Saturday, November 5, 2011

ဇာတ်ရှုပ်တဲ့ တိုင်းပြည်

ခွဲရေးလည်း ပြောမယ်
... တွဲရေးလည်း ပြောတတ်တယ်
အသံတွေလည်း ပေါင်းစုံ ထွက်တယ်
တစ်ချက် နှစ်ချက် ထထဖောက်မယ်
အဆင်မပြေရင် ထုထည့်လိုက်မယ်
အဆင်ပြေရင် ပက်ပက်စက်စက် ထောက်ခံတယ် ...........................



ဒုက္ခသည်လည်း ပေါတယ်
လက်ညိုးညွှန်ရာ ဆင်းရဲတယ်
ဓာတ်ပုံတွေလည်း ရိုက်တယ်
ပရောဂျက်တွေလည်း ဆင်းသက်တယ်
ပရိုပိုဇယ်လည်း ရဦးမယ်
ဒီလိုနဲ့ အဆင်ပြေရင် အလှူခံတတ်တယ် .....................................



ကမ္ဘာ့အပြင်ဘက်ရောက်အောင်
လေလုံးတွေလည်း ထွားတတ်တယ်
အင်္ဂလိပ်လိုလည်း ညှပ်ပြောတယ်
သီအိုရီတွေလည်း ချပြတယ်
စတိုင်လ်အပြည့်နဲ့
ခန့်ခန့်ညားညားလည်း နေကြတယ်
ဒီလိုနဲ့ အဆင်ပြေရင်
အသံ ကျယ်ကျယ် ကြားချင်တယ် .............................................



ဟိုဟာ လုပ်ပေးပါ ဒီဟာလုပ်ပေးပါ
ဟိုလူက ဟိုဟာ ဒီလူက ဒီဟာ
ဆင်တူတွေဝတ် ဘုရားကို ရမယ်ရှာ
ဘုရားပေါ် တက်ဆူညံ ဆူညံ လည်းလုပ်တတ်တယ်
ဘုရားလည်း စိတ်ညစ်တယ်
ရဲလည်း စိတ်ညစ်တယ်
ကုန်ဈေးနှုန်းက ဗလာချီ ခုန်တက်တယ်
တစ်ယောက်နဲ့ တစ်ပေါက်
ဗူးတစ်ရာ အပေါက် အမြှောက်နဲ့ ဖောက်ထည့်လိုက်သလို
အသံတွေ ဆူဆူညံ
မျောက်သံက အေးပါသေး
ထွေးလှတဲ့ ပြသနာ
အဆင်ပြေတဲ့အခါ နာမည်လည်း ကြီးချင်တယ် ................................



အဲယားကွန်း နဲ့နေတယ်
ရေသန့်ဘူး ကရေသောက်တယ်
အမိမြေကို ချစ်တယ်
ဧရာဝတီကို အသဲနှလုံးထဲက ချစ်တယ်
ရန်ကုန်မြစ် ကိုမမြင်ဖူးဘူး
ဒါပေမယ့် မြစ်တွေကို ချစ်ကြတယ်
ကီးဘုတ်နဲ့ ချစ်
ကီးဘုတ်နဲ့ တော်လှန်
ကီးဘုတ်နဲ့ လေကန်
ဒါပေမယ့်
အလှူကိုတော့ အမှန်အကန် ခံတယ်
အဲဒါကလည်း ရှော့ရှိတယ်
သူကြီးအိမ်က ခွေး လို
တစ်ချက် တစ်ချက်
ဟောင်လိုက်ကြတာ ဟိန်း လို့
ဒါပေမယ့် အဆင်ပြေရင် သူက အလှူခံတတ်တယ်
အဆင်မပြေတာကတော့ သူတောင်းစား လိုဖြစ်နေတာပါပဲ ..............................



အကြော်လည်း ရောင်းတယ်
ဆိုက်ကားလည်း နင်းတယ်
ကုန်လည်းထမ်းသေးတယ်
ဒါပေမယ့်
အဆင်ပြေရင် သူကလည်း တိုင်းရင်းသား ဖြစ်ချင်တယ်တဲ့
ဘယ်ကလာ လို့
ဘာလုပ်တဲ့ လူမှန်းမသိ
တကျိကျိ နားပူ
လိုချင်ရင် ပေးမယ်
ရော့.....အဲသဟာ ကြီးကိုသာ
ပိုက်ထားလိုက်ပေတော့
အဆင်ပြေရင် မင်းတို့ လက်ထဲ
ဈေးကောင်းရမယ့် ဥစ္စာကြီးကို ပိုက်ထားရသလိုပဲလေ
ရော့ အင့် ..ပိုက်ထားလိုက်တော့ ဂျာဂျာ တို့ရေ ...........................



အဘွားကြီးက မကောင်းဘူး
အဘွားကြီးက ကောင်းတယ်



မှတ်ပုံတင်သင့်တယ်
မှတ်ပုံတင်တာ မကောင်းဘူး



ဥပဒေကြီးက ဘာပြုတယ်
ဥပဒေကြီးက ညာပြုတယ်



အဲဒီကောင်က ဘီအီး သောက်ပြီး စကားကြီးပြောပြန်ပြီ
အဲဟိုကောင်က ပညာမတတ်ပဲ လူတွင်ကျယ် လုပ်နေပြန်ပြီ
အဲလဒ တွေက အားအား ယားယား အသံထွက်ကြပြန်ပြီ



အနောက်ကို အဖေ ခေါ်တဲ့ကောင်
အရှေ့ကို အဖေ တောင်ချင်တဲ့ကောင်
နီးစပ်ရာ မှီခိုချင်တဲ့ကောင်
ဒီလိုနဲ့
ကိုယ့်လမ်းကိုယ် မလျှောက်
ဖအေ ခင်းတဲ့ လမ်းကိုလျှောက်
ဖအေ ခိုင်းတာကို လုပ်ပြီး
ပထွေး အရိပ်ကို ခိုမယ့် ကောင်တွေလည်း
အဲသည် ဇာတ်ရှုပ်ကြီးထဲမှာ ကန့်လန့် ကန့်လန့်
ပွက်ပွက်ညံ



ဟော

ကြည့်တော့သာ လက်တစ်ဆစ် လောက်ရှိတာ
အသံက သူများထက် စုံ တယ်
လူတွေက သူများထက် များတယ်
တစ်ယောက်နဲ့ တစ်ပေါက်
ပေါက်ပေါက် ဖောက်သလို
ပွက်ပွက်သာ ညံလေရော့
ထိုင်ရင်းနဲ့ ပြော မော
မောရင်းနဲ့ ပြော သေ
သေဖို့သာ ကောင်းတဲ့ တိုင်းပြည်



အဲဒီ အဝေးတွေမှာ နေပြီး
ပေါက်ပေါက်ဖောက် တဲ့ လူတွေနဲ့



အဲဒီ အထဲမှာ နေပြီး
မြှောက်ပေးရင် အ၀ှာ တက်အောင် ကတတ်တဲ့ ကောင်တွေနဲ့



အဲဒီ ဟိုသင်း ဒီသင်း ဆိုင်းဘုတ် ထောင်ပြီး
အိတ်ထဲမှာ ဖောင်းကား နောက်မယား တစ်သီတစ်သန်း နဲ့

ဖုန်းအလဲလဲ ကားအထည်အထည်
မျောက်ကိုပြလို့ ဆန်တောင်းသည့် လူတွေနဲ့



အဲသည် နာမည်ကြီးချင်လို့ ဇွတ်
မင်းသားကြီးမှ မလုပ်ရရင် ပတ်မကြီး ဖောက်ခွဲမယ် တစ်ကဲကဲ လူတွေနဲ့



ဒီလိုနဲ့
အဲဒီ မြန်မာပြည်ဆိုသဟာကဖြင့်
ကြည့်လေ ကြည့်လေ
ဇာတ်ရှုပ်လေ



သပွတ်အူ အသီး အစရှာသလို
ကောက်ရိုး ပုံထဲ အပ်ရှာသလို
ခွေးလှေးယားသီး ကိုင်ထားမိသလို



လှုပ်စိ လှုပ်ရွ
ဘာဆို ဘာမှ ဖြစ်မလာသေးတဲ့



ဆူဆူညံညံ
အဲဒီ တိုင်းပြည်



မြန်မာပြည် အတော် ဇာတ်ရှုပ်တဲ့ ပြည်



Gustuvee Grave

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More