Written by အောင်မင်းသိုက် | |
ကျွန်တော်ပို့စ်မော်ဒန်နှင့် ပတ်သက်၍ ပုံစံတစ်ခုကို အဆိုပြုခဲ့သည်။
သို့ပေမယ့် ယင်းကဲ့သို့သော ပုံစံတစ်ရပ်ကို တည်ဆောက်ခြင်းသည် အလွန်တရာ
အံ့ချီးဖွယ်ဖြစ်နေပါ၏။ တစ်ခြားသော နည်းလမ်းဖြင့် တည်ဆောက်ခြင်း သည်
လိုလားအပ်သောအရာ၊ ကြိုဆိုကောင်းသော ကိစ္စဖြစ်သည်။ ပစ္စက္ခကို
ချုပ်ကိုင်မိကတည်းက ပြဿနာတစ်ရပ်ကို စိတ်ထဲ၌ မျက်မှောက်ပြု
ကြုံတွေ့ရပေတော့မည်။ ဖက်ဒရစ်ဂျိမ်းမေဆန်။ ၁၉၈၄ ခုနှစ်တွင် ဂျိမ်းမေဆန်က အထက်ပါအတိုင်း ကြော်ငြာစာတမ်းတွင် ဖော်ပြခဲ့သည်။မာ့က္ခနှင့် အိန်ဂျယ်တို့၏ ကမ္ဘာကျော်ကွန်မြူနစ်ကြော်ငြာစာတမ်းကဲ့သို့ပင် မေဆန်၏ ကြော်ငြာစာတမ်းသည်လည်း လူမှုနိုင်ငံရေး နယ်ပယ်တွင် ကျော်ကြားခဲ့သည်။ မြောက်ပိုင်း အမေရိကတိုက်အပါအ၀င် ကမ္ဘာတစ်ဝန်းတွင် ကြုံတွေ့နေရသော စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှုရေးတို့၏ ပြောင်းလဲမှုကို အလေးနက်ထား၍ သုံးသပ်ထားခြင်းဖြစ်သည်။ လူ့အဖွဲ့အစည်း၏ စစ်မှန်သောသမိုင်းနှင့် လူမှုနိုင်ငံရေး အခြေအနေမှန်တို့ကို မှန်ကန်စွာ နားလည်သဘောပေါက်ရန် လိုအပ်ကြောင်း၊ သို့မှသာလျှင် လက်ရှိသမိုင်းအနေအထားကို နားလည်သဘောပေါက်၊ တန်ဖိုးဖြတ် နိုင်မည်ဖြစ်ကြောင်း မေဆန်က ဆိုလိုခြင်းပင်ဖြစ်သည်။ ဂလိုဘယ် လူ့အဖွဲ့အစည်းသည် စက်မှုလွန် လူ့အဖွဲ့အစည်း၊ လူ့အဖွဲ့အစည်းသစ် တစ်ခုဖြစ်သည်။ စားသုံးသူ လူ့အဖွဲ့အစည်း ဖြစ်သည်။နိုင်ငံပေါင်းစုံလူမျိုးစုံ (ဘာသာရေး၊ ယဉ်ကျေးမှုရေး)တို့ ပါဝင်ဖွဲ့စည်းထားသော လူ့ အဖွဲ့အစည်းတစ်ရပ် ဖြစ်လာသည်။ သတင်း များဖြင့် တည်ဆောက်ထားသော လူ့အဖွဲ့အစည်း၊ အီလက်ထရောနစ် လူ့အဖွဲ့အစည်း၊ ဆိုက်ဘာ လူ့အဖွဲ့အစည်း၊ နည်းပညာဖြင့် လူ့အဖွဲ့အစည်း စသည်ဖြင့် ကင်ပွန်းတပ် ခဲ့ကြသည်။
လက်နက်ဖြင့် အုပ်ချုပ်မှုအာဏာကို ရယူခြင်းသည် မြေရှင်ပဒေသရာဇ်စနစ်၊ သက်ဦးဆံပိုင် ဘုရင်စနစ်နှင့် အသွင်သဏ္ဍာန် ဘာမှမခြားကြောင်းကို သမိုင်းက သက်သေပြခဲ့ပြီးဖြစ်သည်။ ၂၀ ရာစုနှစ် စပိုင်းကတည်းက လက်နက်ဖြင့်လည်းကောင်း၊ တော်လှန်ရေးဆင်နွှဲခဲ့သည့် နိုင်ငံများတွင် လည်းကောင်း ခေတ်ဟောင်းအမြင်၊ ခေတ်ဟောင်းအုပ်ချုပ်ရေးစနစ် ပြန်လည်ထွက်ပေါ်လာခဲ့ပုံကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသည်။ အရင်းရှင် စနစ်သည် စက်မှုလွန်အရင်းရှင်စနစ်သို့ မရောက်မီအချိန်ကမူ လူသားတို့၏ အသိဥာဏ်ဆိုင်ရာ ပြောင်းလဲမှုသည်လည်း မြန် ဆန်မှုမရှိသေး။ ဤအတွက် လွတ်လပ်ပွင့်လင်းသော လူ့အဖွဲ့အစည်းတစ်ရပ် Open Society ရှိရေးသည် ပို၍အရေးပါကြောင်းကို သိလာကြသည်။တစ်ပါတီအာဏာရှင်များ၏ အောက်တွင်နေထိုင်ရသော လူသား၏ဘ၀သည် အရင်းရှင်စနစ် အစဦးကာလဆိုးရွားမှု ထက်ပိုဆိုးရွားကြောင်း သဘောပေါက် လာခဲ့ကြ သည်။ အရင်းရှင်နှင့် ပစ္စည်းမဲ့ဟူသော အဓိပ္ပာယ်သတ်မှတ်ချက်သည် ၂၀ ရာစုတွင် ပြောင်းလဲခဲ့ပြီဆိုသော အချက်ကို ပြင်သစ် ဒဿနဗေဒပညာရှင် ဂျောန်ဖရန်ဆွာလိုင်ယိုတာက The Postmodern Condition တွင် ရေးသားခဲ့သည်။ လိုင်ယိုတာအလိုအရ ယင်းနေရာတွင် ဗျူရိုကရေစီနှင့် တက္ကနိုကရေဇီတို့ဝင်လာပြီဟု ရေးသားခဲ့သည်။ ဗျူရိုကရေစီစနစ်သည် အရှေ့ဥရောပတိုက်နိုင်ငံများနှင့် အခြားအာရှ-အာဖရိက-လက်တင် အမေရိကနိုင်ငံများတွင် တွေ့နေရဆဲဖြစ်သည်။ အရင်းရှင်စနစ်သည် တတိယအဆင့် ရောက်ရှိလာပြီး နောက်စားသုံးသူ လူ့အဖွဲ့အစည်း၊ စက်မှုလွန် လူ့အဖွဲ့အစည်းဖြစ်လာသည်။ အရင်းရှင်စနစ်သည် နယ်ချဲ့စနစ်ဖြစ်သည်။ စီးပွားရေးအရ နယ်ချဲ့မှုများ ပြုလုပ်သည်ဟူသော လီနင်၏ အဆိုအမိန့်သည်လည်း လွဲမှားခဲ့ပြီဖြစ်သည်။ သိပ္ပံပညာ၊ အသိပညာဆိုင်ရာ တိုးတက်ပြောင်းလဲမှုများကြောင့် ကုန်ထုတ်လုပ်မှုစနစ်၊ စီးပွားရေး ဆောင်ရွက်မှုပုံစံများ ပြောင်းလဲလာသည်နှင့်အမျှ လူမှုဘ၀များသည်လည်း ပြောင်းလဲရန် လိုအပ်လာပြီဖြစ်သည်။ စက်မှု အရင်းရှင်စနစ် အားကောင်းချိန်တွင် ပေါ်ထွက်ခဲ့သော မော်ဒန်အယူအဆ၊ အတွေးအခေါ်(နိုင်ငံရေး၊ လူမှုရေး၊ စာပေ၊ အနုပညာ)တို့သည် ၂၁ ရာစုအရင်းရှင်ခေတ်လွန် လူ့အဖွဲ့အစည်းတွင် မှေးမှိန်လာပြီး ယင်းလူမှုနိုင်ငံရေး ဘ၀နှင့်ဆက်နွှယ်သော ပို့စ်မော်ဒန်အယူအဆများသည်လည်း အစားထိုးဝင်ရောက်လာခဲ့သည်။ နိုင်ငံ ရေး အယူအဆများသည်လည်း ယနေ့လူ့အဖွဲ့အစည်း ယခင်ကရှိခဲ့ပြီးဖြစ်သော ခမ်းနားကြီး ကျယ်သော အယူအဆ များ(ဥပမာ မာ့က္ခ၀ါဒနှင့်အခြားအယူအဆများ)ကို လက်မခံတော့ပေ။ လူ့အဖွဲ့အစည်းသည် ပို၍လည်း ပိုင်းစစိတ်မွှာထားခြင်းခံရလာသဖြင့် ဗဟိုချက်တစ်နေရာမှ အမိန့်သြဇာပေးခြင်း၊ စုစည်းခြင်း၊ ကြီးမား ခိုင်ခံ့သည့် အစုအဖွဲ့တို့၏ ဆုံးဖြတ်ပြဋ္ဌာန်းခြင်းတို့ထက် အစုငယ်၊ အဖွဲ့ငယ်များ၏ အတွေးခေါ်အယူအဆများ တူညီချက်ပေါ်အခြေခံ၍ ပြုပြင်ပြောင်းလဲမှု၊ လှုပ်ရှားမှု၊ တော်လှန်မှုများကို ပြုလုပ်ကြလေသည်။ ဤအချက်သည် စက်မှုလွန် အရင်းရှင်စနစ်၊ ဆိုက်ဘာစီးပွားရေးစနစ်၏ လူမှုရေး နိုင်ငံရေးလှုပ်ရှားမှုဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ်ခန့်က ဆိုဗီယက်ပြည်ထောင်စုနှင့် အရှေ့ဥရောပတိုက်တွင် ဖြစ်ပွားခဲ့သော ပြောင်းလဲမှုနှင့် ယနေ့ခေတ် အာရပ်ကမ္ဘာတွင်ဖြစ်ပွားခဲ့သော အာရပ်နွေဦးတို့၏ ပုံသဏ္ဍာန်ကော၊ အနှစ်သာရပါ ပြောင်းလဲသွားခဲ့ပြီ။ ဤပြောင်းလဲမှုများအတွက် ထင်ရှား သည့် လက္ခဏာတစ်ရပ်မှာ ပြင်သစ်ဒဿနိက ဗေဒပညာရှင်လိုင်ယာတိုတာညွှန်းဆိုခဲ့သော ပို့စ်မော်ဒန်အခြေအနေပင်ဖြစ်သည်။ အမေရိကန်နှင့် ဥရောပတိုက်တွင် ဖြစ်ပွားနေသော ဝေါစထရိ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းဥပဒေများဆန့်ကျင်သည့် ပြည်သူလှုပ်ရှားမှုသည်လည်း လူတစ်ဦးချင်းစီ၏ ပြောင်းလဲမှုလိုလားသော အသိအမြင်၊ အယူအဆများပေါ်တွင် အခြေခံနေသည်။ ပြည်သူများ၊ တက္ကသိုလ်ကျောင်းသားများသည် လမ်းများ၊ ပန်းခြံများကို ပြဇာတ်ရုံသဖွယ် အသုံးပြုပြီး လိုလားချက်များ တောင်းဆိုခဲ့ကြသဖြင့် ရိုင်းဇုမ်များသဖွယ် ပျံ့နှံ့သွားခဲ့ရလေသည်။ ပြည်သူအများစုပါဝင်လာသည့် လှုပ်ရှားမှုသည် အမေရိကန်ပြည်ထောင်စုသမိုင်းတွင် ထင်ရှားသော လူမှုပြောင်းလဲရေးများကို ဖြစ်ပေါ်စေသည်အထိ အင်အားကြီးမားလာခဲ့ပြီး အမေရိကန်နိုင်ငံ၏ ပါတီနိုင်ငံရေးကိုပင် သြဇာသက်ရောက်မှုများ ဖြစ်ခဲ့ရလေ သည်။ Ref:1-Caria Buckley; Occupy groups look beyond camps.(I.H.T). 2-Jean Francois Lyotard;The Postmodern Condition.3-Chela Sandoval;Methodlogy of the oppressed. 4-Zygmunt Bauman; Life in Fragments. eleven media group ထံမှ ကူးယူပါ သည် |
0 comments:
Post a Comment