်ပြီး ဘယ်လိုစဉ်းစားဆုံးဖြတ်ရမယ်ဆိုတာ မဖြစ်မနေ လေ့လာကြရပါလိမ့်မယ်။ ဒါအရေးကြီးဆုံးအချိန်ပါ။
Sustainable Society ရဲ့အတွင်း ပိုင်းအနှစ်သာရဟာ ရှင်သန်နေတဲ့ ဂေဟဗေဒစနစ်ရဲ့ သက်ရှိတွေပဲဖြစ်ပါတယ်။ လူအပါအ၀င် သက်ရှိအားလုံးပေါ့။ တစ်ခုတော့ သတိပြုရမယ်။ လူမရှိလည်း ဂေဟဗေဒစနစ် ကြီးက သူ့သဘာဝနဲ့သူ ပြောင်းလဲနေတယ်။ ဂေဟဗေဒစနစ်ကြီးမရှိဘဲနဲ့တော့ လူ့အဖွဲ့အစည်းဆိုတာ မရှိနိုင်ဘူး။ ဒါဟာ သေချာမှုတစ်ခုပါ။
လူတစ်ယောက်စီရဲ့ စံဘ၀အရည် အသွေးဆိုတာလည်း ကောင်းမွန်စွာ ရှင်သန်နေတဲ့ လူ့အဖွဲ့အစည်းတစ်ခုအပေါ်မှာ အခြေခံတာ။ ဒါကလည်း ကောင်းမွန်တဲ့ရှင်သန်နေတဲ့ ဂေဟဗေဒစနစ်ကြီး ရှိနေဦးမှ။ ဒါကြောင့် ကျွန်တော်တို့က ဂေဟစနစ်ကြီးကို အကောင်းဆုံးတွေ ပေးကိုပေးကြရမယ်။ ဂေဟစနစ်ကြီးကပဲ ကျွန်တော်တို့ကို အသက်ရှင်ရပ်တည်နိုင်အောင် ပံ့ပိုးပေးနေတာမို့လား။ ပြီးတော့မှ ဒုတိယ ဦးစားပေးအနေနဲ့ လူ့အဖွဲ့အစည်းကို အကောင်းဆုံးတွေ ပေးကြရမှာ။
Sustainable Society ရဲ့ အခြား အခြေခံအနှစ်သာရတစ်ခုက ချစ်ခြင်းဖြစ်ပါတယ်။ လူတွေကို ချစ်ခင်ဖို့၊ မျိုးဆက်သစ်တွေကို ချစ်ခင်ဖို့၊ ပြီးတော့ အခြားသက်ရှိတွေကိုလည်း ချစ်ခင်ဖို့ လိုပါတယ်။ ဒီလူ့ အဖွဲ့အစည်းမှာ သီးခြားနေထိုင်မှုတွေထက် မိတ်ဆွေဖွဲ့မှုတွေကို ပိုအလေးထားတယ်။ ပြိုင်ဆိုင်မှုတွေထက် ပူးပေါင်းပါဝင်မှုတွေကို ပိုဂရုစိုက်တယ်။ မာန်မာနတွေထက် မေတ္တာစေတနာကို ပိုရှေ့တန်းတင်တယ်။ ညီညွတ်မျှတမှု၊ လုံခြုံစိတ်ချ ရမှုတွေဟာ Sustainable Society ရဲ့တရားကိုယ် အနှစ်သာရတွေပဲ ဖြစ်ပါတယ်။
လူတွေကို ချစ်ခင်ဖို့၊ မျိုးဆက်သစ်တွေကို ချစ်ခင်ဖို့၊ ပြီးတော့ အခြားသက်ရှိတွေကိုလည်း ချစ်ခင်ဖို့လိုပါတယ်။ ဒီလူ့အဖွဲ့အစည်းမှာ သီးခြားနေထိုင်မှုတွေထက် မိတ်ဆွေဖွဲ့မှုတွေကို ပိုအလေးထားတယ်။ ပြိုင်ဆိုင်မှုတွေထက် ပူးပေါင်းပါဝင်မှုတွေကို ပိုဂရုစိုက်တယ်။ မာန်မာနတွေထက် မေတ္တာစေတနာကို ပိုရှေ့တန်းတင်တယ် . . .
သိပ္ပံနဲ့နည်းပညာတွေကို Sustainable Society က ဆက်လက်ဖွံ့ဖြိုးစေပါလိမ့်မယ်။ သိပ္ပံနဲ့နည်းပညာနဲ့ ကျွန်တော်တို့ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ရှည့်လဲလျှောက်သာ ပျားလည်းစွဲသာ ဆိုသလို ဖြေရှင်း ပံ့ပိုးနိုင်အောင် စီမံကြရမှာပါ။ သဘာဝပတ်ဝန်းကျင်လည်း အခြေခိုင်မာစေ၊ စီးပွားရေးအရလည်း အခွင့်သာစေဆိုတာမျိုးဖြစ်အောင် သိပ္ပံနည်းပညာတွေကို ထိန်းချုပ်ကြရမှာ။ ကျွန်တော်တို့ဟာ Sustainable Society ဖြစ်အောင်လုပ်နိုင် မယ့် သိပ္ပံနည်းပညာတွေ ပိုမိုဖွံ့ဖြိုးအောင် မဖြစ်မနေ သင်ယူလေ့လာကြရဦးမယ်။ ဒါပေမဲ့ စီးပွားရေးပုံသဏ္ဍာန်တွေ၊ ဘ၀နေဟန်တွေ၊ တန်ဖိုးထားမှုတွေကို မြန်မြန်ဆန်ဆန်ကြီး ပြောင်းလဲစေတဲ့ အစွမ်းထက်လှတဲ့ နည်းပညာတွေကိုတော့ ကျွန်တော်တို့ ခွင့်မပြုသင့်လှပါဘူး။
Sustainable Society ဆီသွားတဲ့လမ်းကြောင်းမှာ ကျွန်တော်တို့ဟာ သဘာဝရဲ့ဖြစ်စဉ်တွေနဲ့ သက်ရှိအားလုံးအပေါ် အလေးထားမှုတွေကို သင်ယူလေ့လာဖို့ ပတ်ဝန်းကျင်ဆိုင်ရာ ပညာရေး Environmental Education ကို မဖြစ်မနေ ဂရုစိုက်ကြရမှာ ဖြစ်ပါတယ်။ စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်နေဖို့ သင်ယူမှု လူ့အဖွဲ့အစည်းကို ပျိုးထောင်ကြရမှာပါ။ လူအားလုံးဟာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိတွေပြည့်ဝပြီး ရှောင်စရာ ဆောင်စရာတွေကို လိုအပ်သလို လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ လူတိုင်းသိ၊ နားလည်၊ လိုက်နာပါဝင်ကူညီကြရမယ့် သဘောပါ။ အဲဒီလိုနဲ့ 'သဘာဝပတ်ဝန်းကျင် ယဉ် ကျေးမှု'တွေ မြင့်မားလာတာပဲမို့လား။ (ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ သဘာဝပတ်ဝန်းကျင် ယဉ်ကျေးမှု ရောင်နီပျိုးချိန်'လို့ဆိုနိုင်မယ် ထင်ပါတယ်။)
ကျွန်တော်တို့မှာရှိတဲ့ သဘာဝရဲ့ အထူးလက်ဆောင်မွန်ကတော့ 'အတိတ်ကို ဝေဖန်ဆန်းစစ်နိုင်ပြီး အနာဂတ်ကို မျှော်တွေးနိုင်စွမ်းရှိခြင်း'  ပါပဲ။ ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်တဲ့ လူ့အဖွဲ့အစည်းအတွက် ဆန်းစစ်မျှော်တွေး တဲ့အခါ သဘာဝပတ်ဝန်းကျင်ကို ရှေ့တန်းတင်ရမှာဖြစ်ကြောင်း တွေ့လာရပါတော့တယ်။  
(၂၀၁၂ နှစ်သစ်ဆီသို့)
Ref: Envisioning a Sustainable society by Lester W.Milbrath
ကျပ်ငါးထောင်တန် မိုဘိုင်းဖုန်းရောင်းချပေးမည့်ကိစ္စ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မသိရှိကြောင်း ပြောကြား၊ ကျပ်နှစ်သိန်းခွဲဝန်းကျင် မိုဘိုင်းဖုန်းများအား မတ်လအတွင်း ချထားပေးမည်ဟု သိရ
AddThis Social Bookmark Button b41_05
ပြည်တွင်းကုမ္ပဏီတစ်ခုမှ မိုဘိုင်းဖုန်း Sim Card တစ်ကတ်လျှင် ကျပ်ငါးထောင်ဖြင့် ရောင်းချပေးမည့်သတင်းနှင့်ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ လုံးဝမသိရှိကြောင်းနှင့် မည်သည့်မှတ်ချက်မပေးလိုကြောင်း ဇန်န၀ါရီ လ ၉ ရက်နေ့၌ ပြည်တွင်းသတင်းထောက်များနှင့်တွေ့ဆုံသည့်ပွဲတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အဆိုပါ မိုဘိုင်းဖုန်း Sim Card တစ်ကတ်လျှင် ငွေကျပ်ငါးထောင်ဖြင့် ရောင်းချမည့်ကုမ္ပဏီမှာ ရွှေပြည်တံခွန်ဖြစ်ပြီး ၎င်းစီမံကိန်းအား နိုင်ငံတော်သမ္မတရုံးသို့ တင်ပြထားသည်ဟု သိရသည်။
ယင်းသတင်းနှင့် ပတ်သက်၍  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သတင်းအချက်အလက်နှင့် နည်းပညာဌာနမှ အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက ''ဒီကုမ္ပဏီက ဘယ်လိုရည်ရွယ်ချက်နဲ့ ပြောသလဲ မသိပါဘူး။ ဒါပေမယ့် အဲဒီစီမံကိန်းနဲ့ ပတ်သက်လို့တော့ ကျွန်တော်တို့ဘက်က ဘာမှမသိပါဘူး။ ကျွန်တော်တို့သိတာကတော့ မိုဘိုင်းဖုန်း သန်း ၃၀ စီမံကိန်းရှိတယ်။ ဒါကိုလွှတ်တော်မှာလည်း လွှတ်တော်ကိုယ်စားလှယ်တွေ မေးခဲ့တဲ့အတွက် ၀န်ကြီးကိုယ်တိုင်လည်း ဖြေခဲ့ပြီးပြီ။ လာမယ့်မတ်လမှာ ပထမနှစ်လေးသန်း စီမံကိန်းကို စရောင်းတော့မယ်။ အခုသတင်းတွေထွက်နေတာနဲ့ ပတ်သက်ပြီး ဆက်သွယ်ရေးအနေနဲ့လည်း ဘာမှ ဂဃနဏ မသိပါဘူး။  Sim Card တစ်ကတ်ရဲ့တန်ဖိုးကလည်း ဘယ်လောက်မှမရှိပါဘူး။ ဒါပေမယ့် ဖုန်းပြောမယ်ဆိုရင် ဒီကတ်ကလေးတစ်ခုရှိရုံနဲ့ ပြောလို့ရတာမှ မဟုတ်တာ။ သွားလေရာမှာ ဖုန်းလိုင်းမိဖို့ ပြောနိုင်ဖို့ဆိုတာက Network ကြီး တစ်ခုရှိရမှာပါ။ အဓိကက Network  က အရေးကြီးဆုံးပဲ။ ဒီ Network  ရှိမှ ကိုယ့်နံပါတ်တစ်ခုကို သူများခေါ်နိုင်မှာဖြစ်သလို ကိုယ်ကလည်း သူများကို ဖုန်းခေါ်နိုင်မှာပါ။ ဒါကပြည်တွင်းမှာပဲ ရှိသေးတယ်။ ပြည်ပနိုင်ငံ တွေနဲ့ ချိတ်ဆက်မယ်ဆိုရင် ကျွန်တော်တို့ဖုန်းတွေကို ပြည်ပကနေ ခေါ်ရင် +95 ခံပြီးခေါ်တာမျိုးတွေဆို International Telecom Union  ကို ဆက်သွယ်ပြီး  Announce လုပ်ရတယ်။ အဲဒီဖုန်း Numbering Plan ကို အဲဒီ ITU ကို ပေးရတယ်။ ဒါမှတစ်ကမ္ဘာလုံးက ကိုယ့်နံပါတ်ကို ဆက်သွယ်နိုင်မှာဖြစ်သလို ကိုယ်ကလည်း ဆက်သွယ်နိုင်မှာပါ။ အဲဒီလုပ်ထုံးလုပ်နည်းတွေက အရေးကြီးဆုံးပဲ။ နိုင်ငံတကာမှာလည်း အစိုးရကပဲလုပ်လုပ် ပုဂ္ဂလိကကပဲလုပ်လုပ် ဒီလိုပဲလုပ်ရမှာပဲ။ အစိုးရကတော့ ကြီးကြပ်ထားရမယ်ပေါ့။ Telecom Authorities က နိုင်ငံတိုင်းမှာရှိတယ်။ ဖုန်းရောင်းတာက ကြိုက်သလို ရောင်းလို့ရပါတယ်။ တကယ်တမ်းသူပြောသလို ဖြစ်လာခဲ့ရင်လည်း ကျွန်တော်တို့ ဘက်က မကြိုဆိုစရာအကြောင်းမရှိပါဘူး။ ဒါပေမယ့် အဲဒီကုမ္ပဏီက ဆက်သွယ်ရေးကို တိုက်ရိုက်ပြောတာမဟုတ်တဲ့အတွက် အဲဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့လည်း ရှင်းရှင်းလင်းလင်း မသိပါဘူး။ သူကဆက်သွယ်ရေးကမဟုတ်ဘဲ ဘယ် Network ကို ယူသုံးမှာလဲ။ ဒါအရိုးဆုံးပြောတာပါ။ နည်းပညာရှုထောင့်အရ ကြည့်မယ်ဆိုရင်လည်း ပြည်တွင်းအချင်းချင်းပဲခေါ်ခေါ် ပြည်ပကပဲ ခေါ်ခေါ် ကျွန်တော်တို့ ဆက်သွယ်ရေး Network ကြီးကိုမဖြတ်ဘဲ ဘယ်လိုသုံးမှာလဲ။ ဆိုလိုချင်တာ အဲဒါပါပဲ''ဟု ပြောကြားခဲ့သည်။
ထို့ပြင်ဆက်လက်၍ မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးသိန်းဝင်းမှ ''ဒီကိစ္စနဲ့ပတ်သက်လို့ ဘာမှမသိသလို ထင်မြင်ချက်လည်း မပေးချင်ပါဘူး။ Network တည်ထောင်တယ်ဆိုတာ နေ့ချင်းညချင်းလုပ်လို့မရပါဘူး'' ဟု ပြောကြားခဲ့သည်။
အဆိုပါဂျီအက်စ်အမ် Sim Card တစ်ကတ်လျှင် ကျပ်ငါးထောင်ဖြင့်ရောင်းချပေးမည့် ရွှေပြည်တံခွန်ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးလွင်နိုင်ဦးမှ ''ကျွန်တော်တို့ ဖုန်းလိုင်းကို UMTS (Universal Mobile Telecommunications System)စနစ်နဲ့ သွားမှာပါ။ တာဝါတိုင်ထောင်တဲ့အခါမှာလည်း စနစ်အမျိုးမျိုးရှိပါတယ်။ ဒီနေ့နိုင်ငံတကာမှာ တာဝါတိုင်တွေကမြို့ပြရဲ့ အလှအပကိုဖျက်စီးတယ်ဆိုပြီး တာဝါမရှိတဲ့ စနစ်တစ်မျိုးကို သုံးနေကြတယ်။ ဘယ်လိုစနစ်မျိုးလဲဆိုတာတော့ မကြာခင် အသိပေးသွားမှာပါ။ အခုကပြောဖို့ စောပါသေးတယ်။ ဒီစီမံကိန်းလုပ်ခွင့်ရဖို့လည်း မျှော်လင့်ပါတယ်။ ရဖို့လည်း ရာခိုင်နှုန်းများပါတယ်။ ကျွန်တော်တို့လည်း မူတွေ ဘောင်တွေ အတိုင်းသွားနေတာဆိုတော့လေ။ အခုဘယ်အဆင့် ထိရောက်နေပြီလည်းဆိုတာတော့ ပြောဖို့စောပါသေးတယ်''ဟု ၎င်းမှ ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းဖုန်း သန်း ၃၀ စီမံကိန်း မှ ပထမနှစ်စီမံကိန်းတွင် ချထားပေးမည့် ကျပ်နှစ်သိန်းခွဲဝန်းကျင် ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများအား လာမည့် မတ်လတွင် စတင်ချထားပေးတော့ မည်ဖြစ်ကြောင်းလည်း ယင်းနေ့မှာပင် ပြောကြားခဲ့သည်။ ''ပြီးခဲ့တဲ့၂၀၁၁ ဇူလိုင်လ ၂၇ရက် နေ့မှာ ဒီစီမံကိန်းကို စလုပ်ခဲ့ပါတယ်။ လာမယ့် ၂၀၁၂ ဖေဖော်ဝါရီလအကုန် မတ်လထဲမှာ ပြည်သူတွေလက်ထဲကို ရောင်းပေးနိုင်တော့မှာပါ။ ဈေးနှုန်းကတော့ အရင်ပြောခဲ့တဲ့အတိုင်း နှစ်သိန်းခွဲဝန်းကျင်ပဲ ဖြစ်မှာပါ။ ခုထိ ဈေးနှုန်းတိတိကျကျတော့ တွက်ထားတာ မရှိသေးဘူး။ ဖုန်းလိုင်းချထားပေးမှု များပြားလာတာနဲ့အမျှ ဈေးနှုန်းတွေလည်း အခုထက် ပိုမိုလျော့ချပေးသွားဖို့ ရှိပါတယ်။ ဒီဖုန်းတွေကို လက်ရှိရောင်းနေတဲ့ ငါးသိန်းဖုန်းတွေအတိုင်းပဲ ရောင်းပေးသွားမယ်။ ရောင်းဈေးတစ်ခုပဲ အတိအကျ မသတ်မှတ်ရသေးတာပါ။ ပြောခလည်းငါးဆယ်ပဲ။ အင် တာနက်ဝန်ဆောင်မှုကိုလည်း နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေအပြင် တခြားမြို့ကြီးတွေမှာလည်း သုံးလို့ရမှာပါ။ အင်တာနက်ရယူမယ့် ၀န်ဆောင်ခတစ်သောင်းကိုလည်း အခု ငါးသိန်းတန် ဂျီအက်စ်အမ်ဖုန်းတွေ အင်တာနက်လျောက်ခ ထပ်ပေးရသလိုမျိုးပဲ ထပ်ကောက်မှာပါ။ အင်တာနက်အသုံးပြုခလည်း တစ်မိနစ်ကို လေးကျပ်ပဲ ကောက်ခံမှာပါ'' ဟု မိုဘိုင်း အင်ဂျင်နီယာချုပ် ဦးသိန်းဝင်းက ပြောကြားသည်။
အဆိုပါထပ်မံချထားပေးမည့် ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများမှာ ယခင်ချထားပေးခဲ့သည့် ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများထက် နည်းပညာပိုင်းအရ မြင့်မားမည်ဟုသိရပြီး လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ချထားပေးခဲ့သည့် ဂျီအက်စ်အမ် မိုဘိုင်းဖုန်းအရေ အတွက်စုစုပေါင်းမှာ ခြောက်သိန်းခွဲကျော်ရှိကြောင်းလည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရှိရသည်။
news-eleven.com မှ ကူးယူဖော်ပြပါသည်။
Tuesday, January 10, 2012
တနိုင်ငံလုံးကို ကျွန်ဇာတ်သွင်းခဲ့တဲ့ နိုင်ငံတော် သစ္စာဖောက်မှုကြီး
တနိုင်ငံလုံးကို ကျွန်ဇာတ်သွင်းခဲ့တဲ့ နိုင်ငံတော် သစ္စာဖောက်မှုကြီး
နိုင်ငံရေးဆိုတာ ဘာလဲ
ဗိုလ်ချုပ်အောင်ဆန်းကတော့ နိုင်ငံရေးဆိုတာ လူ့ကိစ္စဖြစ်တယ်၊ လူတို့ရဲ့ သွားမှု လာမှု စားမှုသောက်မှု နေမှုထိုင်မှု ကိစ္စအ၀၀ဟာ နိုင်ငံရေးပဲလို့ ပြောခဲ့ဖူးပါတယ်။
ဒါဆိုမြန်မာနိုင်ငံ က လူတိုင်းလူတိုင်း (နံဘေးနိုင်ငံတွေက လူတွေလို) ဟန်းဖုန်းကိုင်နိုင်ရေး၊ ဟန်းဖုန်းကို (ဈေးအမှန်နဲ့) သက်သက်သာသာ ၀ယ်ယူနိုင်ရေး ဆောင်ရွက်တာဟာ နိုင်ငံရေးလုပ်တာပဲပေါ့။
ဒါစဉ်းစားရမယ့် အချက်နော်
အခု ဂျီအက်စ်အမ်ဆင်းကဒ်ကို မြန်မာငွေ ငါးထောင်နဲ့ ရောင်းပေးနိုင်တယ်တဲ့၊
ရိုးရိုးဂျီအက်စ်အမ်မဟုတ် သရီးဂျီ ဂျီအက်စ်အမ်တဲ့၊
ဟန်းဆက်က ကင်မရာနဲ့ မျက်နှာချင်းဆိုင် ကြည့်ပြီးပြောလို့ရတယ်တဲ့၊
လက်ရှိ ဆက်သွယ်ရေးဝန်ကြီးဌာနက (အင်ဖရာစရွက်ချာ) သုံးနေတဲ့ စက်ပစ္စည်းတွေကို အားမကိုးဘူးတဲ့၊
ကိုယ်ပိုင် လုပ်မှာတဲ့၊
လိုင်းမကျပ်စေရဘူးတဲ့၊
အင်တာနက်လည်း တစ်ပါတည်းပါပြီးသားတဲ့၊
ဖုန်းပြောခက လက်ရှိဆက်သွယ်ရေးယူနေတာထက် တ၀က်ပဲယူမှာတဲ့၊
လောလောဆယ် တစ်သန်းကို ချက်ချင်းပေးနိုင်တယ်တဲ့၊
နောက်ထပ်လုပ်ခွင့်ရရင် လိုသလောက်ပေးနိုင်မယ်တဲ့၊
အဲဒီခါ ဈေးလဲပိုပြီး သက်သာသွားမှာတဲ့၊
အဲလို အများကြီးလုပ်ခွင့်ရရင် ဖုန်းပြောခက တစ်မိနစ်ကို ငါးကျပ်လောက်ပဲကျတော့မှာတဲ့၊
ဒီလိုဖုန်းတွေ သက်သက်သာသာရမှ လူတွေစီပွားချောင်လည်ပြီး တိုင်းပြည်တိုးတက်မှာတဲ့၊
ဆင်းရဲမွဲတေမှုပပျောက်ရေးဆိုတာ မစို့မပို့ပိုက်ဆံနဲနဲလေးကို ဟိုလိုက်ပေး ဒီလိုက်ပေးလုပ်ရုံနဲ့ မရဘူးတဲ့၊
အခု ဗမာပြေရဲ့နယ်စပ်တွေမှာ ဘေးနိုင်ငံက ဟန်းဖုန်းတွေပဲသုံးနေကြတယ်တဲ့၊
ဒီဗမာပြေ ဆက်သွယ်ရေးက ဟန်းဖုန်းတွေ မသုံးကြဘူးတဲ့၊
ဈေးက မတရားကြီးကွာနေလို့ မသုံးကြတာတဲ့၊
ဒီလို သူများနိုင်ငံက ဟန်းဖုန်းတွေကို ကိုယ်နိုင်ငံထဲယူသုံးနေရတယ်ဆိုတာ နယ်ချဲ့ခံနေရတာနဲ့အတူတူပဲတဲ့၊
ဒါ ကျွန်ဖြစ်နေတာပဲတဲ့၊
ဒါကြောင့် ဒီစီမံကိန်းကို သေချာရေးဆွဲပြီး သမ္မတကြီးဆီ တင်ပြထားတယ် တဲ့၊
ဒီနေ့လုပ်ခွင့်ပေးရင် နက်ဖန်စလုပ်မှာတဲ့၊
တစ်လ နှစ်လဆို အားလုံးသုံးလို့ရပြီတဲ့၊
ဂျာနယ်ဖတ်နေတဲ့ အဖွားတစ်ယောက်က ကဲ ကောင်းကြသေးရဲ့လားကွယ်တို့ရယ် လို့ ပြုံးပြုံးကြီးပြောပါတယ်၊
မောင်မင်းကြီးသား အဲဒီကုမ္ပဏီပိုင်ရှင် ကျန်းမာပါစေ ချမ်းသာပါစေတောလို့ ပါးစပ်က ရေရွတ်သံလည်းကြားရတယ်ဗျ။
အင်း လုပ်ဇာတ်တွေတော့ ပေါ်ကုန်ပြီ၊ ငါတို့ သမ္မတကြီးကလည်း ရှက်မနေပါနဲ့တော့ သူကိုပဲလုပ်ခွင့်ပေးလိုက်ပါတော့၊
ငါမသေခင် သွားလေသူ စစ်ပြန်ကြီး ငါ့ယောကျားရဲ့ပင်စင်လစာလေးနဲ့ ငါ့မြေးတွေကို ဟန်းဖုန်းတွေ အယောက်စေ့ဝယ်ပေးချင်လို့ပါတော် လို့ဆက်ပြောပါတယ်။
သူစကားကို အားလုံးဝိုင်းရီကြလို့ သူလည်း တဟားဟားရီတာ မျက်ရည်တွေတောင်ထွက်ပါတယ်၊
တကယ်ပါ အသံကြားတာနဲ့တင် ပျော်လွန်းလို့ မျက်ရည်ကျရတဲ့ အဖြစ်တွေပါ။
ဟုတ်ပါတယ် ဒီကိစ္စကို သမ္မတ ခွင့်ပြုသင့်ပါတယ်၊
အမြန်ကို ခွင့်ပြုသင့်ပါတယ်။
တကယ်စဉ်းစားကြည့်တော့ ရှင်းရှင်းကြီးပေါ်လာတယ်၊
ဒါ ငါတို့ကို ကျွန်ဇာတ်သွင်းခဲ့တာပဲ၊
ဒါ နိုင်ငံတော်ကို သစ္စာဖောက်ခဲ့တာပဲ၊
ဒါ တမျိုးသားလုံးရဲ့အနာဂတ်တွေကို မတရားရောင်းစာ ခဲ့ကြတာပဲ၊
ဘုရားဘုရား သစ္စာဖောက် လောက်ကောင်တွေက အဝေးကြီးမှာမှမဟုတ်ပဲ၊
လက်စပ်သတ်တော့ သတင်းစာထဲခဏခဏပါနေတဲ့ နယ်ချဲ့ကိုလိုနီလက်သစ် ပုဆိန်ရိုးတွေဆိုတာ ဘယ်သူများလဲလို့
အဲဒီသတင်းစာ မျက်နှာဖုံးတွေမှာ ပါပါနေတဲ့ သူတွေပါလား ဟရို့
(ဂျာနယ်ဖတ်တဲ့ အဖွားနဲ့ သူ့မြေးတွေဆက်ပြောကြတာဖြစ်ပါတယ်)
အဲဒါ ကျနော်နဲ့ မဆိုင်ဘူးနော် :)
Hawdeka Aethae(facebook)ထံမှ ကူးယူဖော်ပြသည်။Hawdeka Aethaeအား အထူးကျေးဇူးတင်ရှိပါသည်။
မြန်မာ့ဒီမိုကရေစီရေး ဘတ်ဂျက် (မောင်ဝံသ)
ပြည်သူ့ခေတ်ဂျာနယ် ယခုအပတ်ထုတ်မှာ ဖော်ပြခဲ့တဲ့ ပြောချင်လွန်းလို့ / မောင်ဝံသ ဆောင်းပါး။
  • မြန်မာ့ဒီမိုကရေစီရေး ဘတ်ဂျက်
ဒီစာရေးနေချိန်ဟာ  ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၃ ရက်နေ့ဆိုတော့ ခရစ်နှစ် ပြက္ခဒိန်အရ တစ်နှစ်ဟောင်းလို့ တစ်နှစ်ပြောင်းသွားခဲ့ပြီဖြစ်တဲ့ နှစ်သစ်ရဲ့ အစ ပထမသီတင်းပတ်တွင်းဖြစ်တယ်ဗျ။
    နိုင်ငံတိုင်း အဖွဲ့အစည်းတိုင်းမှာ အင်္ဂလိပ်လို ဘတ်ဂျက်လို့ခေါ်ကြတဲ့ ၀င်ငွေ ထွက်ငွေစာရင်းတစ်ခု ရှိကြမြဲဖြစ်တယ်။ ဘဏ္ဍာနှစ်လို့ သတ်မှတ်ထား တဲ့ကာလတစ်ခုအတွင်း ၀င်ငွေဘက်က ဘာတွေရှိခဲ့တယ်။ ထွက်ငွေဘက်က ဘာတွေရှိခဲ့တယ်။ ၀င်ငွေနဲ့ထွက်ငွေ သို့မဟုတ် ရငွေနဲ့ သုံးငွေကို ခြားနား ကြည့်လိုက်တဲ့အခါ ၀င်ငွေက များသလား သို့မဟုတ် ထွက်ငွေက များသလား ၀င်ငွေက ထွက်ငွေထက် ပိုနေတယ်ဆို ရင် ဘတ်ဂျက်ပိုငွေပြတယ်။ ထွက်ငွေက ၀င်ငွေထက် ပိုနေတယ်ဆိုရင် ဘတ်ဂျက်လိုငွေပြတယ်။ အဲသလို သတ်မှတ်ကြတယ်ဗျ။
    ဘတ်ဂျက် ပိုငွေပြနေတယ်ဆိုရင် လာမယ့်ဘတ်ဂျက်အသစ်မှာ ပြည်သူ့ အကျိုးပြုလုပ်ငန်းတွေမှာ ဘယ်လိုဘယ်လောက်တိုးပြီး သုံးစွဲမလဲ။ ဘတ်ဂျက် လိုငွေပြနေ တယ်ဆိုရင် ဘယ်ကဏ္ဍတွေက ဘာကြောင့်ပြနေတာလဲ။ လိုငွေပြတဲ့ ပမာဏ ဟာ ကျိုးကြောင်းဆီလျော်မှုရှိရဲ့လား။ လိုငွေ ပမာဏက ဖြစ်သင့်ဖြစ်ထိုက် တာထက် သိပ်ကြီးနေသလား။ အဲသလိုဖြစ်နေရင် လာမယ့်ဘတ်ဂျက်အသစ်မှာ လိုငွေလျှော့ချနိုင်အောင် ဘယ်လိုလုပ်မလဲ စသဖြင့် စဉ်းစားသုံးသပ်ပြီး မိမိနိုင်ငံ မိမိအဖွဲ့အစည်း တည်တည်ငြိမ်ငြိမ်နဲ့ ရှေ့ခရီးဆက်နိုင်ဖို့အရေး မိမိတို့ရဲ့ ငွေကြေး မူဝါဒတွေကို ပြောင်းလဲသင့်တာ ပြောင်းလဲ၊ ဖြည့်စွက်သင့်တာ ဖြည့်စွက်၊ ပယ်ဖျက်သင့်တာ ပယ်ဖျက်လုပ်ကြ ရတာ ဖြစ်တယ်ဗျ။
အပေါင်းလက္ခဏာ အနှုတ်လက္ခဏာ
    ကျွန်တော်ကလည်း နှစ်သစ်ရဲ့ အစပထမနေ့မှာ ကုန်လွန်သွားခဲ့ပြီဖြစ်တဲ့ ၂၀၁၁ ခုနှစ်ရဲ့ ဒီမိုကရေစီဘတ်ဂျက်ကို ဆွဲကြည့်နေမိတယ်ဗျ။ မြန်မာပြည်သူတွေ နှစ်ပေါင်းများစွာလိုလားတောင့်တနေခဲ့ကြတဲ့ လွတ်လပ်ခွင့်၊ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ဒီမိုကရေစီရေး မျှော်မှန်းချက်တွေ ပြီးခဲ့တဲ့နှစ်အတွင်း ဘယ်လောက်ရရှိလာခဲ့ကြသလဲ သို့မဟုတ် ရရှိဖို့အလားအလာတွေ ဘယ်လောက်လင်းလက် တောက်ပ လာခဲ့ကြသလဲဆိုတာတွေကို ဆန်းစစ် လေ့လာသုံးသပ်ပြီး ရလာခဲ့သမျှ အရာတွေကို အပေါင်းလက္ခဏာအဖြစ် ဘတ်ဂျက်ဇယားရဲ့ ၀င်ငွေဘက်အခြမ်းမှာ စာရင်းသွင်း၊ ဆုံးရှုံးသွားခဲ့တဲ့ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီ အခွင့်အရေးတွေနဲ့ ပြည်သူတွေမျှော်မှန်းထား သလောက် ရမလာ ကြသေးတဲ့ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီအခွင့်အရေးတွေကို အနုတ်လက္ခဏာအဖြစ် ဇယားရဲ့ထွက်ငွေဘက်အခြမ်းမှာ စာရင်းသွင်းပြီး ၂၀၁၁ ခုနှစ် မြန်မာ့ဒီမိုကရေစီ ဘတ်ဂျက်ကို ဆွဲကြည့်မိတာ ဖြစ်တယ်ဗျ။
သမ္မတမိန့်ခွန်းနဲ့ဖိတ်ခေါ်ချက်
မြစ်ဆုံစီမံကိန်း ရပ်လိုက်တာ
    ၂၀၀၈ အခြေခံဥပဒေကိုရော ၂၀၁၀ ရွေးကောက်ပွဲကိုပါ ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ကြသူတွေ အပါအ၀င် မြန်မာပြည်သူ လူထု အများစုကြီး သမ္မတမိန့်ခွန်းကြောင့် ရှော့ခ်ရနေကြတုန်း ၀င်ငွေစာရင်းထဲ နောက်ထပ် ၀င်လာတဲ့ ငွေအလုံးအရင်းကြီးတစ်ခုကတော့ ဧရာဝတီမြစ်ဆုံရေကာတာ စိမံကိန်း ရပ်ဆိုင်းလိုက်တဲ့ကိစ္စ ဖြစ်တယ်ဗျ။ အဲဒီနောက် တစ်ဆက်တည်းလိုလို သမ္မတအိမ်တော်က လွတ်လပ် ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံရှေ့မှာ သမ္မတကြီးနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ယှဉ်တွဲရပ်နေကြတဲ့ ဓာတ်ပုံ သတင်းစာမှာပါလာတော့ ဒီမိုကရေစီဝင်ငွေစာရင်းဟာ အတော်လေး စို့စို့ပို့ပို့ဖြစ်သွားခဲ့တယ်လို့ ဆိုရမယ်ဗျ။
စီးပွားရေးပြုပြင်ပြောင်းလဲမှု
    ဒါတွေတင်မကသေးဘူးဗျ။ အငြိမ်းစား လစာတွေကို သိသိသာသာ တိုးမြှင့်ပေးလိုက်တာ၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး အစီအမံတွေ ချမှတ် အကောင်အထည် ဖော်လာတာ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒတွေ ပြင်ဆင် ပြောင်းလဲပေးတာ စတဲ့ စီးပွားရေးကဏ္ဍက ပြုပြင် ပြောင်းလဲမှုတွေ၊ ယုံကြည် ချက်ကြောင့် အကျဉ်းချထားခြင်းခံနေရသူတချိုက ပြန်လည်လွတ်မြောက် လာတာ၊ ၉၀ ရွေးကောက်ပွဲမှာ ထောက်ခံမဲတွေ တောင်ပြိုကမ်းပြိုရပြီး အနိုင်ရရှိခဲ့တဲ့ NLD ဒီချုပ်ပါတီ တရားဝင်နိုင်ငံရေး ရေစီးကြောင်းထဲ ပြန်လည်ဝင်ရောက်လာနိုင်တာ၊ ပါတီကြီးတစ်ခုက အများစု အသာစီး အနေအထား ရထားတာမှန်ပေမယ့် ၂၀၁၀ ရွေးကောက်ပွဲက ပေါ်ထွက်လာတဲ့ လွှတ်တော်တွေမှာ ဒီမိုကရေစီအသွင် သရုပ်တွေ တရွေ့ရွေ့ တိုးပြီး တွေ့လာရတာ၊ ငြိမ်းချမ်းစွာစုဝေးဆန္ဒပြခွင့်၊ အသင်းအပင်းဖွဲ့စည်းခွင့် ဥပဒေတွေ ပေါ်ထွက် လာတာ စတဲ့ နိုင်ငံရေးကဏ္ဍက ပြုပြင်ပြောင်းလဲမှုတွေ၊ ပုဂ္ဂလိက ကျောင်းတည်ထောင်ခွင့် ဥပဒေကို ပညာရေးကဏ္ဍက ပြုပြင်ပြောင်းလဲ မှုတွေဟာ ၀င်ငွေစာရင်းထဲ မလွဲမသွေ ထည့်သွင်းရမယ့်ကိစ္စတွေ ဖြစ်တယ်ဗျ။
    ဒါ့အပြင် အကျဉ်းကျခံနေရဆဲ ကျောင်းသားခေါင်းဆောင်တစ်ဦးရဲ့ မွေးနေ့ အပါအ၀င် ငြိမ်းချမ်းတဲ့လှုပ်ရှားမှုတွေကို အင်အားစုအချို့က ဖော်ဆောင်တဲ့အခါ အနှောင့်အယှက်အဟန့်အတား ကင်းကင်းလုပ်ဆောင်နိုင်ခဲ့တာတွေဟာလည်း ဒီမိုကရေစီ ဘတ်ဂျက် ရဲ့ ၀င်ငွေတွေပဲ ဖြစ်တယ်ဗျ။
အတန်အသင့် စာပေလွတ်လပ်ခွင့်
    ရာစုတစ်ဝက်ကျော်ကာလအတွင်း မြန်မာနိုင်ငံရဲ့ နိုင်ငံတကာ ဆက်ဆံရေးမှာ စာမျက်နှာသစ် ဖွင့်လှစ်ခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီကလင်တန်ရဲ့ မြန်မာပြည်အလည်အပတ်ခရီးဟာလည်း မြန်မာ့ဒီမိုကရေစီ ဘတ်ဂျက်အတွက် ပမာဏမသေးတဲ့ ၀င်ငွေ တစ်ရပ် ဖြစ်တယ်ဗျ။
    ၂၀၁၁ မြန်မာ့ဒီမိုကရေစီဘတ်ဂျက်ရဲ့ ၀င်ငွေစာရင်းထဲ နောက်ဆုံးဝင်လာ တာကတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးတို့ ရင်းနှီးခင်မင်စွာ တွေ့ဆုံစကားပြောခဲ့ကြတာနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဦးဆောင်ပြုလည်တဲ့ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများအတွက် ပညာရေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲကြီး အောင်မြင်စွာ ကျင်းပပြီးစီးသွားခဲ့တာပဲ ဖြစ်တယ်ဗျ။
ထွက်ငွေ ပမာဏကြီးမား
    ၂၀၁၁ မြန်မာ့ဒီမိုကရေစီဘတ်ဂျက်ရဲ့ ထွက်ငွေအကြောင်း ပြောကြစို့ဆိုရင် ၀င်ငွေဘက်အခြမ်းလို ခေါင်းစဉ်ငယ်လေးတွေ များများ စားစား မရှိဘဲ ခေါင်းစဉ်သုံးလေးခုလောက်သာ ရှိပေမယ့် အဲဒီခေါင်းစဉ်တွေရဲ့ ငွေလုံး ငွေရင်းပမာဏကတော့ ကြီးမားတယ်လို့ ဆိုရမှာ ဖြစ်တယ်ဗျ။
    ပထမဆုံးကိစ္စက ငြိမ်းချမ်းရေးကိစ္စဖြစ်တယ်ဗျာ။ နိုင်ငံလွတ်လပ်ရေး ရချိန်ကစလို့ ကြားလာခဲ့ကြတဲ့ ပြည်တွင်းစစ်သေနတ်သံတွေဟာ အခုအထိ မစဲနိုင်သေးတဲ့အပြင် တချို့ဒေသတွေမှာ ပိုလို့တောင်ဆူညံလာခဲ့တယ်ဗျ။ နိုင်ငံတော် သမ္မတက ကာကွယ်ရေး ဦးစီးချုပ်ထံ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ရပ်ဆိုင်းထားဖို့ ညွှန်ကြားချက်ပေးပို့လိုက်ပြီဆိုပေမယ့် သက်ဆိုင်ရာဒေသမှာ ကျယ်လောင်တဲ့ သေနတ်သံတွေ ဆက်ကြားနေရဆဲဖြစ်တယ်ဆိုတဲ့ အခြေအနေ က ထွက်ငွေရပ်သွားအောင် မလုပ်နိုင်သေးဘူးဆိုတာကို ပြသနေတယ်ဗျာ။
ထင်သာထင် မ၀င်ဘူး
    ယုံကြည်ချက်အကျဉ်းသားကိစ္စမှာလည်း ထင်ရှားတဲ့ အကျဉ်းသား အများအပြား ထောင်တွေထဲမှာ ဆက်ရှိနေခဲ့တာ၊ ယုံကြည်ချက်ကြောင့် အကျဉ်းချထားခြင်းခံနေရသူတွေ ရှိနေတယ်ဆိုတာကိုတောင် နိုင်ငံတော်အစိုးရ က အပြောမခံတာတွေဟာလည်း ဘတ်ဂျက်မှာ ထွက်ငွေအဖြစ် မဖြစ်မနေ ထည့်သွင်းဖော်ပြရမယ့်ကိစ္စတွေ ဖြစ်တယ်ဗျ။
    ၂၀၁၂ခု လွတ်လပ်ရေးနေ့နဲ့ ပြည်ထောင်စုနေ့ နေ့ထူးနေ့မြတ် အခါ သမယများမှာ နိုင်ငံရေးအကျဉ်းသားများကို တစ်သုတ်ပြီးတစ်သုတ် လွှတ်ပေးလိမ့်မယ်ဆိုတဲ့ မှန်းဆချက်များ တာဝန်ရှိသူအချို့ရဲ့ နှုတ်က ထွက်လာခဲ့လို့ မျှော်လင့်ခဲ့ကြပေမယ့် ]]ထင်သာထင် မ၀င်ဘူးကျောင်းအစ်မရေ}} ဖြစ်ခဲ့တယ်ဗျာ။
ကျောင်းကနှင် တရားပွဲပိတ်
    ဒါ့အပြင် ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြခွင့်နဲ့ အသင်းအပင်းဖွဲ့စည်းခွင့်တွေ စာရွက်ပေါ်မှာပဲ ရှိနေသေးတာနဲ့ ဒီမိုကရေစီ အခမ်းအနားများကို လက်ခံကျင်းပ ခွင့်ပြုခဲ့တဲ့ ဆရာတော်တစ်ပါး မြင်းမြီးဆွဲမောင်ဆန်လို ဆိုဆုံးမရခက်ခဲသူအဖြစ် သတ်မှတ်ပြီး ကျောင်းထဲက ဖယ်ရှား ပေးဖို့ တောင်းဆိုခြင်းခံခဲ့ရတာ၊ ဓမ္မ ကထိကပေါင်းများစွာတို့ အကြိမ်ကြိမ် ဟောကြားခဲ့ဖူးတဲ့ ဘုရားဟော တရား တော်တစ်ပုဒ်ကို ဟောပြောမိခဲ့လို့ တရားနာ ပရိသတ် အင်အား ခိုင်မာ တောင့်တင်းလှတဲ့ ဓမ္မကထိကဆရာတော်တစ်ပါး တရားဟောခွင့် ပိတ်ပင် ခံခဲ့ရတာတွေကလည်း ၂၀၁၁ မြန်မာ့ဒီမိုကရေစီ ဘတ်ဂျက်ရဲ့ ထွက်ငွေစာရင်းထဲ ထည့်သွင်းရမယ့် ခေါင်းစဉ်များဖြစ်ကြောင်းပါဗျာ။
    ထွက်ငွေတွေများမလာဖို့နဲ့ လိုငွေပြဘတ်ဂျက်မဖြစ်ဖို့လည်း ဆုတောင်း နေရကြောင်းပါဗျ။
၀၃ ၀၁ ၂၀၁၁
maungwuntha@gmail.com
တံခါးဟောင်းကြီးရဲ့ တကျွိကျွိမြည်သံ ( မောင်ဝံသ)
The Messenger ဂျာနယ် ယခုအပတ်ထုတ်မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါး ဖြစ်ပါတယ်။
တံခါးဟောင်းကြီးရဲ့ တကျွိကျွိမြည်သံ / မောင်ဝံသ
အခုတစ်လော စာပေဟောပြောပွဲအချို့ လိုက်ဟောရင်း ဟင်္သာတ ဇလွန်စာပေ ခရီးမှာ ဆရာဦးအောင်သင်းနဲ့ ပြန်ဆုံခဲ့တယ်ဗျ။ အင်မတန် အဟောအပြော ကောင်းတဲ့ဆရာ ဦးအောင်သင်းက ကျွန်တော့်ကို သတင်းစာ၊ ဂျာနယ်အလုပ် တွေနဲ့ပဲ နစ်မြုပ်နေပြီး ရသစာပေ မရေးရကောင်းလားလို့ တပျစ် တောက်တောက် ဝေဖန်တာကို လှိမ့်ပြီး ခံခဲ့ရတယ်ဗျာ။ သူနဲ့ အတူ ခရီးသွားရင်း  လွန်ခဲ့တဲ့နှစ်သုံးဆယ်လောက်က စာပေ ဟောပြောပွဲတစ်ခုမှာ ဆရာအောင်သင်း ပြောပြခဲ့တဲ့ အဖြစ်အပျက်ကလေးတစ်ခုအကြောင်း ပြန်ပြီး သတိရနေမိတယ်ဗျ။
နှစ်ပေါင်းများစွာ ယဉ်ပါး
    အဲဒီဟောပြောချက် အနှစ်ချုပ်က နိုင်ငံခြားသား စာရေးဆရာတစ်ယောက် သူ့ကိုယ်သူ တွေ့ရှိသွားခဲ့ပုံအကြောင်း ဖြစ်တယ်ဗျ။ အဲဒီစာရေးဆရာရဲ့အိမ်က တံခါးမကြီးဟာ နှစ်တွေကြာ ရာသီဥတုက တိုက်စားတော့ တံခါးပေါက်နဲ့ အံကျမဖြစ်တော့ဘူး။ အပြင်ကို ထွက်တိုင်း အပြင်က ပြန်လာတိုင်း အိမ်ထဲဝင်တဲ့အခါ အဲဒီတံခါးမကြီးဟာ အားနဲ့မပြီး ဖွင့်မှရတယ်။ ဒါတောင် တကျွိကျွိနဲ့ အသံမျိုးစုံက မြည်သေးတယ်။ အဲဒီလိုဖြစ်နေတာ နှစ်ပေါင်းများစွာ ကြာပြီ။ စာရေးဆရာတို့ တစ်အိမ်သားလုံးဟာ အဲဒီတံခါးကြီးရဲ့ တကျွိကျွိ မြည်သံနဲ့ ကောင်းကောင်းကြီး ယဉ်ပါးနေကြပြီ။
တကျွိကျွိကို လွမ်းသလိုလို
    တစ်နေ့တော့ စာရေးဆရာဟာ လေးငါးခြောက်ရက်လောက်ကြာတဲ့ ခရီးရှည်တစ်ခု ထွက်သွားတယ်။ ခရီးက ပြန်ရောက်လာပြီး အိမ်ထဲဝင်ဖို့ အဲဒီတံခါးမကြီးကို ဖွင့်လိုက်တော့ တံခါးက ကျွိကျွိမမြည်တော့ဘူး။ လျှောခနဲ အသာလေးပွင့်သွားတယ်။ အဲဒီ ပထမဆုံး အတွေ့အကြုံမှာတော့ စာရေးဆရာ ဟာ ဘာမှထူးထူးခြားခြား မခံစားရဘူး။ ဒါပေမယ့် နောက်နေ့ နောက်နေ့ တွေမှာလည်း တံခါးက ဖွင့်လိုက်တိုင်း အဲသလိုပဲ အလွယ်တကူ လျှောခနဲ လျှောခနဲ ပွင့်သွားတဲ့အပေါ် စာရေးဆရာက စိတ်အနှောင့်အယှက်ဖြစ်သလို ခံစားလာရတယ်။ သူ့ရဲ့ မသိစိတ်ထဲမှာ တံခါးပွင့်တိုင်း အရင်က နှစ်ပေါင်းများစွာ ယဉ်ပါးလာခဲ့သလိုပဲ တကျွိကျွိမြည်ပြီးမှ ပွင့်သွားတဲ့ အတွေ့အကြုံကို လွမ်းဆွတ်သလိုလို ခံစားနေရတယ်။ အခုအချိန်မှာ ပွင့်လိုက်တာနဲ့ တံခါးက ဘာသံမှ မကြားဘဲ လျှောခနဲ အလွယ်တကူပွင့်သွားတဲ့အပေါ် သူ့ရင်ထဲမှာ ဟာတာတာကြီးဖြစ်ပြီး သူ့မှာအပြစ်ရှိသလိုလို ဘာလိုလို ခံစားနေရတယ်။
အဟောင်းဆွဲငင်မှုက ရုန်းထွက်ဖို့
    အဲဒီစာရေးဆရာဟာ နောက်ပိုင်းမှာ အဲသလို ဘာကြောင့်ဖြစ်ရ သလဲ ဆိုတာကို ပြန်သုံးသပ်ကြည့်တော့ အဟောင်းမှာ ခေါက်ရိုးကျိုး အရိုးစွဲနေကြတဲ့ လူသားတွေရဲ့ သဘာဝတစ်ခု၊ ]အသစ်}က လွယ်ကူချောမွေ့တယ်ဆိုရင်တောင်မှ ခက်ခဲတဲ့ ]အဟောင်း}ရဲ့ ဆွဲငင်မှုထဲက ရုန်းထွက်ဖို့ ခက်ခဲလေ့ရှိကြတဲ့ သဘာဝတစ်ခုအကြောင်း ရှာဖွေတွေ့ရှိသွားခဲ့တယ်လို့  ဟောပြောခဲ့တာ ဖြစ်တယ်ဗျ။
    အခုဆိုရင် ခရစ်နှစ် ပြက္ခဒိန်အရ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူး သွားခဲ့ပြီဗျာ။ မိမိကိုယ်ကို ပြန်လည်ဆန်းစစ်သုံးသပ်တဲ့ အလုပ်ဟာ ဘယ်အချိန် ဘယ်အခါမျိုးမှ လုပ်ရမယ့်အလုပ်ဖြစ်တယ်ဆိုပြီး သတ်မှတ်မထားပေမယ့် ယေဘုယျအားဖြင့်တော့ ကျွန်တော်တို့ လူသားတွေဟာ ဒီအလုပ်ကို နှစ်ဟောင်း အကုန် နှစ်သစ်အစမှာ လုပ်လေ့ရှိကြတာဖြစ်တယ်ဗျ။ အထူးသဖြင့် နှစ်သစ်တစ်ခုအရောက်မှာ အဲဒီအလုပ်ကို မှတ်မှတ်ရရ အလေးအနက် ထားပြီး လုပ်လေ့ရှိကြတာဖြစ်တယ်ဗျ။ ဒါကြောင့် ကျွန်တော်လည်း အခုလို နှစ်သစ်ကူးအခါသမယမှာ ကိုယ့်ကိုယ်ကိုယ် ရပ်တန့်စစ်ဆေးတဲ့ အလုပ်ကို ခါတိုင်းထက် အချိန်ပိုပေးပြီးလုပ်ဖြစ်ခဲ့တယ်ဗျာ။ ချစ်စွာသော စာဖတ်ပရိသတ် များ အပါအ၀င် မြန်မာပြည်သူအားလုံးလည်း အဲသလို လုပ်ဖြစ်ကြလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်တယ်ဗျာ။
သံသယနဲ့ မနာလိုမှု
    မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းက ကျွန်တော်တို့ လူမျိုးတွေဟာ သံသယနဲ့ မနာလိုမှုအားကြီးတယ်လို့ ပြောဆိုခဲ့ကြောင်း ကျွန်တာ် ဖတ်ခဲ့ဖူးတယ်ဗျ။
    ဗိုလ်ချုပ်အောင်ဆန်းစကားဆိုရင် ဘယ်တော့မှ မမှားဘူးလို့ မပြောနိုင်တာ မှန်ပေမယ့် ဗိုလ်ချုပ် တိုင်းပြည်ကို  ဘယ်လောက်အထိ  ချစ်မြတ်နိုးတယ်။ အသက်အရွယ်နဲ့မလိုက်အောင် အရည်အသွေး ဘယ်လောက် ထူးချွန် ထက်မြက်တယ်။ ဘယ်လောက်ရိုးသားဖြူစင်၊ အာဃာတ၊ မာန်မာန ကင်းစင်တယ်ဆိုတဲ့ အများလက်ခံထားကြပြီးသား လေးစား ချက်တွေအရ ဗိုလ်ချုပ်ရဲ့ အဲဒီစကားဟာ ကျွန်တော်တို့ အသေအချာ အလေးထား ဆင်ခြင်သုံးသပ်ရမယ့် စကားဖြစ်တယ်လို့ ကျွန်တော်တော့ ယူဆတယ်ဗျာ။
ပြည်သူတွေရဲ့ မျှော်လင့်ချက်
    အားလုံးသိကြတဲ့အတိုင်း အခုအချိန်မှာ ကျွန်တော်တို့နိုင်ငံဟာ ဒီမိုကရေစီရေးဦးတည်တဲ့ အပြောင်းအလဲတွေကို စတင်မြင်တွေ့နေရတဲ့ အချိန် ဖြစ်တယ်ဗျာ။ ရာစုတစ်ဝက်နီးပါးကာလအတွင်း ဒီလိုမြင်ရတာ (တစ်နည်း) ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ အခုလောက် ခိုင်ခိုင် မာမာ တောက်ပ လင်းလက်နေတာ ဒါ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ကျွန်တော် ရိုးရိုးသားသား ဆိုချင်တယ်ဗျ။
လွတ်လပ်စွာသံသယဖြစ်ခွင့်
    သမိုင်းအတွေ့အကြုံတွေကြောင့် လက်ရှိ အစိုးရအပေါ်ကိုရော လူထုခေါင်းဆောင်တွေအပေါ်ကိုပါ သံသယစိတ်ရှိသူတွေ ရှိနေကြ ဦးမယ်ဆိုတာ ကျွန်တော် နားလည်နိုင်တယ်ဗျ။ ဒီမိုကရေစီက သဘောထားကွဲပြားမှုရှိတာကို လက်ခံသဘောတူ agree to disagree တာမို့ လွတ်လပ်စွာ သဘောထားကွဲပြားခွင့်၊ လွတ်လပ်စွာ သံသယဖြစ်ခွင့်ရှိတာကို ကျွန်တော် လက်ခံပါတယ်။
    ဒါပေမယ့် သံသယဟာ ရှိသင့်တဲ့အတိုင်းအတာထက် ပိုရင်တော့ အဲဒီသံသယကို ရင်ဝယ်ပွေ့ထားရသူကိုယ်တိုင် ပူပြင်းလောင်မြိုက် ရမှာ ဖြစ်သလို သူ့ပတ်ဝန်းကျင်ကလူတွေဟာလည်း အဲဒီအပူရှိန်ကြောင့် ဝေဒနာခံစားကြရမှာ ဖြစ်တယ်ဗျ။
ရေကူးပြီးလိုက်နေမယ့်အစား
    ဒီဇင်ဘာလ ၁၀ရက်နေ့က  ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေး နိုဗယ်ဆု ချီးမြှင့်ခံရမှု အနှစ်နှစ်ဆယ်ပြည့် ဂုဏ်ပြုပွဲမှာ ဆရာကြီး ဟံသာဝတီဦးဝင်းတင်က ဒီမိုကရေစီပန်းတိုင်ဆီသို့ လျှောက်လှမ်းရာမှာ မိမိတို့နဲ့ အမြင်ချင်းမတူသူတွေကို ]]ရေကူးပြီး လိုက်နေမယ့်အစား ဒေါ်အောင်ဆန်း စုကြည် ပဲ့ကိုင်နေတဲ့ လှေကြီးပေါ်တက်လိုက်ပြီး ၀ိုင်းကူလှော်ကြပါ။ လှော်တဲ့သူ ပိုများလာရင် ပန်းတိုင်ကို ပိုပြီးမြန်မြန်ရောက်ပါလိမ့်မယ်}} လို့ ကမ်းလှမ်းခဲ့တယ်ဗျ။
    ဒီမိုကရေစီဟာ ငြိမ်းချမ်းစွာလုပ်ဆောင်နေသမျှကာလပတ်လုံး မတူကွဲပြားခြားနားတဲ့ အမြင်သဘောထားထုတ်ဖော်မှုတွေကို လက်ခံ ရုံသာမက ကာကွယ်စောင့်ရှောက်မှုပါပေးတဲ့စနစ် ဖြစ်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီ ပန်းတိုင်ဆီသို့ ရေကူးပြီး အရောက်လှမ်းနေသူတွေကို လည်း အပြစ်ဆိုစရာ အကြောင်း မရှိဘူးဗျ။ လှေကို နောက်က ဆွဲမထားဘူးဆိုရင်ပေါ့ဗျာ။
မနာလိုတာ အကုသိုလ်စိတ်
    ဗိုလ်ချုပ်ပြောခဲ့တဲ့ စိတ်ထားနှစ်ခုမှာ သံသယသာလျှင် အလေးထား ဆွေးနွေးအပ်တဲ့အကြောင်းအရာဖြစ်ပြီး မနာလိုဝန်တိုမှုဆိုတာကတော့ အကုသိုလ်စိတ်တစ်မျိုးသာဖြစ်တာကြောင့် အကျယ်ချဲ့ ဆွေးနွေးစရာမရှိဘူးဗျ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ မုဒိတာစိတ်ထားကို လူတိုင်းထားနိုင်ရင် လောကကြီး ငြိမ်းချမ်းမယ်လို့ ပြောသွားတယ်ဗျာ။ မနာလိုဝန်တိုမှုရဲ့ ဆန့်ကျင်ဘက်ဟာ မုဒိတာစိတ်ပဲဗျ။
ယုံကြည်မှု ရှေ့တန်းတင်ပါ
    သံသယအကြောင်းဆက်ပြောရရင် ကျွန်တော်ကတော့ ယုံကြည်မှုမရှိရင် ဘာအလုပ်မှ ရှေ့ဆက်လုပ်မရဘူးလို့ ယုံကြည်လက်ခံထားသူဖြစ်တယ်ဗျ။ ဒါကြောင့် ဒီကနေ့ ပေါ်ပေါက်နေတဲ့ မြန်မာနိုင်ငံရေး အပြောင်းအလဲတွေ အကြောင်း စဉ်းစားတဲ့အခါ ကျွန်တော်က သဘောလွယ်သူပဲပြောပြော သံသယထက် ယုံကြည်မှုကို ရှေ့တန်းပိုတင်ပြီး လုပ်ဆောင်ချင်သူ ဖြစ်တယ်ဗျ။ ပြည်သူတွေရဲ့ ယုံကြည်မှုကို အလွဲသုံးစားလုပ်ရင်တော့ လုပ်တဲ့သူတွေကို သမိုင်းခုံရုံးက ပြစ်ဒဏ်စီရင်ချက်ချမှာပေါ့ဗျာ။ အခုအချိန်မှာ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့  တံခါးဟောင်းကြီးရဲ့ တကျွိကျွိမြည်သံကို စွဲလမ်းမနေသင့် တော့ဘူး ထင်တာပဲဗျာ။
၀၃ ၀၁ ၂၀၁၂
လာမည့်လွှတ်တော်တွင် ပထမဆုံးအကြိမ် ရသုံးမှန်းခြေစာရင်းကို ဆွေးနွေးမည်
ဇန်န၀ါရီ ၆၊ ၂၀၁၂ (YPI)
ယခုလ ၂၆ ရက်နေ့တွင်ကျင်းပမည့် လွှတ်တော် အစည်းအဝေးတွင် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ရသုံးမှန်းခြေစာရင်းကို အဓိကထားဆွေးနွေးမည်ဖြစ်၍ ဆယ်စုနှစ် များစွာအတွင်း နိုင်ငံရသုံးခန့်မှန်းခြေစာရင်းကို ပထမဆုံးအကြိမ်  လွှတ်တော်တွင် ဆွေးနွေးခြင်းဖြစ်သည်ဟု ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းစိစစ်ရေးကော်မတီဝင် ဒေါက်တာ မြတ်ဉာဏစိုးက ဆိုသည်။
 “အရင်နှစ်ပေါင်းများစွာက နိုင်ငံရဲ့ ဘတ်ဂျက်(ရသုံးမှန်းခြေစာရင်း) ကို ပါတီတစ်ခုကဆွဲခဲ့တယ်။ လူတစ်ဦး၊ အစုအဖွဲ့တစ်ခုကဆွဲခဲ့တယ်။ အခုလာမယ့် လွှတ်တော်အစည်းအဝေးမှာတော့ နိုင်ငံအသုံးစားရိတ်ကို ပြည်သူတွေရဲ့ ကိုယ်စားလှယ်တွေက ရေးဆွဲရတော့မှာပါ” ဟု ဒေါက်တာမြတ်ဥာဏစိုးကဆိုသည်။
ယမန်နှစ်က ပထမဆုံအကြိမ် လွှတ်တော်ခေါ်ယူ မကျင်းပမီ ရသုံးမှန်းခြေစာရင်းကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်မှတ်ဖြင့် အတည်ပြုခဲ့သည်ကို နိုင်ငံတော်ပြန်တမ်းများအရ သိရှိရသည်။ ယခုနှစ်တွင်မူ အရပ်ဘက်ပြောင်းလဲလိုက်ကြသည့် ဦးသိန်းစိန်ဦးဆောင်သော အစိုးရအဖွဲ့က ရသုံးမှန်းခြေစာရင်းကို လွှတ်တော်သို့ တင်ပြကာ အတည်ပြုမည်ဖြစ်သည်။
ဒေါက်တာ မြတ်ဉာဏစိုးက ယခုကဲ့သို့ လာမည့် လွှတ်တော်တွင် ရသုံးမှန်းခြေကို ရေးဆွဲကြရာတွင် တိုင်းပြည်၌ အမှန်တကယ် လိုအပ်လျက်ရှိသော ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးကဏ္ဍများအတွက် ငွေကြေးပိုမိုသုံးစွဲရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပါတီစွဲမထားဘဲ ကြီုးပမ်းကြစေလိုသည်ဟု ၎င်း၏ဆန္ဒကို ထုတ်ဖေါ်ပြောဆိုသည်။
လာမည့် လွှတ်တော်အစည်းအဝေးတွင် ဘတ်ဂျက်ရေးဆွဲမှုအပြင် ယခင်အစည်းအဝေးကျင်းပစဉ်က  အတည်မပြုနိုင်ခဲ့သော သဘာဝပတ်ဝန်းကျင်ဥပဒေ၊ လယ်ယာမြေဥပဒေနှင့် မြေလွတ်မြေရိုင်းဥပဒေတို့ကိုပါ အတည်ပြုပြဌာန်းနိုင်မည်ဖြစ်ကြောင်း ဒေါက်တာမြတ်ဥာဏစိုးက ဖြည့်စွက်ပြောကြားသည်။
ထို့ပြင် ၄င်းက ယခင်လွှတ်တော်အစည်းအဝေးများက ၎င်းတို့ ဥပဒေကြမ်းကော်မတီအနေဖြင့် ဥပဒေကြမ်းနှင့် ပတ်သက်သည့် ကြားနာမှုများတွင်  အစိုးရအဖွဲ့ဝင်များကိုသာ ခေါ်ယူကြားနာခဲ့ရကြောင်း၊ ထိုသို့ကြားနာခြင်းမှာဘက်မမျှကြောင်း၊ ယခုလာမည့် လွှတ်တော်အစည်းအဝေးတွင်မူ ပြည်သူလူထုဘက်ကိုပါ ခေါ်ယူကြားနာနိုင်မည်ဟု မျှော်လင့်ကြောင်းလည်း ၎င်းက ထပ်မံပြောကြားသည်။     ။
Twitter Delicious Facebook Digg Stumbleupon Favorites More